အစ်ကိုကြီးပိုင်
Vol. 62 Ch. 869
အန်လင်းတို့မှာ ကြီးမြတ်သော ရေခဲကုန်းမြေမှတဆင့် ကိုးပြည်ထောင်သို့ ရောက်ရှိလာကြသည်။
အန်လင်း၏ စနစ်မှာ ရုတ်တရက် အချက်ပေးလာလေသည်။
သူဖွင့်ကြည့်လိုက်သောအခါ စစ်နတ်ဘုရား ကောင်းကင်ဖောက်ခွဲခြင်းအမြှောက်အတွက် မစ်ရှင်ပေးထားသော နေရာတွင် သတိပေးချက်အသစ် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ့အား ရွံရှာမုန်းတီးသော ဟင်းလင်းပြင်သို့အပြန်အဆင့် သို့မဟုတ် ထိုအဆင့်ထက်မြင့်သော ကျင့်ကြံသူသည် ခြောက်ဦး ရှိသွားပြီဖြစ်ပြီး စာရင်းထဲ ပါဝင်လာသူမှာ အရိုင်းဆန် ဓားမော့အင်မော်တယ် ဖြစ်သည်။
"ကျွတ်...... ထူးဆန်းလိုက်တာ။ ဒီအရူးက ဘာလို့အခုမှ လာမုန်းနေတာလဲ။ တကယ်ဆို သူတို့ဝင်္ကပါကို ချိုးဖျက်လိုက်တည်းက မုန်းသွားသင့်တာ မဟုတ်ဘူးလား။"
အန်လင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။
အရိုင်းဆန် ဓားမော့အင်မော်တယ်သည် မဟာလင်းနို့ဧကရာဇ်၏ ဆော်ပလော်တီးခြင်းကို ခံနေရကြောင်း အန်လင်း မသိပေ။
ငရဲလောကချိပ်စည်း ကျိုးပျက်သွားခြင်းနှင့် ပက်သတ်၍ အရိုင်းဆန် ဓားမော့အင်မော်တယ် ရှင်းပြလာသမျှ စကားများအား မဟာလင်းနို့ဧကရာဇ်မှ အယုံအကြည် မရှိခဲ့ပေ။
သွေးမိစ္ဆာကီရင်အား ဖမ်းနိုင်တော့မည့် အချိန်ကြမှ လွှတ်ပေးလိုက်ရသည်ကို မဟာလင်းနို့ဧကရာဇ် လက်မခံနိုင်ပေ။ ဒေါသကို ပုံချစရာလည်း မည်သူမှ ရှိမနေသောကြောင့် အရိုင်းဆန် ဓားမော့အင်မော်တယ်ကိုသာ သဲအိတ်အမှတ်ဖြင့် သမနေရသည်။
အရိုင်းဆန် ဓားမော့အင်မော်တယ်သည် အန်လင်းအား ကြည့်မရ ဖြစ်ခဲ့ပါသော်လည်း ရွံရှာမုန်းတီးသော ဟင်းလင်းပြင်သို့အပြန်အဆင့် သို့မဟုတ် ထိုအဆင့်ထက်မြင့်သော ကျင့်ကြံသူများစာရင်းတွင်ပါရန်ထိ မလုံလောက်ခဲ့ပေ။ ယခုတွင်မူ သေမတတ် အဆော်ခံနေရသောကြောင့် အန်လင်းအား အမှုန့်ကြိတ်ချင်သည်အထိ မုန်းတီးနေရပြီ ဖြစ်သည်။
.................
ကြီးမားလှသော ကျွန်းမျောတစ်ခုပေါ်၌
တလက်လက် တောက်ပနေသော အဆောက်အဦးများကြားတွင် လေဟာနယ် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။
အရှိန်အဝါ ကြီးမားသော နန်းဝတ်နန်းစားများ ဆင်မြန်းထားသည့် အမျိုးသားတစ်ဦး ဦးဆောင်ထွက်လာကာ နောက်မှ လူသားများနှင့် သားရဲများလည်း လိုက်ပါလာကြသည်။
"ဒါကငါ့ရဲ့ ရတနာတိုက်ပဲ။ ဒီမှာ ခဏစောင့်ပေးကြ။"
ထိုစကားအား ဆိုလိုက်သူမှာ ကောင်းကင်ဘုံခုံရုံး၏ ကောင်းကင်အရှင်သခင်ပင်။
အန်လင်းတို့မှာ အေးအေးဆေးဆေးပင် စောင့်ဆိုင်းနေကြသည်။
တာအိုဝတ်စုံအား ဝတ်ဆင်ထားသော ကောင်းကင်နတ်မိမယ်တစ်ပါး အနားသို့ ရောက်ရှိလာသည်။
"အန်လင်း၊ ရှောင်လန်၊ ရှောင်ဇယ် နင်တို့အားလုံး အန္တရာယ်ကင်းလို့ တော်သေးတာပေါ့။".
ကောင်းကင်နတ်မိမယ်မှာ ပျော်ရွှင်စွာ ပြုံးပြလာသည်။
"ခင်ဗျားက အချိန်မီ သတင်းပို့ပေးနိုင်လို့ပါ။ ခင်ဗျားအဖေက အရမ်းတော်တာပဲ။"
အန်လင်းမှာ ကောင်းကင်အရှင်သခင်အပေါ် လေးစားမှုကို ဖုံးကွယ်မထားပေ။
"ဟုတ်တယ်။ ကောင်းကင်အရှင်သခင်က ကျွန်မ မြင်ဖူးသမျှ ဆရာ့ဆရာကြီးတွေထဲမှာ အကြမ်းဆုံးပဲ။"
စုရှောင်လန် ခေါင်းညိတ်ထောက်ခံလိုက်သည်။
ကောင်းကင်နတ်မိမယ်သည် ကောင်းကင်အရှင်သခင်၏ ရင်နှစ်သည်းချာ သမီးတော်လေး လင်ကျွင်းကျွင်း ဖြစ်သည်။ သူမသည် ခမည်းတော်အား ချီးကျူးနေကြသည်ကို ကြားလိုက်ရသောကြောင့် အပြုံးများ ပိုမိုတောက်ပလာသည်။
"ဒါပေါ့။ ငါ့အဖေက အတော်ဆုံးပဲ။"
ထို့နောက် လင်ကျွင်းကျွင်းမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားအား ကြည့်ရှုလိုက်သည်။
"ရှင်က သွေးမိစ္ဆာကီရင်လား။"
သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ လေးနက်သော အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။
"အခုတော့ သွေးမိစ္ဆာကီရင် မဟုတ်တော့ပါဘူး။ ယဉ်ကျေးမှုရှိတဲ့ သာမန်လူသားတစ်ယောက် ဖြစ်နေပါပြီ။ ငါ့နာမည်က တုန်းဖန်းကျွမ်းရှီးပါ။"
"ခွီး......"
လင်ကျွင်းကျွင်းမှာ အလွန်အမင်း ရယ်ချင်နေပါသော်လည်း ဟန်ကိုယ့်ဖို့ထိန်းကာ အောင့်အီးသည်းခံလိုက်ရသည်။
"အဟွတ်........ အဟွတ်...... ကောင်းကင်ဘုံခုံရုံးမှာ ရာသီဥတု အေးနေတာပဲ။ ကျွန်မတော့ အအေးမိနေပြီ ထင်တယ်။"
"ဘာပဲဖြစ်ဖြစ် ရှင့်နာမည်က ကောင်းသားပဲ။"
လင်ကျွင်းကျွင်းမှာ စိတ်လိုလက်ရဟန်ဖြင့် ချီးကျူးလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
အန်လင်းနှင့် စုရှောင်လန်မှာ သားရဲတစ်ထောင် ရင်ဘတ်အား တက်နင်းသွားသလို ခံစားလိုက်ရလေသည်။
ဒီအဖေနဲ့ဒီသမီး....... တကယ့်ကို သောက်ကျိုးနည်း သားအဖတွေပဲ....... တုံ့ပြန်ပုံကအစ တထေရာတည်း တူနေတာ.........
နည်းနည်းလောက် အရှက်ရှိပြီး ရိုးသားလို့ မရဘူးလား......
မကြာမီပင် ကောင်းကင်အရှင်သခင်သည် ရတနာတိုက်ထဲမှ ထွက်လာကာ အန်လင်းအား သိုလှောင်လက်စွပ်တစ်ကွင်း ပေးလိုက်သည်။
"စိတ်ဝိဉာဉ်ကျောက်တုံး ဆယ့်ငါးသန်း...... ရေရင်ရေကြည့်လိုက်ဦး။"
အန်လင်းသည် သိုလှောင်လက်စွပ်အား လက်ခံလိုက်ပြီးနောက် စိတ်ဝိဉာဉ်ကျောက်တုံးကို မရေတွက်ပဲ စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။
"ဒုတိယ မစ်ရှင်အတွက် အနည်းဆုံး စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းရမယ် ပြောထားတာမလား။ အဲ့ဆယ်သန်းထက် ဘာမှမပိုတော့ဘူးလား။"
ကောင်းကင်အရှင်သခင်မှာ စိတ်ထဲတွင် ကျိန်ဆဲနေပါသော်လည်း ဆက်ပြုံးထားဆဲပင်။
"ဟုတ်တယ်။ မင်းတို့ယူလာတဲ့ သတင်းအချက်အလက် တန်ကြေးက အဲ့လောက်ပဲလေ။ ဘာမှလည်း အသုံးဝင်တော့တာမှ မဟုတ်တာ။"
ယီးတဲ့မှ.......... ကောင်းတာမှန်သမျှ မင်းပဲကောက်စားသွားလို့ ကောင်းကင်ဘုံခုံရုံးက ဘာမှမရလိုက်ဘူးလေ ဒေါင်းဇားလေးရဲ့........
အန်လင်းတို့သည် ထိုသတင်းအချက်အလက်များအား ရရှိနိုင်ရန် သက်စွန့်ဆံဖျား ကြိုးစားခဲ့ရခြင်းကြောင့်သာ မဟုတ်ပါက စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းကိုပင် သူမပေးချင်ပေ။
အန်လင်းမှာ သိုလှောင်လက်စွပ်အား ရှောင်ဇယ်ထံ ပေးလိုက်သည်။
"ငါကျောင်းကို ပြန်သွားတော့မယ်။ ဒီစိတ်ဝိဉာဉ်ကျောက်တုံးတွေကို စုကျိုးအင်မော်တယ်ဂိုဏ်းဆီ ယူသွားလိုက်။"
ကောင်းကင်ဘုံခုံရုံးသည် စုကျိုးအင်မော်တယ်ဂိုဏ်းအား တာဝန်အပ်နှံခဲ့ခြင်း ဖြစ်သောကြောင့် ဆုကြေးသည်လည်း ဂိုဏ်းနှင့်သာ သက်ဆိုင်သည်။
ရှောင်ဇယ် ပျော်ရွှင်စွာဖြင့် သိုလှောင်လက်စွပ်အား ရယူလိုက်သည်။
သူသည် ဂိုဏ်းအား တတ်နိုင်သမျှ ပိုမိုကောင်းမွန်အောင်လုပ်ရန် ဆုံးဖြတ်ထားသည်။ ထိုမှသာ ဖန်းနီအား ပြသရန် ထိုက်တန်သော နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။
အချို့သော အခြေအနေများတွင် အချစ်ရေးသည် စိတ်ဓာတ်ခွန်အားတစ်ခု ဖြစ်စေနိုင်ပေသည်။
အန်လင်းမှာလည်း ထိုသည်ကိုကြည့်ကာ စိတ်ကျေနပ်နေသည်။ သူသည် ထိုစုံတွဲ၏ မြှားနတ်မောင် ဖြစ်သောကြောင့် ၎င်းတို့အား အစစအရာရာ အဆင်ပြေစေချင်သည်။
အန်လင်းသည် ကောင်းကင်အရှင်သခင်နှင့် လင်ကျွင်းကျွင်းတို့အား နှုတ်ဆက်ကာ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်ထံ ပြန်လာခဲ့သည်။
ရှောင်ဇယ်နှင့် အော့နျိုမှာမူ စုကျိုးအင်မော်တယ်ဂိုဏ်းသို့ အတူတကွ ပြန်သွားကြသည်။
တုန်းဖန်းကျွမ်းရှီးသည် အန်လင်းနှင့် ခွဲမနေနိုင်သောကြောင့် ဇူစကာနှင့် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာကိုပါ ကျောင်းတော်ထံ ခေါ်ဆောင်လာသည်။ စင်စစ်အားဖြင့် အန်လင်းမရှိပဲ ခေတ္တခဏ နေရရုံမျှနှင့် ဘာမှမဖြစ်သွားနိုင်ပေ။
သို့သော် အန်လင်း၏ဘေးတွင် ရှိနေခြင်းက ဒဏ္ဍာရီလာသားရဲခန္ဓာအား ပြန်လည်တည်ဆောက်ရန် အထောက်အကူ ဖြစ်စေသည်။
............
နေသာသော နေ့လည်ခင်းတစ်ခု၌
စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ စတုတ္ထနှစ် ကျောင်းသားအဆောင်တွင် ရှောင်ဟုန်မှာ ပြတင်းပေါက်ဘောက်တွင် ပွင့်ချပ်များ ဖြန့်ကားထားကာ သာယာစွာ သီချင်းညည်းနေသည်။
ဖြာကျနေသော နေရောင်ခြည်သည် သန့်စင်သော စွမ်းအင်အဖြစ် ပြောင်းလဲကာ သူမ၏ ကျင့်ကြံရေးအား ဖြည်းဖြည်းနှင့်မှန်မှန် အကူအညီ ပေးနေသည်။
အန်လင်း၏ သားရဲများထဲတွင် ရှောင်ချိုးပြီးလျှင် ဒုတိယမြောက် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ရောက်ရှိလာသူမှာ ရှောင်ဟုန်ပင် ဖြစ်သည်။
တပိုင်သည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ခြေလှမ်းတဝက်မျှ ရောက်ရှိထားပါသော်လည်း ထိုအဆင့်နှင့် ဝေးကွာနေဆဲပင်။
လေးယောက်မြောက် မောင်လေးမှာမူ မမွေးခင်တည်းက အစားခံခဲ့ရသောကြောင့် ထည့်ပြော၍ မဖြစ်ပေ။
ငါးယောက်မြောက် ညီအစ်မမှာ ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်ရှိထားပြီးဖြစ်ကာ ခြောက်ယောက်မြောက် မောင်ငယ်လေးမှာလည်း မကြာမီပင် ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်ရှိတော့မည် ဖြစ်သည်။ ဇာမဏီဥထဲတွင် ရှိနေသော ခုနစ်ယောက်မြောက် အငယ်လေးမှာမူ မမွေးခင်ကပင် အားလုံးထက် သာလွန်နေလေပြီ။
တပိုင်အတွက် ဆိုးရွားသော အခြေအနေပင်။
တပိုင်သည် ပြတင်းပေါက်နားတွင်အိပ်ကာ ရှောင်ဟုန်အား မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ရှုနေသည်။ ရှောင်ဟုန်သည် နေရောင်ခံကာ သီချင်းဆိုနေရုံဖြင့် ကျင့်ကြံရေး တိုးတက်နေသောကြောင့် တပိုင်မှာ ပြောပြမရအောင် မနာလို ဖြစ်မိသည်။
"တပိုင်....... ဒီနေ့ မကျင့်ကြံဘူးလား။"
တီနာမှာ တပိုင်အားကြည့်ကာ ပြုံးပြလိုက်သည်။
"မကျင့်ကြံတော့ဘူး။ ငါဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘာမှမလုပ်တဲ့ ရှောင်ဟုန်ကိုလည်း မမှီဘူး။ အဲ့ဒါက ငါ့ကိုရင်နာစေတယ်........ ဝုတ်။"
တပိုင် အတော်ပင် စိတ်ဓာတ်ကျနေသည်။
"သားရဲအဖွဲ့မှာ ငါက အညံ့ဆုံးပဲ။ အစ်ကိုကြီးအန် ပြန်လာနေပြီလို့ကြားတယ်။ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေကနေ ငါ့ထက်ညံ့တဲ့ကောင်တွေ ခေါ်လာရင် ကောင်းမှာပဲ။"
တီနာမှာ ခေါင်းခါလိုက်မိသည်။
သူမသည် စကားဆိုရန် ပြင်လိုက်ပြီးမှ ဘာမှမပြောဖြစ်တော့ပေ။
အရူးတပိုင်........ ဘီလူးအန်လင်းက နင့်ထက်ညံ့တဲ့ကောင်ကို လက်ခံဦးမှာတဲ့လား........
မကြာမီပင် အဆောင်တံခါး ပွင့်လာလေသည်။
"ငါပြန်လာပြီ။"
အန်လင်း အော်ဟစ်လိုက်သည်။
တီနာနှင့် တပိုင်မှာ ပျော်ရွှင်သွားပြီးနောက် တံခါးဝသို့ အပြေးသွားလိုက်ကြသည်။
"အိမ်ကနေ ကြိုဆိုပါတယ်...... ဘီလူးအန်လင်း....."
တီနာ ပြုံးကာပြောလိုက်သည်။
"အစ်ကိုကြီးအန်....... ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေကနေ ဘာတွေရခဲ့သေးလဲ...... ဝုတ်။"
တပိုင် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ရခဲ့တာပေါ့။ သားရဲအုပ်စုအတွက်လည်း အဖွဲ့ဝင် တိုးလာပြီ။"
အန်လင်း လျှို့ဝှက်သော အမူအရာဖြင့် တုံ့ပြန်လာသည်။
တပိုင် ပါးစပ်အဟောင်းသားဖြစ်ကာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာသည်။
ဘုရားရေ........ ပျော်ရွှင်စရာတွေ ဖြစ်လာတော့မှာလား...... နတ်ဘုရားတွေက ငါ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပြီလား........
ငါ့ထက်ညံ့တဲ့ကောင် ရောက်လာတော့မှာလား......
"ဘယ်သူလဲ အစ်ကိုကြီးအန်....."
တပိုင် တက်ကြွစွာ မေးမြန်းလိုက်သည်။
အန်လင်း လှမ်းခေါ်လိုက်သည်။
"ကုလေး...... လာခဲ့တော့။"
ချက်ချင်းဆိုသလို အနုပညာမြောက်စွာ လှပလွန်းသော ပိုးကောင်ငယ်လေးတစ်ကောင် တပိုင်ရှေ့သို့ ရောက်ရှိလာသည်။
ပိုးကောင်လား.........
တပိုင် ခပ်ဖွဖွ ပြုံးလိုက်သည်။
"မင်းက ကုလေးလား။ ငါက တပိုင်ပါ။ ငါ့ကို အစ်ကိုကြီးပိုင်လို့ ခေါ်လို့ရတယ်။ စိတ်မပူနဲ့နော်။ အခုကစပြီး အစ်ကိုကြီးပိုင်က မင်းကိုကာကွယ်ပေးမယ်။"
ပိုးကောင်ငယ်လေး ခေါင်းညိတ်ပြကာ သာယာကြည်လင်သော အသံဖြင့် စကားဆိုလိုက်သည်။
"မင်္ဂလာပါ အစ်ကိုကြီးပိုင်။"
တပိုင် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကုလေးရဲ့ ကျင့်ကြံရေးအဆင့်က ဘယ်လောက်ရှိပြီလဲ။ အစ်ကိုကြီးပိုင်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းကိုရောက်ဖို့ ခြေလှမ်းတဝက်ပဲ လိုတော့တယ်။ အဲ့ဒါကြောင့် စိတ်ဝိဉာဉ်သားရဲဖြစ်ဖို့ သိပ်မလိုတော့ဘူး။"
ကုလေးမှ တုံ့ပြန်လာသည်။
"ဝိုး....... အစ်ကိုကြီးပိုင်က အရမ်းမိုက်တာပဲ။ ငါက ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် အင်မော်တယ်သားရဲပါ။"
ဝုန်း......
တပိုင်မှာ မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။
တပိုင် မျက်လုံးအပြူးသား ဖြစ်သွားသည်။
"ကုလေး..... မင်း...... မင်းဘာပြောလိုက်တာလဲ။ မင်းရဲ့ ကျင့်ကြံရေးအဆင့်က....."
"တိတိကျကျ ပြောရရင် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်ရဲ့ အထွဋ်အထိပ်မှာပါ။"
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် ရှင်းပြလိုက်သည်။
ဝုန်း........
တပိုင်မှာ မိုးကြိုးထပ်ပစ်ခံရကာ သနားစဖွယ် အမူအရာ ဖြစ်သွားသည်။
အင်မော်တယ်သားရဲ........ ဟားဟား...... အင်မော်တယ်သားရဲတဲ့လား.......
ဒုန်း.........
တပိုင် သေချင်နေသော မျက်နှာထားဖြင့် မြေပြင်ပေါ် လဲကျသွားသည်။
"အစ်ကိုကြီးပိုင် အဆင်ပြေရဲ့လား။"
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် စိုးရိမ်သွားသည်။
"ဟားဟား......... ငါက အသုံးမကျတဲ့ ခွေးပဲ...... ဝုတ်....."
တပိုင် မျက်လုံးများ ပိတ်လိုက်သည်။
တီနာ : ".........."
အန်လင်း : "........."