သတ်ဖြတ်ခြင်းနှင့်အပြစ်ဒဏ်
Vol. 63 Ch. 877
တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲဖြစ်သော တုန်းဖန်းကျွမ်းရှီးအတွက် အသက်သုံးဆယ်အောက် လူသားအသွင် ပြုလုပ်ရန်မှာ မခက်ခဲလှပေ။ မည်သူကမှ သူ၏ပုံစံအမှန်နှင့် အသက်အရွယ်အား အာရုံခံနိုင်မည် မဟုတ်ပေ။
ဆေးလုံးသန့်စင်ခြင်း ပညာရပ်အား အချိန်အတော်ကြာ လေ့လာခဲ့သောကြောင့် သူ၏အရည်အချင်းများကို ပြသရန် အတော်ပင် စိတ်လှုပ်ရှားနေသည်။ အရေးအကြီးဆုံးမှာ တုန်းဖန်းမန့်ကျယ် ပေးထားသော ကတိစကားပင် ဖြစ်သည်။
..............
ဆေးလုံးသန့်စင်ခြင်း ပြိုင်ပွဲ၌.........
ပါရမီရှင်များကြားတွင်ပင် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ စွမ်းဆောင်ရည်မှာ ထူးချွန်နေသည်။
ပြိုင်ပွဲဝင် တစ်သောင်းကျော်အနက် အဆင့်နှစ်ဆယ့်ခြောက် ရရှိခဲ့သောကြောင့် ဆေးမျှော်စင်၏ တပည့်ဖြစ်လာရန် ဖိတ်ခေါ်မှု ရရှိခဲ့သည်။
ထိုက်ချူကုန်းမြေတခွင် ဖိန့်ဖိန့်တုန်အောင် ကျော်ကြားသော ဧကရာဇ် ကီရင်သည် ယခုကဲ့သို့ ဆေးလုံးသန့်စင်ခြင်း ပြိုင်ပွဲအား ဝင်ပြိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။ ဆေးမျှော်စင်၏ တပည့်ဖြစ်လာသောကြောင့် ကလေးတစ်ယောက်လို ရယ်မောခုန်ပေါက်နေမည်ဟုလည်း မည်သူမှ တွေးထင်မထားလောက်ပေ။
"ဟားဟား...... ဆေးမျှော်စင်ရဲ့ တပည့်ဖြစ်ပြီကွ။"
"လင်ကုမြို့တော်ကို သွားရမယ်။"
တုန်းဖန်းကျွမ်းရှီးသည် ဝုန်းဒိုင်းကြဲ ခုန်နေသော နှလုံးသားနှင့်အတူ ဆေးမျှော်စင်၏ တပည့်အဖြစ် သတ်မှတ်ပေးသော အဝါရောင် ကျောက်စိမ်းပြားအား တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။
.................
လင်ကုမြို့တော်၌
မိုးစက်မိုးပေါက်များ ရွာသွန်းနေဆဲပင်။
ကိုးပြည်ထောင်၏ အရှေ့တောင်ဘက် နယ်စပ်နားတွင် တည်ရှိသော ဤမြို့ငယ်လေးအတွက် နွေရာသီတွင် မိုးရွာသည်မှာ ထူးဆန်းလှသည် မဟုတ်ပေ။
လင်ကုမြို့တော် တခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေပြီး မိုးရွာသွန်းသံ တစ်ခုတည်းကိုသာ ကြားနေရသည်။
မြို့ထဲမဝင်ခင်မှာပင် တုန်းဖန်းကျွမ်းရှီး စိတ်မသက်မသာ ဖြစ်နေသည်။
အားကောင်းလှသော အံ့ဖွယ်အာရုံအရ မြို့ထဲတွင် အသက်စွမ်းအင် မရှိတော့ပေ။
မဟုတ်ဘူး..............
မဖြစ်နိုင်ဘူး...............
သူမ ထွက်သွားတာပဲ ဖြစ်ရမယ်........ ဒီမြို့ထဲမှာ သူမ မရှိလောက်တော့ပါဘူး..........
တုန်းဖန်းကျွမ်းရှီး တိုးညင်းစွာ ရေရွတ်ကာ ခန္ဓာကိုယ်မှာလည်း အကြောက်တရားကြောင့် တုန်ယင်နေသည်။
မကြာမီပင် ပျက်စီးနေသော မြို့တော်အား တွေ့လိုက်ရသည်။ မြို့သည် တစ်စစီ စုတ်ပြတ်သတ်နေပြီး မြင်ရက်စရာပင် မရှိတော့ပေ။
မြေပြင်တွင် အလောင်းများ မွစာကြဲနေကာ အချို့သည် လူသားများဖြစ်ပြီး အချို့သည် မဟူရာလက်ကလန်မှ ဖြစ်သည်။ မဟူရာလက်ကလန်မှ သက်ရှိများသည် ခန္ဓာကိုယ် တစ်ခုလုံး မည်းနက်ကာ မျက်နှာမရှိပဲ လက်လေးဘက်၊ ခြေနှစ်ဘက် ပါဝင်ကြသည်။
မိုးရေများသည် သွေးများကို ဆေးကြောပေးထားပါသော်လည်း လေထုထဲ၌ အနံ့အချို့ ကျန်ရစ်နေဆဲပင်။
သူသည် မြို့တော်တခွင် လျှောက်သွားနေရင်း ရင်းနှီးနေသော မျက်နှာများစွာကို တွေ့နေရသည်။ အားလုံးသည် ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာများနှင့် မြေပြင်ပေါ် အသက်မဲ့စွာ လှဲလျောင်းနေကြ၏။
တုန်းဖန်းကျွမ်းရှီးသည် အံ့ဖွယ်အာရုံကိုပင် အသုံးမပြုရဲပေ။ သူသည် ကိုယ့်ကိုယ်ကို လှည့်စားရန် ကြိုးစားနေသော အရူးတစ်ယောက်လိုပင်။
ကောင်းကင်သည် မှိုင်းညှို့ကာ မှုန်ရီနေသယောင်။
အချိန်အတိုင်းအတာတစ်ခု ကြာမြင့်သွားပြီးနောက် တုန်းဖန်းကျွမ်းရှီး၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
သူသည် မြေပြင်ပေါ် ဒူးထောက်ထိုင်ချကာ အေးစက်နေသော သူမ၏ ရုပ်အလောင်းကို ပွေ့ချီလိုက်သည်။
ထို့နောက် တုံ့ပြန်မှုတစ်ခုကို တောင့်တနေသည့်အလား တင်းကြပ်စွာ ဖက်တွယ်ထားလိုက်မိသည်။
"ခင်ဗျားပြောတော့ ကျုပ်ကိုစောင့်နေမယ်ဆို........ ဘာလို့ မပြေးခဲ့ရတာလဲ။"
တုန်းဖန်းကျွမ်းရှီး၏ စကားသံမှာ အက်ကွဲနေသည်။
သူ၏စကားကိုလည်း ပြန်ဖြေမည့်သူ မရှိပေ။
တုန်းဖန်းမန့်ကျယ်သည် မျက်ဝန်းများ မှိတ်နေပြီး ခန္ဓာကိုယ်တွင်လည်း အသက်စွမ်းအင် မရှိတော့ပေ။ နို့နှစ်ရောင် ဝတ်စုံပေါ်တွင် ဆိုးရွားလှသော သွေးထွက်ဒဏ်ရာများကို မြင်တွေ့နိုင်သည်။
သူမသည် ခန္ဓာကိုယ်အား ဘောလုံးတစ်လုံးသဖွယ် ကွေးထားသည်။ သူမ၏ သေခြင်းတရားသည် အတော်ပင် နာကျင်စရာ ကောင်းခဲ့ပုံရသည်။
ဖြောင်း....... ဖြောင်း....... ဖြောင်း.......
မိုးစက်သံများကြား ကျယ်လောင်လှသော ပါးရိုက်သံများပါ ပဲ့တင်ထပ်သွားသည်။
"တောင်းပန်ပါတယ်။ ခင်ဗျားကို မကာကွယ်ပေးနိုင်ခဲ့တာ ကျုပ်အမှားပါ။ ထပါဦး....... ခင်ဗျားလေးရဲ့...... ထပြီးတော့ ကျုပ်ကိုရိုက်ပါဦးဗျာ။"
တုန်းဖန်းကျွမ်းရှီးသည် အေးစက်နေသော သူမလက်အားကိုင်ကာ သူ့ပါးသူ ရိုက်နေမိသည်။
နှလုံးသား တစ်ခုလုံး လေးလံလွန်းသောကြောင့် မျက်ရည်များ စီးကျလာသည်။
တုန်းဖန်းမန့်ကျယ်၏ လက်တစ်ဖက်မှ ပစ္စည်းတစ်ခု ပြုတ်ကျလာသည်။
တုန်းဖန်းကျွမ်းရှီးမှာ ရင်းနှီးနေသော စွမ်းအင်စီးကြောင်းတစ်ခုကို ခံစားမိလိုက်သည်။
သူသည် တုန်တုန်ယင်ယင်ဖြင့် လှမ်းယူလိုက်သောအခါ ထိုသည်မှာ အနုစိတ် ထွင်းထုထားသော ကျောက်စိမ်းနီ ဆွဲသီးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုဆွဲသီးအား သေသေချာချာ ဂရုစိုက်ပေးထားပုံရကာ အားကောင်းလွန်းသော စွမ်းအင်စီးကြောင်းမှာ ထိုအချက်အား သက်သေခံနေသည်။
ဆွဲပြားတစ်ဖက်ခြမ်းတွင် မန့်ကျယ်ဟု ရေးထိုးထားပြီး ကျန်တစ်ဖက်တွင် ကျွမ်းရှီးဟု ရေးထွင်းထားသည်။
"အဟား........ ဟားဟားဟား......"
"ငါအရမ်းတုံးတာပဲ။ ငါကတကယ်ကို သောက်ရူးပဲ။ ဘာလို့ စောစောစီးစီး ဖွင့်မပြောခဲ့ရတာလဲကွာ။"
"လက်ဖက်ရည်ကြမ်းကို ငါတကယ်မကြိုက်ဘူး။ ခါးသက်ပြီးတော့ ဘာအရသာမှလည်း မရှိတာကို ဘယ်လိုလုပ် ကြိုက်ပါ့မလဲ။ ဒါပေမယ့် ခင်ဗျားလေးကိုတော့ ကြိုက်တယ်လေ။ ချစ်လည်းချစ်တယ်။ ခင်ဗျားနဲ့ အတူရှိနေရတာကို သဘောကျတယ်။ ခင်ဗျားနဲ့ အတူရှိနေရင် အရာအားလုံးက အရသာရှိတယ်။"
တုန်းဖန်းကျွမ်းရှီးသည် အရူးတစ်ယောက်လို ရယ်မောကာ ကြည်လင်နေသော မျက်ဝန်းများဖြင့် သွေးကွက်များကို ဖြည်းညင်းစွာ ကြည့်ရှုရင်း ကြမ်းတမ်းလွန်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ ပြင်းထန်လှသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကြောင့် ကောင်းကင်သည်ပင် ပြိုကျလာတော့မလို တုန်လှုပ်လာရသည်။
"မဟူရာလက်မျိုးနွယ်စု ဟုတ်တယ်မလား။ သူတို့က ငါချစ်တဲ့ မိန်းကလေးကို သတ်သွားတယ်ပေါ့။ ကျိုးကြောင်းဆီလျော်မှုရှိရှိ ပြောရရင်......"
"အဲ့မျိုးနွယ်စု တစ်ခုလုံးကို မျိုးဖြုတ်ပစ်ရမယ်။"
ဝုန်း.........
အနီရောင် အလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်သွားကာ ကောင်းကင်နှင့်မြေပြင်သည်ပင် ထက်ခြမ်းကွဲသွားရသည်။
တိမ်တိုက်မည်းများလည်း ပျောက်ကွယ်သွားပြီး ကောင်းကင်ထက်တွင် အကန့်အသတ်မဲ့သော သွေးပင်လယ်သာ ရှိတော့သည်။
အနီရောင်ကြယ်တစ်စင်းသည် ကိုးပြည်ထောင်၏ အရှေ့တောင်အရပ် အပြင်ဘက်တွင်ရှိသော မဟူရာလက်မျိုးနွယ်စုပေါ် ကျဆင်းလာသည်။
သွေးမိစ္ဆာကီရင်သည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများနှင့်အတူ ရောက်ရှိလာကာ လူမျိုးတုန်း သတ်ဖြတ်ခြင်းကို စတင်လိုက်သည်။ ကုန်းမြေတစ်ခုလုံး သွေးပင်လယ်ဝေကာ ကုဋေနှင့်ချီသော မဟူရာလက်မျိုးနွယ်စု၏ အော်ဟစ်သံများ ပဲ့တင်ထပ်သွားလေသည်။ သက်ရှိများစွာ သေကြေပျက်စီးကုန်ပြီး ကောင်းကင်သည်ပင် ဝမ်းနည်းကြေကွဲကာ ရက်တစ်ရာတိတိ သွေးမိုးရွာချခဲ့သည်။
မဟူရာလက်မျိုးနွယ်စု၏ အဖြစ်အပျက်အား တွေ့မြင်ခဲ့ရသော တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသည်လည်း အလွန်ထိတ်လန့်ခဲ့ရသည်။
၎င်းတို့အားလုံးသည် သွေးမိစ္ဆာကီရင် ရူးသွပ်သွားပြီဟုသာ ထင်ကြေးပေးနိုင်ကြသည်။
သွေးမိစ္ဆာကီရင် အမှန်တကယ် ရူးသွပ်သွားခဲ့သည်။ တုန်းဖန်းမန့်ကျယ်သည် သူ့အား ကျိုးကြောင်းဆီလျော်မှုရှိသော လူ့ယဉ်ကျေးတစ်ယောက် ဖြစ်လာအောင် ပြောင်းလဲပေးနိုင်ခဲ့သည်။ ယခုတွင်မူ သူမ မရှိတော့သဖြင့် သွေးဆာနေသော မိစ္ဆာအဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။
ထိုက်ချူကုန်းမြေပေါ်ရှိ ကုဋေနှင့်ချီသော မျိုးနွယ်စုတစ်ခုမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသည်။ မဟူရာလက်မျိုးနွယ်စု၏ တာအိုပေါင်းစည်းခြင်းအဆင့် မဟူရာလက် ဧကရာဇ်သည်ပင် အပိုင်းပိုင်းအစစ ခုတ်ထစ်ခံလိုက်ရလေသည်။
ထိုသို့ဖြစ်သွားရခြင်း၏ အကြောင်းအရင်းအား မည်သူကမှ နားမလည်ကြပေ။
မဟူရာလက်မျိုးနွယ်စုနှင့် သွေးမိစ္ဆာကီရင်သည် ပြဿနာပင် မဖြစ်ဖူးသောကြောင့် ရန်သူဖြစ်လာစရာလည်း မရှိပေ။ ကြောက်မက်ဖွယ် ကောင်းလှသော လူမျိုးတုန်း သတ်ဖြတ်ခြင်းမှာ ထိုက်ချူကုန်းမြေ တခွင်လုံးကို လှုပ်ခတ်သွားစေသည်။
တုန်းဖန်းကျွမ်းရှီးသည် သွေးများရွှဲရွှဲစိုလျက် မြို့ငယ်လေးထံ ပြန်ရောက်လာသည်။ သူသည် တုန်းဖန်းမန့်ကျယ်ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်သည်။
"မန့်ကျယ်...... ကျုပ်ခင်ဗျားလေးအတွက် လက်စားချေခဲ့ပြီ။"
သူသည် အသက်စွမ်းအင် ပြည့်ဝနေသော သွေးနီရောင် ပုတီးစေ့တစ်ခုကို ထုတ်ယူလိုက်သည်။
ထို့နောက် သက်တံ့ရောင် ပုတီးစေ့တစ်ခုကိုပါ ထွက်ပေါ်စေလိုက်သည်။ ထိုသည်မှာ အံ့ဖွယ်ရတနာ အံ့ဖွယ်အချိန်ပုတီးစေ့ပင်။ အချိန်မြစ်ကြီးထဲတွင် ဖြစ်နိုင်ခြေများ အနန္တရှိသည်။
"မဟူရာလက်မျိုးနွယ်စုကို ရှင်းထုတ်ပစ်လိုက်ပြီ။ အခု အံ့ဖွယ်အချိန်ပုတီးစေ့နဲ့ဆိုရင်ရော အချိန်နောက်ပြန်ဆုတ်လို့ ရနိုင်ပါ့မလား။"
တုန်းဖန်းကျွမ်းရှီး တိုးညင်းစွာ ရေရွတ်လိုက်ပြီးနောက် တွေဝေခြင်းမရှိပဲ အံ့ဖွယ်အချိန်ပုတီးစေ့အား ဖျက်စီးလိုက်သည်။
ဝုန်း.........
သွေးနီရောင် ပုတီးစေ့မှာ ကောင်းကင်ထက် ထိုးတက်သွားကာ မြို့အလယ်နေရာသို့ ရောက်ပြီးနောက် အလင်းရောင်များ တောက်ပလာသည်။
စွမ်းအင်တစ်ခုမှာ မြို့တစ်မြို့လုံးအား လွှမ်းခြုံသွားလေသည်။
အံ့ဖွယ်အချိန်ပုတီးစေ့ကြောင့် အဖြူနှင့်အမည်း အလင်းများ ဖြစ်ပေါ်လာကာ အချိန်မှာ အမှန်တကယ်ပင် နောက်ပြန်ဆုတ်သွားသည်။
မြေပြင်ပေါ်မှ မိုးရေစက်များသည် ကောင်းကင်ထက်သို့ ပြန်တက်သွားသည်။
အချိန်နောက်ပြန်ဆုတ်သည်နှင့်အတူ တုန်းဖန်းကျွမ်းရှီးမှာ အဖြစ်အပျက်များစွာ မြင်တွေ့ခဲ့ရသည်။
မဟူရာလက်မျိုးနွယ်စုသည် မြို့တော်အနီး ဝင်္ကပါတစ်ခု ပြုလုပ်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ ၎င်းတို့သည် မြို့တော်အတွင်းရှိ စစ်သည်တော်များ၊ ကျင့်ကြံသူများအားလုံးကို သတ်ဖြတ်ပစ်ခဲ့ကြသည်။ တုန်းဖန်းမန့်ကျယ်သည် တတ်စွမ်းသမျှ မြို့သူမြို့သားများအား ကာကွယ်ရန် ကြိုးစားခဲ့ပါသော်လည်း မဟူရာလက်မျိုးနွယ်စုမှ အဆင့်မြင့် ကျင့်ကြံသူများလက်ချက်ကြောင့် သေဆုံးသွားခဲ့ရသည်။
အချိန်မှာ နောက်ပြန်စီးဆင်းနေလေသည်။
တုန်းဖန်းကျွမ်းရှီးသည် ငြိမ်းချမ်းနွေးထွေးခဲ့သော မြို့ငယ်လေးအား မြင်နေရသည်။
ဆန်းကြယ်သောကုသရေးဆေးခန်းတွင် တုန်းဖန်းမန့်ကျယ်သည် ဆွဲပြားလေးအား တယုတယကိုင်ကာ မျှော်လင့်ချက် ပြည့်နှက်နေသော မျက်ဝန်းလေးများဖြင့် ကောင်းကင်အား မော့ကြည့်နေခဲ့သည်။
တုန်းဖန်းမန့်ကျယ် ညင်သာစွာပြုံးရင်း ဆေးများကို ကိုင်တွယ်နေချိန်မှာပင် ပုံရိပ်မှာ ရပ်တန့်သွားခဲ့သည်။
အံ့ဖွယ်အချိန်ပုတီးစေ့၏ စွမ်းအင်များ ကုန်ခမ်းသွားလေပြီ။
"မန့်ကျယ်........."
တုန်းဖန်းကျွမ်းရှီးသည် စိတ်ခံစားချက်များစွာဖြင့် တုန်းဖန်းမန့်ကျယ်ထံ လက်လှမ်းလိုက်သည်။
သူ၏လက်သည် တုန်းဖန်းမန့်ကျယ်၏ မျက်နှာအား ဖြတ်ဝင်သွားသည်။
တုန်းဖန်းကျွမ်းရှီး၏ အမူအရာ ခါးသက်သွားရသည်။
"အချိန်နောက်ပြန်ဆုတ်ပြီး အသက်တွေ ပြန်ရှင်လာပေမယ့် အခုအချိန်စီးဆင်းမှုနဲ့ ပေါင်းလို့မရသေးဘူးပဲ။"
"ဒါပေမယ့် ဘာမှမဖြစ်ပါဘူး။ ခင်ဗျားကို ရအောင်ကယ်မှာပါ။"
တုန်းဖန်းကျွမ်းရှီးသည် ရပ်တန့်နေသော မြို့တော်အား သွေးနီရောင် ပုတီးစေ့ထဲ ထည့်သိမ်းလိုက်သည်။
ထို့နောက် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေသို့ ပျံသန်းသွားတော့သည်။
ကောင်းကင်တွင် ကြီးမားလှသော မျက်ဝန်းတစ်စုံ ရုတ်တရက် ပေါ်ထွက်လာသည်။
"သွေးမိစ္ဆာကီရင်....... မင်းဘာဖြစ်လို့ မဟူရာလက်မျိုးနွယ်စုကို ရှင်းပစ်လိုက်ရတာလဲ။"
စကားလုံး တစ်လုံးချင်းစီတွင် ကောင်းကင်တာအိုများ ပါဝင်နေသောကြောင့် တုန်းဖန်းကျွမ်းရှီးသည်ပင် တုန်လှုပ်သွားရသည်။
"သူတို့က ငါချစ်ရတဲ့ မိန်းကလေးကို သတ်သွားတာလေ။ ဘာလို့ အရှင်ထားရဦးမှာလဲ။"
ခန္ဓာကိုယ်ရော၊ စိတ်ဝိဉာဉ်ပါ ဖိအားခံစားနေရပါသော်လည်း တုန်းဖန်းကျွမ်းရှီးမှာ ထိုမျက်ဝန်းအား စူးစိုက်ကြည့်ရှုလိုက်သည်။
"မင်းတို့ကြားက ပြဿနာက လူမျိုးတုန်း သတ်ဖြတ်မှုအထိ မဖြစ်သင့်ဘူး။ မင်းက ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ကောင်ပဲ။"
"ဟမ့်.......... ငါကအမြဲတမ်း ကျိုးကြောင်းဆီလျော်မှုရှိတဲ့ သားရဲတစ်ကောင်ပဲ။"
"မင်းရဲ့လုပ်ရပ်က ကုန်းမြေတစ်ခုလုံးရဲ့ မျှခြေဖြစ်မှုကို ထိခိုက်စေတယ်။ အဲ့ဒါကြောင့် အရက်စက်ဆုံး နှိပ်စက်ညှင်းပန်းမှုကို မင်းခံစားရမယ်။"
ထိုစကားသည် နတ်ဘုရားတစ်ပါး၏ အမိန့်တော်အလား အေးစက်ခက်ထန်လွန်းလှသည်။
အကန့်အသတ်မဲ့သော ဖိအားများကြောင့် တုန်းဖန်းကျွမ်းရှီး မလှုပ်ရှားနိုင်တော့ပေ။
"လာစမ်းပါ။ မင်းကိုကြောက်မနေဘူး။"
ဝုန်း..........
ကျယ်လောင်လှသော ပေါက်ကွဲသံမှာ ပဲ့တင်ထပ်သွားသည်။
ပြင်းထန်လွန်းသော စွမ်းအင်များမှာ တုန်းဖန်းကျွမ်းရှီး၏ ခန္ဓာကိုယ်အား အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားစေသည်။
အရာအားလုံးလည်း အမှောင်အတိကျသွားလေသည်။