အသက်ရှင်လျက် ထွက်လာခြင်း
Vol. 25 Ch. 344
“သွားကြမယ်” မိုဝူကျီက အထီးကျန်ကြိုးနီကို ဆွဲကာ သဘာဝစွမ်းအားများ အရှိန်ဖြင့် ထွက်လာလေသည်။ လေပြည်လေး တစ်ချက် ဖြစ်ပေါ်သွားပြီး မိုဝူကျီက ထိုနေရာမှ ထွက်ရန် အမြန်ဆုံးနှုန်းကို အသုံးပြု ထားလေသည်။
မိုဝူကျီက အရှိန်ကို အမြန်ဆုံး မြင့်လိုက်သော်လည်း သူက ချပ်ဝတ်တပ်ကိုတော့ မထိုးဖောက် နိုင်သေးပေ။ ရုန်းရင်းခက်ထန် ကြမ်းတမ်းသော ချပ်ဝတ်တပ်က စတင်၍ ချီတက် လာကြသည်။
“ဘမ်း”
သဘာဝ စွမ်းအားများကို စုစည်းထားပြီး မိုဝူကျီ၏ အကာအကွယ် သဘာဝစွမ်းအားကို တိုက်ရိုက် ခြေမွှသွားကာ အားရပါးရ ဟစ်ကြွေးရင်း ချီတက် လာကြသည်။ မိုဝူကျီပင် စိတ်လေးလံ မိသွားသည်။ ဤသို့သော အင်အားစုမျိုးနှင့် ရင်ဆိုင်တွေ့ပါက လောက အင်မော်တယ်အဆင့် ကျင့်ကြံသူပင် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ သူကဲ့သို့ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၂ မျိုးကို ထည့်ပင် ပြောမနေပါနှင့်။ သူက လောက အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူများကို မကြောက်သော်လည်း သူက လောက အင်မော်တယ် အစောပိုင်းအဆင့် စွမ်းအား ရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
မိုဝူကျီက မျက်လုံးဖြူ ဝံပုလွေ၏ သီးသန့်အကွက် နေရာ ကူးပြောင်းခြင်း စွမ်းအားကို အမှတ်ရမိသွားသည်။ အကယ်၍ သူသာ နေရာကူးပြောင်း နိုင်ပါက အဆင်ပြေပေလိမ့်မည်။ ဤအချိန်၌ နေရာကူးပြောင်းခြင်း ကသာ သူ့အား ကယ်နိုင်ပေတော့မည်။
ချီတက်လာရာမှ သဘာဝ စွမ်းအားများက ထွက်ပေါ်လာပြီး မိုဝူကျီ မျက်လုံးပင် နီရဲလာလေသည်။
တိုက်ရမယ် ...
မိုဝူကျီက လက်နှစ်ဖက်ကို မြှောက်ရင်း လျှပ်စီးဓားဆယ်စင်းကို ပြုလုပ်ကာ ပစ်လွှတ် လိုက်တော့သည်။ ထိုလျှပ်စီးဓားများ နောက်တွင် လျှပ်စီး အလုံးများစွာ ပါရှိလေ၏။
“ဘမ်း ... ဘုန်း ...” လျှပ်စီးဓားများက သွေးမြူများ ဖြစ်ပေါ် လာစေသည်။ ထို့နောက် လျှပ်စီးအလုံးများက ပေါက်ကွဲသွားပြီး မိုဝူကျီရှေ့တွင် နေရာလပ် ပေါ်ပေါက်လာသည်။ တစ်ချိန်တည်း ဆိုသလို မိုဝူကျီက တစ်ဟုန်ထိုး ချီတက်လာမှုမှာ နှေးကွေး သွားကြောင်း ခံစားမိလိုက်သည်။ သူက ချပ်ဝတ်တပ်၏ ရှေ့တန်းကို ထိုးဖောက် ဝင်ရောက်ပြီး လေပြီ။
ထိုသို့သော အခွင့်အရေးကောင်းမျိုးကို မိုဝူကျီက မည်သို့ လက်လွတ် ခံနိုင်မည်နည်း။ သူက ချပ်ဝတ်တပ်၏နှုန်း နှေးကျသွားသည်နှင့် တစ်ချိန်တည်း လေလွတ်မြောက်ရေး နည်းစနစ်ကို အသုံးပြု လိုက်တော့သည်။ သူ့လျှပ်စီး ဓားများကြောင့် ဖြစ်ပေါ်လာသည့် ကြားကွက်လပ်မှာ သွေးမြူများနှင့် ပြည့်နေသော်လည်း သွားလာ၍ ရသေးလေသည်။
“ကျေးဇူးပဲ” သေခြင်းတရားကို မစိုးရွံ့သည့် အထီးကျန် ကြိုးနီကဲ့သို့ လူမျိုးပင် ချွေးအေးများ စိုရွှဲသွားလေသည်။
မိုဝူကျီက လှည့်ကြည့် လိုက်သည့်အခါ လခြမ်းကွေး အင်မော်တယ် နန်းတော်မှာ နောက်တစ်ကြိမ် ပျောက်ကွယ်တော့မည် ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုတံခါးကြီးက မည်သည့်အချိန်တွင် ပြန်ပေါ်လာမည်ကို မသိနိုင်ပေ။ နယ်ခြား ကျင့်ကြံသူများ နှေးကွေးသွားသည့် အကြောင်းအရင်းက မထူးဆန်းတော့ပေ။ ယခု လခြမ်းကွေး အင်မော်တယ် နန်းတော်ကြီးက ပျောက်ကွယ်သွားပြီ ဖြစ်ရာ သူတို့တွင် ပစ်မှတ် မရှိတော့ပေ။
“မိုဝူကျီ ... ငါနဲ့ အတူတူ ကြယ်တာရာ ဘုရင်တောင်ကို လိုက်ခဲ့ပါ့လား။ ဒီမှာ ဆက်နေနေရင် လခြမ်းကွေး အင်မော်တယ်နန်းတော် ပြန်ပေါ်လာရင်တောင် အရင်လို အခြေအနေမျိုးက ထပ်ဖြစ်လာမှာပဲ” ရှုချီဟောင်က မိုဝူကျီနှင့် မနီးမဝေးတွင် ရပ်ကာ ပြောလိုက်သည်။
“စီနီယာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဂျူနီယာက ဒီနေရာမှာ ဆက်နေချင် ပါသေးတယ်” မိုဝူကျီက ရှူချီဟောင်သည် သူ့အား ကူညီနေသည်ကို ခံစားမိ၏။
သို့သော် သူ့အား ကြယ်တာရာ ဘုရင်တောင်သို့ သွားရန် ဖိတ်ကြားခြင်းသည် မဖြစ်နိုင်ပေ။ သူနှင့် ကြယ်တာရာ ဘုရင်တောင်ရှိ မျိုးနွယ်စုကြီး သုံးခုလုံး အပါအဝင် ခန်းမဆယ်ခုနှင့် အခြားသော အင်အားစုများကြားရှိ ဆက်ဆံရေးမှာ ဆိုးရွားလှသည်။ ထိုနေရာကို သွား၍ ဘာအသုံး တည့်မည်နည်း။ ပိုက်ကွန်မှာ ပိတ်မိနေသည့် ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထို့အစား သူက ဤနေရာတွင် လွတ်လွတ်လပ်လပ် နေရဖို့သာ ဆန္ဒရှိသည်။
ထို့အပြင် သူက ယန်မျိုးနွယ်စု၏ ခေါင်းဆောင် ယန်ချီရန်ကို သတ်ထားသည်မှာ မကြာသေးပေ။ အရင် တစ်ခါ လိုက်ဖမ်းခံရစဉ် သူက မျိုးနွယ်စုကြီး သုံးခုမှ လူတွေကို ဘယ်လောက် သတ်ပစ်မိမှန်း မသေချာချေ။
နယ်ခြား ကျင့်ကြံသူတပ် နယ်ပယ်ကြား ရောက်နေသည့် အကြောင်းအရင်းမှာ သူ ဂရုမစိုက်မိ၍ ဖြစ်သည်။ သို့သော် ဤကိစ္စရပ်သာ နောက်တစ်ကြိမ် ထပ်ကြုံတွေ့ လာပါက သူက အရူး တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
ရှူချီဟောင်က မိုဝူကျီ အကျပ်အတည်းကို သိ၍ သူသာ မိုဝူကျီကို ဖိတ်ခေါ် လိုက်ပါက မိုဝူကျီက ကျေးဇူးတင်စွာဖြင့် လက်ခံပြီး ကြယ်တာရာ ဘုရင်တောင်ဆီ လိုက်လာလိမ့်မည်ဟု ထင်မှတ် နေမိသည်။ ရှူချီဟောင်က မိုဝူကျီက တွန့်ဆုတ်ခြင်းမရှိ သူ့ဖိတ်ကြားချက်ကို ငြင်းပယ် လိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးပေ။ ထိုသည်က သူ့အတွက် ပြောစရာ စကားလုံး ရှာမရ ဖြစ်သွားစေသည်။
“လခြမ်းကွေး အင်မော်တယ် နန်းတော်က ပျောက်သွားပြီးပြီ။ ဒီတိုက်ပွဲကို ဆက်တိုက်နေလည်း အလကားပဲ ... လခြမ်းကွေး အင်မော်တယ် နန်းတော် ပြန်ပေါ် လာလိမ့်မယ်။ အဲဒီအတိုင်ခင် ကျုပ်တို့ အတူတူထိုင်ပြီး ဆွေးနွေး ရအောင်လား” ကျားသစ်ခေါင်းနှင့် အမျိုးသားက ရှေ့ထွက်လာကာ အော်ပြော လိုက်သည်။ ထိုသည်က အနည်းဆုံး အဆင့် ၈ သားရဲ ဖြစ်ပေသည်။ ထိုကျားသစ်ခေါင်းနှင့် အမျိုးသားကို မြင်၍ မိုဝူကျီက သတိတကြီး ထားလိုက်သည်။ မကြာသေးခင်က သူက ဧရာမ မျက်လုံးဖြူ ဝံပုလွေကို သတ်မိခဲ့သည် မဟုတ်ပါလော။
“တာအိုရောင်းရင်း ပေါင်လေ့ စကားတွေကို သဘောတူပါတယ်။ အခု လခြမ်းကွေး အင်မော်တယ် နန်းတော်က သူ့ဘာသာ ပျောက်သွားတာ ဆိုတော့ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ဆွေးနွေး ကြည့်ကြတာပေါ့။ တကယ်လို့ ကူနို့ကြယ်တာရာ မျိုးနွယ်က တိုက်ချင်တယ် ဆိုရင်လည်း ကျုပ် ချီထုံက အားပါးတရ လိုက်လျော ပေးရမှာပေါ့ ...” ကြယ်တာရာသခင် ချီထုံက ရှေ့ထွက်လာကာ ပြောလိုက်သည်။
ထိုသည်က မိုဝူကျီအတွက် ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာ သခင်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သော်လည်း ချီထုံ၏ အရှိန်အဝါအရ သူ ငေးမောမမိဘဲ မနေနိုင်ပေ။ ချီထုံ၏ စွမ်းအားများက လောကအင်မော်တယ် အဆင့်ထက် သေချာပေါက် မြင့်လေသည်။ ကြည့်ရသည်မှာ သူက မြေကမ္ဘာ အင်မော်တယ်အဆင့် ရောက်ရှိနေပြီ ဖြစ်၏။ မိုဝူကျီက ချီထုံသာ သူ့အား သတ်ချင်ပါက သူ့အတွက် လွတ်မြောက်ရန် အခွင့်အရေး မရှိကြောင်း သိ၏။ သူက ချက်ချင်း ထွက်မသွားလျှင် လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲ ဝင်မည့် မျှော်လင့်ချက်ပါ ဆုံးရှုံးရလိမ့်မည်။
သို့သော်လည်း သူ့တွင် လခြမ်းကွေးသော့ တချို့ ရှိနေကာ လခြမ်းကွေး အင်မော်တယ် နန်းတော်က မျက်စိရှေ့တွင် ရှိနေလျှက်နှင့် မည်သို့ အဆုံးရှုံး ခံနိုင်မည်နည်း။ သူ့လောဘကြောင့် သူ့အသက်လေး ဆုံးရှုံးသွားနိုင်မှန်း သိသော်လည်း မိုဝူကျီက သွားဖို့ရာ ဆန္ဒမရှိပေ။
မိုဝူကျီက သက်ပြင်းချကာ ဖြည်းဖြည်းချင်း နောက်ဆုတ်ပြီး တစ်နေရာရာကို သွားရန် ပြင်လိုက်သည်။
သိပ်မကြာခင်တွင် ပုန်းနေသည့် ရွိုက်ကောက ရောက်ရှိလာပြီး မိုဝူကျီ ပခုံးပေါ် နားလိုက်တော့သည်။ မိုဝူကျီက ပြုမူပြီးပြီ ဖြစ်ရာ သူက လခြမ်းကွေး အင်မော်တယ် နန်းတော်ကို လက်လျှော့ လိုက်ပြီးပြီ ဖြစ်၏။
အထီးကျန်ကြိုးနီက မိုဝူကျီဘေးနား ရောက်ရှိ လာလေသည်။ သူက မိုဝူကျီ နောက်ဆုတ်နေသည်ကို သတိပြုမိပြီး မိုဝူကျီသည် လမ်းကြောင်းရှာရန် ပြင်ဆင်နေကြောင်း ချက်ချင်း သိလိုက်သည်။
“အစ်ကိုမို ... ဒီလူက ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာသခင် ချီထုံပဲ။ သူက မြေကမ္ဘာ အင်မော်တယ် ရောက်နေပြီ ထင်တယ်။ ဒါပေမဲ့လည်း သူက ခင်ဗျားကို တစ်ခုခု လုပ်မလားလို့ စိုးရိမ်နေဖို့ မလိုဘူးရယ်။ အဆင့်မြင့် ကျင့်ကြံသူတွေထဲ ကြယ်တာရာ ဘုရင်တောင်မှာ သဘောကျတဲ့သူကို ပြောရရင် ရှုချီဟောင်ပေါ့။ ဒါပေမဲ့ ကြယ်တာရာ သခင်လည်း မဆိုးပါဘူး။ အနည်းဆုံးတော့ သူက ဒီနေရာ ကောင်းကျိုးအတွက် တကယ် စဉ်းစား ပေးတယ်လေ ...” အထီးကျန်ကြိုးနီက မိုဝူကျီဘေးမှာ ရပ်နေရင်း တီးတိုး ပြောလိုက်သည်။
သူက ပြောလိုက်ရင်း မိုဝူကျီ ပခုံးပေါ် နေရာကျကျနန ယူထားသည့် ရွိုက်ကောကို ခြုံငုံ ကြည့်လိုက်သည်။
အမြဲတမ်း လေပေါနေတတ်သည့် ရွိုက်ကောပင် အခါတိုင်းနှင့်အတူ ငြိမ်သက်နေ၏။ ဤတိုက်ပွဲအတွင်းမှ သားရဲအုပ်ကြီးမှာ အဖြည့်ခံသာသာ ဖြစ်လိမ့်မည်။ ထိုအဖြည့်ခံများ ကြား၌ အများစုမှာ သူ့ထက် အားကောင်း ကြပေသည်။ သူသာ ပုန်းကွယ်မနေပါက အသတ်ခံရပြီးလောက် လေပြီ။
“ကူနို့ချပ်ဝတ်တပ် နေရာစီမယ် ...” သားရဲကို စီးနင်းလာသည့် နယ်ခြား ကျင့်ကြံသူ တစ်ယောက်က ချပ်ဝတ်တပ်ကို အမိန့်ပေးလိုက်သည်။
သူက ချီထုံကို နားလည်ပေသည်။ အကယ်၍ ကူနို့ချပ်ဝတ်တပ်သာ ဆက်လက် ချီတက်နေပါက သူသည်လည်း အပြောင်းအလဲကို ကြုံတွေ့ ရပေလိမ့်မည်။ ကျန်းမိုနယ်မြေသားများက သူတို့ ကူနို့တပ်နှင့် ရင်ဆိုင်ရန် အာကာသ သားရဲများနှင့် မိတ်ဖွဲ့သွားနိုင်သည် မဟုတ်ပါလော။ အပြင်ပန်းတွင် ကူနို့ကြယ်တာရာ မျိုးနွယ်မှာ ကြောက်ရွံ့ခြင်း ကင်းမဲ့လှသည်ဟု ထင်ရသော်လည်း သူတို့က ထိုသို့ ဖြစ်လာမည်ကိုတော့ အမှန်တကယ် စိုးထိတ်မိကြသည်။
ကူနို့ကြယ်တာရာ ချပ်ဝတ်စစ်သားများက မည်သည့်အရာမှ သူတို့လမ်းကို တားဆီးနိုင်စွမ်း မရှိသည့်အလား ရဲရင့်ပြီး သတ္တိရှိပုံ ပေါ်သော်လည်း ထိုအာကာသားရဲများသာ ကျန်းမိုနယ်မြေသားနှင့် ပူးပေါင်းသွားပြီး သူတို့ကို ရင်ဆိုင်ပါက သူတို့အနေနှင့် လုံးဝ လမ်းကြောင်း ပိတ်သွားပေလိမ့်မည်။
အဆင့်မြင့် ခေါင်းဆောင် သုံးယောက်နှင့်အတူ ဆူဆူညံညံ ဖြစ်နေသည့် တိုက်ပွဲမှာ ငြိမ်ကျ သွားလေသည်။ ကျန်းမိုနယ်မြေမှ စစ်တပ်နှင့် ကျင့်ကြံသူများက တစ်နေရာတွင် စုစည်းနေပြီး အာကာသ သားရဲများက နောက်တစ်နေရာတွင် စုရုံးနေလေသည်။ ကူနို့ကြယ်တာရာ မျိုးနွယ်မှာ အခြားသော နေရာတွင် နေရာယူထားသည်။
အရေအတွက်အားဖြင့် အာကာသ သားရဲများမှာ အများအပြားဆုံး ဖြစ်သည်။ သို့သော်လည်း ပေါင်လေ့က အာကာသ သားရဲများ၏ တိုက်နိုင်စွမ်းမှာ အနိမ့်ဆုံးဖြစ်ကြောင်း သိပေသည်။ ကျန်းမိုနယ်မြေနှင့် အာကာသ သားရဲများကြားတွင် မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိသဖြင့် ချီထုံက ကူနို့ကြယ်တာရာ မျိုးနွယ်နှင့် ပူးပေါင်းလျှင် သူတို့အင်အားစု နှစ်ခုဖြင့် အာကာသ သားရဲများမှာ လုံးဝ အမြတ်ဖြတ် ချေမှုန်း ခံရလိမ့်မည်။
သို့သော်လည်း ချီထုံက အရူးတစ်ယောက် မဟုတ်ပေ။ သူက ကူနို့ ကြယ်တာရာ မျိုးနွယ်နှင့် ပူးပေါင်းမည် မဟုတ်ပေ။ နှိုင်းယှဉ်ကြည့်လျှင် သူက အာကာသ သားရဲများထက် သူတို့ ကူနို့ကြယ်တာရာ မျိုးနွယ်ကို ပို၍ မကြိုက်ပေ။
ကူနို့ ကြယ်တာရာ မျိုးနွယ်တွင် တိမ်တိုက်များကဲ့သို့ ပါရမီရှင်များ ပေါများကာ သူတို့က သားရဲထိန်းကျောင်းရာ၌ ပါရမီရှင်များ ဖြစ်ကြသည်။ ထိုစဉ် ကူနို့ကြယ်တာရာ မျိုးနွယ်က ကုန်းတွင်းပိုင်းတွင် ကျင့်ကြံခြင်း အရင်းအမြစ် အသစ်များ ဖန်တီးဖို့ရာ အလောတကြီး လိုအပ်နေကာ ကျန်းရှင်းက ထိုလိုအပ်ချက်များနှင့် ကိုက်ညီနေလေသည်။ အကယ်၍ လောကခန်းမ၏ ကြိုးစားမှုကြောင့်သာ မဟုတ်လျှင် ကျန်းမိုနယ်မြေမှာ သူတို့ ကူနို့ကြယ်တာရာ မျိုးနွယ် လက်အောက် ကျရောက်ပြီးလောက် လေပြီ။
ပေါင်လေ့ အကြံပြုလိုက်သည့် စကားများမှာ ချီထုံ အလိုရှိနေသည့် အရာနှင့်ကွက်တိ ဖြစ်ပေသည်။ အနည်းဆုံးတော့ သူက မိုဝူကျီတွင် လခြမ်းကွေးသော့ သုံးချောင်း ရှိမှန်း သိ၍ ကျန်းရှင်းမှ လူတချို့တွင်လည်း သော့အနည်းငယ် ရှိကြလိမ့်မည်ဟု ခန့်မှန်းမိသည်။ သူတို့သာ လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲ အောင်အောင်မြင်မြင် ဝင်ရောက် နိုင်သွားပါက သေချာပေါက် အကျိုး ကျေးဇူးများစွာ ဖြစ်ထွန်းပေလိမ့်မည်။
ထိုရတနာများက မည်သူ့လက်ထဲ ရောက်သွားသည်က ကိစ္စမရှိပေ။ သူတို့ နယ်မြေအတွက် အကျိုးမြတ် ရရှိစေဖို့သာ ဖြစ်သည်။
“တာအိုရောင်းရင်း ပေါင်လေ့၊ တာအိုရောင်းရင်း ဆစ် ... ဒီတစ်ကြိမ် လခြမ်းကွေး အင်မော်တယ် နန်းတော်က ကျုပ်တို့ရဲ့ လောကခန်းမနားမှာ ပေါ်လာတယ်၊ ဒါပေမဲ့ အထဲက ရတနာတွေက ကံစပ်တဲ့သူ ပိုင်တယ်လို့ ကျုပ် ယုံတယ် ...” ချီထုံက ရည်ရွယ်ချက်ရှိရှိ ကျန်းရှင်း အနေအထားကို နှိမ့်၍ ပြောလိုက်သည်။
ပေါင်လဲ့က အဆင့် ၈ သားရဲ ဖြစ်ပြီး ဆစ်က ကူနို့မှ လောက အင်မော်တယ် အဆင့် ၈ ကျင့်ကြံသူ ဖြစ်သည်။ ထို့အပြင် ချီထုံက ကူနို့တပ်အတွင်းမှ ဆစ်ထက် များစွာ အားကောင်းသည်မှာ သေချာလှပေသည်။ အာကာသ သားရဲများအတွက် အာကာသ ဝံပုလွေဘုရင်ကြီးက သူ့ထက် အများကြီး အားကောင်း ပေသည်။ သူက အဆင့် ၉ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်ရာ မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်နှင့် တူညီပေသည်။
ကျန်းရှင်းနှင့် အာကာသ သားရဲများကြားမှ တိုက်ပွဲများသည် သရေကျသည်ဟု မထင်ပါနှင့်။ လက်တွေ့တွင် သူက အဆင့် ၈ သားရဲကို သတ်ရဲသော်လည်း ထိုဝံပုလွေ ဘုရင်ကြီးသည် ကျန်းရှင်းကို အလည်တစ်ခေါက် ရောက်လာ ပေလိမ့်မည်။
ပေါင်လေ့နှင့် ဆစ်က ချီထုံစကားများကို အလေးမထားဘဲ သူတို့က အခု ထွက်လာမည့် စကားများက ပို၍ အရေးကြီးကြောင်း ရှင်းရှင်းလင်းလင်း သိပေသည်။
ထင်ထားသည့်အတိုင်း ချီထုံက ဆက်ပြောလိုက်သည် “လခြမ်းကွေး အင်မော်တယ် နန်းတော်က မကြာခင် ပြန်ပေါ်လာလိမ့်မယ်။ တာအိုရောင်းရင်း ပေါင်လေ့ ပြောတဲ့အတိုင်း လခြမ်းကွေး အင်မော်တယ်နန်းတော် ပြန်ပေါ်လာရင်တောင် ကျုပ်တို့တွေက တိုက်ကြ ခိုက်ကြနေမယ်ဆိုရင် အကျိုးမရှိ ဖြစ်သွားလိမ့်မယ်။ ကျုပ်တို့ တွက်ထားချက်အရ အဲဒီမှာ မဖွင့်ရသေးတဲ့ တာအိုဂိတ်တံခါး ၂၀ နီးပါး ရှိတယ်။ ပြီးတော့ လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲမှာ ရတနာတွေ အများကြီး ရှိတယ်။ အဲဒါကြောင့် ကျုပ်တို့ အင်အားစု သုံးခုက လူတွေကို ခွဲပြီးတော့ ပို့ရင် ဘယ်လိုလဲ ...”
ချီထုံ စကားများကို ကြားပြီး ကူနို့ကြယ်တာရာ မျိုးနွယ်မှ ဆစ်က သားရဲပေါ်မှ ဆင်းလာလေသည်။ အာကာသအတွင်း ရပ်ကာ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
“တာအိုရောင်းရင်းချီရဲ့ အတွေးက ကောင်းပါတယ်။ ဒါပေမဲ့ ကျုပ် ခန့်မှန်းတာသာ မှန်နေရင် ဒီတစ်ခေါက်က လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်လာမဲ့ နောက်ဆုံး အခေါက်ပဲ။ နောက်ဆုံး အခေါက်အတွင်း နောက်ဆုံး အခိုက်အတန့်မှာ လခြမ်းကွေး အင်မော်တယ် နန်းတော်ရဲ့ တာအိုဂိတ်အားလုံးက အလိုလို ပွင့်သွားကြလိမ့်မယ် ... အဲဒါကြောင့် ကျုပ်က ဒါကို အကြံပြုတာ၊ လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်မလာခင် ကျုပ်တို့တွေက စင်တစ်ခု ဆောက်မယ်။ တစ်ဖက်စီက လခြမ်းကွေးသော့ ရှိတဲ့ အရေအတွက်ပေါ် မူတည်ပြီး လူတွေကို ရွေးချယ်ပြီးတော့ စင်ပေါ်လွှတ်မယ်။ အနိုင်ရရှိသူက လခြမ်းကွေး အင်မော်တယ် နန်းတော်ကို ဝင်ခွင့်ရမယ်။
တိုက်ပွဲကို ဝင်ပြိုင်မဲ့သူတွေက လောက အင်မော်တယ် အဆင့်အောက်တွေ ဖြစ်ရမယ်။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့်နဲ့ အထက်ပေါ့ ...”
“ကောင်းပြီ။ ကျုပ် သဘောတူတယ် …” ပေါင်လေ့က သူ့နီရဲရဲ လျှာကို ထုတ်ကာ နှုတ်ခမ်း သပ်လိုက်သည်။ အာကာသ သားရဲများသည် အရေအတွက် များပြားသော်လည်း အများစု၏ တိုက်နိုင်စွမ်းမှာ အားမကောင်းလှချေ။ သို့သော် သူတို့သာ အရေအတွက် အနည်းငယ်သာ ရွေးချယ်ရလျှင် အာကာသ သားရဲများအတွက် အခြေအနေဆိုးမည် မဟုတ်ပေ။ ထို့အပြင် သူတို့ဘက်၌ လခြမ်းကွေးသော့ ငါးချောင်း ရှိခြင်းသည် သူတို့ဖက်မှ လူ ၅၀ လွှတ်၍ ရသည့် သဘောပင် မဟုတ်ပါလော။
“မြန်မြန် ... ဝံပုလွေ မင်းသားငယ်လေးကို သွားခေါ်ခဲ့ပါ။ ဒီတစ်ခါတော့ သူက အဖွဲ့ကို ဦးဆောင်လိမ့်မယ် ...” ပေါင်လေ့က အမိန့်ပေးလိုက်သည်။ သူက မင်းသားငယ်လေး၏ တိုက်နိုင်စွမ်းကို ကောင်းကောင်း သိ၏။ ဝံပုလွေ မင်းသားလေးသည် လောက အင်မော်တယ် အဆင့်နှင့် အနီးစပ်ဆုံး တည်ရှိမှုမျိုး ဖြစ်ပေသည်။
ချီထုံက ပေါင်လေ့နှင့် ဆစ်တို့ နှစ်ဖက်လုံး သဘောတူသည်ကို မြင်လိုက်သည့်အခါ သူက သက်ပြင်းချကာ ပြောလိုက် ရတော့သည် “ကျုပ်တို့ ကျန်းမိုကလည်း သဘောတူပါတယ် ...”
သူက ထိုသို့ လုပ်ရမည် ဖြစ်သည်။ အကယ်၍ သူသာ ငြင်းပယ်လိုက်ပါက အာကာသ သားရဲများနှင့် ကူနို့ကြယ်တာရာ မျိုးနွယ်ကို သူနှင့် ဆန့်ကျင်မည့် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ သူက သဘောတူလိုက်ပြီးနောက် မိုဝူကျီကို ကြည့်လိုက်တော့သည်။ ချီရှုဟောင်က မိုဝူကျီ ရောက်ရှိကြောင်း ပြောပြပြီးပြီ ဖြစ်၏။ အနည်းဆုံးတော့ မိုဝူကျီတွင် လခြမ်းကွေးသော့ သုံးချောင်း ရှိသဖြင့် သူက စင်ပေါ်သို့ လူ ၃၀ ခေါ်ဆောင် သွားနိုင်ပေလိမ့်မည်။
***