ကမန်းကတန်းထွက်ပြေးခြင်း
Vol. 62 Ch. 864
အန်လင်းနှင့် အခြားသူများမှာ စိတ်မသက်မသာ ဖြစ်လာကြသည်။
၎င်းတို့သည် ရန်သူများထံမှ လွတ်မြောက်နိုင်ရန် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေမှ မြင့်မြတ်သော ရေခဲကုန်းမြေသို့ ခက်ခက်ခဲခဲ ထွက်ပြေးလာခဲ့ရသည်။ သို့သော် မြင့်မြတ်သော ရေခဲကုန်းမြေသို့ ရောက်ရှိလာသည်အထိ လေဟာနယ် ဝဲဂယက်အား သုံးမရသေးပေ။
ဘာလို့ဒီလိုတွေ ဖြစ်လာရတာလဲ...........
၎င်းတို့၏ အကြံအစည်များမှာ အလဟဿ ဖြစ်ကုန်သောကြောင့် မည်သို့ဆက်လုပ်ရမည်ကိုပင် မသိတော့ပေ။
နောက်မှလိုက်လာသော အရိုင်းဆန် ဓားမော့အင်မော်တယ်မှာ စိုးရိမ်စရာ မရှိပေ။
မည်သို့ပင်ဆိုစေကာမူ မဟာလင်းနို့ဧကရာဇ်မှာ အစစ်အမှန် ရန်သူ ဖြစ်သည်။ ၎င်းတို့သည် လေဟာနယ် ဝဲဂယက်ဖြင့် မဟာလင်းနို့ဧကရာဇ်ထံမှ ထွက်ပြေးရန် စီစဉ်ထားခဲ့ပါသော်လည်း အဆင်မပြေခဲ့ပေ။ တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲအား ၎င်းတို့မည်သို့ရင်ဆိုင်ရမည်နည်း။
"မြန်မြန်....... ရှောင်လေး...... မြန်မြန်ပျံနော်။"
"မြန်နိုင်သလောက် မြန်ပစ်လိုက်။"
အန်လင်းမှာ အသက်ပြင်းပြင်းရှူရင်း စကားဆိုလိုက်သည်။
"ဆရာ......... ကျွန်တော် အမြန်ဆုံး ပျံနေတာပါ။"
ရှောင်ဇယ် အံကြိတ်ကာ ပြောလိုက်သည်။ သူသည် အမြန်နှုန်းအား ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်မျှ မြှင့်တင်ရန်အတွက် လျှို့ဝှက်ကျင့်စဉ် တစ်ခုကိုပင် သုံးထားသေးသည်။
စုရှောင်လန် အန်လင်းအား မျက်စောင်းထိုးလိုက်သည်။
"နင်ကလူနာလေ။ အေးအေးဆေးဆေး နားနေပါလား။ တခြားဟာတွေကို လိုက်ပူမနေနဲ့။"
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"ရှောင်လန်...... ကိုယ့်ကိုမချီတော့ဘူးလား။"
စုရှောင်လန် မျက်နှာပျက်သွားသည်။
"နင်က ကောင်မလေးလို အချီခံရတာကို သိပ်ကြိုက်နေတာလား။"
"မဟုတ်ပါဘူး။ မင်းချီတာလေးကိုပဲ သဘောကျတာပါ။"
အန်လင်း လေးနက်စွာ တုံ့ပြန်လာသည်။
စုရှောင်လန် : ".............."
"ဒီလိုအချိန်မျိုးမှာတော့ ချစ်ကြည်နူး တစ်တီတူးတာတွေ မလုပ်ပါနဲ့ဦးကွာ။"
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ သည်းမခံနိုင်တော့ပေ။
"မူး....... သူတို့က အကြည်ဆိုက်နေတာလား။"
အော့နျိုသည် ဖရိုဖရဲ သတ္ထုအုတ်ခဲပေါ်တွင် လှဲနေသော အန်လင်းအား ကြောင်တောင်တောင်ဖြင့် ကြည့်ရှုလိုက်သည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ သက်ပြင်းချကာ အမေ့အိမ်ပြန်သွားသော ဖားသူငယ်အား သတိရလိုက်မိသည်။ ၎င်းရှိနေပါက ဉာဏ်ရည်မြင့်သူ အချင်းချင်း တက်ညီလက်ညီ အတင်းအုပ်နိုင်ပေသည်။
အန်လင်းသည် ဘာမှမလုပ်ပဲ သက်တောင့်သက်သာ လှဲနေခြင်း မဟုတ်ပေ။ သူသည် အသံဆက်သွယ်မှု ပြုလုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
မြင့်မြတ်သော ရေခဲကုန်းမြေတွင် ဆက်သွယ်ရေး အားမကောင်းပါသော်လည်း အနည်းငယ်မျှ ဆက်သွယ်မရသော ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေထက် သာလွန်သေးသည်။
"တူ....... တူ......."
အဆုံးတွင် အသံဆက်သွယ်သော ကျောက်စိမ်းပြားမှာ အလုပ်လုပ်လာလေပြီ။
အန်လင်း စိတ်လှုပ်ရှားသွားသည်။
"အန်လင်း........ နင်ဘာလိုချင်လို့လဲ"
တစ်ဖက်မှ နူးညံ့သော အမျိုးသမီး စကားသံမှာ အန်လင်းအတွက် နတ်သံစဉ်လို ချိုမြနေသည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင် ထိုစကားသံမှာ နတ်သံစဉ်ထက်ပင် ကောင်းမွန်နေသည်။
"ဟေး....... လူသားဝက်စုဗူး နောက်ဆုံးတော့ ဆက်သွယ်လို့ရပြီပေါ့။ ဝါး........ အရမ်းပျော်တာပဲ။"
အန်လင်းမှာ မျက်ရည်ကျမတက် စိတ်လှုပ်ရှားနေမိသည်။
"တူ...... တူ....... တူ......."
အသံဆက်သွယ်မှု ပြတ်တောက်သွားလေသည်။
အန်လင်း : "..........."
စုရှောင်လန် : "..............."
သားရဲများ : ".............."
အန်လင်း ချက်ချင်းပင် အမှားအား သိရှိလိုက်သည်။ သူသည် စိတ်လှုပ်ရှားလွန်းသောကြောင့် လင်ကျွင်းကျွင်းအား လူသားဝက်စုဗူးဟု ခေါ်ဆိုမိခဲ့သည်။
ဘုရားရေ......... အားလုံး ငါ့ကြောင့်ငါးပါးမှောက်တော့မှာပဲ..........
သူသည် အသံဆက်သွယ်သော ကျောက်စိမ်းပြားအား ထပ်မံအသက်သွင်းလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် လင်ကျွင်းကျွင်းမှာ လျစ်လျူမရှုခဲ့ပေ။
တစ်ဖက်မှ ချက်ချင်းတုံ့ပြန်လာသည်။
"နင်ဘာလိုချင်လို့လဲ။"
လင်ကျွင်းကျွင်း၏ စကားသံမှာ အတော်ပင် အေးစက်ခက်ထန်နေသည်။
"တောင်းပန်ပါတယ် ကောင်းကင်နတ်မိမယ် ထျန်းယွီရယ် ကျွန်တော် မှားသွားပါတယ်။"
အန်လင်း အလျင်အမြန် တောင်းပန်ကာ ဆိုလိုရင်းအား ပြောလိုက်သည်။
"ကောင်းကင်ဘုံခုံရုံးကနေ စစ်ကူတောင်းချင်လို့ပါ။ ဒီမှာ ရန်သူတစ်ယောက် နောက်ကလိုက်နေလို့။"
"ဟီးဟီး....... ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားငယ်ကလည်း ဒုက္ခရောက်တတ်သေးတာပဲ။"
လင်ကျွင်းကျွင်း ပျော်ရွှင်သွားသည်။
"နင်တောင်မချနိုင်တဲ့ ရန်သူဆိုတော့ ဘယ်သူများလဲ။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူလား။"
"မဟုတ်ဘူး။ တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲ မဟာလင်းနို့ဧကရာဇ်ပဲ။"
အန်လင်း လေးနက်စွာ စကားဆိုလိုက်သည်။
တစ်ဖက်မှ ရယ်မောသံများ ငြိမ်သက်သွားလေသည်။
လင်ကျွင်းကျွင်း : ".............."
"နင်ငါ့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား။"
လင်ကျွင်းကျွင်း ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
"ဟားဟား....... အခုအတိုင်း စကားဆက်ပြောနေရင် ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားငယ်ကို အုတ်ဂူလုပ်ပေးရတော့မယ်။"
အန်လင်း မချိမဆန့် ပြောလိုက်သည်။
"နင်ကဘာလို့ သွားသမျှ နေရာတိုင်းမှာ ပြဿနာ တက်နေတာလဲ။"
လင်ကျွင်းကျွင်း အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
"ငါခမည်းတော်ကို အခုပဲ ပြောလိုက်မယ်။ ဆက်သွယ်မှုကို မဖြတ်ပစ်လိုက်နဲ့။ နင်ရှိတဲ့နေရာ အာရုံခံနိုင်အောင်လို့။"
အန်လင်းမှာ ထိုစကားကြောင့် အတိတ်ကို ပြန်လည်မြင်ယောင်မိလာသည်။
တာအိုနှင့် သူတော်ကောင်းတရား၏ ကောင်းကင်ဘုံ အရှင်သခင်သည်လည်း ရှောင်လန်၏ တာအိုအခြေခံအား ပြုပြင်ပေးခဲ့စဉ်က အသံဆက်သွယ်မှုမှတဆင့် တည်နေရာအား အာရုံခံခဲ့သည်။ ထိုသည်မှာ အလွန်ကောင်းမွန်သော စွမ်းရည်တစ်ခု ဖြစ်ပေသည်။ သူသည်လည်း ထိုဆရာကြီးများကဲ့သို့ ဆရာ့ဆရာကြီး ဖြစ်ချင်မိသည်။
လင်ကျွင်းကျွင်းသည် တွေဝေမနေပဲ သီးသန့်ကျင့်ကြံနေသော ကောင်းကင်အရှင်သခင်ထံ ချက်ချင်းသွားလိုက်သည်။
အသံဆက်သွယ်သော ကျောက်စိမ်းပြားမှာ တိတ်ဆိတ်နေလေသည်။
အန်လင်းသည် ကျောက်စိမ်းပြားအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ လူသားဝက်စုဗူး ပြောထားသည့်အတိုင်း ဆက်သွယ်မှုအား ဆက်ထိန်းထားသည်။
ထိုအချိန်တွင် တုန်းဖန်းကျွမ်းရှီးမှာ အရိုင်းဆန် ဓားမော့အင်မော်တယ်၏ ပြင်းထန်လှသော တိုက်ခိုက်မှုများအား ခုခံနေလျက် ရှိသည်။
"အဟက်.......... မင်းတို့တော့ သေပြီပဲ။ မဟာလင်းနို့ဧကရာဇ်က အခုချက်ချင်း ရောက်လာတော့မှာ။ မင်းတို့တစ်ကောင်မှ လွတ်မယ်မထင်နဲ့။"
အရိုင်းဆန် ဓားမော့အင်မော်တယ်သည် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖြိုခွဲပစ်နိုင်သော ဓားမော့ပုံရိပ်ဖြင့် တိုက်ခိုက်လိုက်သည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ အရိုင်းဆန် ဓားမော့အင်မော်တယ်အားကြည့်ကာ မျက်လုံးအပြူးသား ဖြစ်နေမိသည်။
"တော်တော်ကောင်းတဲ့ ဓားမော့တိုက်ကွက်တွေပဲ။ ဓားမော့စိတ်ဆန္ဒက သန့်စင်လွန်းတဲ့အပြင် ဓားချက်တွေက ပြင်းထန်လွန်းပြီး အဆုံးမရှိဘူး။ ရန်သူက အသက်ရှူချိန်တောင် မရလောက်ဘူး။ သောက်ရမ်းမိုက်တယ်။"
အန်လင်း အမူအရာ ကင်းမဲ့စွာ အကြံပေးလိုက်သည်။
"ရန်သူကို အနှောင့်အယှက်ပေးဖို့ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာကို ကန်ထုတ်လိုက်ရင် ကောင်းမလား။"
စုရှောင်လန် တွေဝေမနေပဲ ခေါင်းညိတ်ပြလိုက်သည်။
"အဲ့အတွေးကို သဘောတူတယ်။"
အဖွဲ့သား အချင်းချင်း အားပေးကြသည်မှာ မထူးဆန်းပါသော်လည်း ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် ရန်သူအား အားကျနေသည်။ ထိုကဲ့သို့ သစ္စာဖောက် ထူပါ့ရှူအား အဖွဲ့ထဲ ဆက်ထားနေရန် မလိုအပ်ပေ။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ အသိစိတ်ဝင်ကာ တုန်လှုပ်သွားသည်။
"အဲ့လိုမလုပ်ပါနဲ့။ ငါမှားသွားပါတယ်။ ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ ဓားမော့တိုက်ကွက်လဲ။ ငါအမြင်ရှန်းသွားတာပါ။ သခင်ကြီးအန်လင်း ခွင့်လွှတ်ပေးပါ။"
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ ပြားပြားဝပ်ကာ တောင်းပန်နေရလေပြီ။
အန်လင်း မျက်ဆံလှန်လိုက်သည်။ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် မဟာလင်းနို့ဧကရာဇ်၏ အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့ခေါင်းဆောင်ပင်။ ယခု အန်လင်းအား ဖားယားတောင်းပန်နေသည်ကိုသာ မြင်သွားပါက မဟာလင်းနို့ဧကရာဇ်မှာ ဒေါသကြောင့် ရူးပင်ရူးသွားလောက်သည်။
တင်းမာနေသော အခြေအနေနှင့်ပင် ကီလိုမီတာ ထောင်နှင့်ချီ ပျံသန်းလာခဲ့ကြသည်။ ၎င်းတို့သည် အဝေးတွင် ရှိနေသော နယ်နိမိတ်စည်အား လှမ်းမြင်နေရလေပြီ။ ထိုသည်မှာ မြင့်မြတ်သော ရေခဲကုန်းမြေနှင့် ကိုးပြည်ထောင်တို့၏ နယ်နိမိတ်စည်းပင်။
"ရှောင်လေး....... နောက်ဆုံးအနေနဲ့ ကြိုးစားထား။ ကိုးပြည်ထောင်ကို ရောက်တာနဲ့ လေဟာနယ် ဝဲဂယက် သုံးလို့ရပြီ။"
အန်လင်း အားပေးလိုက်သည်။
"စိတ်မပူပါနဲ့ဆရာ...... ကျွန်တော် သေရယ်ဆိုရင်တောင် ဆရာ့ကို ကိုးပြည်ထောင်ရောက်အောင် ပို့ပေးမှာပါ။"
ရှောင်ဇယ်မှာ လျှို့ဝှက်ကျင့်စဉ်ကြောင့် အားပြတ်တော့မလို ဖြစ်နေပါသော်လည်း အသိစိတ်ဖြင့် စိတ်တင်းထားရသည်။
အန်လင်း မျက်နှာပျက်သွားသည်။
"ငါကကြိုးစားထားလို့ပဲ ပြောချင်တာပါ။ ဘာလို့ နောက်ဆုံးစကားလို ပြောနေရတာလဲ။"
ဝုန်း.......
ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု သက်ဆင်းလာသည်။
အန်လင်းမှာ အလွန်အမင်း ထိတ်လန့်သွားရသည်။
"ဟားဟားဟား........ မဟာလင်းနို့ဧကရာဇ် ရောက်လာပြီဆိုတော့ မင်းတို့သေပြီပဲ။"
အရိုင်းဆန် ဓားမော့အင်မော်တယ်မှာ အေးစက်စွာ ရယ်မောလိုက်သည်။
အန်လင်းသည် အဝေးတွင် ရှိနေသော အပြာရောင် ပုံရိပ်တစ်ခုအား လှမ်းတွေ့လိုက်ရသည်။
ကြီးလိုက်တဲ့ လင်းနို့ကြီး........
၎င်း၏မျက်ဝန်းများတွင် ငရဲမီးလျှံများ လောင်ကျွမ်းနေသည်။ ၎င်းသည် လင်းနို့တစ်ကောင် ဖြစ်ပါသော်လည်း မျက်ဝန်းများ ပါရှိသည်။ ရှောင်ဇယ်သည် လျှို့ဝှက်ကျင့်စဉ် သုံးထားပါသော်လည်း မဟာလင်းနို့ဧကရာဇ် အတောင်ခတ်လိုက်တိုင်း ရှောင်ဇယ်ထက်ပင် ပိုမိုမြန်ဆန်နေသည်။
ငါတို့တော့ သေပြီပဲ.....
အန်လင်းမှာ ကျောရိုးများပင် အေးစိမ့်သွားရသည်။
"သွေးမိစ္ဆာကီရင်...... နောက်ဆုံးတော့ မင်းကိုတွေ့ရပြီပေါ့။ ထွက်ပြေးဖို့ တွေးတောင်မတွေးနဲ့။"
အားကောင်းလှသော အပြာရောင် အသံလှိုင်းများမှာ လေထုအား ဖြတ်သန်းကာ အားလုံး၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။ လူတိုင်းသည် ခန္ဓာရော၊ စိတ်ဝိဉာဉ်ပါ ဆုတ်ဖြဲခံရသလို ခံစားလိုက်ရလေသည်။
"ဖူး......."
အားပြတ်မတတ် ဖြစ်နေသော ရှောင်ဇယ်မှာ ထိုတိုက်ခိုက်မှုကြောင့် သွေးအန်သွားရသည်။
အန်လင်းမှာလည်း အခြေအနေ မကောင်းပဲ သွေးအန်လိုက်ရသည်။
စုရှောင်လန်၊ အော့နျိုနှင့် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာတို့မှာလည်း အတွင်းဒဏ်ရာများ ရသွားကြသည်။
မဟာလင်းနို့ဧကရာဇ်သည် အသံလှိုင်း တစ်ခုမျှဖြင့် အားလုံးကို အလဲလဲ အပြိုပြို ဖြစ်စေခဲ့ပြီပင်။