အတင်းအကြပ်နားထောင်စေခြင်း
Vol. 62 Ch. 867
ကောင်းကင်အရှင်သခင်မှာ ပင်ပန်းနွမ်းနယ်နေသည်။ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေမှ ပြဿနာများအား သိရှိရပြီ ဖြစ်ပါသော်လည်း တစ်ချိန်တည်းမှာပင် ဖြေရှင်းပြီးသား ဖြစ်နေလေသည်။
နောက်ကွယ်မှ လက်မည်းကြီးမှာ သူ၏ဘေးတွင် ရှိနေသည်။
ကောင်းကင်ဘုံခုံရုံးသည် ထိုကိစ္စနှင့်ပက်သတ်၍ လောက်လောက်လားလား ဘာမှမရလိုက်ပဲ စုကျိုးအင်မော်တယ်ဂိုဏ်းအား စိတ်ဝိဉာဉ်ကျောက်တုံးများစွာ ပေးရတော့မည်ပင်။ ထိုသည်မှာ စိတ်နှလုံး မချမ်းမြေ့စဖွယ် ဖြစ်သည်။
ဘာလို့ အနည်းဆုံး စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းပေးမယ် ပြောခဲ့ရတာလဲကွာ.........
ကောင်းကင်အရှင်သခင်မှာ အတိတ်ကို ပြန်သွားကာ ကိုယ့်ကိုယ်ကို ပါးပိတ်ရိုက်ချင်နေသည်။
မကြာမီကပင် အားလုံးမှာ နှင်းပျိုမဒီများနှင့် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ တိုက်ပွဲအကြောင်း ဆွေးနွေးကြတော့သည်။
ကောင်းကင်အရှင်သခင် သက်ပြင်းချလိုက်မိသည်။
"မင်းတို့ကို မပြောပြချင်ပေမယ့် ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရတာဆိုတော့လည်း ရွေးချယ်စရာ မရှိဘူး။ ဒီကမ္ဘာရဲ့ ပြောင်းလဲမှုတွေအကြောင်း ပြောပြရတော့မှာပေါ့။"
အန်လင်းသည် ထိုသည်ကို မကြားချင်မိသလို ရုတ်တရတ် ခံစားလိုက်ရသည်။ လောက၏ အပြောင်းအလဲများအကြောင်း သိလိုက်ရပါက တစ်ခုခု ဖြစ်လာမလို အာရုံရနေသည်။ တစ်ခါတရံတွင် များများစားစား သိထားခြင်းမှာ ကောင်းသောအရာ မဟုတ်ပေ။
"ခရမ်းကြယ်စင် လူမျိုးစုတွေ ရှိတုန်းကပေါ့။"
ကောင်းကင်အရှင်သခင် ဖြည်းညင်းစွာ စကားစလိုက်သည်။
"နေပါဦး။"
အန်လင်း လက်ကာပြလိုက်သည်။
"ကျွန်တော် မသိချင်ဘူး။"
ကောင်းကင်အရှင်သခင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ငါကဘာမှတောင် မပြောရသေးဘူးလေ......... ဒင်းက မသိချင်ဘူးတဲ့လား.........
ယခုကဲ့သို့ အခြေအနေမျိုး တွေ့ကြုံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် ခံစားချက် မကောင်းလှပေ။
ကောင်းကင်အရှင်သခင်သည် စိတ်တိုကာ မကျေမနပ် ဖြစ်နေသည်။
"ဟင်းလင်းပြင်သို့အပြန် ကောင်းကင်အင်မော်တယ်တွေတောင် အခုလို သတင်းအချက်အလက်တွေ မသိကြဘူး။ မင်းစိတ်မဝင်စားတာ သေချာရဲ့လား။"
စုရှောင်လန်သည်လည်း အန်လင်းအား ထောက်ခံလာသည်။
"ကျွန်မလည်း မကြားချင်ဘူး။"
ထိုအကြောင်းအရာများအား သိရှိပြီးပါက ရှောင်လွှဲမရနိုင်သော နောက်ဆက်တွဲများအား ကြုံရလာနိုင်သည်။
ထိုကဲ့သို့ အရေးကြီးသော သတင်းအချက်အလက်များသည် ၎င်းတို့အား အန္တရာယ်တောထဲ နစ်သည်ထက်နစ်အောင် ဆွဲခေါ်သွားပေလိမ့်မည်။ ထိုသည်အား ရှောင်ရှားနိုင်ရန် အစကတည်းက ဘာမှမသိသည်ကသာ ပိုမိုကောင်းမွန်လိမ့်မည်။
ကောင်းကင်အရှင်သခင် : "............"
"မင်းတို့နှစ်ယောက်က အဲ့လောက်တောင် ကြောက်တတ်ကြတာလား။"
ကောင်းကင်အရှင်သခင်သည် ၎င်းတို့နှစ်ဦးအားကြည့်ကာ နောက်တွင်ရှိနေသော ရေခဲကုန်းမြေအား လက်ညှိုးထိုးပြလိုက်သည်။
"မြင့်မြတ်သော ရေခဲကုန်းမြေကိုကြည့်လိုက်။ အခု နှင်းပျိုမဒီတွေအားလုံး အိမ်ခြေယာမဲ့ ဖြစ်ကုန်ပြီ။ သူတို့လည်း ဘာမှမတတ်နိုင်တော့ဘူး။ ကိုးပြည်ထောင်ကိုရော အဲ့လိုဖြစ်သွားမှာ မစိုးရိမ်ဘူးလား။"
အန်လင်း ခေါင်းတွင်တွင်ခါပြလိုက်သည်။
"ဘာမှလာမပြနဲ့။ ကျွန်တော် ဘာမှမသိဘူး။"
ကောင်းကင်အရှင်သခင် မျက်နှာပျက်သွားသည်။
သူအလွန်အမင်း ဒေါသထွက်နေသည်။
သြဇာအာဏာ ကြီးမားတဲ့ ကောင်းကင်အရှင်သခင်ကိုယ်တိုင် လျှို့ဝှက်ချက်ကြီးတစ်ခု ပြောပြဖို့ လုပ်နေတာတောင် မသိချင်ဘူးတဲ့လား............
ရုတ်ချည်းဆိုသလို လေထုမှာ တုန်ခါသွားသည်။
အံ့ဖွယ်တာအို အစွမ်းတစ်ခုသည် အန်လင်းတို့အား ပတ်လည်ဝိုင်းပစ်လိုက်သည်။
အန်လင်း နားမလည်နိုင် ဖြစ်သွားလေသည်။
ထို့နောက် သိစိတ်အာရုံထဲ တိုက်ရိုက်ဝင်ရောက်လာသော စကားသံတစ်ခုကို ကြားလိုက်ရသည်။
"ဟားဟား...... အခု မင်းတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ကြိုက်ကြိုက်မကြိုက်ကြိုက် နားထောင်ကို ထောင်ရမယ်။"
အန်လင်း : "..............."
စုရှောင်လန် : "............."
ရှောင်ဇယ်သည်ပင် သိစိတ်အာရုံထဲမှတဆင့် မှတ်ဉာဏ်များအဖြစ် တိုက်ရိုက်ထွင်းထုနေသော ထိုစကားသံအား ဖယ်ရှားမရပေ။
အန်လင်းနှင့် စုရှောင်လန်မှာ ကောင်းကင်အရှင်သခင်အား စူးစိုက်ကြည့်ရှုလိုက်ကြသည်။
ကောင်းကင်အရှင်သခင်သည် တည်တည်ငြိမ်ငြိမ်သာ ရှိနေပါသော်လည်း စိတ်ထဲတွင်မူ ကျေနပ်ပီတိ ဂွမ်းဆီထိနေသည်။
ဟမ့်........ ဒေါင်းဇားလေးတွေ မင်းတို့က ငါ့ကိုအာခံချင်တယ်ပေါ့.........
"ခရမ်းကြယ်စင် လူမျိုးစု ရှိခဲ့တုန်းကပေါ့။"
ကောင်းကင်အရှင်သခင် ဖြည်းညင်းစွာ စကားစလိုက်သည်။
အန်လင်းနှင့် စုရှောင်လန်မှာ နားပိတ်ထားပါသော်လည်း စကားသံမှာ သိစိတ်အာရုံထဲ တစ်လုံးချင်း ဝင်ရောက်လာနေသည်။
စိတ်ဆင်းရဲလိုက်တာ.........
"ခရမ်းကြယ်စင် လူမျိုးစုတွေ ဘာလို့ မျိုးတုန်းသွားလဲသိလား။"
ကောင်းကင်အရှင်သခင် စကားဆက်လိုက်သည်။
အန်လင်း မျက်ဆံလှန်လိုက်သလို၊ စုရှောင်လန်မှာလည်း အခြားတစ်နေရာသို့ ကြည့်ရှုလိုက်သည်။
အားလုံးမှာ ကောင်းကင်အရှင်သခင်အား လျစ်လျူရှုထားကြသည်။
"ရှေးဟောင်းထိုက်ချူကုန်းမြေက ဘာလို့ပျက်စီးသွားတာလဲ ဆိုတာပဲ သိချင်တာ။"
ရှောင်ဇယ် မေးမြန်းလာသည်။
ကောင်းကင်အရှင်သခင် : "..........."
ပျင်းစရာကောင်းတဲ့ ပရိသတ်တွေပါလား.......
သူသည် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ထိန်းကာ ဆက်ပြောလိုက်သည်။
"ခရမ်းကြယ်စင် လူမျိုးစုက တစ်ချိန်တုန်းက အရမ်းတန်ခိုးထွားခဲ့တာပေါ့။ ထိုက်ချူကုန်းမြေ တစ်ခုလုံးမှာ ထိပ်တန်းအဆင့် ပြိုင်ဘက်ကင်းပဲလေ။ ဒါပေမယ့် ဘာလို့ပျောက်ကွယ်သွားလဲသိလား။"
သူသည် စိတ်ဝင်စားမှုအား တည်ဆောက်ရန် လုပ်နေပါသော်လည်း အချည်းနှီးပေ။
အန်လင်းမှာ ဂရုမစိုက်ဟန်ဖြင့် နားပင်ကလော်နေသေးသည်။
ကောင်းကင်အရှင်သခင် လက်မလျှော့ပေ။
"ခရမ်းကြယ်စင် လူမျိုးစုရဲ့ ကျဆုံးခန်းနောက်က အကြောင်းအရင်းကိုသိတာ လူနည်းစုပဲ ရှိတယ်။ အဲ့လူတွေကတော့ ဒီကိစ္စကို ကျိန်စာအဖြစ် သတ်မှတ်ကြတယ်။"
"အဲ့ဒါဆို ဘာလို့လာပြောပြနေသေးတာလဲ။"
အန်လင်း စကားဆိုလိုက်သည်။
"မင်းတို့လည်း သိခွင့်ရှိလို့လေ။"
ကောင်းကင်အရှင်သခင် အလေးအနက် ပြောလာသည်။
"ဘာလို့သိခွင့်ရှိနေတာလဲ။ ပြောပြလေ...... အဲ့ဒါကို ကျွန်တော် ပြောင်းပစ်လိုက်မယ်။ ကျေးဇူးပြုပြီးတော့ ကျွန်တော် ဘာမှမသိချင်လို့ပါဗျာ။"
အန်လင်း မျက်ရည်အဝဲသား ဖြစ်နေလေပြီ။
ကောင်းကင်အရှင်သခင် ဂရုမစိုက်ပေ။ သူ့အနေဖြင့် မပြောပြရမချင်း စိတ်ပေါ့မည် မဟုတ်ပေ။
"ခရမ်းကြယ်စင် လူမျိုးစုတွေ မျိုးတုန်းသွားရတာက ကောင်းကင်ပြစ်ဒဏ်ကြောင့်ပဲ။"
ကောင်းကင်အရှင်သခင် ပြောပြလိုက်သည်။
အန်လင်း၊ စုရှောင်လန်နှင့် သားရဲများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ကောင်းကင်ပြစ်ဒဏ်တဲ့လား....... ဟာသပဲ....... ကောင်းကင်ပြစ်ဒဏ်က လူမျိုးစု တစ်ခုလုံးကို မျိုးတုန်းသွားစေတာလား........
အားလုံး အာရုံစိုက်လာသောကြောင့် ကောင်းကင်အရှင်သခင် ကျေနပ်သွားသည်။
"မင်းတို့နားကြားမမှားဘူး။ သူတို့က ကောင်းကင်ပြစ်ဒဏ်ကို ခံစားခဲ့ရတာ။"
"ခရမ်းကြယ်စင် လူမျိုးစုက နည်းပညာ အရမ်းထွန်းပေါက်ပြီး လူမျိုးစု တစ်ခုလုံးကို အနည်းဆုံး တာအိုပေါင်းစည်းခြင်း အဆင့်ရောက်အောင် လုပ်ချင်ခဲ့တာ။ လူတွေရဲ့ ငုပ်လျှိုးနေတဲ့ စွမ်းရည်တွေကို ဆွဲထုတ်ချင်ခဲ့တာ။ လူသားမျိုးနွယ်စု တစ်ခုလုံးကိုလည်း အမတမျိုးနွယ် ဖြစ်စေချင်ခဲ့တာလေ။"
"သက်ရှိစွမ်းအင် ပင်လယ်တု၊ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်တွေအတွက် ဝိဉာဉ်အမြစ်နဲ့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်တွေအတွက် နယ်ပယ်တုတောင် ဖန်ဆင်းပေးနိုင်ကြတယ်။ နည်းပညာကို သုံးပြီးတော့ လေဟာနယ် စွမ်းအင်တွေနဲ့ ဟင်းလင်းပြင်သို့အပြန် အဆင့်တွေရဲ့ အံ့ဖွယ်တာအို အစွမ်းကိုတောင် တုပနိုင်ခဲ့တယ်။"
"အဲ့အချိန်တုန်းက ခရမ်းကြယ်စင် လူမျိုးစုက ဘုန်းတန်ခိုးတွေ ထည်ဝါနေတာပေါ့။ ထိုက်ချူကုန်းမြေ တစ်ခုလုံးကလည်း သူတို့ဆီပဲ သွားချင်ကြတာ။"
"ဒါပေမယ့် ကောင်းကင်ဘုံကို စိန်ခေါ်ရင်း အမှားလုပ်မိခဲ့ကြတယ်။"
ကောင်းကင်အရှင်သခင်၏ စကားသံမှာ လေးနက်လာသည်။
"နည်းပညာတွေ အရမ်းတိုးတက်လာတော့ တာအိုကို တုပဖို့ထိ လုပ်လာကြတယ်။"
"ကောင်းကင်နဲ့မြေပြင်မှာ တာအိုတရားတွေ အများကြီး ရှိတယ်။ ဒါပေမယ့် တာအိုပေါင်းစည်းခြင်းကို လုံလောက်တဲ့ အတွေ့အကြုံ၊ ဗဟုသုတရှိတဲ့ ကျင့်ကြံသူကပဲ လုပ်ဆောင်နိုင်တယ်။ အဲ့ဒါကို နည်းပညာ အကူအညီနဲ့ ဘယ်လိုမှ မစွမ်းဆောင်နိုင်ဘူး။"
"သူတို့ အကြိမ်ရေ အများကြီး ကျရှုံးခဲ့ကြတာပေါ့။"
အန်လင်းသည် ရှန့်ယင်၏ မှတ်ဉာဏ်ထဲမှ လက်ခြောက်ဖက် ဘီလူး၊ ဇာမဏီကမ္ဘာငယ်တွင် တွေ့ခဲ့ရသော မိစ္ဆာကလေးငယ်နှင့် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအား ပြန်လည်မြင်ယောင်မိလာသည်။
"အသေးစိတ်တော့ မပြောတတ်ပေမယ့် နောက်ဆုံးမှာ ခရမ်းကြယ်စင် လူမျိုးစုက တာအိုပေါင်းစည်းခြင်း အတုလုပ်တာကို လက်လျှော့လိုက်ကြတယ်။"
"အကန့်အသတ်ကိုသိတာ ကောင်းတာပေါ့။"
အန်လင်း ခေါင်းညိတ်ကာ အသိအမှတ် ပြုလိုက်သည်။
ကောင်းကင်အရှင်သခင် အန်လင်းအားကြည့်ကာ ပြောလိုက်သည်။
"သူတို့က ကောင်းကင်တာအိုကို အတုလုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်လေ။"
အန်လင်း : "..........."
အားလုံး : "............"
"တာအိုပေါင်းစည်းခြင်းက ကျင့်ကြံသူရဲ့ ဉာဏ်အလင်းနဲ့ စိတ်ဆန္ဒနယ်ပယ် ပြီးပြည့်စုံနေဖို့လိုတယ်။ အဲ့ဒါက ဖန်ဆင်းလို့လည်း မရသလို၊ အတုလုပ်လို့လည်း မရဘူး။"
"ဒါပေမယ့် ကောင်းကင်တာအိုကတော့ ကွဲပြားတယ်။ အဲ့ဒါက တည်ရှိခြင်းနဲ့ မတည်ရှိခြင်းကြားမှာ ရှိနေတဲ့ အရာတစ်ခုပဲ။"
"ကောင်းကင်တာအိုက လောကတခွင်လုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့ရတယ်။ ဒါမှမဟုတ် အဲ့ထက်တောင် ပိုချင်ပိုနိုင်သေးတယ်။ ခရမ်းကြယ်စင် လူမျိုးစုက ဘာကိုရှာတွေ့သွားလို့ ကောင်းကင်တာအိုကို အတုလုပ်နိုင်မယ်လို့ တွေးခဲ့တာလည်းတော့ မပြောတတ်ဘူး။"
"သူတို့က ကောင်းကင်တာအိုကို ထိန်းချုပ်ပြီး ပြီးပြည့်စုံတဲ့ လူသားတွေ ဖြစ်ချင်ခဲ့ကြတယ်။ လူသားမျိုးနွယ်စုကို ကောင်းချီးတွေ ဝေမျှပေးပြီး မျိုးနွယ်စု တစ်ခုလုံးကို အဆင့်တစ်ခုထိ မြင့်မားစေချင်ခဲ့တယ်။"
ကောင်းကင်အရှင်သခင်သည် ဖြည်းညင်းစွာ ပြောဆိုနေပြီး စကားတစ်ခွန်းစီတွင် အံ့အားသင့်စရာ သတင်းအချက်အလက်များ ပါဝင်နေသည်။
"ပြီးတော့ ဘာဆက်ဖြစ်သွားလဲ။"
အန်လင်း မေးမြန်းလိုက်သည်။
"ဟားဟား......... နောက်ဆုံးတော့ ကိုယ့်စိတ်ကိုယ် ရိုးရိုးသားသား ဖွင့်ပေးလိုက်ပြီပေါ့ ဟုတ်လား။"
ကောင်းကင်အရှင်သခင်သည် အောင်နိုင်သူအလား ခပ်ဖွဖွ ပြုံးလိုက်သည်။
အန်လင်း : "............."
"အဲ့ဒါပြီးတော့ ခရမ်းကြယ်စင် လူမျိုးစုက ကောင်းကင်ကို အပေါက်ဖောက်ခဲ့ကြတယ်။"
"အဲ့အပေါက်ကတော့ ပျောက်သွားခဲ့တယ်။"
"ခရမ်းကြယ်စင် လူမျိုးစုနဲ့အတူ ကမ္ဘာကြီးလည်း ကျိန်စာမိသွားတာပဲ။"
"သာမန်လူသားပဲဖြစ်ဖြစ်၊ တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားပဲဖြစ်ဖြစ် ကျိန်စာကနေ မလွတ်မြောက်နိုင်ဘူး။"
"အဲ့အပေါက် ပေါ်လာတဲ့ သုံးရက်အတွင်း ရှိရှိသမျှ ဒုက္ခရောက်ကုန်တယ်။"
"အဲ့ဒါကို ကောင်းကင်ပြစ်ဒဏ်လို့ မပြောရင် ဘယ်လိုပြောကြမလဲ။"
ကောင်းကင်အရှင်သခင် အန်လင်းတို့အား ကြည့်ရှုလိုက်သည်။
အန်လင်း တိတ်ဆိတ်သွားသည်။
ထိုသည်မှာ အဓိပ္ပါယ်ရှိသည်။ ကောင်းကင်သည် အပေါက်ဖြစ်အောင် အဖောက်ခံရသောကြောင့် ပြန်လည်တုံ့ပြန်လာမည်ပင်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်မှာ လူသားဆန်လွန်းသလို ထင်မှတ်ရသည်။
"အဲ့ဒါက နှင်းပျိုမဒီတွေနဲ့ ဘာဆိုင်လို့လဲ။"
စုရှောင်လန် မေးမြန်းလာသည်။
ကောင်းကင်အရှင်သခင် သက်ပြင်းချလိုက်သည်။
"ဘာလို့လဲဆိုတော့ ကောင်းကင်ပြစ်ဒဏ်က မပြီးသေးဘူးလေ။ ခရမ်းကြယ်စင် လူမျိုးစုရဲ့ ကျရှုံးခန်းက နိဒါန်းပဲ ရှိသေးတာ။"