← Chapters

ဒဏ်ရာရထားသော သက်လတ်ပိုင်းအရွယ်အမျိုးသား

Vol. 63 Ch. 875

ဒဏ်ရာရထားသော သက်လတ်ပိုင်းအရွယ်အမျိုးသား

Vol. 63 Ch. 875

အန်လင်းသည် သက်လတ်ပိုင်းအရွယ် အမျိုးသားအဖြစ် ပြောင်းလဲသွားသလို စိတ်ထဲခံစားလိုက်ရသည်။

သူသည် သြဇာအာဏာ ကြီးမားသော သွေးမိစ္ဆာကီရင်အဖြစ်မှ တုံးတုံးအအနှင့် ခင်မင်ချင်စဖွယ် သက်လတ်ပိုင်းအရွယ် အမျိုးသား ဖြစ်လာသည်။

သူ့ဘာသာသူ တုံးအနေခြင်းမှာ အဆင်ပြေပါသော်လည်း ယခုတွင်မူ အန်လင်းမှာလည်း သူနှင့်တစ်သားတည်း ရှိနေသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ခံစားချက်၊ အတွေ့အကြုံ၊ အတွေးအခေါ်များအားလုံးကို အန်လင်းပါ ကြုံတွေ့နေရပြီး လက်မောင်းပေါ်မှ နာကျင်မှုပါ အပါအဝင် ဖြစ်သည်။

ထို့အပြင် ပါးရိုက်ချက် ထောင်သောင်းချီကိုလည်း မေ့ထား၍ မဖြစ်ပေ။

ဘယ်လိုတောင် လူမဆန်တဲ့ နှိပ်စက်မှုလဲ........

ထိုအမျိုးသမီး၏ ပါးရိုက်မှုများအား တသက်မေ့နိုင်တော့မည် မထင်ပေ။

..................

ဆန်းကြယ်သောကုသရေးဆေးပေးခန်း၌........

လင်ကုမြို့တော်တွင် ယင်းဆေးပေးခန်းမှာ ထိပ်တန်းအဆင့် ဖြစ်သည်။

ဆေးဆရာမ တုန်းဖန်းမန့်ကျယ်သည် လှပလွန်းရုံသာမက ဆေးပညာတွင်လည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သောကြောင့် လူနာများ ပြည့်နေလေ့ရှိသည်။

လင်ကုမြို့တော်သည် မြို့ငယ်လေး ဖြစ်နေ၍သာ တော်တော့သည်။ ထိုသို့မဟုတ်ပါက သူမသည်လည်း အတော်ပင် အလုပ်များရပေလိမ့်မည်။

သူမသည် ဆေးအချို့အား အိမ်သို့ယူသွားရန် ပြင်ဆင်နေသည်။

သို့သော် ဆေးပြင်ပေးရမည့်သူ မရှိတော့ကြောင်း မကြာမီပင် အမှတ်ရလာသည်။

တုန်းဖန်းမန့်ကျယ်မှာ စိတ်ထဲတစ်မျိုးဖြစ်သွားကာ ဆေးများအား သေတ္တာတစ်လုံးထဲ ထည့်ထားလိုက်သည်။

ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ လက်မောင်းအားကိုင်လျက် နာကျင်စွာ ဝင်ရောက်လာသည်။

"ဆရာမလေး...... ကျုပ်ကိုကယ်ပါဦး။ လက်မောင်းထိလာလို့ပါ။"

တုန်းဖန်းမန့်ကျယ်မှာ ပြာပြာသလဲ ဖြစ်သွားပြီးမှ ပြန်လည်ငြိမ်သက်သွားသည်။

သူမသည် သက်လတ်ပိုင်းအရွယ် အမျိုးသားအား သေသေချာချာ ကြည့်ရှုလိုက်သည်။ ချောမောခန့်ညားလှပါသော်လည်း ရင်းနှီးကျွမ်းဝင်မှု ရှိသူမဟုတ်ပေ။

သူမသည် နှာခေါင်းအား တရှုံ့ရှုံ့လုပ်ကာ သက်လတ်ပိုင်းအရွယ် အမျိုးသားအား ကြည့်လိုက်ပြန်သည်။

ဆေးပေးခန်းမှာ တိတ်ဆိတ်နေလေသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် တစ်စုံတစ်ခုကို ဖုံးကွယ်ရန် ကြိုးစားနေသည့်အလား မျက်လုံးချင်း အဆုံမခံပေ။

"ဆရာမလေး........ ဘာဖြစ်လို့လဲ။"

"ရှင်က ကီရင်လား။"

တုန်းဖန်းမန့်ကျယ် ရုတ်တရက် မေးမြန်းလိုက်သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသား မျက်လုံးပြူးသွားလေသည်။

"ဟမ်....... ဘာတွေလာပြောနေတာလဲ။ ကျုပ်တို့တစ်ခါမှတောင် မတွေ့ဖူးဘူးလေ။ ကျိုးကြောင်းဆီလျော်မှု ရှိစမ်းပါ။"

"ကျိုးကြောင်းဆီလျော်မှု ရှိစမ်းပါတဲ့လား။ ဘယ်လိုတောင် ရင်းနှီးနေတဲ့ စကားလဲ။"

တုန်းဖန်းမန့်ကျယ်မှာ နေရောင်အောက်တွင် ပွင့်ဖူးနေသော ပန်းပွင့်ငယ်လေးသဖွယ် တောက်ပစွာ ပြုံးလိုက်သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ထိုအပြုံးအား ငေးမောသွားမိသည်။

ဖြန်း........

ရင်းနှီးနေသော ပါးရိုက်သံလေးလည်း ပဲ့တင်ထပ်သွား၏။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားရသည်။

ဒီခံစားချက်လေးကို လွမ်းနေရတာ........

တုန်းဖန်းမန့်ကျယ်မှာ ခါးထောက်လိုက်ပြီးနောက် ပွစိပွစိ ဆူပူလာသည်။

"ရှင်ထွက်သွားတာတောင် မကြာသေးဘူး။ ရန်ဖြစ်ပြီး ထိခိုက်လာပြန်ပြီလား။ ပြီးတော့ ကျွန်မကို အရူးလုပ်ဖို့တောင် ကြိုးစားလိုက်သေးတယ်ပေါ့။ နောက်ကြရင် ကျွန်မအပေါ် ရိုးသားလာအောင် ပါးရိုက်ပေးလိုက်တာ။ အမှတ်ရှိနော်ရှင်......."

သွေးမိစ္ဆာကီရင် ထိတ်လန့်သွားကာ ပါးပေါ်လက်တင်လိုက်မိသည်။

"မင်း....... မင်းဘယ်လိုသိတာလဲ။"

"ကျွန်မက ရှင့်အသက်ကို ကယ်ထားတာပဲလေ။ ရှင့်ရဲ့သွေးနံ့ကို မမှတ်မိဘူး ထင်နေလား။"

တုန်းဖန်းမန့်ကျယ် စကားဆိုလိုက်သည်။

"ရှင့်သွေးနံ့ကို ကျွန်မ ရင်းနှီးနေပြီ။ ရှင်ပုံစံပြောင်းပြီး အရှိန်အဝါတွေ ဖုံးကွယ်ထားရင်တောင် ကျွန်မသိတယ်။"

သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့်အတူ အန်လင်းပါ အံ့အားသင့်သွားရသည်။

သွေးနံ့နဲ့တင် လူတွေကို ခွဲခြားနိုင်တာလား........ တကယ့် သောက်ကြမ်းကြီးပဲ........

"ကျုပ်လက်မောင်းကိုရော ဘယ်လိုလုပ်ရမလဲ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အနည်းငယ် ကသိကအောက် ဖြစ်နေသည်။

"ထိုင်လိုက်။"

တုန်းဖန်းမန့်ကျယ် မျက်စောင်းထိုးလိုက်သည်။

"ကျွန်မပဲ လုပ်ပေးရမှာပေါ့။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ပျော်ရွှင်စွာ ထိုင်ချလိုက်သည်။

တုန်းဖန်းမန့်ကျယ်သည် ညင်ညင်သာသာ ဂရုတစိုက်ဖြင့် လိုအပ်သည်များ ပြုလုပ်ပေးနေသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူမအား ကြည့်ရှုနေရင်း စိတ်ဝိဉာဉ်ခြံမှ အိမ်ငယ်လေးထံ ပြန်ရောက်သွားသလို ခံစားလိုက်မိသည်။

သူမသည် စိတ်သဘောထား နူးညံ့ကာ ပါးရိုက်ချက်များ ပြင်းထန်နေဆဲပင်။

"ဒီတစ်ခေါက် ရှင်ဘယ်သူနဲ့ ချလာတာလဲ။"

တုန်းဖန်းမန့်ကျယ် မျက်မှောင်ကျုံ့လိုက်သည်။

"အာ..... ဇာ.... ဇာမဏီတစ်ကောင်နဲ့။"

သက်လတ်ပိုင်းအရွယ် အမျိုးသား တုံ့ပြန်လာသည်။

"ဇာမဏီလား။ လှလား။"

"ကျုပ်စိတ်မဝင်စားပါဘူး။ ပြီးတော့ သူက အထီးကြီးပါ။"

"အမ်...... ရှင်ဘာတွေပြောနေတာလဲ။ ကျွန်မက ဇာမဏီတွေ လှလားမေးနေတာ။ ကျွန်မ တစ်ခါမှ မမြင်ဖူးတော့ သိချင်လို့လေ။ ဘာလို့စိတ်မဝင်စားဘူးတွေဘာတွေ လာပြောနေတာလဲ။"

"အဟမ်း....... နားလည်မှု လွဲသွားလို့ပါ။"

တုန်းဖန်းမန့်ကျယ်သည် သက်လတ်ပိုင်းအရွယ် အမျိုးသားအားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

"ရှင့်ရဲ့ပုံစံအမှန်ကို ကျွန်မ မြင်ဖူးနေတာပဲ။ ဘာလို့ လူသားပုံစံ လုပ်နေသေးတာလဲ။"

"ဘာလို့လဲဆိုတော့ တခြားလူတွေ ကြောက်ကုန်မှာ စိုးလို့ပါ။ သူတို့နဲ့ တစ်သားတည်း ဖြစ်နေတာ အကောင်းဆုံးပဲလေ။"

အကြောင်းပြချက် ရှာလိုက်နိုင်သောကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ စိတ်ကျေနပ်သွားသည်။

"ကြောက်စရာမကောင်းပါဘူး။ ပြီးတော့ ရှင့်ရဲ့ချိုတွေက အရမ်းလှတယ်။ ကျွန်မဆို တော်တော်သဘောကျတာ။ အခုလို ဖုံးကွယ်ထားတော့ နှမြောစရာကြီးပေါ့။"

"ခင်ဗျား ကြိုက်လို့လား။ အခုပြန်ထုတ်ပေးမယ်လေ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ချိုများကို သဘောကျသည်ဟု ပြောခံလိုက်ရသောကြောင့် အတော်ပင် စိတ်လှုပ်ရှားသွားသည်။

ထိုသို့ဖြင့် ကီရင်ချိုနှင့် လူသားအဖြစ် ပြောင်းလဲသွားလေသည်။

အချိန်ကောင်းများမှာ လျင်မြန်စွာ ကုန်ဆုံးသွားတတ်သလို သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ဒဏ်ရာများမှာလည်း အချိန်တိုအတွင်း ပျောက်ကင်းသွားခဲ့သည်။

တုန်းဖန်းမန့်ကျယ်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ချိုများအား ပွတ်သပ်ပေးကာ ပြုံးပြလိုက်သည်။

"အားလုံးကောင်းသွားပြီဆိုတော့ နောက်တစ်ခါဆို သေချာသတိထားရမယ်နော်။"

သက်လတ်ပိုင်းအရွယ်  အမျိုးသား ခေါင်းညိတ်ပြလိုက်သည်။ ဤနေရာတွင် ဆက်နေရန်လည်း အကြောင်းပြချက် မရှိတော့ပေ။

"သွားပြီနော်။"

သက်လတ်ပိုင်းအရွယ် အမျိုးသား နှုတ်ဆက်လိုက်သည်။

"တာ့တာ....."

တုန်းဖန်းမန့်ကျယ်မှာ တာ့တာပြလိုက်ပြီးနောက် အခြားလူနာများအား ဂရုစိုက်ပေးနေလိုက်သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသား ထွက်ခွာသွားလေသည်။

သူသည် လက်မောင်းအားကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။

မည်သို့ပင်ဖြစ်စေကာမူ ဆုပ်ယုပ်ဝိဉာဉာသားရဲဒုစရိုက်နယ်မြေတွင် လုပ်ဆောင်စရာ ရှိသည်များ ရှိနေသေးသောကြောင့် အမှန်တကယ် ပြန်သွားရတော့မည်ပင်။

ထိုသို့ဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ သြဇာအာဏာ ကြီးမားသော သွေးမိစ္ဆာကီရင်အဖြစ် ပြန်လည်ပြောင်းလဲလိုက်သည်။

............

တစ်လကြာပြီးနောက်

သူသည် တုန်းဖန်းမန့်ကျယ်အား လွမ်းဆွတ်တမ်းတနေပြီ ဖြစ်သည်။

သူမအား တွေ့လိုပါသော်လည်း မည်သည့်အကြောင်းပြချက်မှ ရှိမနေပေ။

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သိုလှောင်လက်စွပ်ထဲမှ ပတ်တီးများ ဆွဲထုတ်ပြီးနောက် အနည်းငယ်တွေးကာ ခြေထောက်အား ကုပ်ဆွဲပစ်လိုက်သည်။

အန်လင်း ကျိန်ဆဲမိလေပြီ။

"ခွေးမသား.........."

ယခုဆိုလျှင် အိပ်မက်ထဲမှ အမျိုးသမီးလေးအား သွားတွေ့နိုင်ပြီပင်။

သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် တုန်းဖန်းမန့်ကျယ်သည် စည်းချက်ညီစွာပင် စကားစမြည် ပြောဆိုလိုက်ကြသည်။

ဒဏ်ရာများ ပြန်လည်ကောင်းမွန်သွားပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ထွက်ခွာသွားပြန်သည်။

သူသည် တုန်းဖန်းမန့်ကျယ်အား လွမ်းဆွတ်မိချိန်တိုင်း ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်စေတတ်သည်။

သံသယဝင်မည် စိုးသောကြောင့် ဒဏ်ရာများကိုလည်း တစ်ခါနှင့်တစ်ခါ မထပ်စေရပေ။

အန်လင်းမှာ အရိုးကျိုးခြင်း၊ အဆိပ်မိခြင်း၊ သက်ရှိစွမ်းအင်ပင်လယ် အက်ကွဲခြင်း၊ စွမ်းအင်ဝင်ပေါက်များ ထိခိုက်ခြင်း အစရှိသော နာကျင်မှုပေါင်းစုံကို ခါးစည်းခံစားနေရသည်။

အန်လင်းသာ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်ပါက တုန်းဖန်းကျွမ်းရှီးအား သတ်ပစ်နိုင်လောက်သည်။

"ကီရင်....... ရှင်ဒီတစ်ခါ တော်တော်လေး အခြေအနေ ဆိုးလာတာပဲ။ ကိုယ့်ကိုယ်ကို ဂရုမစိုက်နိုင်ဘူးလား။"

တုန်းဖန်းမန့်ကျယ် မျက်မှောင်ကျုံ့လိုက်သည်။

"အင်းပါ။ နောက်ဆိုရင် သေချာဂရုစိုက်ပါ့မယ်။"

သက်လတ်ပိုင်းအရွယ် အမျိုးသား ခေါင်းညိတ်ပြလိုက်သည်။

"ဘာလို့ ကျုပ်ကို ကီရင်လို့ ခေါ်နေသေးတာလဲ။ အဲ့လိုကြီးက သိပ်အဆင်မပြေဘူး။ လူသားနာမည်ပေးလေ။"

"လူသားနာမည်လား။"

တုန်းဖန်းမန့်ကျယ် မျက်တောင်ခတ်လိုက်သည်။

"ရှင်က ဘယ်လိုနာမည်မျိုး လိုချင်တာလဲ။"

"ဘာပဲဖြစ်ဖြစ် ရပါတယ်။ ခင်ဗျားရဲ့ မျိုးရိုးနာမည်ကို ယူလိုက်မယ်လေ။"

သက်လတ်ပိုင်းအရွယ် အမျိုးသား တုံ့ပြန်လာသည်။

"ကျွန်မရဲ့ မျိုးရိုးနာမည်လား။"

တုန်းဖန်းမန့်ကျယ် ရှက်သွေးဖြာကာ လက်ချောင်းလေးများ တုန်ယင်သွားရသည်။

"အဲ့ဒါဆိုရင် တုန်းဖန်းကျွမ်းရှီးလို့ ပေးလိုက်တာပေါ့။"

"တုန်းဖန်းကျွမ်းရှီးလား။"

သက်လတ်ပိုင်းအရွယ် အမျိုးသား စိတ်လှုပ်ရှားသွားသည်။

တုန်းဖန်းမန့်ကျယ် ခပ်ဖွဖွပြုံးကာ ရှင်းပြလာသည်။

"ရှင့်ခန္ဓာကိုယ်က အမြဲတမ်း တစ်ခုမဟုတ်တစ်ခု ပြဿနာ ဖြစ်နေတာလေ။ ကျွန်မကပဲ အမြဲဆေးကုပေးနေရတယ်။ အဲ့ဒါကြောင့် ရှင့်ကို အနာတရကင်းအောင် ရည်ရွယ်ပြီး ဒီနာမည်ပေးတာ။"

"ကျွမ်းရှီးဆိုတာ မာကြောတာ၊ သန်မာတာလေ။ ဒီနာမည်မှာ အသန့်စင်ဆုံးနဲ့ အရိုးရှင်းဆုံး ခံစားချက်တွေ ပါဝင်နေတယ်။ ရှင့်ရဲ့ အသက်တာအိုနဲ့ လိုက်ဖက်သလို နားလည်ရတာလည်း လွယ်တယ်။"

တုန်းဖန်းမန့်ကျယ် ထင်မှတ်ထားသလို ကန့်ကွက်သော အပြုအမူကို မတွေ့ရပေ။

ထိုအစား သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ပျော်ရွှင်စွာ ပြုံးပြလာသည်။

"အဲ့လို အဓိပ္ပါယ်ပေါ့။ နာမည်ကောင်းတစ်ခုပဲ။ အခုကစပြီး ကျုပ်နာမည်က တုန်းဖန်းကျွမ်းရှီးပဲ။"

"အာ......"

တုန်းဖန်းမန့်ကျယ် ပါးစပ်အဟောင်းသားဖြစ်ကာ ဘာပြောရမှန်း မသိတော့ပေ။

အန်လင်းလည်း အံ့အားသင့်သွားမိသည်။

အဲ့ပေါတောတောနာမည်က ဒီကဖြစ်လာတာပဲ..........

"အာ...... ကီရင်......"

တုန်းဖန်းမန့်ကျယ် ခပ်တိုးတိုး ခေါ်လိုက်သည်။

"ကျေးဇူးပြုပြီး ကျွမ်းရှီးလို့ခေါ်ပါ။"

သက်လတ်ပိုင်းအရွယ် အမျိုးသား အမှန်ပြင်ပေးလိုက်သည်။

"ကောင်းပါပြီ။ ကျွမ်းရှီး....."

တုန်းဖန်းမန့်ကျယ် တွေဝေစွာ ပြောလိုက်သည်။

"ကျွန်မ အရှေ့ဘက်မှာ လက်ဖက်ခြံတစ်ခု လုပ်ထားတယ် အားတဲ့အချိန်တွေဆိုရင် အဲ့မှာ လက်ဖက်ရည်ကြမ်း သွားသောက်နေကြ။ တကယ်လို့ ရှင်လည်း လက်ဖက်ရည်ကြမ်းကြိုက်ရင် ကျွန်မနဲ့တူတူ လာသောက်လို့ရတယ်နော်။"

"နောက်ထပ် ဒဏ်ရာမရစေနဲ့တော့။"

တုန်းဖန်းကျွမ်းရှီး နွေးထွေးစွာ ပြုံးလိုက်မိသည်။

"ဟုတ်ပါပြီ။ အခုကစပြီး မထိခိုက်အောင် ဂရုစိုက်ပါ့မယ်။"

အန်လင်းမှာ မျက်ရည်အဝဲသား ဖြစ်သွားရသည်။

ဘုရားရေ....... နောက်ဆုံးတော့ ဒီသောက်ရူးက ကိုယ့်ကိုယ်ကို နှိပ်စက်စရာ မလိုတော့ဘူးပဲ.......

All Chapters