← Chapters

ကောင်းကင်ဘုံခုံရုံး၏ ဆရာ့ဆရာကြီးရောက်ရှိလာခြင်း

Vol. 62 Ch. 865

ကောင်းကင်ဘုံခုံရုံး၏ ဆရာ့ဆရာကြီးရောက်ရှိလာခြင်း

Vol. 62 Ch. 865

မဟာလင်းနို့ဧကရာဇ် ရောက်ရှိလာခြင်းမှာ အန်လင်းတို့အတွက် အိပ်မက်ဆိုး တစ်ခုပင်။

တုန်းဖန်းကျွမ်းရှီး အပါအဝင် မည်သူကမှ တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲ တစ်ကောင်အား ရင်မဆိုင်နိုင်ကြပေ။

"သွေးမိစ္ဆာကီရင်....... အခု မင်းဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့။"

မဟာလင်းနို့ဧကရာဇ်သည် အတောင်များဖြန့်ကာ လျင်မြန်လွန်းလှသော အရှိန်ဖြင့် ပျံဝဲလာသည်။ ကီလိုမီတာ ရာနှင့်ချီသော ပတ်ဝန်းကျင်တွင်လည်း ချိပ်စည်းတစ်ခု ဖြစ်ပေါ်လာသည်။

၎င်းသည် လွတ်မြောက်သွားနိုင်ခြေ အခွင့်အရေးမှ ပေးမထားပေ။ ရှေ့တွင်ရှိနေသည်မှာ အမှိုက်ကောင်များပင် ဖြစ်နေပါစေ သူ့အနေဖြင့် အားကြိုးမာန်တက် ချေမှုန်းပစ်မည် ဖြစ်သည်။

"ဟမ့်....... သွေးမိစ္ဆာကီရင်ကလွဲရင် အားလုံးသေလိုက်ကြတော့။"

မဟာလင်းနို့ဧကရာဇ်ထံမှ အားကောင်းလှသော အသံလှိုင်းများ ထွက်ပေါ်လာကာ ပေါက်ကွဲမှုများ ဖြစ်ပေါ်သွားစေသည်။

ထိုတိုက်ခိုက်မှုတွင် အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသောကြောင့် အန်လင်းတို့မှာ လှုပ်မရတော့ပဲ သေရမည်ကို ထိုင်စောင့်နေရသော ဘဲများသဖွယ် ဖြစ်သွားရသည်။

အဖြူရောင်ပုံရိပ်တစ်ခုမှာ အားလုံးရှေ့သို့ ရုတ်တရက် ထွက်ပေါ်လာလေသည်။

တုန်းဖန်းကျွမ်းရှီးသည် သွေးမိစ္ဆာကီရင်ပုံရိပ်အား ပေါ်ထွက်လာစေကာ လေထဲတွင် အံ့ဖွယ်သွေးတာအို အကာအရံတစ်ခုကို အလွှာအထပ်ထပ် ဖန်ဆင်းလိုက်သည်။

ဝုန်း........ ဝုန်း.......... ဝုန်း..........

မဟာလင်းနို့ဧကရာဇ်၏ အသံလှိုင်း တိုက်ခိုက်မှုသည် အကာအရံအား ဖျက်စီးကာ သွေးမိစ္ဆာကီရင်၏ ပုံရိပ်ကိုပါ ဆုတ်ပြဲသွားစေသည်။

အဆုံးတွင်မူ အသံလှိုင်းများမှာ တုန်းဖန်းကျွမ်းရှီး၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။

"ဖူး........"

တုန်းဖန်းကျွမ်းရှီး အတွင်းဒဏ်ရာများရကာ ကိုယ်တွင်းအင်္ဂါ အပိုင်းအစများကိုပါ သွေးများနှင့်အတူ ပါးစပ်မှ အန်ထုတ်လိုက်ရသည်။

"ဦးလေးတုန်းဖန်း......"

အန်လင်းနှင့် စုရှောင်လန် ပြိုင်တူအော်ဟစ်လိုက်ကြသည်။

တုန်းဖန်းကျွမ်းရှီးသည် ၎င်းတို့အား ကာကွယ်ရန် တိုက်ခိုက်မှုအား ခုခံပေးခဲ့ပြီး ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့သည်။

မဟာလင်းနို့ဧကရာဇ် မျက်မှောင်ကျုံ့လိုက်သည်။

"မင်းကရော သေချင်နေတာလား။ ငါ့ကို သွေးကီရင်ကျောက်စိမ်းသာပေးလိုက်။ အမြန်ဆုံးနဲ့ အသက်သာဆုံး သေရအောင် လုပ်ပေးလိုက်မယ်။"

တုန်းဖန်းကျွမ်းရှီး ခေတ္တမျှ ငြိမ်သက်သွားကာ ကျယ်လောင်စွာ ရယ်မောလာသည်။

"ဟားဟားဟား........... သွေးကီရင်ကျောက်စိမ်းက မရှိတော့ဘူးကွ။"

"မရှိတော့ဘူးဟုတ်လား။"

မဟာလင်းနို့ဧကရာဇ် အသက်ပြင်းပြင်းရှူကာ အေးစက်စွာ ပြောလိုက်သည်။

"မင်းကငါ့ကို အရူးလုပ်ချင်နေတာလား။ မင်းဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့။ မင်းရဲ့ခန္ဓာကိုယ်ကို တစ်စစီဖြဲပြီး သွေးကီရင်ကျောက်စိမ်း ရှာပစ်မယ်။"

၎င်းသည် အံ့ဖွယ်တာအို စွမ်းအင်များ စီးဆင်းနေသော လက်သည်းများကို ဆန့်ထုတ်လိုက်သည်။ မဟာလင်းနို့ဧကရာဇ်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း အပြာရောင် စွမ်းအင်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်အား လွှမ်းခြုံသွားသည်။

အန်လင်းနှင့် အခြားသူများမှာ ရုတ်တရက် ကောင်းမွန်လွန်းသော စိတ်ခံစားချက်အား ရရှိလိုက်ကြသည်။ ဝါဂွမ်းစိုင်များပေါ် မျောလွင့်နေသလို လွတ်လပ်ပေါ့ပါးကာ ပျော်ရွှင်စရာ ကောင်းနေသည်။

မဟာလင်းနို့ဧကရာဇ် ရက်စက်စွာ ပြုံးလိုက်သည်။

"ငါစိတ်ပြောင်းသွားပြီ။ မင်းတို့ ဝိဉာဉ်တွေကို ဆွဲထုတ်ပြီး အမှန်တရား ရှာပစ်မယ်။"

"သတိထား......."

တုန်းဖန်းကျွမ်းရှီး အော်ဟစ်ကာ သွေးနီရောင် စွမ်းအင်များဖြင့် အန်လင်းတို့အား လွှမ်းမိုးစေလိုက်သည်။

ထိုအချိန်မှသာ အန်လင်းတို့၏ ခံစားချက်များ ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် မိစ္ဆာတစ်ကောင်၏ ဝိဉာဉ်ဆွဲထုတ်ရန် လှည့်ဖြားခြင်းအား ကြုံလိုက်ရခြင်းပင်။

အားလုံး ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြသည်။

အန်လင်းသည်လည်း ထိုစွမ်းအင်အား ခုခံနိုင်ရန်ပင် မစဉ်းစားနိုင်ကြောင်း သိလိုက်ရသည်။

၎င်းတို့သည် မဟာလင်းနို့ဧကရာဇ် လက်ထဲသို့ လုံးလုံးလျားလျား ကျရောက်သွားခြင်း ဖြစ်သည်။

"မင်းတို့ဝိဉာဉ်တွေကို ယူပစ်မယ်။"

မဟာလင်းနို့ဧကရာဇ်၏ စကားသံသည် ငရဲမှလာသလို ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး အံ့ဖွယ်တာအို အလင်းများ ဖြာထွက်လာကာ တုန်းဖန်းကျွမ်းရှီး၏ အကာအရံများအား ချိုးဖျက်လျက် အန်လင်းတို့ထံ ရောက်ရှိလာသည်။

ထိုကဲ့သို့ သေရေးရှင်ရေး အခြေအနေကြားတွင် သြဇာအာဏာ ပြည့်ဝသော စကားသံတစ်ခု ထွက်ပေါ်လာသည်။

"လွှတ်ပေးလိုက်စမ်း....... လင်းနို့မသားကများ......"

မဟာလင်းနို့ဧကရာဇ်၏ အံ့ဖွယ်တာအို အလင်းများလည်း ကြေပျက်သွားလေသည်။

"ဘာ......"

မဟာလင်းနို့ဧကရာဇ် အမူအရာ ပြောင်းလဲသွားသည်။

ထိုအချိန်တွင် ကောင်းကင်တခွင်လုံး အဖြူရောင် အလင်းများ လွှမ်းခြုံသွားကာ အပြာရောင် စွမ်းအင်များအား ဖျက်စီးလိုက်ပြီးနောက် မဟာလင်းနို့ဧကရာဇ်ထံ ဦးတည်ရောက်ရှိလာသည်။

ဝုန်း.......

ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွား၏။

စွမ်းအင်လှိုင်းဂယက်မှာ မီတာထောင်နှင့်ချီ ပြန့်ကားသွားကာ တုန်းဖန်းကျွမ်းရှီးနှင့် အန်လင်းတို့ကိုပါ လွင့်ထွက်သွားစေသည်။

မဟာလင်းနို့ဧကရာဇ်မှာ နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် အတောင်များဖြင့် ခန္ဓာကိုယ်အားအုပ်ကာ ကီလိုမီတာ များစွာတိုင် လူးလွန့်သွားရသည်။

အားလုံးမှာ ကောင်းကင်ထက်ရှိ ပုံရိပ်အား ကြည့်ရှုလိုက်သည်။

ထိုပုံရိပ်ထံမှ ကိုယ်ရောင်ကိုယ်ဝါများပင် ဖြာထွက်နေလေသည်။

ထိုသူသည် နန်းဝတ်နန်းစားများ ဆင်မြန်းကာ အရပ်ရှည်ရှည်နှင့် ချောမောခန့်ညားသည်။

ပြင်းထန်လှသော တိုက်ပွဲစိတ်ဆန္ဒများနှင့်အတူ ကောင်းကင်အရှင်သခင် တစ်ပါးသဖွယ် အရှိန်အဝါများ ဖြာထွက်နေသောကြောင့် ဒူးထောက်ဝပ်တွားချင်စရာ ဖြစ်နေသည်။

အန်လင်း မျက်ရည်အဝဲသား ဖြစ်သွားရသည်။

"ကောင်းကင်အရှင်သခင် ခင်ဗျား ရောက်လာပြီပဲ။"

စောင့်စားနေရသော ကောင်းကင်အရှင်သခင် ရောက်ရှိလာပြီပင်။

အန်လင်းနှင့် စုရှောင်လန် နှစ်ဦးလုံးမှာ လုံခြုံသွားသောခံစားချက်ကြောင့် စိတ်သက်သာရာ ရသွားကြသည်။

ကောင်းကင်အရှင်သခင် ရှိနေသောကြောင့် မည်သူကမှ ထိခိုက်စေရဲမည် မဟုတ်တော့ပေ။

"မင်းက ကောင်းကင်အရှင်သခင်လား။"

မဟာလင်းနို့ဧကရာဇ် သွေးအန်သွားရသည်။ သူသည် အစောပိုင်း တိုက်ခိုက်မှုကြောင့် အတွင်းဒဏ်ရာများ ရရှိခဲ့သည်။

"ဟုတ်တယ်။"

ကောင်းကင်အရှင်သခင်သည် လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းကာ မဟာလင်းနို့ဧကရာဇ်ကို အထင်သေးစွာ ကြည့်ရှုလိုက်သည်။

"ဝါး......"

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ကောင်းကင်အရှင်သခင်က တော်တော်အထာကျတဲ့ ဘီးကြဲကြီးပဲ........

"မင်းကဘာလို့ သွေးမိစ္ဆာကီရင် လိုက်ဖမ်းတာကို နှောင့်ယှက်နေတာလဲ။"

မဟာလင်းနို့ဧကရာဇ် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ဟမ့်...... ကောင်းကင်ဘုံခုံရုံးက ကျောင်းသားတွေကို သတ်ဖို့လုပ်နေတာမင်းလေ။ ငါဝင်ပါလို့ မရဘူးလား။"

ကောင်းကင်အရှင်သခင် လှောင်ပြုံးပြုံးလိုက်သည်။

မဟာလင်းနို့ဧကရာဇ်မှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူသားကျင့်ကြံသူ နှစ်ဦးအား လှမ်းကြည့်လိုက်သည်။

"အဲ့ကောင်လေးနဲ့ ကောင်မလေးက ကောင်းကင်ဘုံခုံရုံးက ကျောင်းသားတွေလား။ ကောင်းပြီလေ။ သူတို့ကို လွှတ်ပေးလိုက်မယ်။"

သူ့အနေဖြင့် သဘောထားကြီးစွာ ညှိနှိုင်းပေးလိုက်သည်။

ကောင်းကင်အရှင်သခင်သည် သောက်ကြမ်းကြီး ဖြစ်နေသောကြောင့် သူသည်လည်း ရွေးချယ်စရာ မရှိပေ။

မဟာလင်းနို့ဧကရာဇ်သည် သွေးမိစ္ဆာကီရင်အားရလျှင် ကျေနပ်ပြီ ဖြစ်သည်။ သွေးကီရင်ကျောက်စိမ်းသည် သွေးမိစ္ဆာကီရင်နှင့်သာ အတူတကွ ရှိနေပေလိမ့်မည်။

"သူတို့နှစ်ယောက်က ကောင်းကင်ဘုံခုံရုံးရဲ့ ကျောင်းသားတွေဆိုတာ ဟုတ်တယ်။ ဒါပေမယ့် သူလည်း ကောင်းကင်ဘုံခုံရုံးရဲ့ ကျောင်းသားပဲ။"

ကောင်းကင်အရှင်သခင်မှာ တုန်းဖန်းကျွမ်းရှီးအား လက်ညှိုးထိုးပြလိုက်သည်။

ထို့နောက် ရှောင်ဇယ်တို့ကိုပါ ဆက်လက်ညွှန်ပြလိုက်သည်။

"သူတို့တွေကြတော့ ငါ့ကျောင်းသားတွေရဲ့ တပည့်နဲ့ သားရဲတွေ...... အဲ့ဒါကြောင့်....."

"ဘယ်သူ့ကိုမှ ဖမ်းထားလို့ မရဘူး။ အကုန် ငါ့လူတွေချည်းပဲ။"

ကောင်းကင်အရှင်သခင်၏ စကားသံနှင့်အတူ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။

အန်လင်း : "........."

တုန်းဖန်းကျွမ်းရှီး : ".........."

စောင့်ကြည့်နေသော အရိုင်းဆန် ဓားမော့အင်မော်တယ် : ".........."

မဟာလင်းနို့ဧကရာဇ် ဒေါသထွက်သွားရသည်။

"ကောင်းကင်အရှင်သခင် မင်းက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ။ အရမ်းတရားလွန်သွားပြီ။"

မဟာလင်းနို့ဧကရာဇ်သည် အံ့ဖွယ်တာအို အစွမ်းများ ထွက်ပေါ်စေကာ ကောင်းကင်အရှင်သခင်အား တိုက်ခိုက်လိုက်သည်။

ကောင်းကင်အရှင်သခင် ခပ်ဖွဖွပြုံးကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

ထို့နောက် မဟာလင်းနို့ဧကရာဇ်ဘေးတွင် ပြန်လည်ပေါ်ထွက်လာကာ လက်သီးတစ်လုံး ကျွေးလိုက်သည်။

ဝုန်း........

ကောင်းကင်နှင့်မြေပြင်ကြားရှိ လေထုသည်ပင် တွန့်လိမ်သွားရသည်။

စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုမှာလည်း ပဲ့တင်ထပ်သွားလေသည်။

မဟာလင်းနို့ဧကရာဇ် သွေးပွက်ပွက်အန်ကာ အဝေးသို့ လွင့်ထွက်သွားပြန်သည်။

"မင်းတိုက်ချင်ရင် တိုက်လို့ရတယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်တစ်ယောက်ကိုမှ ထိလို့ရမယ်လို့ မထင်နဲ့။"

အကန့်အသတ်မဲ့သော အဖြူရောင် အလင်းများ ဖြာထွက်လာကာ ခြေလှမ်းတစ်လှမ်းချင်းစီသည် ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုနှင့် ပဲ့တင်ထပ်နေသောကြောင့် လွှမ်းမိုးမှု ကြီးမားလွန်းလှသည်။

မဟာလင်းနို့ဧကရာဇ် အလွန်အမင်း ပေါက်ကွဲနေသည်။

"ကောင်းကင်အရှင်သခင် မင်းက ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေကို စစ်ကြေညာအောင် ဖိအားပေးနေတာပဲ။"

ကောင်းကင်အရှင်သခင် မျက်မှောင်ကျုံ့လိုက်သည်။

"ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက  ဘယ်တုန်းက အရေးပါဖူးလို့လဲ။ မင်းတို့ ဒဏ္ဍာရီလာသားရဲတွေက တစ်ကောင်နဲ့တစ်ကောင် ကိုက်နေတာနဲ့တင် မပြီးတော့ဘူးလေ။ ငါ့ရဲ့ ကောင်းကင်ဘုံခုံရုံးက မင်းတို့ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေကို အကြိမ်တစ်ထောင်လောက် မျိုးဖြုတ်ပေးလိုက်လို့ရတယ်။"

မဟာလင်းနို့ဧကရာဇ်မှာ တရှူးရှူးတရှဲရှဲ ဖြစ်နေပါသော်လည်း ပြန်လည်ချေပနိုင်ခြင်း မရှိပေ။

အန်လင်းတို့မှာ ကောင်းကင်အရှင်သခင်အား လေးလေးစားစား ကြည့်ရှုလိုက်ကြသည်။

ဆရာ့ဆရာကြီးကတော့ ဆရာ့ဆရာကြီးပါပဲ.......

All Chapters