ယုံကြည်ချက်ပြန်လည်ရရှိခြင်း
Vol. 62 Ch. 870
"ဘာဖြစ်လို့လဲ တပိုင်......"
အန်လင်း စိုးရိမ်ပူပန်သွားသည်။
"ကျွန်တော့်နားမကပ်နဲ့။ ကျွန်တော်က ပိုးကောင်ထက်တောင်ညံ့တဲ့ ခွေးတစ်ကောင်ပါ.......... ဝုတ်။"
တပိုင်မှာ သတ်သေချင်နေသော အမူအရာဖြင့် မြေပြင်ပေါ် လူးလှိမ့်နေသည်။
အန်လင်းမှာ တပိုင် ယခုလို ဖြစ်နေရသော အကြောင်းအရင်းအား သိရှိလိုက်သည်။ သားရဲအုပ်စုမှ အခြားသားရဲများ၏ ကျင့်ကြံရေးအဆင့်သည် တပိုင်၏ ယုံကြည်မှုအား ပျက်စီးသွားစေခြင်းပင်။
အန်လင်း ဒူးထောက်ထိုင်ကာ တပိုင်အား ခေါင်းပွတ်ပေးလိုက်သည်။
"တပိုင်...... မင်းက ရေအိုင်ထဲက ဖားသူငယ်လို ဖြစ်နေပြီ။ ဒီသားရဲအုပ်စုထက်ပိုပြီး မြင်တတ်ရမယ်လေကွာ။"
"ဘာကိုပြောချင်တာလဲ။"
တပိုင်မှာ မျက်လုံးဝိုင်းကြီးများအား ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
"ဒီလိုလေ....."
အန်လင်း ဂရုတစိုက် စကားဆိုလိုက်သည်။
"လျှိုတပေါင်ရဲ့ ပင်လယ်ကမ်းခြေလိပ်က ကျင့်ကြံရေးအဆင့် ဘယ်လောက်လဲ။"
"တာအိုခန္ဓာ အဆင့်ငါး ထင်တာပဲ....... ဝုတ်။"
တပိုင် ဖြေကြားလိုက်သည်။
"ကောင်းပြီ။"
အန်လင်း ဆက်မေးလိုက်သည်။
"ထျန်းရှီမန်ရဲ့ မြေဖြိုကျားကရော........."
"တာအိုခန္ဓာ အဆင့်ရှစ်မလား။"
တပိုင် အနည်းငယ် တွေဝေနေသည်။
"သူတို့နှစ်ကောင်လုံး မင်းကိုယှဉ်မချနိုင်ဘူးလေ။ စိတ်ထဲနေလို့မကောင်းရင် ဒင်းတို့ကို သွားသမလိုက်ပါလား။ စိတ်ပြေလက်ပျောက်ပေါ့။"
အန်လင်း အားပေးလိုက်သည်။
"အဲ့လိုဆို ထျန်းရှီမန်က ကျွန်တော့်ကို ချမှာပေါ့ဗျ....... ဝုတ်။"
တပိုင် အနည်းငယ် ကြောက်ရွံ့နေသည်။
"သူက စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်ပဲ ရှိသေးတာလေ။ မင်းကို ဘာလုပ်နိုင်မှာလဲ။"
အန်လင်း ရယ်မောလိုက်သည်။
တပိုင် ချက်ချင်းပင် ဉာဏ်အလင်းပွင့်သွားလေသည်။
"ဆက်ပြောရအောင်။ ချန်အယ်ရဲ့ ယွဲ့တု....... အင်း သူ့ကိုတော့ ထားလိုက်ပါ။"
အန်လင်း လက်ခါပြလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဒီသားရဲအုပ်စုကိုပဲ ကြည့်မနေပဲနဲ့ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော် တစ်ခုလုံးကို မြင်အောင်ကြည့်စမ်းပါ။"
"ဒီသားရဲအုပ်စုကလွဲရင် ကျန်တဲ့သားရဲတွေကို မင်းလွယ်လွယ်လေး အနိုင်ကျင့်လို့ရတယ်လေ။ မင်းရဲ့အမြင်ကို တစ်ကမ္ဘာလုံးကို ဖြန့်ကျက်လိုက်စမ်းပါ။ မင်းက ပြိုင်ဘက်ကင်း တစ်ယောက်ဆိုတာ သိလာလိမ့်မယ်။"
တပိုင်မှာ တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် မျက်လုံးပြူးသွားသည်။
ထို့နောက် မျက်ရည်အဝဲသား ဖြစ်လာသည်။
"ဒါကြောင့်ကိုး........ ကျွန်တော်က အမြင်ကျဉ်းနေခဲ့တာပဲ။"
တီနာ အံ့အားသင့်နေမိသည်။
အမြင်ကျယ်စေတယ်ဆိုတာ ဒီလိုမျိုးလား.......
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်သည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။ အန်လင်း ထိုမျှအပြောကောင်းမှန်း သူမသိခဲ့ပေ။
တပိုင်မှာ ရင်ထဲထိကာ စိတ်လှုပ်ရှားစွာဖြင့် အန်လင်းပေါ် ခုန်တက်လိုက်သည်။
"အစ်ကိုကြီးအန်က ကျွန်တော့်အပေါ် အရမ်းကောင်းတာပဲ။ အစ်ကိုကြီး စကားတွေ နားထောင်ရတာ ဘဝအမြင်တွေ ပြောင်းလဲသွားတယ်.......... ဝုတ်။"
အန်လင်း ခပ်ဖွဖွပြုံးကာ တပိုင်အား ခေါင်းပွတ်ပေးလိုက်သည်။ သူပြောခဲ့သည်မှာ အလိမ်အညာ မပါပေ။
ထိုသည်မှာ ဟွားနိုင်ငံ၏ စားပွဲတင်တင်းနစ် အဖွဲ့လိုပင်။ နိုင်ငံတော်အဆင့် စားပွဲတင်တင်းနစ်အဖွဲ့ ဖြစ်လာပြီးနောက် ၎င်းတို့သည် မည်သူ့ကိုမှ အနိုင်မတိုက်နိုင်သောကြောင့် အားကစားသမားများမှာ အတော်ပင် စိတ်ဓာတ်ကျခဲ့ရသည်။ ထို့နောက် တစ်ကမ္ဘာလုံးအပေါ် အမြင်ကျယ်ကျယ် ထားသင့်ကြောင်း သိရှိလာခဲ့ကြသည်။
၎င်းတို့သည် ယုံကြည်ချက်များ ပြန်လည်ရရှိလာရန် အချို့နိုင်ငံငယ်များသို့သွားကာ အပီသိပ်ကြသည်။
"တပိုင်....... မင်းရဲ့ ဂုဏ်သိက္ခာကို ပြန်ယူပစ်လိုက်စမ်းပါ။"
အန်လင်း အားပေးလိုက်သည်။
"ကောင်းပြီလေ။ အစ်ကိုကြီးအန် ကျွန်တော် သွားတော့မယ်......... ဝုတ်။"
တပိုင် တာ့တာပြကာ ခေါင်းမော့ရင်ကော့လျက် အဆောင်ခန်းထဲမှ ထွက်ခွာသွားသည်။
မကြာမီပင် တပိုင်သည် ဆောက်လုပ်ရေးအချို့ လုပ်နေသည်ကို တွေ့လိုက်ရသည်။
တစ်ယောက်ယောက်က အိမ်ဆောက်နေတာလား.......
ဆောက်လုပ်နေကြသည်မှာ လူသားတစ်ဦးနှင့် သားရဲနှစ်ကောင်ပင်။
ဟဲဟဲ....... သူတို့က အိမ်နီးချင်း အသစ်တွေလား........
တပိုင် လျှို့ဝှက်စွာ ပြုံးလိုက်သည်။
တပိုင်ဆိုတဲ့ငါက ဆရာ့ဆရာကြီးပဲ........ အဲ့ဒါကို ဒင်းတို့စိတ်ထဲ စွဲသွားစေရမယ်.........
တပိုင် ၎င်းတို့ထံ လျှောက်လှမ်းသွားလိုက်သည်။
"အဟမ်း......... မင်းတို့က လူသစ်တွေလား။"
လူသားမှ ယဉ်ကျေးစွာ ခေါင်းညိတ်ပြလာသည်။
"ဟုတ်ပါတယ်။ မင်းကရော......"
တပိုင်မှာ အနည်းငယ် အံ့သြသွားရသည်။
ဒီလူက ကျောင်းသားဖြစ်ဖို့ အသက်ကြီးနေသလိုပဲ....... အနောက်တံခါးကနေ ဝင်လာတာများလား..........
တပိုင်မှာ ထိုသည်ကို မတွေးတော့ပဲ ရင်ဘတ်အား လက်နှင့်ပုတ်ပြလိုက်သည်။
"တပိုင်ဆိုတဲ့ငါက ဒီနေရာမှာ ဆရာ့ဆရာကြီးပဲ။ ငါကာကွယ်ပေးတာကို လိုချင်ရင် ငါ့ကို အစ်ကိုကြီးပိုင်လို့ ခေါ်ရမယ်။ နားလည်လား။ ငါ့ကိုတွေ့တိုင်းလည်း လေးလေးစားစား၊ ရိုရိုသေသေ နှုတ်ဆက်ရမယ်။"
"ခွီး...... ဟားဟားဟား......."
ထူပါ့ရှူမှာ ရယ်ပွဲကျသွားသည်။
"ဒီခွေးငတုံးကောင်က ဘယ်ကလာတာလဲ။ ဒင်းတောင် ဒီလောက်တုံးနေတာ သူ့သခင်သာဆို ပြောဖို့မလိုလောက်တော့ဘူး...... ဟားဟား......"
တပိုင် ဒေါသထွက်ကာ မြေပြင်အက်ကွဲအောင် ခြေထောက်ဆောင့်ချလိုက်သည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ခြေလှမ်းတဝက်မျှ ရောက်နေသော အရှိန်အဝါများ ဖြာထွက်လာသည်။
"ကြွတ်စုတ်ကောင်...... အခု ငါ့ကိုတောင်းပန်ဖို့ အခွင့်အရေးပေးမယ်။"
တပိုင် စကားဆိုလိုက်သည်။
ထူပါ့ရှူတစ်ကောင်က ငါ့ကိုစော်ကားရဲတယ်ပေါ့လေ...... လုံးဝလက်မခံနိုင်ဘူး........
ဘယ်သူက ဆရာကြီးလဲဆိုတာ ရှင်းရှင်းလင်းလင်း သိသွားအောင် ပြထားရမယ်.........
"အဟက်...... ခွေးငတုံးကောင် ငါမင်းကို ပညာမပေးခင် လစ်လိုက်တော့။"
ထူပါ့ရှူမှာ အလျှော့မပေးပေ။
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် မည်သည့်စကားမှ မပြောပဲ ဘေးသို့ထွက်ကာ ရပ်ကြည့်နေသည်။
တပိုင် : "ဝုတ်......"
ထူပါ့ရှူ : "အား......."
၎င်းတို့နှစ်ကောင်မှာ ပြိုင်တူအော်ဟစ်ကာ ရှေ့သို့တက်လာကြသည်။
ဒုန်း...... ဒုန်း........ ဒုန်း.......
ဘန်း....... ဘန်း...... ဘန်း.......
ဝုန်း....... ဝုန်း....... ဝုန်း.........
ဖြောင်း....... ဖြောင်း......... ဖြောင်း........
ခွပ်........ ခွပ်....... ခွပ်........
တိုက်ပွဲမှာ အတော်ပြင်းထန်သည်။
တပိုင်သည် ဒဏ်ရာဒဏ်ချက်များနှင့် မြေပြင်ပေါ် ပစ်လဲသွားသည်။
ထူပါ့ရှူမှာမူ အောင်နိုင်သူပုံစံဖြင့် ပြုံးနေလေသည်။
"ဘာလို့လဲ။ တစ်ကျောင်းလုံးမှာ ငါက ပြိုင်ဘက်ကင်းသားရဲ ဖြစ်ရမှာလေ။"
"ဘာလို့ ပထမဆုံး တိုက်ပွဲမှာတင် ထူပါ့ရှူတစ်ကောင်ကို ရှုံးသွားရတာလဲ။"
တပိုင်၏ ယုံကြည်ချက်များ ပြန်လည်ပျောက်ဆုံးကာ ဝမ်းနည်းစွာ ငြီးငြူလိုက်သည်။
ထူပါ့ရှူလည်း အံ့သြသွားရသည်။
ဒီခွေးက တိုက်ပွဲတစ်ပွဲလောက် ရှုံးရုံလေးနဲ့ တကယ်ကြီး ငိုနေတာလား.........
ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေမှလာသူ ဖြစ်သောကြောင့် ထိုသို့ငိုယိုနေသော မြင်ကွင်းအား အမှန်တကယ် နားမလည်နိုင်ပေ။
"ထွီ...... ရွံဖို့ကောင်းလိုက်တာ။"
ထူပါ့ရှူမှာ အထင်သေးဟန်ဖြင့် ထွက်ခွာသွားသည်။
"ဘယ်သူ့ကို ရွံဖို့ကောင်းတယ် ပြောတာလဲကွ...... ဝုတ်...."
တပိုင် ထူပါ့ရှူအား စူးစိုက်ကြည့်ရှုလိုက်သည်။
"ဟမ့်...... တိုက်ပွဲရှုံးလို့ ငိုနေတဲ့ခွေးကို ပြောတာကွာ။ ရွံတယ်.... ဝေါ့။"
ထူပါ့ရှူမှာ ခပ်ရွဲ့ရွဲ့ ပြန်ဖြေလာသည်။
တပိုင် ဒေါသထွက်ကာ ထူပါ့ရှူအား ခုန်အုပ်လိုက်သည်။
"ငါမင်းကို သတ်ပစ်မယ်။"
ဝုန်း.......
နယ်ပယ်ကိုပါ ထုတ်ဖော်လိုက်သည်။
ငွေရောင်လေဓားများမှာ ပတ်ဝန်းကျင်အား ဖုံးလွှမ်းသွားသည်။
ဖောင်း..... ဖောင်း...... ဖောင်း......
ဘုန်း...... ဘုန်း......... ဘုန်း........
ဗြောင်း....... ဗြောင်း...... ဗြောင်း.......
ပြင်းထန်လှသော တိုက်ပွဲနှင့်အတူ တပိုင် ပက်လက်လန်သွားပြန်သည်။
"အဟက်...... ကိုယ့်အဆင့်ကိုယ်သိပြီလား။"
ထူပါ့ရှူမှာ တပိုင်ပေါ်တွင်ရပ်ကာ အထင်သေးစွာ မေးလိုက်သည်။
တပိုင်မှာ ဒေါသကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေသည်။
"လုံးဝပဲ...... ဝုတ်....."
ဝုန်း..... ဝုန်း...... ဝုန်း.......
ဒိုင်း.......ဒိုင်း......ဒိုင်း.......
ခွပ်.......ခွပ်......ခွပ်.........
........
အန်လင်း၏ အဆောင်၌
ဆိုးရွားသော အခြေအနေများ ဖြတ်ကျော်ခဲ့ပြီးနောက် ယခုသည် အေးအေးဆေးဆေး အနားယူရမည့် အချိန်ပင်။
သူသည် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေမှ နာမည်ကျော် မြေခွေးဖြူအင်မော်တယ် လက်ဖက်ရည်ကြမ်းအား ငှဲ့လိုက်သည်။ ၎င်း၏ရနံ့သည် သန့်စင်မွှေးပျံ့လွန်းလှ၏။
တီနာသည် တင်ပုလ္လင်ခွေထိုင်ကာ လက်ဖက်ရည်ကြမ်းအား အနည်းငယ်မျှ သောက်လိုက်သည်။
"အင်း....... အရသာရှိလိုက်တာ။"
သူမ၏ မျက်ဝန်းလေးများ မှေးစင်းသွားလေသည်။
အန်လင်း ခပ်ဖွဖွပြုံးကာ တစ်ငုံသောက်လိုက်သည်။
"ဘီလူးအန်လင်း...... တပိုင်က သူများသားရဲတွေ လိုက်အနိုင်ကျင့်နေရင် ကောင်းပါ့မလား။"
တီနာ ခပ်တိုးတိုး မေးမြန်းလာသည်။
"သူအဲ့လိုလုပ်မှာ မဟုတ်ပါဘူး။"
အန်လင်း ယုံကြည်ချက်ရှိစွာ ခေါင်းခါပြလိုက်သည်။
"တပိုင်က သူဘာလုပ်နေလဲ သူသိပါတယ်။ သားရဲငယ်လေးတွေကိုပဲ နည်းနည်းပါးပါး ဖြဲခြောက်မှာ။ တကယ်တိုက်မှာ မဟုတ်ပါဘူး။"
ဝုန်း.......
တပိုင် ဝုန်းဒိုင်းကြဲ ဝင်ရောက်လာသည်။
"ပြန်လာတာ မြန်လှချည်လား။"
တီနာ အံ့သြသွားသည်။
အန်လင်းမှာ မထင်မှတ်ထားပါသော်လည်း အပြုံးမပျက်ပေ။
"ကြည့်ရတာ သူ့အတွက် ရန်သူကောင်း မရှိလို့ ပျင်းပြီးပြန်လာတာထင်တယ်။"
တပိုင် ၎င်းတို့ရှေ့ ရောက်ရှိလာသည်။
သူသည် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်ကာ မျက်ရည်များ စီးကျနေလေသည်။
"ဝါး........ အစ်ကိုကြီးအန်......"
တပိုင်မှာ အန်လင်းအားတကာ ငိုကြွေးတော့သည်။
"ကျွန်တော် ဘယ်တော့မှ အပြင်မထွက်တော့ဘူး။ ကျွန်တော်က ဘယ်သူ့ကိုမှ မတိုက်ခိုက်နိုင်ဘူး။ ကျွန်တော်က သုံးစားမရတဲ့ကောင်...... လောကကြီးက ကြောက်ဖို့ကောင်းလွန်းတယ်.... ဝုတ်......"
အန်လင်း : ".........."