← Chapters

တစ္ဆေဧကရာဇ်ပေါ်ကျွင်းရောက်ရှိလာခြင်း

Vol. 62 Ch. 859

တစ္ဆေဧကရာဇ်ပေါ်ကျွင်းရောက်ရှိလာခြင်း

Vol. 62 Ch. 859

မုန့်ကျီသည် သူ့အား ဟန်ဆောင်ဖုံးကွယ်ထားသော သြဇာအာဏာ ကြီးမားသူတစ်ဦးဟု သတ်မှတ်လိုက်သည်ကို အန်လင်း ထင်မှတ်မထားပေ။

မုန့်ကျီသည် ရန်သူအား တတ်စွမ်းသမျှ နှိမ်နင်းထားပြီ ဖြစ်သောကြောင့် သခင်လေးအန်လင်းအား အနှောင့်အယှက် မပေးလိုတော့ပဲ ခွင့်ပြုမည်ဆိုပါက ကိုယ့်လမ်းကိုယ်ဆက်သွားချင်ကြောင်း တောင်းဆိုလာခဲ့သည်။

စုရှောင်လန်သည် စိတ်ရှုပ်ထွေးနေဟန်ဖြင့် မုန့်ကျီအား ကြည့်ရှုလိုက်မိသည်။ မိန်းကလေးအသွင် ဝတ်စားဆင်ယင်တတ်သော ချန်ချင်းဟန်နှင့် သူမတို့ တစ်ဦးကိုတစ်ဦး မေတ္တာသက်ဝင်နေကြသည်ကိုသာ မသိထားပါက စုရှောင်လန်အနေဖြင့် နဂါးစာကလေးဓားဖြင့် အန်လင်းအားချိန်ကာ တရားခံမေးသလို စစ်မေးနေလောက်ပြီပင်။

အန်လင်းမှာမူ မုန့်ကျီ ချီးကျူးခံလိုနေသည်ဟု ခံစားရသောကြောင့် လက်မထောင်ပြလိုက်သည်။

"အရမ်းကောင်းတယ်။ ခင်ဗျား တကယ်ကြိုးစားခဲ့တာပဲ။ ကျွန်တော် အသိအမှတ် ပြုပါတယ်။"

စုရှောင်လန် : ".........."

မုန့်ကျီ အသက်ပြင်းပြင်းရှူကာ ကိုယ့်ကိုယ်ကို တည်ငြိမ်စေလိုက်သည်။

သူမသည် ရှေ့တွင်ရှိနေသော လူငယ်လေးအား အနည်းငယ်ပင် ဒေါသမထွက်မိစေရန် အချိန်နှင့်အမျှ သတိထားနေရသည်။

"ဘာမှလုပ်ခိုင်းစရာ မရှိရင် ကျွန်မ သွားတော့မယ်။"

မုန့်ကျီ အားယူကာ ပြုံးပြလိုက်သည်။

အန်လင်းမှာ ယခုမှသာ မုန့်ကျီ၏ စကားအဓိပ္ပါယ်အား သဘောပေါက်သွားမိသည်။

ငါက သောက်ကြမ်းကြီးဆိုတော့ မုန့်ကျီတောင် ငါ့ကိုကြောက်သွားတာလား.........

ထိုအတွေးမှာ သူ့အားစိတ်ကျေနပ်စေသည်။

အန်လင်းသည် မုန့်ကျီအား ဆက်ခေါ်ထားရန် အတွေးမရှိပေ။ ယခုတိုက်ပွဲသည် နှင်းပျိုမဒီများနှင့် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ အင်အားစုများကြားမှ ပြဿနာသာ ဖြစ်သည်။ ကြီးမြတ်ဧကရီနှင့် အခြား တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများလည်း အနီးနားတွင် ရှိနေသောကြောင့် အေးအေးဆေးဆေး အဆုံးသတ်လိုက်ခြင်းကသာ ပိုမိုကောင်းမွန်ပေလိမ့်မည်။

"ကောင်းပြီလေ။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒါဆို ကျွန်တော်တို့......."

သူ၏စကား မဆုံးသေးခင်မှာပင် ပတ်ဝန်းကျင် တခွင်လုံးမှာ အဖြူနှင့်အမည်းအဖြစ် ပြောင်းလဲသွားသည်။

အန်လင်းမှာ မရဏလောကထဲ ခြေချမိသလို ခန္ဓာကိုယ် တစ်ခုလုံး အေးစက်တောင့်တင်းသွားလေသည်။

အန်လင်းနှင့် စုရှောင်လန် နှစ်ဦးလုံး ထိတ်လန့်သွားကြရသည်။ ထိုစွမ်းအင်သည် ၎င်းတို့နှင့် ရင်းနှီးနေပြီး ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ၏ ပိုင်ဟူမြို့တော်တွင်လည်း ယခုကဲ့သို့ ကြုံတွေ့ခဲ့ရဖူးသည်။

ဆန်းကြယ်လွန်းသော တေးသီသံတစ်ခုမှာ ကောင်းကင်နှင့်မြေပြင်တခွင် ပျံ့နှံ့လာသည်။

မြစ်တစ်စင်းနှင့်တူသော အစိမ်းရောင် လမ်းကြောင်းကြီး တစ်ခုမှာလည်း ကောင်းကင်ထက်တွင် ပေါ်ထွက်လာတော့သည်။

ကြည်လင်နေသော သားရဲများသည် လှိုင်းလုံးများနှင့်အတူ ထွက်ပေါ်လာပြီး ၎င်းတို့၏ အလယ်တွင် ပေသောင်းချီသည့် အမွှေးနက်နက် လူသားအသွင် ဆိတ်လေးကောင်သည် ကြီးမားလှသော ရထားလုံးတစ်ခုအား ဆွဲထားကြသည်။

"ဟမ်....... မှော်နက်တစ္ဆေက ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ။"

သြဇာအာဏာများ ပြည့်နှက်နေသော စကားသံတစ်ခုအား ကြားလိုက်ကြရသည်။ ထိုစကားအား ဆိုလိုက်သူသည် အံ့အားသင့်ကာ မယုံကြည်နိုင် ဖြစ်နေပုံ ရသည်။

"စကြာဝဠာနဂါးမိစ္ဆာရိုးကရော ဘယ်ရောက်သွားတာလဲ။"

ရထားလုံးကြီး ရပ်တန့်သွားလေသည်။

အန်လင်းနှင့် အခြားသူများမှာ အလွန်ပြင်းထန်သော စွမ်းအင်ဖိအားကို ခံစားလိုက်ကြရသည်။

ထိုအချိန်တွင် အဝေးရှိ ကောင်းကင်တစ်နေရာမှာ ရုတ်ချည်းဆိုသလို အဖြူနှင့်အပြာ ဖြစ်သွားသည်။

စူးရှရှ စကားသံတစ်ခုလည်း ထွက်ပေါ်လာသည်။

"တစ္ဆေဧကရာဇ် ပေါ်ကျွင်း...... ရှင့်ဘာသာရှင် သွားစရာရှိတာသွား........ ကလေးတွေကို အနိုင်ကျင့်ဖို့ တွေးတောင်မတွေးနဲ့။"

အပြာရောင်ဓားပုံရိပ်သည် ကောင်းကင်အား ဖြိုခွင်းကာ ပတ်ဝန်းကျင် တခွင်လုံး နှင်းများဖုံးသွားစေလျက် ရထားလုံးထံ ပျံဝဲလာသည်။

ရထားလုံးထဲမှ ဟမ့်ခနဲ ရေရွတ်သံနှင့်အတူ မြနှင့်ပြုလုပ်ထားပုံရသော အကာအရံတစ်ခု မဆိုင်းမတွပင် ရုပ်လုံးပေါ်လာသည်။

အပြာရောင် ဓားပုံရိပ်သည် ထိုအကာအရံတွင် ထိုးစိုက်ကာ ဓားအရှိန်အဝါများ ဖြာထွက်လာပြီးနောက် ကြည်လင်နေသော သားရဲများစွာအား သေကြေသွားစေသည်။

ရထားလုံးအား ကာထားသော အနက်ရောင် ခမ်းစီးစမှာ ဖြည်းညင်းစွာ လှုပ်ခါသွားပြီးနောက် လက်ညှိုးတစ်ချောင်း ထွက်လာသည်။

ထိုလက်ညှိုးထဲတွင် ဖော်ပြမရနိုင်သော စွမ်းအင်များ ပါဝင်နေသလို ခံစားရသောကြောင့် အန်လင်းမှာ လှုပ်ပင်မလှုပ်နိုင်တော့ပေ။

လက်ညှိုးထိပ်တွင် အစိမ်းရောင် အလင်းများ စုဝေးလာပြီးနောက် ပေရာကျော်သော မြှားတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။

မြှားသည် လျင်မြန်လွန်းလှသော အရှိန်ဖြင့် ပျံဝဲလာကာ အန်လင်းတို့ တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် မုန့်ကျီ၏ နှင်းနတ်ဘုရားမချိပ်စည်းထံ ရောက်ရှိလာသည်။

ဝုန်း.......

အပြာရောင် ရောင်ခြည်များ ပေါက်ကွဲသွားကာ တစ္ဆေမျိုးနွယ်စုဝင် မှော်နက်တစ္ဆေ၏ အော်ဟစ်ငိုကြွေးသံများ ပဲ့တင်ထပ်သွားသည်။

မှော်နက်တစ္ဆေ၏ သက်ရှိစွမ်းအင်မှာ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် လျင်မြန်စွာ ပျောက်ကွယ်နေလေသည်။

"မှော်နက်တစ္ဆေ....... ကြီးမြတ်ဧကရီ ရောက်နေပြီဆိုတော့ ငါလည်းမင်းကို မကယ်ပေးနိုင်တော့ဘူး။ ငါ့ကို တခြားဖြစ်တည်မှုအနေနဲ့ ခစားပါ။"

တစ္ဆေဧကရာဇ် ပေါ်ကျွင်း စကားဆိုလာသည်။

ကြည်လင်နေသော သားရဲများ မြစ်ကြီးထံမှ ထွက်ပေါ်လာနေဆဲပင်။

၎င်းတို့သည် နှေးကွေးသည်ဟု ထင်မှတ်ရပါသော်လည်း မျက်စိတမှိတ်တိုင်းတွင် ကီလိုမီတာ အနည်းငယ်စာမျှ ရောက်ရှိနေကြသည်။ အစိမ်းရောင်မြစ်ကြီးနှင့် အတော်ပင် အလှမ်းဝေးသော အကွာအဝေးပင်။

ရထားလုံး၏ဘေးတွင် အသက်စွမ်းအင် ကင်းမဲ့နေသော တစ္ဆေတစ်ကောင်၏ပုံရိပ် ဖြစ်ပေါ်လာကာ တစ္ဆေဧကရာဇ် ပေါ်ကျွင်းအား လေးလေးစားစား အရိုအသေ ပေးလိုက်သည်။

ထိုသည်မှာ သေဆုံးသွားသော မှော်နက်တစ္ဆေပင်။

"ကြီးမြတ်ဧကရီ....... ခင်ဗျား ကျုပ်ဆီကနေ ယူသွားတဲ့ မှော်နက်တစ္ဆေနဲ့ စကြာဝဠာနဂါးမိစ္ဆာရိုးကိစ္စကို ကျုပ်မေ့သွားမှာ မဟုတ်ဘူး။"

တစ္ဆေဧကရာဇ် ပေါ်ကျွင်း၏ စကားများသည် ခံစားချက် ကင်းမဲ့နေပါသော်လည်း အားလုံး၏ စိတ်နှလုံးထဲ ထွင်းထုခံလိုက်ရသလို ခံစားလိုက်ကြရသည်။

ကြည်လင်နေသော သားရဲများမှာ အဝေးသို့ ထွက်ခွာသွားပြီးနောက် မြင်ကွင်းထဲမှ ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့သည်။

ပြင်းထန်လှသော စွမ်းအင်ဖိအားများလည်း မှေးမှိန်လျော့ပါးသွားလေသည်။

အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

၎င်းတို့သည် ကြီးမြတ်ဧကရီ၏ ပစ်မှတ်မဟုတ်နေသောကြောင့်သာ တော်သေးသည်ဟု ဆိုရသည်။ ထိုသို့မဟုတ်ပါက ဒုက္ခများနိုင်ပေသည်။

ပတ်ဝန်းကျင်မှာလည်း အရောင်အသွေးများ ပြန်လည်စိုပြေလာသည်။

မုန့်ကျီမှာလည်း ကြောက်ရွံ့စွာဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

သူမသည် တာအိုပေါင်းစည်းခြင်း အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုခြေတစ်လှမ်းအား မလှမ်းနိုင်သေးသမျှ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူနှင့် သူမကြားတွင် ကြီးမားလှသော ကွာခြားချက်ကြီး ရှိနေပေလိမ့်မည်။

တစ္ဆေဧကရာဇ် ပေါ်ကျွင်းကသာ သူမအားသတ်ရန် ဆုံးဖြတ်ခဲ့ပါက ကြီးမြတ်ဧကရီ ရှိနေလျှင်ပင် ဘဝကူးသွားရမည် ဖြစ်သည်။

စုရှောင်လန်သည် အန်လင်းအား မြေပြင်မှထရန် ဆွဲထူပေးလိုက်သည်။

နဂါးနက်ကြီးသည် သူ၏စွမ်းအင်အားလုံးကို စုပ်ယူသွားသောကြောင့် အန်လင်းမှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီနေဆဲပင်။

မဟာလင်းနို့ဧကရာဇ်၏ ခြိမ်းခြောက်မှုအား မေ့လျော့ထား၍ မရပေ။ ယခုအခြေအနေတိုင်းသာဆိုပါက သူ့အနေဖြင့် ပြန်လည်ကောင်းမွန်ရန် လဝက်ခန့် ကြာမြင့်လောက်သည်။

တခြားနည်းလမ်း မရှိတော့ဘူး.........

အန်လင်းသည် သိုလှောင်လက်စွပ်ထဲမှ အားအင်ဖြည့်တင်းပေးသော အဆင့်ခြောက် အင်မော်တယ်ဆေးလုံးအား ထုတ်ယူကာ နာကျင်နေသော အမူအရာဖြင့် သောက်သုံးလိုက်ရသည်။

သူသည် လုပ်စရာများ ရှိနေသေးသောကြောင့် အနားမယူနိုင်ပေ။

ဝုန်း........

အစိမ်းရောင် အံ့ဖွယ်ရောင်လျှံဝန်းမှာ ဦးခေါင်းထက်တွင် ထွက်ပေါ်လာပြီးနောက် အမြဲစိမ်းနည်းစနစ် အဆင့်နှစ်မှာလည်း အသက်ဝင်လာသည်။ အင်မော်တယ်ဆေးလုံး၏ အစွမ်းများကိုလည်း ခန္ဓာကိုယ်မှ လျင်မြန်စွာ စုပ်ယူနေသောကြောင့် သက်ရှိစွမ်းအင်များ ပြန်လည်ပြည့်တင်းလာသည်။

မုန့်ကျီမှာ မျက်လုံးအပြူးသား ဖြစ်နေလေသည်။

ပြန်ကောင်းတာ တော်တော်မြန်တာပဲ........

တခဏအတွင်း အန်လင်းမှာ အကောင်းပကတိ ပြန်ဖြစ်သွားသည်။

အင်မော်တယ်ဆေးလုံးအပြင် အမြဲစိမ်းနည်းစနစ်၏ အားကောင်းသော စုပ်ယူမှုနှင့် ပြန်လည်ကောင်းမွန်စေသော စွမ်းအင်များမှာ အမှန်တကယ် အကူအညီ ဖြစ်စေခဲ့သည်။

တုန်းဖန်းကျွမ်းရှီး အန်လင်းဘေးသို့ ရောက်ရှိလာကာ ခပ်တိုးတိုး ပြောလိုက်သည်။

"ငါတို့သွားသင့်ပြီ။ မဟာလင်းနို့ဧကရာဇ်က တစ္ဆေဧကရာဇ် ပေါ်ကျွင်းနဲ့ တော်တော်ရင်းနှီးတယ်။ မကြာခင် ငါတို့ပေါ်သွားနိုင်တယ်။"

အန်လင်း ထိတ်လန့်သွားရသည်။

တိုက်ပွဲမှာ ပြင်းထန်လွန်းသောကြောင့် ရုတ်တရက် ထိုသည်ကို မေ့လျော့သွားခြင်းပင်။

သူခေါင်းညိတ်ပြလိုက်သည်။

"နှင်းပျိုမဒီတွေနဲ့လည်း မိတ်ဆွေတွေ မဟုတ်ဘူးရယ်။ တော်သေးတာပေါ့။ ကြီးမြတ်ဧကရီက ကျွန်တော်တို့ကို ဂရုမစိုက်လို့။ အခုပဲ သွားကြတာပေါ့။"

၎င်းတို့ထွက်ခွာတော့မည့် အချိန်မှာပင် ရွှေရောင်ဝတ်စုံနှင့် လှပလွန်းသော အမျိုးသမီး တစ်ဦးမှာ မုန့်ကျီဘေးတွင် ပေါ်ထွက်လာသည်။

သူမသည် အရှိန်အဝါများ ဖုံးကွယ်ထားပါသော်လည်း မည်သူမှ ခြေတစ်လှမ်း မလှမ်းရဲကြပေ။

သူမသည် နှင်းပျိုမဒီများထဲတွင် အစွမ်းအထက်ဆုံး တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ကြီးမြတ်ဧကရီ ဖြစ်သည်။

တုန်းဖန်းကျွမ်းရှီး ရေရွတ်လိုက်သည်။

"မင်းဘာလို့ မကောင်းတာတွေ လျှောက်ပြောလိုက်တာလဲ။ မင်းသာ နောက်ဆုံးစကား မပြောခဲ့ရင် ငါတို့ထွက်သွားလို့ ရလောက်တယ်။"

အန်လင်း : "..........."

ကြီးမြတ်ဧကရီသည် အန်လင်းအား မှတ်မိနေသောကြောင့် မျက်ဝန်းများ တောက်ပသွားသည်။

သို့သော် ဖြစ်ပျက်သွားသည်များကို နားမလည်သောကြောင့် ဘေးတွင်ရှိနေသော အမျိုးသမီးအား လှည့်ကြည့်လိုက်သည်။

"မုန့်ကျီ....... ဘာတွေဖြစ်ခဲ့တာလဲ။"

All Chapters