← Chapters

ဟန်ဆောင်ဖုံးကွယ်ထားတဲ့ ဒီသခင်ကြီးကိုသွားမရှုပ်သင့်ဘူး.....

Vol. 62 Ch. 860

ဟန်ဆောင်ဖုံးကွယ်ထားတဲ့ ဒီသခင်ကြီးကိုသွားမရှုပ်သင့်ဘူး.....

Vol. 62 Ch. 860

အားလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် မုန့်ကျီအား ကြည့်ရှုလိုက်ကြသည်။

အန်လင်းအပါအဝင် အားလုံး၏ အသက်များမှာ မုန့်ကျီလက်ထဲတွင် ရှိနေလေသည်။ ကြီးမြတ်ဧကရီသည် သတ်ဖြတ်ပြီးမှ မေးခွန်းထုတ်တတ်သူ မဟုတ်သောကြောင့်သာ တော်သေးသည်။ ထိုသို့မဟုတ်ပါက အားလုံးမှာ သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်သွားရပေလိမ့်မည်။

ကြီးမြတ်ဧကရီ၏ အမြင်တွင် အန်လင်းသည် နှင်းပျိုမဒီများ၏ ရန်သူဖြစ်သောကြောင့် မြင်မြင်ချင်းပင် သတ်ပစ်လိုစိတ် ဖြစ်မိသည်။ မည်သို့ပင်ဆိုစေကာမူ မုန့်ကျီသည် ၎င်းတို့အပေါ် မကျေမနပ်ပင် ဖြစ်နေပုံမရပေ။ ထိုမြင်ကွင်းမှာ ကြီးမြတ်ဧကရီအား စိတ်ရှုပ်ထွေးစေသည်။

ထို့ကြောင့်ပင် ကြီးမြတ်ဧကရီသည် စိတ်ကိုလျှော့ချကာ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား ဦးစွာမေးမြန်းလိုက်သည်။

အန်လင်းတို့သည် ရန်သူတစ်ယောက်အား ရင်ဆိုင်ရန် အချင်းချင်း ပူးပေါင်းတိုက်ခိုက်ခဲ့သည့် အဖြစ်မှန်ကိုသာ ပြောပြပါစေဟု စိတ်ထဲမှ ဆုတောင်းနေရသည်။ ထိုမှသာ ၎င်းတို့အတွက် လွတ်မြောက်နိုင်ခြေ ရှိပေလိမ့်မည်။

ကြီးမြတ်ဧကရီနှင့်သာ တိုက်ပွဲဖြစ်ပွားပါက အခြေအနေ မကောင်းနိုင်ပေ။

တုန်းဖန်းကျွမ်းရှီးသည် တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲ ဖြစ်ပါသော်လည်း လက်ရှိအချိန်တွင် ထိုသို့ဟုတ်မနေပေ။ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် နှိုင်းယှဉ်ပါက သူသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူများထက် အနည်းငယ်သာ သာလွန်တော့သည်။

ကြီးမြတ်ဧကရီအား မည်သို့မှ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

တုန်းဖန်းကျွမ်းရှီး ရုတ်တရက် အဆင့်တက်သွားမှသာ ၎င်းတို့အနေဖြင့် လွတ်မြောက်ကောင်း လွတ်မြောက်နိုင်မည် ဖြစ်သည်။ သို့သော် ကြီးမြတ်ဧကရီအား အနိုင်ရရှိရန် မဖြစ်နိုင်သေးပေ။

မုန့်ကျီ ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် တိုးညင်းစွာ စကားဆိုလိုက်သည်။

"မှော်နက်တစ္ဆေကြောင့် ကျွန်မ ဖိအားပေးခံရပြီး သေတော့မလို ဖြစ်နေတဲ့အချိန်မှာ သူတို့ရောက်လာပြီး လာကယ်ပေးခဲ့တာပါ။"

အန်လင်း မျက်လုံးပြူးသွားရသည်။

တုန်းဖန်းကျွမ်းရှီးမှာ မျက်လုံးများ နီရဲသွားလေသည်။

စုရှောင်လန်နှင့် အခြားသူများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။

ငါတို့ကြားတာ မှန်ပါတယ်နော်........ ငါတို့က သူမကို သေရေးရှင်ရေး အခြေအနေကနေ ကယ်တင်ပေးခဲ့တာလို့ မုန့်ကျီ ပြောလိုက်တာလား........

အဲ့လောက်ကြီးကြ ယုံပါ့မလား...... တုန်းဖန်းကျွမ်းရှီးက ရုတ်တရက် တိုက်ပွဲထဲ ရောက်သွားတာလေ...... အဲ့ဒါကြောင့် ရွေးချယ်စရာ မရှိပဲ တစ်အုပ်လုံး ဝင်သမလိုက်ရတာ.......

မုန့်ကျီအား အမှန်တရားကိုပြောရန် ဆုတောင်းနေခဲ့ပါသော်လည်း ထိုမျှစိတ်လှုပ်ရှားစရာကောင်းအောင် ပြောပြလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

ကြီးမြတ်ဧကရီသည် လွယ်လင့်တကူ အရူးလုပ်နိုင်သူ မဟုတ်သောကြောင့် အန်လင်းတို့အားကြည့်ကာ သြဇာအာဏာအပြည့်နှင့် စကားဆိုလိုက်သည်။

"ငါနားမလည်ဘူး။ ဘာလို့ မုန့်ကျီကို ကယ်ပေးရတာလဲ။"

အန်လင်းနှင့် စုရှောင်လန်သည် နှင်းပျိုမဒီများနှင့် ရန်ငြှိုးရှိပါသော်လည်း မုန့်ကျီအား ကူညီပေးခဲ့သည်။ ထိုသည်မှာ ဘယ်လိုတွေးတွေး နားမလည်နိုင်သော အရာပင်။

အန်လင်း တည်ငြိမ်စွာ စကားဆိုလိုက်သည်။

"ကျုပ်တို့က ခင်ဗျားတို့ နှင်းပျိုမဒီတွေနဲ့ အဆင်မပြေကြဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် မှော်နက်တစ္ဆေက ကျွန်တော်တို့ရဲ့ သူငယ်ချင်းကောင်း နတ်အဆိပ်ဖားကို သတ်ခဲ့တာလေ။ အဲ့ဒါက ဘယ်လိုမှ သည်းမခံနိုင်စရာ ပြစ်မှုကြီးပဲ။ အဲ့ဒါကြောင့် လက်စားချေဖို့ ဆုံးဖြတ်ခဲ့တာ။"

တုန်းဖန်းကျွမ်းရှီး၊ စုရှောင်လန်၊ ရှောင်ဇယ်၊ ဇူစကာနှင့် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာတို့မှာ ဝမ်းနည်းသော အမူအရာများ ဖြစ်ကုန်သည်။

အော့နျိုမှာမူ ဝမ်းနည်းပက်လက်နှင့် မျက်ရည်များပင် စီးကျလာသည်။

စိတ်ထားရိုးရှင်းသော နွားတစ်ကောင်သည်လည်း သရုပ်ဆောင်တတ်ပေသည်။ သူသည် နတ်အဆိပ်ဖား တိတ်တဆိတ် ထွက်ခွာသွားသည်ကိုတွေးကာ စိတ်မကောင်းဖြစ်မှုများ ပြည့်နှက်လာရသည်။ အော်စကာရနိုင်သော အိုက်တင်ဟု ဆိုနိုင်သလို သဘာဝအတိုင်းပဲဟုလည်း ဆိုနိုင်သည်။

"နတ်အဆိပ်ဖားလား။"

ကြီးမြတ်ဧကရီ မျက်မှောင်ကျုံ့လိုက်သည်။

မုန့်ကျီ ဝင်ရောက်ပြောဆိုလာသည်။

"အဲ့အကြောင်းတော့ ကျွန်မလည်း မသိဘူး။ ဒါပေမယ့် မှော်နက်တစ္ဆေကို တိုက်ခိုက်တုန်းက အန်လင်းရော၊ ဟိုသက်လတ်ပိုင်းအရွယ် အမျိုးသားကပါ တော်တော်စိတ်တိုနေကြတာလေ။ အဲ့ကိစ္စကြောင့်လည်း ဖြစ်ရင်ဖြစ်မှာပေါ့။"

"ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲမလား။"

တုန်းဖန်းကျွမ်းရှီး ပြုံးကာပြောလိုက်သည်။

ကြီးမြတ်ဧကရီ : ".........."

ကြီးမြတ်ဧကရီသည် အန်လင်းတို့ အဖွဲ့အား ခပ်ဖွဖွပြုံးကာ ကြည့်ရှုလာသည်။

"မှော်နက်တစ္ဆေက သေသွားပြီလေ။ အခု နင်တို့ကို ငါတိုက်ခိုက်မှာ မကြောက်ဘူးလား။"

အန်လင်း ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။

"တိုက်ဖို့ခိုက်ဖို့ ဒီကိုရောက်လာတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျား တိုက်ခိုက်ချင်တယ်ဆိုရင်လည်း တိုက်ရုံပဲ ရှိတာပေါ့။"

"အစ်မကြီး...... ကိစ္စတွေကို ဒီမှာပဲ ထားလိုက်ရင် ဘယ်လိုလဲ။"

မုန့်ကျီ အကြံပြုလိုက်သည်။

ကြီးမြတ်ဧကရီ အံ့အားသင့်ကာ မုန့်ကျီအား လှည့်ကြည့်လိုက်ပြီးနောက် အန်လင်းတို့အား ကြည့်ရှုလိုက်သောအခါ အမူအရာ တစ်ချက်ပင် ပြောင်းမသွားကြောင်း တွေ့လိုက်ရသည်။

သူမ အန်လင်းအား အချိန်အတန်ကြာ စူးစိုက်ကြည့်ရှုနေပြီးနောက် သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါတော့။ နင်တို့က မုန့်ကျီကို ကယ်ခဲ့တာပဲ။ ဒီကိစ္စ ဒီမှာထားလိုက်ကြတာပေါ့။ နောက်တစ်ခါ ပြန်တွေ့ခဲ့ရင်တော့ ငါတို့က ရန်သူတွေပဲ။"

"အခုလို ကြားရတာ ဝမ်းသာပါတယ်။"

အန်လင်း ပြုံးကာတုံ့ပြန်လိုက်သည်။

"ငါလွှတ်ပေးလိုက်လို့ ဝမ်းသာနေတာလား။"

ကြီးမြတ်ဧကရီ မေးငေါ့ကာ မေးလာသည်။

"မဟုတ်ပါဘူး။"

အန်လင်း ခေါင်းခါပြလိုက်သည်။

"အခု ကျွန်တော်တို့က တစ်လှေထဲ စီးသူတွေလေ။ အဲ့ဒါကို ဝမ်းသာတယ် ပြောတာပါ။ နောက်တစ်ခါ ထပ်တွေ့ရင်တော့ ရန်သူတွေပဲပေါ့။"

ကြီးမြတ်ဧကရီ အမူအရာ ပြောင်းလဲသွားသည်။

မုန့်ကျီ : ".........."

တုန်းဖန်းကျွမ်းရှီး : "........."

စုရှောင်လန်သည် တည်ငြိမ်လွန်းသော ထိုအမျိုးသားကိုကြည့်ကာ အရမ်းမိုက်တာပဲဟု ထင်နေမိသည်။

ကြီးမြတ်ဧကရီ အသိပြန်ဝင်လာကာ စကားဆိုလိုက်သည်။

"ကောင်းပြီလေ။ ငါတို့တွေက ရန်သူတွေ ဖြစ်နေကြတုန်းပဲ ဆိုမှတော့ နောက်ဆိုရင် နင်တို့သေချာသတိထားသင့်တယ်။"

"ကောင်းပါပြီ။ နောက်မှတွေ့ကြတာပေါ့။"

အန်လင်းမှာ အရိုအသေပေး နှုတ်ဆက်ကာ ရှောင်ဇယ်တို့အား စုစည်းလိုက်သည်။

"သွားကြတာပေါ့။"

အတိတ်ကာလတွင် အန်လင်းသည် ဘာမှမဟုတ်ခဲ့သောကြောင့် ကြီးမြတ်ဧကရီမှာ သူ၏နာမည်ကိုပင် မမှတ်မိခဲ့ပေ။ ယခုတွင်မူ ရန်သူအဖြစ် သတ်မှတ်လိုက်ခြင်းအား အန်လင်းအား အလေးထားနေကြောင်း သိသာလှသည်။

အန်လင်းသည် ထိုအချက်နှင့် ပက်သတ်၍ စိတ်ကျေနပ်ခြင်း မရှိပေ။ သူသည် စိတ်ချင်းယှဉ်သော ကစားပွဲများကြောင့် ပင်ပန်းလှပြီ ဖြစ်ပါသော်လည်း ဟန်ကိုယ်ဖို့လုပ်ကာ ဆရာကြီးပုံစံကို ထိန်းထားရသည်။

"ဝေါင်း......."

ပေသောင်းချီသော နဂါးတစ်ကောင်သည် ကျယ်လောင်စွာ ဟိန်းဟောက်ကာ အဝေးသို့ ပျံဝဲသွားတော့သည်။

၎င်းတို့သည် အရေးတယူ နှုတ်ဆက်ထွက်ခွာသွားပြီး ကြီးမြတ်ဧကရီမှာလည်း တားဆီးခြင်း မပြုပေ။ လက်ရှိအခြေအနေသည် မည်မျှဆိုးရွားနေကြောင်း အန်လင်းတို့သာ သိရှိနေကြသည်။ ထို့ကြောင့် ထွက်ခွာရန် အခွင့်ရလာသည်နှင့် လှည့်ပင်မကြည့်ပဲ တချိုးတည်း လစ်ပြေးလိုက်ကြသည်။

ကြီးမြတ်ဧကရီသည် အန်လင်းတို့ ထွက်ခွာသွားသည်ကို ကြည့်ရှုနေပြီးနောက် မုန့်ကျီအား လှည့်ကြည့်လာသည်။

"မုန့်ကျီ...... အန်လင်းတို့ကို ဘာလို့လွှတ်ပေးချင်ရတာလဲဆိုတာ ပြောပြလို့ ရပြီလား။"

မုန့်ကျီမှာ အမူအရာ ပြောင်းလဲသွားကာ ခါးသက်စွာ ပြုံးလိုက်မိသည်။

နှင်းပျိုမဒီများ၏ ကြီးမြတ်ဧကရီသည် အလွယ်တကူ လှည့်စားနိုင်သူမျိုး မဟုတ်ပေ။

"အန်လင်းက ဟန်ဆောင်ဖုံးကွယ်ထားတဲ့ နဂါးမျိုးနွယ်စုဝင်တစ်ယောက်ပဲ။"

မုန့်ကျီ ဝန်ခံလိုက်သည်။

"သူက တော်တော်ကြောက်ဖို့ကောင်းလား။"

ကြီးမြတ်ဧကရီသည် ရယ်မောခြင်း မရှိသလို၊ မယုံကြည်နိုင်ခြင်းမျိုးလည်း မရှိပေ။ ထိုအစား သိလိုစိတ်များနှင့် မုန့်ကျီကိုသာ လေးနက်စွာ ကြည့်ရှုနေသည်။

သာမန် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် သူမနှင့် မျက်နှာချင်းဆိုင်တွင်ရပ်ကာ စကားစစ်ပွဲအား တည်တည်ငြိမ်ငြိမ် နွှဲနေနိုင်မည် မဟုတ်ပေ။

မုန့်ကျီသည် ကြယ်စင်များအကြား ရှိနေသော နဂါးနက်ကြီးအား ပြန်လည်မြင်ယောင်ကာ တုန်ရီစွာ ခေါင်းညိတ်ပြလိုက်သည်။

"တကယ်ကြောက်စရာကောင်းတယ်။ ကျွန်မ ထင်တာတော့ တာအိုပေါင်းစည်းခြင်း အဆင့်တွေထက်တောင် မြင့်ရင်မြင့်နေလောက်တယ်။"

ကြီးမြတ်ဧကရီ မျက်နှာပျက်သွားသည်။

"အဲ့လိုဆိုရင် အခုက သူ့အစွမ်းတွေ ကန့်သတ်ခံထားရတာပေါ့။ ဘာပဲဖြစ်ဖြစ် သွားမရှုပ်တာပဲ ကောင်းလိမ့်မယ်။ တစ်ခုခုဆိုရင် ဘာဖြစ်သွားမလဲ မပြောနိုင်ဘူး။ ဒီကိစ္စကို နင်ကိုင်တွယ်လိုက်တာ အရမ်းကောင်းတယ်။"

မုန့်ကျီ ခေါင်းညိတ်ပြလာသည်။

"ကျွန်မတို့မှာ ရန်သူတွေ အများကြီး ဖြစ်နေပြီ။ အန်လင်းလို ဆရာ့ဆရာကြီးကိုတော့ သွားမထိသင့်တော့ဘူး။"

ကြီးမြတ်ဧကရီ တိတ်ဆိတ်သွားသည်။

မုန့်ကျီ စကားဆိုလိုက်သည်။

"ဟုတ်သားပဲ။ အခုတိုက်ပွဲက......"

ကြီးမြတ်ဧကရီ တုံ့ပြန်လာသည်။

"တစ္ဆေဧကရာဇ် ပေါ်ကျွင်းက နှင်းပျိုမဒီတွေ ခိုလှုံဖို့အတွက် မြို့ကြီးဆယ်ကြီးနဲ့ မြို့ငယ်တစ်ရာကျော်ပေးဖို့ သဘောတူလိုက်ပြီ။"

"မနည်းလွန်းဘူးလား။ အဲ့လောက်နဲ့ လူအများကြီး နေလို့ရမှာ မဟုတ်ဘူး။"

မုန့်ကျီ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။

"အရင်ဆုံး အားလုံးကို နေရာချပေးကြတာပေါ့။ ကျန်တာနောက်မှ တွေးကြမယ်။"

"ငါတို့ညီအစ်မတွေ အဆင်ပြေနေရင် ရပါပြီ။"

ကြီးမြတ်ဧကရီသည် နှင်းများဖုံးလွှမ်းနေသော အရှေ့အရပ်အား လှမ်းမျှော်ကြည့်လိုက်သည်။

"ငါတို့ညီအစ်မတွေအတွက် ဒီကမ္ဘာမှာ အများနဲ့တစ်ယောက် ဖြစ်လာဖို့ ပြင်ထားရလိမ့်မယ်။ တခြားရွေးချယ်စရာ မရှိဘူး။"

မုန့်ကျီ မျက်ရည်အဝဲသားဖြင့် လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်မ အသက်ကို စတေးဖို့အထိ စိတ်ဓာတ်ကို ပြင်ဆင်ထားပြီးသားပါ။"

All Chapters