← Chapters

ခင်ဗျားပါးရိုက်တာလေးကို လွမ်းနေတာ

Vol. 63 Ch. 874

ခင်ဗျားပါးရိုက်တာလေးကို လွမ်းနေတာ

Vol. 63 Ch. 874

အန်လင်းမှာ သေဆုံးသွားသလို ခံစားလိုက်ရသည်။

သူသည် နေရောင်အောက်တွင် ပြေးလွှားကာ ကျင့်ကြံခဲ့သော နေ့ရက်များအား ပြန်လည်အမှတ်ရမိသည်။

အမြင်များ မှုန်ဝါးနေလေပြီ။

ထိုစဉ်တွင် မှိန်ဖျော့သော ဆေးရနံ့တစ်ခု ရရှိလိုက်သည်။

ခက်ခက်ခဲခဲ မျက်လုံးဖွင့်လိုက်သောအခါ အိပ်ရာတစ်ခုပေါ် ရောက်နေသည်ကို တွေ့လိုက်ရပြီး ဘေးတွင်လည်း ကျိုထားသော ဆေးတစ်အိုး ရှိနေသည်။

"ငါ....... ငါမသေဘူးပဲ။"

အိပ်ရာမှထရန် ကြိုးစားလိုက်သောအခါ ဆိုးရွားလွန်းလှသော နာကျင်မှုကို ခံစားလိုက်ရသည်။

"အ့......"

အန်လင်း နာကျင်စွာ အော်ဟစ်ရင်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

သောက်ကျိုးနည်း ကီရင်ငတုံး........ မင်းသေမလို ဖြစ်ထားတာ မင်းဘာသာ မသိဘူးလား....... ယီးဖြစ်လို့ လှုပ်နေရတာလား........

သူသည် လှုပ်ရှားမှုအား မထိန်းချုပ်နိုင်ပါသော်လည်း နာကျင်မှုကို ကောင်းစွာခံစားနိုင်နေသည်။

ဆိုးလိုက်တဲ့ ခံစားချက်ကြီး........

ထိုအချိန်တွင် စူးရှရှ စကားသံတစ်ခု ပေါ်ထွက်လာသည်။

"နိုးလာပြီလား။"

နို့နှစ်ရောင် ဝတ်စုံနှင့် အမျိုးသမီးမှာ အခန်းထဲ ဝင်လာပြီးနောက် အန်လင်းအား စူးစမ်းချင်ဟန်ဖြင့် ကြည့်ရှုလာသည်။

"ရှင်က ကီရင်လား။"

သွေးမိစ္ဆာကီရင်သည် သာမန်လူသားထက်ပင် အရွယ်အစား သေးငယ်နေသည်။

သို့သော် မောက်မာစွာပင် ခေါင်းမော့ထားလိုက်သည်။

"ဟုတ်တယ်။ ကျုပ်က ဒဏ္ဍာရီလာ ကီရင်ပဲ။ ခင်ဗျားက ကျုပ်ကိုကယ်ထားတာလား။ ဒီလိုဆိုမှတော့ ပါးရိုက်ခဲ့တာကို ခွင့်လွှတ်ပေးလိုက်ပါ့မယ်။"

"အဟက်...."

အမျိုးသမီးမှာ အေးစက်စွာ ရယ်မောလိုက်ပြီးနောက် လက်အားမြှောက်တင်လိုက်သည်။

ဖြန်း.......

ကျယ်လောင်လှသော ပါးရိုက်သံ ထွက်ပေါ်လာလေသည်။

ကီရင်မှာ ပါးပြင်တစ်ခုလုံး ရဲတွတ်ကာ ရင်ဘတ်ရှိ ဒဏ်ရာသည်ပင် ပိုနာသွားသလို ခံစားလိုက်ရသည်။

သူမျက်လုံးပြူးသွားမိသည်။

"ရှင့်စကားကို ပြန်ပြင်ပြောဖို့ အခွင့်အရေးပေးမယ်။"

အမျိုးသမီး ပြုံးကာပြောလိုက်သည်။

"ဒီမယ် မိန်းကလေး........ ခင်ဗျားက မီးနဲ့ကစားနေတာပဲ။"

သွေးမိစ္ဆာကီရင်သည် ဘဝတလျှောက် သတ်ဖြတ်ခြင်းများစွာ ပြုလုပ်ခဲ့ဖူးသော ဒဏ္ဍာရီလာသားရဲ ဖြစ်သည်။ မည်သူကမှ သူ့အား ထိုသို့မဆက်ဆံရဲကြပေ။

မကြာမီပင် ဗုံးတစ်လုံးကဲ့သို့ ကျယ်လောင်လှသော ပါးရိုက်သံ ထပ်ကြားလိုက်ရပြန်သည်။

ဖြန်း.........

သွေးမိစ္ဆာကီရင်မှာ မူးနောက်နောက်ဖြစ်ကာ ခန္ဓာကိုယ် တစ်ခုလုံး နာကျင်သွားရသည်။

အန်လင်း : ".........."

သွေးမိစ္ဆာကီရင် : "............."

"ခိခိ...... ရှင့်မှာ နောက်ဆုံးအခွင့်အရေး ကျန်သေးတယ်နော်။"

အမျိုးသမီးမှာ ခပ်ဖွဖွပြုံးကာ လက်အားမြှောက်တင်လိုက်သည်။

"ကျုပ်တောင်းပန်ပါတယ်ဗျာ။ ကျုပ်မှားသွားပါတယ်။"

သွေးမိစ္ဆာကီရင် ခေါင်းငုံ့တောင်းပန်လိုက်ရသည်။

အန်လင်း : "........"

သောက်ရှက်တွေတော့ ကုန်ပါပြီကွာ......

အမျိုးသမီးမှာ မျက်နှာထား အနည်းငယ် ပျော့ပြောင်းသွားသည်။

"တောင်းပန်ရုံနဲ့ ပြီးသွားမှာတဲ့လား။ ရှင်ဖျက်စီးလိုက်တဲ့ စိတ်ဝိဉာဉ်ဆေးတွေက ဘယ်လောက်အဖိုးတန်လဲ သိရဲ့လား။"

သွေးမိစ္ဆာကီရင် ခေါင်းခါပြလိုက်သည်။

"မသိပါဘူး။"

"ရှင်ကျွန်မရဲ့ဆေး သုံးဆယ့်တစ်မျိုးတိတိ စားခဲ့တယ်။ အဲ့ဒါတွေကို ပြန်လျော်ပေးရမယ်။"

အမျိုးသမီး စကားဆိုလိုက်သည်။

သွေးမိစ္ဆာကီရင် အမူအရာ ပြောင်းလဲသွားသည်။

"အဲ့ဆေးတွေကို ကျုပ်အရည်အချင်းနဲ့ကျုပ် ရှာဖွေစားသောက်ထားရတာလေ။ ဘာကိစ္စနဲ့ ခင်ဗျားကို လျော်ပေးရမှာလဲ။"

ဖြန်း......

ထူးမခြားနားသော ပါးရိုက်သံလေး လွင့်ပျံသွားသည်။

သွေးမိစ္ဆာကီရင် : "............."

အန်လင်း : "........... "

"ခင်ဗျား ဘာလို့ ကျိုးကြောင်းဆီလျော်မှု မရှိရတာလဲ။"

သွေးမိစ္ဆာကီရင် အော်ဟစ်လိုက်သည်။

ဖြန်း.......

ပါးရိုက်မှုအား တုံ့ပြန်ခြင်းအဖြစ် ရရှိလိုက်သည်။

"ရှင်ကမှ ကျိုးကြောင်းဆီလျော်မှု မရှိတာလေ။ ကျွန်မ ပါးရိုက်ရိုက်ပြီး အသိတရားတွေ သွင်းပေးနေတာတောင် နားလည်မှုက မရှိသေးဘူး။"

အမျိုးသမီး အေးစက်စက် ပြောလိုက်သည်။

အန်လင်း စိတ်ဆင်းရဲနေသည်။ ထိုအမျိုးသမီးသည် ပါးရိုက်ရသည်ကို စွဲလမ်းနှစ်သက်ကာ သွေးမိစ္ဆာကီရင်မှာမူ ယခုထိတိုင် အမှတ်မရှိသေးပေ။

ခင်ဗျားတို့ နှစ်ယောက်လုံး ကျွန်တော့် ခံစားချက်ကို ထည့်မတွက်တော့ဘူးလား........ ကျွန်တော်က ဘေးလူသက်သက်ပဲလေ........ ဘာကိစ္စ ပါးရိုက်ခံနေရတာလဲ.....

အမျိုးသမီးမှာ သွေးမိစ္ဆာကီရင်အား စူးစိုက်ကြည့်ရှုလိုက်သည်။

"ရှင်က ကီရင်တစ်ကောင် ဖြစ်နေရုံနဲ့ လုပ်ချင်ရာ လုပ်လို့ရမယ် ထင်မနေနဲ့။ ကျွန်မသာ အကြင်နာတရား မရှိရင် ရှင့်ကို တစ်စစီခုတ်ပြီး သားငါးစျေး သွားရောင်းပြီးလောက်ပြီ။ ရှင့်လို ကျေးဇူးတရား မသိတတ်တဲ့သူကိုကယ်ဖို့ ဆေးတွေအများကြီး သုံးထားရတာ တန်ကိုမတန်ဘူး..... သိရဲ့လား။"

"ရှင့်အသက်ကိုကယ်ဖို့ အဆင့်ခုနစ် အင်မော်တယ်သစ်သီး နှစ်လုံးနဲ့ စိတ်ဝိဉာဉ်ဆေးပင် ဆယ့်ရှစ်ပင် သုံးထားရတယ်။ အဲ့ဒါကိုလည်း ရှင်ပြန်ပေးရမယ်။"

အမျိုးသမီးမှာ စကားဆက်ပြောနေပါသော်လည်း သွေးမိစ္ဆာကီရင်သည် ပါးရိုက်ခံရမည် စိုးသောကြောင့် တိတ်တဆိတ်သာ နေနေသည်။

ဤသို့ဖြင့် ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။

ဒဏ်ရာများ ပြန်လည်ကောင်းမွန်ရန်အတွက် သွေးမိစ္ဆာကီရင်သည် ဒေါသစိတ်အားထိန်းကာ အမျိုးသမီး၏ ဆေးများကို ပျော်ပျော်ရွင်ရွင် သောက်နေခဲ့သည်။ သူသည် ကြောက်မက်ဖွယ် သားရဲတစ်ကောင် ဖြစ်ပါသော်လည်း အသက်ဆက်နိုင်ရန် ချစ်စဖွယ် ခွေးပေါက်လေးလို နေထိုင်နေရလေသည်။

အမျိုးသမီးသည် ဝိဉာဉ်ဖန်ဆင်းခြင်းအဆင့် ဆေးဆရာမတစ်ဦးဖြစ်ပြီး ကျင့်ကြံရေးတွင်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ရှိသည်။ သူသည် ဆေးပညာရော၊ ကုသရေးတွင်ပါ ကျွမ်းကျင်လှသောကြောင့် သွေးမိစ္ဆာကီရင်မှာလည်း အလျင်အမြန်ပင် သက်သာလာခဲ့သည်။

နေ့ရက်များမှာ သာမန်ဆန်စွာပင် ကုန်ဆုံးနေသည်။

"နောက်ရက်တွေဆိုရင် ရှင်တစ်ရက်ကို ဆေးတစ်ခွက်လောက်ပဲ သောက်ရတော့မယ်။"

"ခင်ဗျားက ကျုပ်ကိုအထင်သေးနေတာပဲ။ ကျုပ်ဘာဆေးမှ မလိုအပ်တော့ဘူး။"

ဖြန်း......

တစ်သောင်းရှစ်ဆယ့်ခြောက်ချက်မြောက်ပါးချသံ.....

"လိလိမ္မာမ္မာ နေစမ်းပါ။"

အမျိုးသမီး ပြုံးကာပြောလိုက်သည်။

သွေးမိစ္ဆာကီရင်သည် ရိုရိုကျိုးကျိုးပင် ပါးစပ်ဟပေးလိုက်ရသည်။

သိမ်မွေ့လွန်းပုံရသော ထိုအမျိုးသမီးသည် အဘယ့်ကြောင့် ပါးရိုက်ရန် စိတ်အားထက်သန်နေသည်ကို အန်လင်း နားမလည်နိုင်ပေ။

မကြာမီပင် သွေးမိစ္ဆာကီရင်မှာ အတော်ကောင်းမွန်လာခဲ့သည်။

သူသည် အကြွေးပြန်ဆပ်ရန်အတွက် စိတ်ဝိဉာဉ်ဆေးပင်များ ပြန်စိုက်ပေးနေရသည်။

ကတိပေးထားသောကြောင့် စကားတည်မှ ဖြစ်ပေလိမ့်မည်။

ပါးရိုက်မှုများမှာ သူ့အားသင်ခန်းစာ ရစေခဲ့သည်။

သွေးမိစ္ဆာကီရင်သည် စိတ်ဝိဉာဉ်ခြံတွင် အလွန်အမင်း အလုပ်ကြိုးစားခဲ့သည်။ ပေါင်းသင်မြက်နှုတ်ခြင်းမှစကာ သက်ရှိစွမ်းအင် တည်ငြိမ်အောင် ပြုလုပ်ခြင်း၊ အကာအရံ ဝင်္ကပါများ ဖွဲ့စည်းခြင်းနှင့် မြေသြဇာအတွက် သူ၏သွေးစက်ကိုပင် အသုံးပြုခဲ့သည်။

အမျိုးသမီးသည် လင်ကုမြို့တော်တွင် ဆေးပေးခန်း ဖွင့်ထားသောကြောင့် နေ့ဘက်တွင် အလုပ်သွားကာ ညဘက်မှသာ သွေးမိစ္ဆာကီရင်အား ကုသပေးရန် ပြန်လာလေ့ ရှိသည်။

သွေးမိစ္ဆာကီရင်မှာလည်း အကောင်းပကတိနီးပါး ဖြစ်နေလေပြီ။

ညတစ်ည၌.....

"အမ်...... ကျုပ်ဆေးကရော...."

သွေးမိစ္ဆာကီရင် ခေါင်းကုတ်လိုက်သည်။

အမျိုးသမီးသည် သွေးမိစ္ဆာကီရင်အားကြည့်ကာ ပျော်ရွင်စွာ ပြုံးပြလာသည်။

"ဂုဏ်ယူပါတယ်။ ရှင့်ရဲ့ ဆေးဆရာတစ်ယောက်အနေနဲ့ ကြေညာပေးလိုက်မယ်။ ရှင်လုံးဝပြန်ကောင်းသွားပြီ။ ဘာဆေးမှ မလိုတော့ဘူး။"

ထိုစကားကြောင့် သွေးမိစ္ဆာကီရင် ပြုံးသွားသည်။

"ကျုပ်ဆေးသောက်စရာ မလိုတော့ဘူးလား။"

"ရှင်က စိတ်ဝိဉာဉ်ခြံကိုလည်း သေသေချာချာ ဂရုစိုက်ပေးခဲ့တယ်။ အခုဆို အရင်ကထက်တောင် အများကြီး ကောင်းနေပြီ။ အဲ့ဒါကြောင့် ကျွန်မအပေါ် ဘာအကြွေးမှလည်း မရှိတော့ဘူး။ ရှင်သွားချင်ရာ သွားလို့ရပြီ။"

အမျိုးသမီး ပြုံးကာပြောလိုက်သည်။

"ကောင်းတာပေါ့။"

သွေးမိစ္ဆာကီရင် ရယ်မောလိုက်မိသည်။

နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီပေါ့........

ဒါပေမယ့် ဘာလို့မှန်းမသိ နှလုံးသားက နာကျင်နေသလိုပဲ........

သွေးမိစ္ဆာကီရင် ကူကယ်ရာမဲ့စွာ မေးလိုက်သည်။

"ခင်ဗျားကို အမြဲတမ်း မေးချင်နေခဲ့တာ။ ခင်ဗျား ဒီလောက် အရည်အချင်းရှိတာ။ ဒီလိုမြို့ငယ်လေးမှာ ဘယ်လိုလုပ် တင်းတိမ်နိုင်ရတာလဲ။ ခင်ဗျား ကမ္ဘာအနှံ့ ခြေဆန့်သင့်တယ်။"

အမျိုးသမီး ခေါင်းခါပြလိုက်သည်။

"ဒီမှာနေရတာ ကျွန်မ အရမ်းပျော်တယ်။ တိုက်ပွဲတွေနဲ့ဝေးပြီး လွတ်လည်းလွတ်လပ်တယ်လေ။ ကျွန်မ ဒီလိုပုံစံကိုပဲ သဘောကျတယ်။"

သွေးမိစ္ဆာကီရင်မှာ ဘာပြောရမှန်း မသိတော့ပေ။

သူသည် ဖယောင်းတိုင်မီးအောက်ရှိ အမျိုးသမီးအားကြည့်ကာ လှလိုက်တာဟု တွေးမိလိုက်သည်။

သူမသည် လောကကြီးအကြောင်း သိရှိနားလည်ကာ ငြိမ်းငြိမ်းချမ်းချမ်းသာ နေထိုင်လိုသော အစ်မကြီး တစ်ဦးလိုပင်။

မည်သို့ပင်ဆိုစေကာမူ သူမ၏ ပါးရိုက်ချက်များမှာ ငရဲမှ လာသလို ကြမ်းတမ်းလွန်းလှ၏။

သွေးမိစ္ဆာကီရင်သည် သတ္တိများကို စုစည်းကာ ပြောလိုက်သည်။

"ဒဏ္ဍာရီလာသားရဲကျုပ်ကို ခင်ဗျား ပါးရိုက်တုန်းက အသတ်ခံရမှာမျိုး တွေးမပူခဲ့ဘူးလား။"

ဖြန်း.......

ကျယ်လောင်လှသော ပါးရိုက်သံ ထွက်ပေါ်လာလေသည်။

သွေးမိစ္ဆာကီရင်၏ မျက်နှာမှာ နီရဲတွတ်သွားသည်။

အမျိုးသမီး အေးစက်စွာ ပြုံးလိုက်သည်။

"ရှင်လုပ်ရဲလား။"

"တောင်းပန်ပါတယ်ခင်ဗျ။"

သွေးမိစ္ဆာကီရင် ခေါင်းငုံ့သွားသည်။

အန်လင်း : "............"

အမျိုးသမီး သတိပေးလိုက်သည်။

"ဒဏ္ဍာရီလာသားရဲ ဖြစ်နေတာနဲ့ပဲ သာမန်လူတွေကို လိုက်အနိုင်ကျင့်ဖို့ တွေးမနေနဲ့။ ကျိုးကြောင်းဆီလျော်မှု ရှိရမယ်..... နားလည်လား။"

သွေးမိစ္ဆာကီရင် ခေါင်းညိတ်ပြလာသည်။

"ကောင်းပါပြီ။ နောက်ကြရင် ကျိုးကြောင်းဆီလျော်မှု ရှိတဲ့သူဖြစ်အောင် ကြိုးစားပါ့မယ်။"

အခြား သားရဲမျိုးနွယ်စုဝင်များသာ ကြောက်မက်ဖွယ် သွေးမိစ္ဆာကီရင်၏ ရိုကျိုးလိမ္မာနေမှုကို မြင်လိုက်ရပါက ပါးစပ်အဟောင်းသား ဖြစ်သွားကြပေလိမ့်မည်။

ထိုညတွင် ၎င်းတို့ အကြောင်းအရာများစွာ ပြောဖြစ်ခဲ့ကြသည်။

ဒဏ္ဍာရီလာသားရဲဖြစ်သော သွေးမိစ္ဆာကီရင်သည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူသားတစ်ဦးနှင့် ထိုသို့ပြောဆိုနေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်ထားမည် မဟုတ်ပေ။ သူသည် ထိုအမျိုးသမီးနှင့် တစ်ချိန်လုံး စကားပြောနေချင်ပြီး ထိုအခိုက်အတန့်ကိုလည်း ပျင်းရိသွားသည်ဟူ၍ မရှိပေ။

နောက်တစ်နေ့ မနက်တွင် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်လမ်းခွဲခဲ့ကြသည်။

"မိန်းကလေး...... ခင်ဗျားကို တစ်ယောက်ယောက် နှောင့်ယှက်လာရင် အသံနဲ့သာ ဆက်သွယ်လိုက်ဗျာ။"

သွေးမိစ္ဆာကီရင်သည် အသံဆက်သွယ်သော ကျောက်စိမ်းပြားတစ်ခုအား အမျိုးသမီးထံ ပေးလိုက်သည်။

"အင်းပါ။ နောက်ကြရင် မတိုက်ခိုက်နဲ့တော့နော်။ ဒီကိုရောက်လာတုန်းက ရှင်တော်တော်လေး အခြေအနေ ဆိုးနေတာ။ မတော်လို့ သေသွားရင် ဘယ့်နှယ့်လုပ်မလဲ။"

အမျိုးသမီး ပြုံးကာသတိပေးလိုက်သည်။

သွေးမိစ္ဆာကီရင် ခေါင်းညိတ်ပြကာ ကောင်းကင်ပေါ် ပျံသန်းထွက်ခွာသွားသည်။

သူသည် ထိုအမျိုးသမီးနှင့် စိတ်ဝိဉာဉ်ခြံအား မမြင်ရတော့သည်အထိ ပျံသန်းလာခဲ့သည်။

ထိုသည်မှာ ၎င်းတို့၏ နောက်ဆုံးတွေ့ဆုံမှု ဖြစ်နိုင်သည်။ နှစ်တစ်သောင်းသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူအတွက် ဘဝသက်တမ်း ဖြစ်ပါသော်လည်း ဒဏ္ဍာရီလာသားရဲအတွက်မူ မျက်စိတမှိတ်စာမျှသာ။

သွေးမိစ္ဆာကီရင်သည် အောက်သို့ငုံ့ကြည့်ကာ သက်ပြင်းချလိုက်သည်။

ခေတ္တမျှ ကြာပြီးနောက် မနေနိုင်တော့ပဲ ကိုယ့်ပါးကိုယ်ရိုက်လိုက်မိသည်။

"ဟူး....... ငါတော့ သူမ ပါးရိုက်တာ ထပ်ခံရတော့မှာ မဟုတ်ဘူး။"

"ပါးရိုက်တာလေးတွေ လွမ်းလိုက်တာကွာ။"

သွေးမိစ္ဆာကီရင်မှာ နှလုံးသား နာကျင်ကာ စိတ်ဓာတ်ကျဆင်းလာသည်။

အန်လင်း : ".........."

ဦးလေးတုန်းဖန်း ခင်ဗျားမှာ ပုံမှန်မဟုတ်တဲ့ စွဲလမ်းစိတ် ရှိနေတာလား........

"သူမကငါ့ကို ကျိုးကြောင်းဆီလျော်မှု ရှိတဲ့လူဖြစ်ဖို့ ပြောထားတယ်။ အဲ့ဒါကြောင့် ကျိုးကြောင်းဆီလျော်မှုရှိရှိ လူဖြစ်အောင် လုပ်သင့်တယ်။"

သွေးမိစ္ဆာကီရင် ခေါင်းညိတ်ကာ ချောမောခန့်ညားသော သက်လတ်ပိုင်းအရွယ် အမျိုးသားအဖြစ် ပြောင်းလဲလိုက်သည်။

အန်လင်း အံ့သြသွားမိသည်။

ဘယ်လိုတောင် တုံးအနေတာလဲ....... သူမပြောချင်တာ အဲ့အဓိပ္ပါယ်မှ မဟုတ်တာ.......

"သူမကို တကယ်ပဲ ထပ်မတွေ့ရတော့ဘူးလား။"

"သူမ အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ။"

"စကားပြောချင်ပေမယ့် နားထောင်ပေးမယ့်သူ မရှိရင် ဘယ်လိုလုပ်မလဲ။"

ထိုစကားကြောင့် အန်လင်းသည်ပင် ရင်နာလာရသည်။

သွေးမိစ္ဆာကီရင်မှာ တတွတ်တွတ် ရေရွတ်နေသည်။

ထို့နောက် မျက်ဝန်းများ တောက်ပလာကာ လက်သည်းများအား လက်မောင်းထဲ ထိုးစိုက်ပစ်လိုက်သည်။

သွေးများပန်းထွက်လာလေသည်။

"အား...... နာလိုက်တာ။"

စစ်မှန်လွန်းသော နာကျင်မှုကို ခံစားလိုက်ရသည်။

လက်မောင်းတွင်လည်း ဒဏ်ရာကြီးတစ်ခု ဖြစ်သွားသည်။

အန်လင်း : "..........."

"အယ်..... ဒဏ်ရာရသွားတာပါလား။ ဆန်းကြယ်သောကုသရေးဆေးခန်းဆီ သွားမှပဲ။"

"မြန်မြန်လေး သွားမှရမယ်။ မဟုတ်ရင် သူ့ဘာသာ ပြန်ကောင်းသွားဦးမယ်။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ လင်ကုမြို့တော်ထံ ပျံသန်းလိုက်သည်။

အန်လင်း : "........"

All Chapters