ဒေါသထွက်နေသောမဟာလင်းနို့ဧကရာဇ်
Vol. 62 Ch. 863
ငရဲလောကချိပ်စည်း၏ ပျက်စီးမှုနား၌..........
ဟိုက်ဒရာနှင့် နေမင်းနီအင်မော်တယ်ဝိဉာဉ်တို့မှာ အရိုင်းဆန် ဓားမော့အင်မော်တယ်အနီးသို့ အလျင်အမြန် ရောက်လာကြသည်။
၎င်းတို့၏ ဆက်သွယ်မှုမှတဆင့် အရိုင်းဆန် ဓားမော့အင်မော်တယ်၏ အော်ဟစ်သံများအား မကြာခဏ ကြားနေရသည်။
"အား........."
"ဖူး........ သွေးမိစ္ဆာကီရင် ငါမင်းကို သတ်ပစ်မယ်။"
"အား....... မဟုတ်ဘူး..... ဖူး......."
အော်ဟစ်သံများအပြင် သွေးအန်သံများကိုလည်း ကြားနိုင်ကြသည်။
"ဟားဟားဟား........ အရိုင်းဆန် ဓားမော့အင်မော်တယ် မင်းကြည့်ရတာ ပျော်ပွဲတွေ့နေသလိုပဲ။"
ဟိုက်ဒရာထံမှ မြွေပေါင်းများစွာ ရယ်မောသံ ထွက်ပေါ်လာသည်။
"ဟိုက်ဒရာ...... မင်းဒီကို သုံးမိနစ်အတွင်း မလာရင် မင်းရဲ့ခေါင်းတစ်ရာလုံး အဖြတ်ခံရလိမ့်မယ်။"
အရိုင်းဆန် ဓားမော့အင်မော်တယ် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဟားဟား...... ဘယ်လိုဟာသလဲ။ ဖေဖေကြီး ရောက်လာရင် တကယ်ကြမ်းတယ်ဆိုတာဘာလဲ သားလေးကိုပြမယ်။"
ဟိုက်ဒရာ ရွှတ်နောက်နောက် တုံ့ပြန်လာသည်။
နေမင်းနီအင်မော်တယ်ဝိဉာဉ် စကားဆိုလိုက်သည်။
"ခဏလောက် တောင့်ခံထားဦး အရိုင်းဆန် ဓားမော့အင်မော်တယ် ငါတို့ရောက်လာတာနဲ့ မင်းကိုကူပေးမယ်။"
အရိုင်းဆန် ဓားမော့အင်မော်တယ် : "............."
တိုက်ရေးခိုက်ရေး ဖြစ်နေပါသော်လည်း ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် အင်မော်တယ်သားရဲ သုံးကောင်မှာ အပြန်အလှန် ဆက်သွယ်နေကြဆဲ ဖြစ်သည်။
၎င်းတို့၏အမြင်တွင် သွေးကီရင်မိစ္ဆာနှင့် အပေါင်းအပါများအား ဂရုစိုက်ပုံ မရကြောင်း သိသာလွန်းလှသည်။ ထောင်ချောက်ထဲ ရောက်နေသော သားကောင်ဖြစ်သောကြောင့် အေးအေးဆေးဆေး ရင်ဆိုင်နိုင်ပေသည်။
"ကီလိုမီတာ နှစ်ထောင့်ငါးရာလောက်ပဲ လိုတော့တယ်။ မဟာလင်းနို့ဧကရာဇ်ကလည်း ငါတို့နဲ့ သိပ်မဝေးဘူး။"
နေမင်းနီအင်မော်တယ်ဝိဉာဉ် သတင်းပို့လိုက်သည်။
"ဧကရာဇ်အရှင် ရောက်တာနောက်ကျရင် ကောင်းမယ်။ ငါတို့ ပျော်စရာလေးတွေလုပ်ဖို့ အချိန်ရတာပေါ့။ ဒဏ္ဍာရီလာသားရဲ တစ်ကောင်ကို တိုက်ခိုက်ရမှာက တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာ ကောင်းနေပြီ။"
ဟိုက်ဒရာ ရက်စက်စွာ ပြုံးလိုက်သည်။
ထိုအချိန်တွင် ငရဲလောကချိပ်စည်းအတွင်းမှ ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားသည်။
အင်မော်တယ်သားရဲ သုံးကောင်လုံး ထိတ်လန့်သွားကြသည်။
ဝင်္ကပါ ချိပ်စည်းမှာ စတင်ကွဲအက်လာလေပြီ။
"ယီးတဲ့မှ......... ဘာတွေဖြစ်နေတာလဲ။"
ဟိုက်ဒရာ အော်ဟစ်လိုက်သည်။
"ဘာတွေဖြစ်သွားတာလဲ သေချာပြောပြစမ်းပါ။ အရိုင်းဆန် ဓားမော့အင်မော်တယ် ငါတို့ ဝင်္ကပါ ချိပ်စည်း ဘာဖြစ်သွားတာလဲ။"
နေမင်းနီအင်မော်တယ်ဝိဉာဉ်မှာ ထိတ်လန့်နေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်သူက ဒီဝင်္ကပါ ချိပ်စည်းကို ဖျက်စီးနိုင်မှာတဲ့လဲ။"
အရိုင်းဆန် ဓားမော့အင်မော်တယ်မှာလည်း အခြားသော အင်မော်တယ်သားရဲ နှစ်ကောင်ကဲ့သို့ပင် လန့်ဖြန့်နေသည်။
ဝုန်း........
ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။
ဝင်္ကပါ၏ နေရာတစ်ခု ပျက်စီးသွားပြီဖြစ်ကြောင်း ၎င်းတို့အားလုံး အာရုံခံမိကြသည်။
ဟိုက်ဒရာနှင့် နေမင်းနီအင်မော်တယ်ဝိဉာဉ်တို့မှာ မျက်လုံးအပြူးသား ဖြစ်နေမိလေသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ........... ဒီလောက် ပြီးပြည့်စုံတဲ့ ဝင်္ကပါချိပ်စည်းက ဘာလို့ပပျက်စီးသွားရတာလဲ.......
ဝင်္ကပါ ချိပ်စည်းသည် ပြင်းထန်လွန်းသော တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခြင်း မဟုတ်ပေ။ ဝင်္ကပါ အားနည်းချက်ရှိသော နေရာအတိအကျအား တိုက်ခိုက်လာသောကြောင့် အက်ကွဲသွားရပြီး ထပ်တိုးတိုက်ခိုက်မှုကြောင့် တိတိပပ ပျက်စီးသွားခြင်း ဖြစ်သည်။
"မဖြစ်နိုင်ဘူး။ ဒီဝင်္ကပါရဲ့ အားနည်းချက်ကို ဘယ်သူရှာနိုင်မှာလဲ။"
နေမင်းနီအင်မော်တယ်ဝိဉာဉ် မယုံကြည်နိုင် ဖြစ်နေသည်။
ဝင်္ကပါအား အားသုံးကာ ဖျက်စီးလိုက်သည်ကပင် ဖြစ်နိုင်ခြေ ပိုရှိသေးသည်။
"အရိုင်းဆန် ဓားမော့အင်မော်တယ် ငါတို့ကို ပြောပြစမ်းပါ....... ဘာတွေဖြစ်နေလဲဆိုတာ......"
ဟိုက်ဒရာ ထိတ်ထိတ်ပြာပြာ ဖြစ်နေမိသည်။
"ဝင်္ကပါရဲ့ အားနည်းချက်ကို စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူသားတစ်ယောက်က ရှာတွေ့ပြီး နဂါးတစ်ကောင်ကို တိုက်ခိုက်ခိုင်းလိုက်တာ။ အဲ့ဒါကြောင့် အခုလိုတွေ ဖြစ်သွားရတာပဲ။"
အရိုင်းဆန် ဓားမော့အင်မော်တယ် တိုးညင်းစွာ တုံ့ပြန်လာသည်။
နေမင်းနီအင်မော်တယ်ဝိဉာဉ်မှာ ကြောင်အမ်းအမ်း ဖြစ်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ယီးလား...... စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူသားတစ်ယောက်က ဒီလောက်ကြီးတဲ့ ဝင်္ကပါကြီးကို မြင်နိုင်မှာတဲ့လား။ မင်းဦးနှောက်က အလုပ်လုပ်သေးရဲ့လား...... ဒါမှမဟုတ် ငါတို့ကို သောက်ရူးထင်နေတာလား။"
"ငါလိမ်နေတာ မဟုတ်ဘူး။"
အရိုင်းဆန် ဓားမော့အင်မော်တယ် မကျေမနပ် ပြောလိုက်သည်။
"အား...... ဒီကိုသာ မြန်မြန်လာခဲ့ကြတော့။"
ထိုစကားနှင့်အတူ အရိုင်းဆန် ဓားမော့အင်မော်တယ်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားတော့သည်။
အရိုင်းဆန် ဓားမော့အင်မော်တယ်သည် ငရဲလောကချိပ်စည်းမှ ထွက်ခွာသွားပုံပင်။
သွေးမိစ္ဆာကီရင်သည်လည်း လွတ်မြောက်သွားပြီဖြစ်ကြောင်း ထင်ရှားနေသည်။
အင်မော်တယ်သားရဲ နှစ်ကောင်လည်း တိတ်ဆိတ်သွားရသည်။ ရုတ်တရက် ငြိမ်သက်သွားသော စကားဝိုင်းမှာ ကသိကအောက် နိုင်လှပေသည်။
၎င်းတို့သည် ကြမ်းတမ်းသော တိုက်ပွဲအား မြင်ယောင်ခဲ့ကြသည်။ မဟာလင်းနို့ဧကရာဇ် နောက်ကျမှ ရောက်လာရန် မျှော်လင့်ခဲ့ပြီး သွေးမိစ္ဆာကီရင်အား အပီသိပ်ရန် တွေးထားခဲ့သည်။ သို့သော် ငရဲလောကချိပ်စည်းမှ သွေးမိစ္ဆာကီရင် လွတ်မြောက်သွားမည်ဟု မထင်မှတ်ထားခဲ့ပေ။
"အတုတွေ...... အတုတွေ ဟုတ်တယ်မလား။ ဝင်္ကပါက ဘာလို့ပျက်စီးရမှာလဲ။"
ဟိုက်ဒရာမှာ အမှန်တရားအား လက်မခံသေးပေ။
"အားနည်းချက်ကို ရှာတွေ့သွားတာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူသားတစ်ယောက်တဲ့လား....... ဟားဟား။"
နေမင်းနီအင်မော်တယ်ဝိဉာဉ်မှာ ရယ်မောလိုက်ပါသော်လည်း စိတ်ထဲတွင် ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေသည်။
ငါတို့ကစားခံလိုက်ရတာလား..........
ဝုန်း........
ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု သက်ဆင်းလာသည်။
အင်မော်တယ်သားရဲနှစ်ကောင် ထိတ်လန့်သွားရသည်။ မဟာလင်းနို့ဧကရာဇ် ငရဲလောကချိပ်စည်းထဲ ရောက်ရှိလာလေပြီ။
"သွေးမိစ္ဆာကီရင် ဘယ်မှာလဲ။"
မဟာလင်းနို့ဧကရာဇ်၏ သြဇာအာဏာ ပြည့်ဝသော စကားသံအား ဟိုက်ဒရာနှင့် နေမင်းနီအင်မော်တယ်ဝိဉာဉ်တို့၏ စိတ်ထဲမှ ကြားလိုက်ရသည်။
ဟိုက်ဒရာ : "........... "
နေမင်းနီအင်မော်တယ်ဝိဉာဉ် : ".............."
၎င်းတို့နှစ်ဦးလုံး ဘာမှမပြောနိုင်ပေ။
တစ်ချိန်တည်းမှာပင် နှလုံးသားထဲမှ ပြိုင်တူအော်ဟစ်နေကြသည်။
ဟျောင့်.......... မဟာလင်းနို့ဧကရာဇ် မေးနေတယ်......တစ်ခုခု ဖြေလိုက်ဦးလေ........
"ငါမင်းတို့ကို မေးနေတယ်လေ။"
မဟာလင်းနို့ဧကရာဇ် စိတ်မရှည်တော့ပေ။
ထို့နောက် တစ်စုံတစ်ခုအား သတိထားမိသွားသည်။
"အမ်....... ဒီဝင်္ကပါက......."
ဟိုက်ဒရာ စတင်တုံ့ပြန်လာသည်။
"ဧကရာဇ်အရှင်......... ကျွန်တော်တို့ရဲ့ ဝင်္ကပါကို ထူးခြားတဲ့ လူတစ်ယောက်က ချိုးဖျက်သွားတာပါ။"
စကားဝိုင်းမှာ တိတ်ဆိတ်သွားပြီး အင်မော်တယ်သားရဲ နှစ်ကောင်မှာ ခန္ဓာကိုယ်များ တုန်ယင်နေကြသည်။
"ဝင်္ကပါ ချိပ်စည်းပျက်သွားတယ်ပေါ့။"
"ဘယ်ထူးဆန်းတဲ့ လူမသားက လုပ်သွားတာလဲ။"
မဟာလင်းနို့ဧကရာဇ်၏ စကားသံမှာ ကြောက်စရာ ကောင်းလောက်အောင် အေးစက်နေသည်။
"အရိုင်းဆန် ဓားမော့အင်မော်တယ် ပြောတာကတော့ အားနည်းချက် ရှာတွေ့သွားတာက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူသားတစ်ယောက်ပါတဲ့။"
နေမင်းနီအင်မော်တယ်ဝိဉာဉ် သတိကြီးစွာ ပြောလိုက်သည်။
ဆက်သွယ်မှုမှာ တိတ်ဆိတ်သွားပြန်သည်။
ဝုန်း...........
စွမ်းအင်များ ပေါက်ကွဲသွားသည်။
"သုံးစားမရတဲ့ အမှိုက်ကောင်တွေ....."
"မင်းတို့အားလုံး ဘာမှသုံးစားမရဘူး။"
"အနည်းဆုံးတော့ သောက်အဓိပ္ပါယ်ရှိတဲ့ အကြောင်းပြချက်မျိုးပေးလေ....."
"မင်းတို့က သေချင်နေတာလား....... ဟမ်....... ငါကိုယ်တိုင် သတ်ပေးမယ်။"
မဟာလင်းနို့ဧကရာဇ်၏ အမျက်ဒေါသကြောင့် ပြင်းထန်လှသော စွမ်းအင်ပေါက်ကွဲမှုများဖြစ်ကာ ငရဲလောကချိပ်စည်းအား ပျက်စီးသွားစေသည်။
ဟိုက်ဒရာနှင့် နေမင်းနီအင်မော်တယ်ဝိဉာဉ်တို့ ကြောက်ရွံ့နေရလေပြီ။
၎င်းတို့သည် အမှန်တရားကိုသာ ပြောပြခဲ့ခြင်း ဖြစ်သည်။
အရိုင်းဆန် ဓားမော့အင်မော်တယ်မှာလည်း ထိုကဲ့သို့သာ ဆိုခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ မဟာလင်းနို့ဧကရာဇ်၏ ဒေါသအား ခံစားရသည်မှာ ၎င်းတို့ဖြစ်နေလေသည်။
"ဒေါင်းဇားတွေ......"
မဟာလင်းနို့ဧကရာဇ်မှာ အလွန်အမင်း ပေါက်ကွဲနေသည်။ လက်တကမ်း အလိုတွင်မှ သွေးကီရင်မိစ္ဆာ လွတ်မြောက်သွားပါက မည်သူမဆို ထိုသို့ဖြစ်ကြပေလိမ့်မည်။
၎င်းသည် အတောင်များကိုဖြန့်ကာ အပြာရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီးနောက် ဝင်္ကပါ စတင်ပျက်စီးရာနေရာသို့ ပျံဝဲသွားသည်။
...................
ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေနှင့် မြင့်မြတ်သော ရေခဲကုန်းမြေ၏ နယ်နိမိတ်၌......
အလင်းတန်းသုံးခုမှာ ကောင်းကင်ထက်တွင် ပျံသန်းနေကြသည်။
အရှေ့ဆုံးတွင် ရှိနေသည်မှာ ရှောင်ဇယ်ပင်။
အလယ်တွင် တုန်းဖန်းကျွမ်းရှီး ရှိနေပြီး အရိုင်းဆန် ဓားမော့အင်မော်တယ်အား မန္တာန်များဖြင့် တိုက်ခိုက်နေသည်။
ပတ်ဝန်းကျင်မှာ မြူနှင်းများ ဖုံးလွှမ်းလာကာ ကန့်သတ်ထားသော လောကနိယာမများလည်း ပျောက်ကွယ်သွားလေပြီ။
"ဟားဟား....... တာ့တာနော် မျောက်ငတုံးကောင်....."
တုန်းဖန်းကျွမ်းရှီးမှာ သွေးလှောင်အိမ်ဖြင့် အရိုင်းဆန် ဓားမော့အင်မော်တယ်အား ချုပ်နှောင်ထားလိုက်သည်။
"သခင်လေးအန်လင်း........ ငါတို့ ကိုးပြည်ထောင်ဆီ သွားရအောင်။"
တုန်းဖန်းကျွမ်းရှီးသည် ကန့်သတ်ချက်များထံမှ လွတ်မြောက်လာသောကြောင့် အတော်ပင် စိတ်အခြေအနေ ကောင်းနေသည်။
သူသည် လေဟာနယ် ဝဲဂယက် ပြုလုပ်ရန် ကြိုးစားလိုက်ပါသော်လည်း ဖြစ်မလာခဲ့ပေ။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေမှာလည်း မဟုတ်တော့ပဲနဲ့....... လေဟာနယ် ဝဲဂယက်ကို ဘာလို့လုပ်မရသေးတာလဲ။"
တုန်းဖန်းကျွမ်းရှီး ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ရှောင်ဇယ် ကြိုးစားကြည့်ပါသော်လည်း ထူးမခြားနားပေ။
တုန်းဖန်းကျွမ်းရှီး : "........"
ရှောင်ဇယ် : " ..........."
အန်လင်း : "........"
လေအေးများ တိုက်လိုက်တိုင်းတွင် နှင်းပွင့်နှင်းစက်များပါ မျောလွင့်နေသည်။
မြောက်ဘက်ပိုင်းတွင် ကောင်းကင်နှင့်မြေပြင်အား အပြာရောင် အလင်းတစ်ခု လွှမ်းခြုံလာသည်။
"ဟားဟား........ မင်းတို့တွေက သောက်တုံးပဲ။"
အရိုင်းဆန် ဓားမော့အင်မော်တယ်သည် သွေးလှောင်အိမ်အားဖျက်ကာ တုန်းဖန်းကျွမ်းရှီးထံ ပျံဝဲလာသည်။
"မြင့်မြတ်သော ရေခဲကုန်းမြေရဲ့ ဗဟိုဒေသ ပေါက်ကွဲသွားတည်းက အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တာလေ။ အခုဆို လေဟာနယ် ဝဲဂယက် ထုတ်မရတော့ဘူး။ မင်းတို့မသိဘူးမလား။"
တုန်းဖန်းကျွမ်းရှီးနှင့် ရှောင်ဇယ်မှာ ချက်ချင်းပင် တောင်ဘက်ပိုင်းသို့ ပျံသန်းလိုက်သည်။
အရိုင်းဆန် ဓားမော့အင်မော်တယ်မှာလည်း တိုက်ပွဲစိတ်ဆန္ဒများ တက်ကြွစွာ နောက်မှလိုက်ပါသွားသည်။
ထိုသို့ဖြင့် လိုက်တမ်းပြေးတမ်း ကစားပွဲ ပြန်စခဲ့လေသည်။