ကန့်သတ်ချက်များအား ကျော်လွန်နေသော သိစိတ်အာရုံ
Vol. 62 Ch. 862
ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ အရှေ့ဘက်အရပ်မှာ မြူနှင်းများဖြင့် အေးခဲနေသည်။
ဆက်သွားမည်ဆိုလျှင် နှင်းပျိုမဒီများ၏ နေရပ်ဖြစ်သည့် မြင့်မြတ်သော ရေခဲကုန်းမြေသို့ ရောက်ရှိသွားပေလိမ့်မည်။
မြင့်မြတ်သော ရေခဲကုန်းမြေသည် မြူနှင်းအတိပြီးသော အရပ်ဒေသတစ်ခုပင်။ သို့သော် လတ်တလောတွင် တစ်စုံတစ်ခု မူမမှန်သည့်အလား ပိုပို၍ အေးခဲလာနေသည်။
နှင်းပျိုမဒီများအတွက်ပင် အေးစိမ့်လွန်းနေလေပြီ။
နှင်းပျိုမဒီများ၏ မြင့်မြတ်မီးတောက်နှင့် နယ်မြေအူတိုင် အပိုင်းအစအား ရယူမည့် အစီအစဉ်များလည်း ကျရှုံးသွားခဲ့သည်။
၎င်းတို့သည် လမ်းအဆုံးသို့ ရောက်နေသောကြောင့် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေအား ကျူးကျော်တိုက်ခိုက်ရတော့သည်။ ထိုတိုက်ပွဲသည် မကြာသေးခင်ကပင် ပြီးဆုံးသွားခဲ့ပြီး ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခုပင် ထပ်မံဖြစ်ပွားနေပြီ ဖြစ်သည်။
ဝုန်း..... ဝုန်း........ ဝုန်း.........
ကောင်းကင်နှင့်မြေပြင်မှာ ပြင်းထန်စွာ တုန်ခါနေသည်။
သွေးနီရောင်အလင်းတန်းသည် နဂါးတစ်ကောင်အလား ပျံဝဲကာ အဖြူရောင်ပုံရိပ်ထံ ဦးတည်သွားနေသည်။
ဝုန်း......
အဖြူရောင်ပုံရိပ်သည် သွေးနီရောင် သံကြိုးများနှင့် အင်းကွက်များ ပုံဖော်ထားသော အပြာရောင် အကာအရံတစ်ခုထံ ဝင်တိုက်မိသွားသည်။ ကြမ်းတမ်းလှသော တိုက်ခိုက်မှု ဖြစ်ပါသော်လည်း အကာအရံမှာ အနည်းငယ်ပင် ရွေ့လျားမသွားပေ။
"ဟားဟားဟား......... လက်လျှော့လိုက်စမ်းပါ သွေးမိစ္ဆာကီရင်ရာ......... ငရဲလောကချိပ်စည်းက တာအိုပေါင်းစည်းခြင်း အဆင့်အောက်မှာ ရှိတဲ့သူတွေ ဖျက်စီးနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ မင်းမှာ ဒီချိပ်စည်းကို ချိုးဖျက်ဖို့ အရည်အချင်း မရှိပါဘူး။"
အဖြူရောင်ပုံရိပ်သည် အရိုင်းဆန် ဓားမော့အင်မော်တယ်ဟု အမည်ရသော မျောက်ဝံဖြူကြီး တစ်ကောင်ပင်။
၎င်းသည် တုန်းဖန်းကျွမ်းရှီး၏ ဖိနှိပ်မှုကို ခံနေရပါသော်လည်း တဟီးဟီး ရယ်မောနေသည်။
မကြာမီပင် အခြားသော အင်မော်တယ်သားရဲ နှစ်ကောင်နှင့် မဟာလင်းနို့ဧကရာဇ်တို့ ရောက်ရှိလာပေလိမ့်မည်။
အချိန်သည် အရေးကြီးသော ရတနာဟု ဆိုနိုင်သည်။ အန်လင်းတို့၏ ခေါင်းပေါ်တွင် ဓားတစ်လက် ပျံဝဲနေသည်နှင့် ဆင်တူကာ ၎င်းတို့ထံတွင် အချိန်ရှိမနေပေ။
တုန်းဖန်းကျွမ်းရှီးသည် လက်နှစ်ဖက်အား လေဟာနယ်ကိုပင် ဆုတ်ဖြဲပစ်နိုင်သော ကီရင်လက်သည်းများအဖြစ် ပြောင်းလဲစေလိုက်သည်။ သူသည် သွေးပင်လယ်နှင့်အတူ ငရဲမှ နိုးထလာသော ဘီလူးတစ်ကောင်သဖွယ် အရိုင်းတန် ဓားမော့အင်မော်တယ်ထံ ဦးတည်သွားလိုက်သည်။
"ငါက ဒီချိပ်စည်းကို မချိုးဖျက်နိုင်ဘူးပေါ့လေ။ ဒီချိပ်စည်းကို ထိန်းသိမ်းနေတဲ့ တိရစ္ဆာန် သုံးကောင်ထဲက မင်းကိုသတ်လိုက်ရင် အလိုလို ပျက်စီးသွားမှာပဲ မဟုတ်ဘူးလား။"
တုန်းဖန်းကျွမ်းရှီး အေးစက်စွာ ပြောလိုက်သည်။
အရိုင်းဆန် ဓားမော့အင်မော်တယ်မှာ ဒေါသမထွက်ပဲ ကျယ်လောင်စွာ ရယ်မောလာသည်။
"ဒဏ္ဍာရီလာသားရဲလို့ကို မပြောရဘူး။ လာလေ....... သတ်နိုင်ရင်သတ်လိုက်။"
၎င်းသည် ဓားမော့နှစ်လက်အား လျင်မြန်စွာ အသင့်ပြင်လိုက်သည်။ ဓားမော့တစ်လက်ချင်းစီတွင် တောင်တန်းနှင့် သမုဒ္ဒရာများကို ဖျက်စီးနိုင်သော အစွမ်းများ ပါဝင်နေလေသည်။
တုန်းဖန်းကျွမ်းရှီးသည် လက်သည်းများအား လက်နက်အဖြစ်သုံးကာ အရိုင်းဆန် ဓားမော့အင်မော်တယ်၏ ဓားမော့ပုံရိပ်များကို တိုက်ခိုက်လိုက်သည်။
ဘန်း........
သူသည် လျင်မြန်စွာ ပျံဝဲလာပြီးနောက် အရိုင်းဆန် ဓားမော့အင်မော်တယ်အား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
မြန်လိုက်တာ........
အရိုင်းဆန် ဓားမော့အင်မော်တယ်မှာ ဓားမော့နှစ်လက်ဖြင့် ခုခံထားလိုက်ရသည်။
၎င်းသည် အဝေးသို့ လွင့်ထွက်ကာ ငရဲလောကချိပ်စည်းနှင့် တိုက်မိသွားပြီးနောက် သွေးပွက်ပွက်အန်သွားသည်။
အဝေးတွင်မူ အန်လင်းမှာ ရှောင်ဇယ်၏ ဦးခေါင်းထက်တွင် ရှိနေသည်။
"ဒီချိပ်စည်းကို နင်ဖျက်နိုင်လား။"
စုရှောင်လန် အန်လင်းအား မေးမြန်းလာသည်။
အန်လင်းထံတွင် အားနည်းချင်များအား ရှာဖွေနိုင်သော ကျင့်စဉ်တစ်ခု ရှိသည်ကို သူမ သိရှိထားသည်။
အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား သုံးကြည့်ပါသော်လည်း ဝင်္ကပါချိပ်စည်းမှာ ကြီးမားလွန်းနေသည်။ ချိပ်စည်းသည် ကီလိုမီတာ တစ်သောင်းကျော်မျှ ရှိသောကြောင့် သူ၏အမြင်အာရုံထက် များစွာကျယ်ပြန့်နေလေသည်။
ရိုးရှင်းစွာ ဆိုရပါက သူ၏အမြင်အာရုံသည် ကျင့်စဉ်၏ စွမ်းရည်အား ကန့်သတ်ထားသလို ဖြစ်နေသည်။
"မရဘူး။ ကိုယ်က ဝင်္ကပါကြီးရဲ့ အစိတ်အပိုင်းလေးတစ်ခုကိုပဲ မြင်သလို ဖြစ်နေတော့ အားနည်းချက် ရှာမရဘူး။"
အန်လင်း ခေါင်းကိုက်လာသည်။
"ဆရာ........ ကျွန်တော်တို့ အဲ့မျောက်ဝံကို ပေါင်းသတ်ကြရအောင်။"
ရှောင်ဇယ်မှာ တိုက်ပွဲစိတ်ဆန္ဒများ ထကြွနေသည်။
အန်လင်း တွေးတောလိုက်သည်။
"ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် မုန့်ကျီ ပါတာတောင် မှော်နက်တစ္ဆေကိုသတ်ဖို့ ဘယ်လောက်ကြာခဲ့လဲ စဉ်းစားကြည့်......"
"ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်က လွယ်လွယ်တော့ မသေဘူးလေ။ တခြား အင်မော်တယ်သားရဲတွေနဲ့ မဟာလင်းနို့ဧကရာဇ်ကလည်း ရောက်လာတော့မှာ။ ငါတို့မှာ အချိန်မရှိဘူး။"
အန်လင်း စိတ်မသက်မသာ ဖြစ်နေသည်။
ဘာလုပ်ရမလဲ.......... ငါဘာလုပ်နိုင်မလဲ.........
"အန်လင်း နင်က သိစိတ်အာရုံ အားကောင်းတယ်မလား။ အဲ့ဒါကို နင့်ကျင့်စဉ်အပေါ် သုံးလို့မရဘူးလား။"
စုရှောင်လန် အကြံပေးလိုက်သည်။
အန်လင်း သက်ပြင်းချလိုက်မိသည်။
"ကိုယ်လုပ်နိုင်ပေမယ့် အဲ့ဒါကလည်း နတ်ဘုရားစစ်ဆေးမှုနည်းစနစ်ကို ကီလိုမီတာ ရာဂဏန်းလောက်ပဲ ထောက်ပံ့ပေးနိုင်မှာ။ ပြီးတော့ အဲ့လိုလုပ်ရင် တော်တော်ပင်ပန်းရမှာ။"
"နေပါဦး။"
အန်လင်း အတွေးပေါက်ကာ သိုလှောင်လက်စွပ်ထဲမှ အင်မော်တယ်ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။
စုရှောင်လန်သည် အန်လင်း၏ ရည်ရွယ်ချက်အား ချက်ချင်းသဘောပေါက်ကာ စိုးရိမ်သွားသည်။
"အလုပ်ဖြစ်ပါ့မလား။"
"ရွေးချယ်စရာ မရှိဘူး။ ဖြစ်နိုင်ခြေက ဒီတစ်ခုပဲ ရှိတယ်။"
အန်လင်း၏ အမူအရာမှာ လေးနက်နေသည်။
ထိုဆေးလုံးသည် ဆေးမျှော်စင်မှ ရရှိလာသော အဆင့်ခြောက် အင်မော်တယ်ဆေးလုံးဖြစ်သည့် ကောင်းကင်ဝိဉာဉ်ဆေးလုံးပင်။
ကောင်းကင်ဝိဉာဉ်ဆေးလုံးသည် သိစိတ်အာရုံအား အဆုံးစွန် သို့မဟုတ် ကန့်သတ်ချက်များထက်ပင် ကျော်လွန်သွားအောင် အချိန်အတိုင်းအတာ တစ်ခုအထိ စွမ်းဆောင်နိုင်သည်။
အန်လင်း တွေဝေမနေပဲ ကောင်းကင်ဝိဉာဉ်ဆေးလုံးအား ဝါးမြိုလိုက်သည်။
ဆေးလုံးမှာ တမုဟုတ်ချင်း အစွမ်းပြလာသည်။
ဝုန်း.........
အန်လင်းသည် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ အချိန်တစ်စက္ကန့်၏ အသေးစိတ်မှအစ သေးငယ်လွန်းသော အရာများအထိ ရှင်းလင်းပြတ်သားလာသည်။
မည်သို့ပင်ဆိုစေကာမူ ထိုသည်ကို တအံ့တသြ ဖြစ်နေရန် အချိန်မရှိပေ။ သူသည် အံ့ဖွယ်အာရုံဖြင့် အာရုံခံနိုင်စွမ်းအား အမြင့်ဆုံးရောက်အောင် မြှင့်တင်ရမည်ပင်။
အံ့ဖွယ်အာရုံမှာ ငါးရာကီလိုမီတာထိ ချက်ချင်းပြန့်ကားသွားပြီးနောက် ရပ်တန့်သွားခြင်း မရှိပဲ ဆက်လက်ပျံ့နှံ့သွားသည်။
ခုနစ်ရာ့ငါးဆယ် ကီလိုမီတာ..........
တစ်ထောင်ကီလိုမီတာ............
အန်လင်းသည် ခန္ဓာကိုယ် တစ်ခုလုံး ဆုတ်ပြဲကာ သိစိတ်အာရုံမှာ ဘောလုံးတစ်လုံးသဖွယ် ပေါက်ထွက်သွားတော့မလို ခံစားနေရသည်။ ဆိုးရွားလှသော နာကျင်မှုကြောင့် ခန္ဓာကိုယ်မှာလည်း တုန်ရီနေလေသည်။
"အား......."
အန်လင်းမှာ ထိုခံစားချက်အား ဖိနှိပ်မထားနိုင်ပေ။
မလုံလောက်သေးဘူး.........
ဒီထက်ပိုမှရမယ်........
နွေးထွေးသော ပွေ့ဖက်မှုတစ်ခုအား ရုတ်တရက် ခံစားလိုက်ရသည်။
စုရှောင်လန်မှာ တင်းကြပ်စွာ ဖက်တွယ်လာလေသည်။
"တောင့်ခံထားနော် အန်လင်း...... နင်လုပ်နိုင်ပါတယ်။"
သူမသည် အန်လင်းအား လက်လျှော့ရန် မပြောပဲ တင်းတင်းကြပ်ကြပ်သာ ပွေ့ဖက်ထားသည်။
စုရှောင်လန်သည် အန်လင်း၏ဘေးတွင် ရှိနေပေးချင်ရုံသာ။
အန်လင်း အံကြိတ်ကာ နာကျင်မှုအား တောင့်ခံထားသောကြောင့် သွေးမျက်ရည်များ ကျဆင်းလာသည်။
ထောင့်ငါးရာ ကီလိုမီတာ..........
နှစ်ထောင်ကီလိုမီတာ........
ကောင်းကင်ဝိဉာဉ်ဆေးလုံးသည် အသုံးပြုသူ၏ သိစိတ်အာရုံအား မြှင့်တင်ပေးနိုင်ပါသော်လည်း အသုံးပြုနိုင်စွမ်းနှင့် အကန့်အသတ် ကျော်လွန်မှုမှာ သောက်သုံးသူနှင့်သာ သက်ဆိုင်သည်။
အန်လင်းသည် သိစိတ်အာရုံအား မူလထက်ငါးဆမျှ ချဲ့ထွင်ခဲ့ပြီး ဖြစ်သည်။
အန်လင်းမှာ အရာအားလုံး စွန့်စားထားခြင်းပင်။
နှစ်ထောင့်ငါးရာ ကီလိုမီတာ........
ထိုအချိန်တွင် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်သောကြောင့် သူ၏မျက်ဝန်းများ ဖြူဖွေးသွားသည်။
အခြားသော အင်မော်တယ်သားရဲ နှစ်ကောင်မှာ ဤနေရာသို့ လာနေသဖြင့် ငရဲလောကချိပ်စည်းမှာလည်း ယခင်ကထက် ကျဉ်းမြောင်းနေလေပြီ။ ၎င်းတို့သည် ကီလိုမီတာ နှစ်ထောင့်ငါးရာ အကွာအဝေးမျှသာ လိုတော့ကြောင်း အန်လင်း ပြောနိုင်သည်။
ဝုန်း.........
ရှုပ်ထွေးလွန်းသော ချိပ်စည်းဝင်္ကပါအား သိစိတ်အာရုံခဲ မြင်လာသည်။
"အားနည်းချက် သုံးဆယ့်ရှစ်ခု ရှိတယ်။ အနီးဆုံးက ဒီနေရာနဲ့ ဆယ့်ခြောက်ကီလိုမီတာ ဝေးတယ်။"
အန်လင်း တစ်နေရာအား လက်ညှိုးထိုးပြလိုက်သည်။
ဝုန်း........
အန်လင်း ပြောစရာပင် မလိုလိုက်ပဲ ရှောင်ဇယ်မှာ ထိုနေရာ အတိအကျအား နဂါးမိုးကြိုးဖြင့် ပစ်ချလိုက်သည်။
အန်လင်းသည် လျှပ်စီးချဲ့ထွင်နည်းစနစ်ဖြင့် ရှောင်ဇယ်၏ မိုးကြိုးအား ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ရောက်ရှိစေလိုက်ကာ လျှပ်စီးခြယ်လှယ်နည်းစနစ်ဖြင့် နေရာအတိအကျ ချိန်ရွယ်ပေးလိုက်သည်။
ထိုနေရာသည် ဆယ့်ခြောက်ကီလိုမီတာ ကွာဝေးသောကြောင့် သေးငယ်သော လွဲချော်မှု တစ်ခုသည်ပင် ကြီးမားသော ပြောင်းလဲမှုကို ဖြစ်ပေါ်သွားစေနိုင်သည်။
အနက်ရောင် မိုးကြိုးလျှပ်စီးများ ပြင်းထန်စွာ ပေါက်ကွဲသွားပြီးနောက် ကောင်းကင်နှင့်မြေပြင်တခွင် သိမ့်သိမ့်တုန်သွားလေသည်။
ခရက်.......
ငရဲလောကချိပ်စည်းမှာ တုန်ခါလာကာ သွေးနီရောင် ချိန်းကြိုးများ မှိန်ဖျော့လာသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
အရိုင်းဆန် ဓားမော့အင်မော်တယ် မျက်စိမျက်နှာ ပျက်သွားရသည်။
"ဒီဝင်္ကပါကို ဘယ်သူက ဖျက်စီးနိုင်မှာတဲ့လဲ။"
၎င်းသည် နဂါးခေါင်းပေါ်တွင် ထိုင်နေသော လူငယ်အား လှမ်းကြည့်လိုက်မိသည်။
ချက်ချင်းဆိုသလို သွေးပင်လယ်မှာ ထိုနေရာသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာသောကြောင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကာ အဆုံးတွင် ချိန်းကြိုးများလည်း ပျက်စီးသွားရသည်။
"သွားကြ......"
တုန်းဖန်းကျွမ်းရှီး အော်ဟစ်လိုက်သည်။
အန်လင်းမှာ သတိလစ်မလို ဖြစ်နေလေပြီ။
စုရှောင်လန်သည် အန်လင်းအား မင်းသမီးလေးလို တယုတယ ပွေ့ချီကာ ရှောင်ဇယ်၏ကျောပေါ် ခုန်တက်လိုက်သည်။
"သွားကြမယ်။"
ရှောင်ဇယ်မှာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် လျင်မြန်လှသော အရှိန်ဖြင့် ပျံဝဲထွက်ခွာလိုက်သည်။
တုန်းဖန်းကျွမ်းရှီးသည်လည်း အရိုင်းဆန် ဓားမော့အင်မော်တယ်နှင့် တိုက်ခိုက်နေရင်း ဆုတ်ခွာကာ ငရဲလောကချိပ်စည်းမှ လွတ်မြောက်နိုင်ခဲ့သည်။
"ဟားဟား........ အံ့သြသွားတယ်မလား။ ငါတို့မှာ လျှို့ဝှက်ချက် ရှိတယ်လေ...... အဟက်။"
"တာ့တာနော်..... မျောက်ငတုံးကောင်။"
တုန်းဖန်းကျွမ်းရှီး ပြုံးကာပြောလိုက်ပြီးနောက် တချိုးတည်း လစ်ပြေးတော့သည်။
"မင်းတို့ ဘယ်မှမသွားရဘူး။"
အရိုင်းဆန် ဓားမော့အင်မော်တယ်မှာ အရူးတစ်ယောက်နှယ် နောက်မှလိုက်လာသည်။