← Chapters

လက်ဖက်ရည်ကြမ်းမကြိုက်ဘူး....

Vol. 63 Ch. 876

လက်ဖက်ရည်ကြမ်းမကြိုက်ဘူး....

Vol. 63 Ch. 876

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ကိုယ့်ကိုယ်ကို မနှိပ်စက်တော့ပဲ တုန်းဖန်းမန့်ကျယ်၏ လက်ဖက်ခြံကိုသာ လတိုင်းသွားလည်တော့သည်။

၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အမည်တပ်၍ မရပါသော်လည်း ရင်းနှီးလွန်းသော မိတ်ဆွေများလို နီးနီးကပ်ကပ် ရှိကြသည်။

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေတွင် တုန်းဖန်းကျွမ်းရှီးသည် သားရဲများအားလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရသော ဒဏ္ဍာရီလာသားရဲတစ်ကောင်ပင်။

ကိုးပြည်ထောင်၏ အရှေ့တောင်ဘက် နယ်စပ်နားရှိ မြို့ငယ်လေးတွင်မူ သူသည် ကီရင်ချိုများ ပါရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသာဖြစ်ပြီး ကြင်နာသဘောကောင်းကာ လက်ဖက်ရည်ကြမ်းသောက်၍ တာအိုတရားများ ဆွေးနွေးရသည်ကို ကြိုက်နှစ်သက်သူ ဖြစ်သည်။

အစပိုင်းတွင် တုန်းဖန်းကျွမ်းရှီးသည် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ၌ ဒဏ္ဍာရီလာသားရဲ သွေးမိစ္ဆာကီရင်အဖြစ်နေကာ လင်ကုမြို့တော်တွင် လူသားအဖြစ် နေထိုင်ခဲ့သည်။ ယခုတွင်မူ မည်သည့်နေရာသို့ ရောက်ရှိနေပါစေ လူသားအသွင်ဖြင့်သာ မြင်တွေ့ရတော့သည်။

သူသည် ကျိုးကြောင်းဆီလျော်မှုရှိသော လူသားတစ်ဦး ဖြစ်ရသည်ကို ပိုမိုသဘောကျသောကြောင့်ပင်။

သားရဲမျိုးနွယ်စုများမှာ ထိုအကြောင်းနှင့် ပက်သတ်၍ အချိန်အတော်ကြာ နားမလည်နိုင် ဖြစ်ခဲ့ရသည်။

"ဧကရာဇ်ကီရင်...... အနောက်ဘက်က မြို့ခုနစ်မြို့ကို ဝင်စီးပြီး သူပုန်အင်အားစုတွေကို ရှင်းပစ်လိုက်ပါပြီ။"

ဟင်းလင်းပြင်သို့အပြန် အင်မော်တယ်သားရဲမှ ဒူးတစ်ဖက်ထောက်ကာ တိုက်ပွဲအကြောင်း တင်ပြလာသည်။

"ဟမ်..... ကျိုးကြောင်းဆီလျော်မှု ရှိစမ်းပါ။ ဘာလို့ အနောက်ဘက်က မြို့ခုနစ်မြို့ကို သွားတိုက်ရတာလဲ။"

သက်လတ်ပိုင်းအရွယ် အမျိုးသား မျက်မှောင်ကျုံ့လိုက်သည်။

"အာ......"

အင်မော်တယ်သားရဲ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

"ကျွန်...... ကျွန်တော်တို့ရဲ့ ပိုင်နက်ကို ချဲ့ထွင်ဖို့ပါ။"

"ဒါက လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်သေးဘူး။ မင်းက နယ်မြေချဲ့ဖို့လောက်နဲ့ သူများပိုင်နက်ကို သွားတိုက်ခဲ့တာပဲ။ ဒီလို ကျိုးကြောင်းဆီလျော်မှု မရှိတာကို ငါလက်မခံနိုင်ဘူး။ မင်းကိုယ်မင်း ရှက်တတ်သင့်တယ်။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ဒေါသထွက်နေသည်။

အင်မော်တယ်သားရဲ နားမလည်နိုင် ဖြစ်သွားမိသည်။

ဘာရှက်စရာ လိုလို့လဲ........ အမြဲတမ်း အဲ့လိုလုပ်လာတာပဲကို....... သားရဲမျိုးနွယ်စုတွေက ပိုင်နက်ချဲ့ကြတာ ပုံမှန်ပဲ........ ကျိုးကြောင်းဆီလျော်မှု ရှိစရာလိုလား.......

နေပါဦး........ဒီကီရင်က ဧကရာဇ် အတုကြီးများလား.......

အင်မော်တယ်သားရဲမှာ စိတ်ရှုပ်ထွေးစွာ ထွက်ခွာသွားပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားမှာမူ အရေးကြီး အကြောင်းအရာများ ဆက်လက်တွေးတောနေသည်။ တစ်လတစ်ခါ တုန်းဖန်းမန့်ကျယ်နှင့် တွေ့ဆုံရမည့်နေ့သို့ ရောက်ရှိတော့မည်ဖြစ်ကာ သူသည်လည်း ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ရတော့မည်ပင်။

၎င်းတို့၏ ဆက်ဆံရေးသည် တည်တည်ငြိမ်ငြိမ်ရှိပြီး သံယောဇဉ်ကြိုးမှာလည်း ဖြည်းညင်းစွာ ပိုမိုခိုင်မာလာသည်။

နှစ်ပေါင်းများစွာ ကြာမြင့်လာပါသော်လည်း ပြဿနာ ကြီးကြီးမားမား မရှိပဲ ပို၍သာ နီးစပ်လို့လာသည်။

ကျင့်ကြံသူများအတွက် နှစ်ရာချီတိုင် ဆက်ဆံရေးတစ်ခု ရှိနေခြင်းမှာ မထူးဆန်းလှပေ။

တာအိုလက်တွဲဖော်ဆိုသည်မှာ နှစ်သောင်းချီ သို့မဟုတ် နှစ်သိန်းချီထိ အတူတကွ လက်တွဲသွားရမည့်သူ ဖြစ်သည်။ မည်သူကမှ တစ်နှစ်၊ နှစ်နှစ် သိရှိရုံမျှဖြင့် ထိုသူအား တာအိုလက်တွဲဖော်အဖြစ် သတ်မှတ်လက်ခံကြမည် မဟုတ်ပေ။ ထိုသည်မှာ ကျိုးကြောင်းဆီလျော်မှုလည်း မရှိပေ။

ထို့ကြောင့် အန်လင်းသည်လည်း ရှောင်လန်၏ နှစ်တစ်ရာ စမ်းသပ်ချက်အား မငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် မိန်းမပိုးရာတွင် သောက်ကျိုးနည်းလောက်အောင် ညံ့ဖျင်းလွန်းလှသည်။

၎င်း၏ပေါက်ကရ နည်းလမ်းများကြောင့် အန်လင်းမှာ မကြာခဏဆိုသလို စိတ်ဆင်းရဲခဲ့ရသည်။

ဥပမာအားဖြင့် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေမှ ဒေသအစားအစာများ ယူဆောင်သွားခြင်းမှာ အဆင်ပြေပါသော်လည်း အဘယ်ကြောင့် နှပ်ချေးပိုးကောင်မှ ပြုလုပ်ထားသော အစားအသောက်များကို လက်ဆောင်ပေးရပါသနည်း။

ထိုလက်ဆောင်ကြောင့် ပါးရိုက်ချက်များအား ပြန်ရခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ပါးရိုက်ချက်များအား သာယာနေသောကြောင့် တုန်းဖန်းမန့်ကျယ်ကသာ သွေးတက်နေရသည်။

ဒုတိယ ဥပမာအားဖြင့် တစ်ခါက တုန်းဖန်းမန့်ကျယ်သည် ယခုမှစ၍ ငါးရက်မြောက်ညတွင် မြို့တစ်မြို့၌ လှပသော ဥတ္တရအလင်းတန်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ပြောပြဖူးသည်။ ကောင်းကင်အထက်တွင် အလင်းတန်းများ ယိမ်းနွဲ့ကခုန်နေသည်ကို ကြည့်ရှုရမည်မှာ စိတ်ကူးယဉ်အိပ်မက်ဆန်လွန်းလှပေသည်။

"ခင်ဗျား သွားကြည့်ချင်လား။"

သက်လတ်ပိုင်းအရွယ် အမျိုးသား မေးမြန်းလိုက်သည်။

"အဲ့လောက်လည်း မဟုတ်ပါဘူး။ အဖော်လိုက်ပေးမယ့်သူလည်း မရှိဘူးလေ။ ကိုယ့်ဘာသာတော့ မသွားချင်ဘူး။"

တုန်းဖန်းမန့်ကျယ် သက်ပြင်းချလိုက်သည်။

"အင်း....... ဘာမှမဖြစ်ပါဘူး။ ဥတ္တရအလင်းတန်းတွေက ဘာများကြည့်ကောင်းလို့လဲ။"

သက်လတ်ပိုင်းအရွယ် အမျိုးသား နှစ်သိမ့်ပေးလိုက်သည်။

တုန်းဖန်းမန့်ကျယ် : ".........."

အန်လင်း : "............"

(ဥတ္တရအလင်းတန်းဆိုတာ မြောက်ဝင်ရိုးစွန်းက အစိမ်းရောင်ပြေးနေတဲ့ အလင်းကို ခေါ်တာပါ။ တခြားဂြိုဟ်တွေမှာလည်း ဥတ္တရအလင်းတန်းတွေရှိပြီး တစ်ဂြိုဟ်နဲ့တစ်ဂြိုဟ် ရောင်စဉ်မတူကြပါဘူး။)

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ တုံးအလွန်းသော မိန်းမပိုးနည်းများမှာ ပြောမကုန်ပေ။

အန်လင်းသည် တုန်းဖန်းကျွမ်းရှီး၏ အတိတ်အား မြင်သင့်သည်ထက်ပို၍ မြင်နေရခြင်းပင်။

.............

နံနက်ခင်းတစ်ခု၌......

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ရှုမျှော်ခင်းအားကြည့်ကာ လက်ဖက်ရည်ကြမ်းသောက်ရန် လက်ဖက်ခြံသို့ ရောက်ရှိလာသည်။

ပတ်ဝန်းကျင်တွင် မိုးစက်မိုးပေါက်လေးများ တဖွဲဖွဲ ကျဆင်းနေသည်။

တုန်းဖန်းမန့်ကျယ်သည် ပုံမှန်အတိုင်း နို့နှစ်ရောင်ဝတ်စုံအား ဆင်မြန်းထားကာ လက်ဖက်ရည်ကြမ်း ပြုလုပ်နေသည်။ မွှေးပျံ့သော သင်းရနံ့နှင့်အတူ သူမသည် ခွက်များထဲသို့ ရေနွေးလောင်းထည့်လိုက်သည်။

"မြို့စားမင်းရဲ့သား လျှိုဝမ်ကွမ်းက ကျွန်မကို ပန်းတွေလာပေးတယ်။"

တုန်းဖန်းမန့်ကျယ် ပြုံးကာပြောလိုက်သည်။

သက်လတ်ပိုင်းအရွယ် လက်တုန်သွားကာ အတွေးတစ်ခု ခေါင်းထဲဝင်ရောက်လာသည်။

အဲ့ကောင်ကို သတ်ပစ်မယ်..............

"သူကဘယ်သူလဲ။ ကျုပ်လည်း မသိပါလား။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အားယူကာ ပြုံးလိုက်ရသည်။

သူသည် ကျိုးကြောင်းဆီလျော်မှု ရှိသူဖြစ်ကြောင်း ပြသရမည်ပင်။

"သူက........."

တုန်းဖန်းမန့်ကျယ် ရှက်သွေးဖြာသွားသည်။

"သူက ရုပ်လည်းချောပြီး ကိုယ်ကျင့်စရိုက်လည်း ကောင်းတဲ့သူပါ။ ကျင့်ကြံရေးကလည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ရောက်နေပြီလေ။"

သက်လတ်ပိုင်းအရွယ် အမျိုးသား တည်ငြိမ်စွာ ရယ်မောလိုက်သည်။

"ဘာမှလည်း မထူးခြားပါဘူး။"

"အရေးအကြီးဆုံးက သူက ဆေးမျှော်စင်ရဲ့ အတွင်းစည်းတပည့်လေ။ သူ့ရဲ့ ဆေးပညာက အထင်ကြီးစရာကောင်းတယ်။"

တုန်းဖန်းမန့်ကျယ် လေးစားစွာ ပြောလိုက်သည်။

သူမသည် ဆေးဆရာမတစ်ဦး ဖြစ်သောကြောင့် ဆေးဆရာများ၏ အိပ်မက်ဖြစ်သော ဆေးမျှော်စင်ထံ ဝင်နိုင်သူမှန်သမျှကို လေးစားလေ့ရှိသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ စိတ်ကသိကအောက် ဖြစ်သွားကာ လက်ဖက်ရည်ကြမ်းသည် ပုံမှန်ကဲ့သို့ အရသာ မရှိသလို ခံစားလိုက်ရသည်။

စင်စစ်အားဖြင့် သူသည် သားရဲတစ်ကောင် ဖြစ်သောကြောင့် လက်ဖက်ရည်ကြမ်းအား အရသာ မခံတတ်ပေ။ စိတ်အခြေအနေပေါ် မူတည်ကာ အရသာရှိမရှိ ဆုံးဖြတ်နေခြင်းသာ ဖြစ်သည်။

"ဆေးမျှော်စင်ကို ဝင်နိုင်တာနဲ့ပဲ အထင်ကြီးစရာ ကောင်းတယ်တဲ့လား။ ကျုပ်လည်း လုပ်နိုင်ပါတယ်။"

သက်လတ်ပိုင်းအရွယ် အမျိုးသား လေးနက်စွာ ပြောလိုက်သည်။

"ရှင်ကလား။"

တုန်းဖန်းမန့်ကျယ် ဝါးလုံးကွဲ ရယ်မောလိုက်သည်။

"ရှင်က ဆေးပညာမှာ ပါရမီမှ မပါတာ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

"ဆေးမျှော်စင်ကို ကျုပ်ဝင်နိုင်ခဲ့ရင်ရော။"

သက်လတ်ပိုင်းအရွယ် အမျိုးသား မေးခွန်းထုတ်လိုက်သည်။

တုန်းဖန်းမန့်ကျယ် ပြုံးကာပြောလိုက်သည်။

"ရှင်ပြောတဲ့ ကိစ္စတစ်ခုကို လိုက်လျောပေးမယ်လေ။"

"ကောင်းပြီ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ တိုက်ပွဲစိတ်ဆန္ဒများ ထကြွလာသည်။

အန်လင်းသည်လည်း မယုံကြည်ပေ။ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်ဆုံး ဝိဉာဉ်စုဆောင်းခြင်း အဆင့်တွင်သာ ရှိပေလိမ့်မည်။

"ဆရာလေးလျှိုက လက်ဖက်ရည်ကြမ်း မကြိုက်ဘူးလေ။ မဟုတ်ရင် လက်ဖက်ခြံကို ဖိတ်ခဲ့ဦးမလို့ပဲ။"

တုန်းဖန်းမန့်ကျယ်မှာ စကားဆိုနေရင်း သက်လတ်ပိုင်းအရွယ် အမျိုးသားအား မခို့တရို့ လှမ်းကြည့်လိုက်သည်။ သူမ၏ နှလုံးသားမှာ စိတ်မသက်မသာဖြစ်ခြင်းများနှင့် မျှော်လင့်ခြင်းများ ရောထွေးနေလေသည်။

အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းလာလေပြီ။

သက်လတ်ပိုင်းအရွယ် အမျိုးသား စကားဆိုလိုက်သည်။

"တကယ်တော့ ကျုပ်လည်း လက်ဖက်ရည်ကြမ်း မကြိုက်ဘူး။"

တုန်းဖန်းမန့်ကျယ် အံ့အားသင့်သွားသည်။

"ဟာသပဲ။ ရှင်ဒီကိုလာတိုင်း အရမ်းပျော်နေတာလေ။"

သက်လတ်ပိုင်းအရွယ် အမျိုးသား တုံ့ပြန်လာသည်။

"ဟာသမဟုတ်ပါဘူး။ ကျုပ်အမြဲပျော်နေတာက လက်ဖက်ရည်ကြမ်း ကြိုက်လို့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့........."

တုန်းဖန်းမန့်ကျယ်မှာ တောက်ပနေသော မျက်ဝန်းများဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသားအား ကြည့်ရှုလိုက်သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ တုန်းဖန်းမန့်ကျယ်အားကြည့်ကာ နှလုံးသားထဲ ထိတ်လန့်လာမိသည်။

"ဘာလို့လဲဆိုတော့ ဒီနေရာက မိုးတွေလေတွေကို သဘောကျလို့ပါ။ ပတ်ဝန်းကျင်ကလည်း ရှုခင်းကောင်းတော့ ဒီမှာနေရတာ ခံစားချက် ကောင်းတယ်လေ။"

ထိုစကားကြောင့် တုန်းဖန်းမန့်ကျယ် ရယ်မောလိုက်သည်။

ထိုသို့ဖြင့် ၎င်းတို့၏ ဆက်ဆံရေးမှာ ဒုံရင်းမှ ဒုံရင်းသာ ဖြစ်နေသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် လစဉ်လတိုင်း လက်ဖက်ခြံသို့ လာနေဆဲပင်။

တုန်းဖန်းမန့်ကျယ်မှာလည်း လျှိုဝမ်ကွမ်းအကြောင်း ထပ်မပြောတော့ပေ။

မကြာမီပင် ထိုလသာဆောင်ငယ်လေးတွင် ၎င်းတို့ထပ်တွေ့ဖြစ်ကြသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ တုန်းဖန်းမန့်ကျယ်အား ကြည့်ကာပြောလိုက်သည်။

"ကျုပ်ဆေးမျှော်စင်ရဲ့ ပြိုင်ပွဲကို ဝင်ပြိုင်တော့မယ်။ ခင်ဗျားရဲ့ ကတိကို မှတ်မိသေးရဲ့လား။"

တုန်းဖန်းမန့်ကျယ် ခပ်ဖွဖွ ပြုံးပြလာသည်။

"ဒါပေါ့။"

"ကောင်းပြီလေ။ ကျုပ်ရဲ့အောင်ပွဲကို စောင့်မျှော်နေလိုက်။"

"အင်း..... ဒါပေမယ့် မဟုတ်ကဟုတ်ကနည်းတွေ မသုံးရဘူးနော်။"

"စိတ်မပူပါနဲ့။ ကျုပ်မှာ ပြိုင်ပွဲနဲ့ မကိုက်တာဆိုလို့ အသက်ပဲ ရှိတာပါ။"

တုန်းဖန်းမန့်ကျယ် သဘောကျစွာ ရယ်မောလိုက်သည်။

ဒဏ္ဍာရီလာ သားရဲတစ်ကောင်သည် လူငယ်လေးများကြား ဝင်ရောက်ယှဉ်ပြိုင်ရမည်ကို တွေးကြည့်ရုံနှင့်ပင် သူမ ပြုံးမိသည်။

"အဲ့ဒါဆို သွားပြီနော်။"

"တာ့တာ။"

တုန်းဖန်းမန့်ကျယ်သည် တုန်းဖန်းကျွမ်းရှီး ထွက်ခွာသွားသည်ကို ကြည့်ရှုနေမိသည်။

သူမ၏ မျက်ဝန်းများတွင်လည်း မျှော်လင့်ခြင်းရောင်ခြည်များ သမ်းနေတော့သည်။

All Chapters