ဆုံးဖြတ်ချက်ချခြင်း
Vol. 62 Ch. 861
အန်လင်းနှင့် အခြားသူများမှာ ရှောင်ဇယ်၏ ကျောပေါ်တွင်ထိုင်ကာ တောင်ဘက်အရပ်သို့ လျင်မြန်စွာ ပျံဝဲလာကြသည်။
"မုန့်ကျီက ဘာလို့ကူညီပေးရတာလဲ။"
အန်လင်း ရေရွတ်လိုက်သည်။
"ကြီးမြတ်ဧကရီလည်း ရှိနေတယ်။ ငါတို့ကလည်း နှင်းပျိုမဒီတွေကို သတ်ဖူးတဲ့သူတွေ....... ပြောရရင် သူမအနေနဲ့ ငါတို့ကို ကူညီပေးစရာ အကြောင်းမရှိဘူး။"
စုရှောင်လန် မျက်မှောင်ကျုံ့လိုက်သည်။
ရှောင်ဇယ် ချက်ချင်းပင် ရှင်းပြလာသည်။
"ဘာထူးဆန်းလို့လဲ။ မုန့်ကျီက ဆရာ့ရဲ့ ပုံစံအမှန်ကိုမြင်ပြီး သေမတတ် ကြောက်သွားတာ ဖြစ်မှာပေါ့။ အဲ့ဒါကြောင့် လိုလိုလားလားကို ကူညီပေးလာတာလေ။"
အန်လင်း ရင်လေးသွားကာ အမှန်ပြင်ပေးလိုက်သည်။
"ဘယ်နခါ ပြောနေရမှာလဲ။ အဲ့ဒါ လက်စွပ်ထဲက အစွမ်းပါဆိုမှ....."
ရှောင်ဇယ် ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြလာသည်။
"ဟုတ်တယ်။ ဟုတ်တယ်.........ဆရာပြောသမျှ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် လက်စွပ်ထဲက အစွမ်းဆိုရင်တောင် မုန့်ကျီက ဆရာ့ကို ကြောက်သွားတာ သေချာတယ်။"
အန်လင်း : ".........."
ရှောင်ဇယ်၏ ဖြေရှင်းချက်သည် မှန်ကန်ပုံရသောကြောင့် သူသည်လည်း ဘာမှမပြောနိုင်တော့ပေ။
စင်စစ်အားဖြင့် လက်စွပ်ထဲမှ နဂါးနက်မှာ ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။ ပုံရိပ်သက်သက်ဖြင့်ပင် ထိုမျှကြောက်စရာ ကောင်းနေသောကြောင့် အစစ်အမှန် အသွင်သာဆိုပါက သဘာဝတရားကိုပင် ဆန့်ကျင်နိုင်လောက်သည်။
သူသည် ဗာမီလီယမ်ငှက်၏ လှောင်အိမ်နေရာ ဖြစ်ခဲ့သော ဗာမီလီယမ်ငှက် စမ်းသပ်ကွင်းပြင်အား တွေးမိလိုက်သောအခါ ကိစ္စများ ပိုမိုနက်နဲလာသလို ခံစားမိသည်။
ဗာမီလီယမ်ငှက်သည် ဒဏ္ဍာရီလာသားရဲများထက်ပင် သာလွန်သော မြင့်မြတ်သားရဲ ဖြစ်သည်။ မည်သူက မြင့်မြတ်သားရဲအား ထောင်ချောက်ဆင်နိုင်မည်နည်း။
ယန်ယွမ် ရှာတွေ့ထားသော လက်စွပ်လေးကွင်းမှာလည်း ထူးခြားဆန်းကြယ်လွန်းလှသည်။ ထိုလက်စွပ်များသည် မြင့်မြတ်သော ဗာမီလီယမ်ငှက်နှင့် ပက်သတ်နေသည်လော။
အန်လင်းသည် ယခင်က ထိုကိစ္စများအပေါ် စိတ်မဝင်စားခဲ့ပါသော်လည်း ယခုထိုသို့မနေနိုင်တော့ပေ။ နဂါးနက်ကြီးသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည့်အပြင် အံ့ဖွယ်လက်နက်များအား ဝါးမြိုနိုင်ပြီး သူ၏စွမ်းအင်များကိုလည်း မျက်စိတမှိတ်အတွင်း စုပ်ယူပစ်နိုင်သည်။ ထိုအချက်များအား လျစ်လျူရှုထားရန် မည်သို့မျှ မဖြစ်နိုင်ပေ။
"အခွင့်အခါသင့်ရင် ယန်ယွမ်ကို မေးကြည့်ရမယ်။"
အန်လင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။
သူရုတ်တရက် အတွေးပေါက်သွားသည်။ နဂါးနက်ကြီးသည် သူ၏အသိစိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့် ၎င်းဝါးမြိုထားသော အံ့ဖွယ်လက်နက်သည်လည်း သူ၏အပိုင်အဖြစ် သတ်မှတ်နိုင်သည် မဟုတ်လော။ ထိုသို့ဆိုလျှင် ဟင်းလင်းပြင်သို့အပြန် အဆင့်သို့တက်ရန် လိုအပ်ချက်တစ်ခု ပြည့်စုံသွားပေလိမ့်မည်။
အန်လင်း စနစ်အား ဖွင့်လိုက်သည်။
(ဟင်းလင်းပြင်သို့အပြန် အဆင့်သို့တက်ရန် လိုအပ်ချက်များ : အံ့ဖွယ်လက်နက် [မရှိသေး])
အဲ့ဒါဆို မရဘူးပေါ့.........
အန်လင်း သက်ပြင်းချမိလိုက်သည်။
နဂါးနက်ရဲ့ ပိုင်ဆိုင်မှုက ငါနဲ့မဆိုင်ဘူးပေါ့လေ....... စိတ်ပျက်စရာ ကောင်းလိုက်တာ........
အဲ့အံ့ဖွယ်လက်နက်ကို ရဖို့ဆိုရင် ဒင်းပါးစပ်ထဲက နှိုက်ထုတ်မှပဲရမယ်.......
နေပါဦး........
အန်လင်းအား မစ်ရှင်နေရာအား ကြည့်ရှုလိုက်သောအခါ ပြောင်းလဲမှု ရှိနေသည်ကို တွေ့လိုက်ရသည်။
(အလယ်အလတ်အဆင့် စစ်နတ်ဘုရားအမြှောက်ကျင့်စဉ် : စစ်နတ်ဘုရား ကောင်းကင်ဖောက်ခွဲခြင်းအမြှောက်.......... လိုအပ်ချက် : သင့်ကိုနှစ်သက်သော ဟင်းလင်းပြင်သို့အပြန်အဆင့် သို့မဟုတ် ထိုအဆင့်ထက်မြင့်သော ကျင့်ကြံသူဆယ်ယောက်နှင့် သင့်ကိုရွံရှာမုန်းတီးသော ဟင်းလင်းပြင်သို့အပြန်အဆင့် သို့မဟုတ် ထိုအဆင့်ထက်မြင့်သော ကျင့်ကြံသူဆယ်ယောက် ရှိရမည်။)
ရွံရှာမုန်းတီးသော နေရာတွင် အပြောင်းအလဲ ရှိနေလေသည်။
(စနစ်မှ ရရှိထားသော ဦးနှောက်လှိုင်းနှင့် အံ့ဖွယ်အာရုံလှိုင်းများအရ လက်ရှိအခြေအနေမှာ လိုအပ်သူ ဆယ်ယောက်အနက် ငါးယောက်သာ ရရှိထားသည်။ ထိုသည်မှာ လင်ကျွင်းကျွင်း၊ ရန်ဟွား၊ ဧကရာဇ်ဇီဝေး၊ လျှိုမင်ရွှမ်း၊ ကျူးရှန်တို့ ဖြစ်သည်။)
အန်လင်း မျက်နှာပျက်သွားသည်။
ယီးတဲ့မှ......... ဘာလို့တစ်ယောက်လျော့သွားရတာလဲ.......
စာရင်းစစ်ကြည့်လိုက်သောအခါ မုန့်ကျီ ပျောက်ဆုံးသွားသည်ကို တွေ့လိုက်ရသည်။
အန်လင်း အသက်ရှူသံများ ပြင်းသွားသည်။
ဒီသောက်ကျိုးနည်းစနစ်က ဒိတ်အောက်နေတာများလား......... ဘာလို့ မုန့်ကျီက ငါ့ကိုမမုန်းတော့တာလဲ....... ကျေးဇူးပြုပြီး သေလောက်အောင် ဆက်မုန်းနေပေးပါဟာ.......
ပြီးတော့ မုန့်ကျီက ဘာလို့စိတ်ပြောင်းသွားရတာလဲ........
အန်လင်း စိတ်ရှုပ်လာသည်။
နဂါးနက်ကြီးအား တွေ့လိုက်ရပြီးနောက် မုန့်ကျီမှာ စိတ်ဒဏ်ရာ အပုံလိုက် ရသွားသည်ကို သူမသိခဲ့ပေ။
သူမ၏ မုန်းတီးမှုများအား အကြောက်တရားမှ အနိုင်ယူသွားခဲ့သည်။ ထို့ကြောင့်သာ အန်လင်းတို့ ထွက်သွားခွင့်ရရန် ကြီးမြတ်ဧကရီထံ တောင်းဆိုပေးခဲ့ခြင်း ဖြစ်သည်။
မစ်ရှင် နောက်ပြန်ဆုတ်သွားသည်ကို အန်လင်းအနေဖြင့် ပထမဆုံး ကြုံတွေ့ဖူးခြင်းပင်။ ထိုအတွေ့အကြုံသည် အိပ်မက်မှ ပိုမိုဝေးကွာသွားသည့်အလား စိတ်ဆင်းရဲစရာ ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ရွံရှာမုန်းတီးသူများထဲတွင် အသက်ရှင်နေသူများကိုသာ ရေတွက်သည်က နှမြောစရာ ကောင်းလွန်းလှသည်။ ထိုသို့မဟုတ်ပါက သူ့ကြောင့် ရူးသွပ်သွားမလို ဖြစ်ခဲ့သော မှော်နက်တစ္ဆေမှာ သေချာပေါက် စာရင်းထိပ်ဆုံးတွင် တက်ထိုင်နေပေလိမ့်မည်။
ဆရာကြီးဆိုတဲ့ကောင်တွေကို သေသေချာချာ ပြဿနာ ပတ်ရှာမှပဲ.............
အန်လင်းမှာ အတွေးရေကြောထဲ မျောနေစဉ်မှာပင် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ တစ်နေရာတွင် အချို့ပြဿနာများ စတင်နေလေပြီ။
မဟာလင်းနို့ဧကရာဇ်သည် အသံဆက်သွယ်မှုအား တိတ်တဆိတ် ဖြတ်တောက်ကာ ကြီးမားလှသော အတောင်များကို ဖြန့်ကျက်လိုက်သည်။
"သွေးမိစ္ဆာကီရင်......... နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ။"
၎င်းအား ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် အင်မော်တယ်သားရဲ သုံးကောင်မှ ဆက်သွယ်ခဲ့ကြခြင်း ဖြစ်သည်။
"သွေးမိစ္ဆာကီရင် ဘယ်နေရာမှာလဲဆိုတာ သိပြီမို့လို့ ထောင်ချောက်ဆင်ဖမ်းဖို့ အသင့်ပြင်ထားပါအရှင်..."ဟု ဆိုခဲ့ကြသည်။
ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ တောင်ဘက်အရပ်တွင် ရှောင်ဇယ်သည် ကိုးပြည်ထောင်ဘက်သို့ လျင်မြန်စွာ ဦးတည်ပျံသန်းနေသည်။ မဟာလင်းနို့ဧကရာဇ်သည်လည်း ၎င်းတို့အား ရှာတွေ့ထားလောက်ပြီ ဖြစ်သောကြောင့် အနည်းငယ်ပင် ကြန့်ကြာနေ၍ မဖြစ်ပေ။ တတ်နိုင်သမျှ ကိုးပြည်ထောင်ထံ အမြန်ဆုံး သွားရပေလိမ့်မည်။
"ကိုးပြည်ထောင်က သူတွေနဲ့ အဆက်အသွယ် မရသေးဘူးလား။"
တုန်းဖန်းကျွမ်းရှီး မေးမြန်းလာသည်။
အန်လင်း ခေါင်းခါပြလိုက်သည်။
"ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေရဲ့ နယ်စပ်ဒေသက စွမ်းအင်တချို့ကြောင့် အသံဆက်သွယ်လို့ မရဘူး ဖြစ်နေတယ်။ အဲ့ဒါကြောင့် ဘာမှလုပ်မရဘူး။"
"ဒီလောက်ကြီးလွန်းတဲ့ ကန့်သတ်ဝင်္ကပါက အချိန်အကြာကြီး မလည်ပတ်နိုင်လောက်ဘူး။ ပျက်စီးဖို့လည်း လွယ်မှာပဲ။ ငါတို့ ဟိုဘက်ကိုသွားနိုင်ဖို့ အခွင့်အရေး ရှိတယ်။"
တုန်းဖန်းကျွမ်းရှီး စကားဆိုလိုက်သည်။
ထိုအချိန်တွင် စုရှောင်လန် ဝင်ရောက်ပြောဆိုလာသည်။
"တောင်ဘက်က ကိုးပြည်ထောင်နဲ့ အနီးဆုံးပဲ။ ဒါပေမယ့် မဟာလင်းနို့ဧကရာဇ်က ငါတို့တည်နေရာ သိထားပြီးပြီဆိုရင် အဲ့ကိုလုပ်မယ်ဆိုတာ ခန့်မှန်းမိမှာပဲ။ အရှေ့ဘက်ကို သွားရင်ရော ဘယ်လိုလဲ။"
အန်လင်း မျက်ဝန်းများ တောက်ပသွားသည်။
"အကြံကောင်းပဲ။ အရှေ့ဘက်ကိုသွားရင် မြင့်မြတ်သော ရေခဲကုန်းမြေကို ရောက်သွားမယ်။ အဲ့ကနေဆက်ပြီး ကိုးပြည်ထောင်ဆီ ပြန်လို့ရတယ်လေ။"
အားလုံးမှာ ဆုံးဖြတ်ချက် ပြင်လိုက်ကြသည်။
..............
ထိုအချိန်တွင် ကြောက်မက်ဖွယ် အရှိန်အဝါများနှင့် အင်မော်တယ်သားရဲ သုံးကောင်မှာ အချင်းချင်း ဆက်သွယ်နေကြသည်။
"သူတို့ကို ကီလိုမီတာ တစ်သောင်းခွဲလောက်ရှိတဲ့ ကွန်ယက်မန္တာန်နဲ့ အုပ်ထားပြီးပြီ။ ဖြည်းဖြည်းချင်း ဆွဲသွားရုံပဲ။"
"သူတို့အရှိန်နဲ့ဆို ခဏလေးအတွင်း ကီလိုမီတာ တစ်သောင်းခွဲ သွားနိုင်မှာ မဟုတ်ဘူး။ ဒင်းတို့တော့ သေပြီပဲ။"
"ဧကရာဇ်က နောက်ငါးမိနစ်လောက်ဆို ရောက်လာလိမ့်မယ်။"
"ငါးမိနစ်လား။ အဲ့ဒါဆို ကီလိုမီတာ တစ်သောင်းလောက်ပဲကျန်အောင် လျှော့ချထားလိုက်မယ်။ ဧကရာဇ်လည်း မြန်မြန်ကိစ္စရှင်းလို့ရတာပေါ့။"
"ဟိုက်ဒရာ........ သူတို့က ကိုးပြည်ထောင်ကို တောင်ဘက်ကနေ သွားဖို့များတယ်။"
"ဟားဟားဟား......... စိတ်မပူပါနဲ့။ သူတို့ ဒီကိုလာရဲရင် တသက်လုံး ဒီမှာပဲ နေသွားရအောင် လုပ်ပေးလိုက်မယ်။"
မြွေတစ်ကောင်၏ စကားသံ ထွက်ပေါ်လာသည်။
"ငါ့ဘက်ကတော့ အလုံခြုံဆုံးပဲ။ မြင့်မြတ်သော ရေခဲကုန်းမြေကို အရူးတွေပဲ လာရဲမှာ။"
တည်ငြိမ်သော စကားသံအား ကြားလိုက်ရသည်။
"မင်းကဘယ်မှာ......"
ဝုန်း...... ဝုန်း....... ဝုန်း......
စကားမဆုံးသေးခင်မှာပင် တဝုန်းဝုန်း အသံများ ဆူညံသွားသည်။
"ရွှီး......... နေမင်းနီအင်မော်တယ်ဝိဉာဉ်၊ အရိုင်းဆန် ဓားမော့အင်မော်တယ်...... ဘာတွေဖြစ်နေတာလဲ။ သူတို့ဒီမှာလား။ ဘယ်မှာလဲ။"
ဟိုက်ဒရာ မေးမြန်းလာသည်။
"ငါ...... ဝုန်း..... ဝုန်း..... ဝုန်း..... ယီးပဲ။"
အရိုင်းဆန် ဓားမော့အင်မော်တယ်၏အသံ ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ် စွမ်းအင်ပေါက်ကွဲမှုများမှာ ကွန်ယက်မန္တာန်အား တုန်ခါနေစေသည်။
နေမင်းနီအင်မော်တယ်ဝိဉာဉ်နှင့် ဟိုက်ဒရာတို့မှာ အမူအရာ ပြောင်းလဲသွားရသည်။
သွေးမိစ္ဆာကီရင်သည် မြင့်မြတ်သော ရေခဲကုန်းမြေအား ရွေးချယ်လိုက်ခြင်းပင် ဖြစ်သည်။