← Chapters

အံ့ဖွယ်ဆေးလုံးအတွက်ခရီးစဉ်

Vol. 63 Ch. 879

အံ့ဖွယ်ဆေးလုံးအတွက်ခရီးစဉ်

Vol. 63 Ch. 879

အစာသွပ်ပေါက်စီများ ရောင်းချပြီးနောက် အန်လင်းသည် အတန်းပိုင်ဆရာအား ခွင့်တင်ကာ တုန်ရွှာနန်းတော်သို့ ထွက်လာခဲ့သည်။

မတွေ့ရသော အချိန်များအတွင်း ပိုမိုလုံးဝိုင်းလာသော ယီရှီအား တွေ့လိုက်ရလေသည်။

"အစ်ကိုကြီးယီရှီ.......... ကျွန်တော် ဒဲ့ပဲပြောမယ်ဗျာ။ ခင်ဗျားဆီမှာ စျေးအပေါဆုံး အံ့ဖွယ်ဆေးလုံးက ဘယ်လောက်လဲ။"

အန်လင်း လာရင်းကိစ္စအား ပြောလိုက်သည်။

ယီရှီ မျက်လုံးပြူးကာ အသက်ရှူသံများ ပြင်းသွားသည်။

"ညီလေးအန်လင်း...... မင်း..... မင်းရဲ့ ဆေးလုံးအသုံးပြုတဲ့ အဆင့်က ထပ်မြင့်သွားပြန်ပြီလား။ မင်းကအခု အဆင့်မြင့် ဆေးလုံးတွေကိုတောင် ဝါးတော့မလို့လားကွာ။"

အန်လင်း မျက်နှာပျက်သွားသည်။

"ဆေးသုံးတဲ့အဆင့်ဆိုတာ ဘာကြီးလဲ။"

"ကျင့်ကြံသူတွေ ဆေးသုံးတာနဲ့ ပက်သတ်ပြီး ငါမှတ်ထားတဲ့ အဆင့်သတ်မှတ်ချက်လေ။ နောက်ကြရင်အဖွဲ့အစည်းတစ်ခုခုအဖြစ် တိုးတက်လာဖို့ မျှော်လင့်ရတာပဲ။"

ယီရှီ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အန်လင်း ခေါင်းကိုက်လာကာ လက်ခါပြလိုက်သည်။

"လာရင်းကိစ္စကိုပဲ ပြန်သွားရအောင်။ အံ့ဖွယ်ဆေးလုံးရဲ့ စျေးနှုန်းကို ခန့်မှန်းချင်လို့ပါ။"

သူ့ထံတွင် အချိန်မရှိပေ။ ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ တတ်နိုင်သမျှ အမြန်ဆုံး ရောက်ရှိလိုသည်။

ကျင့်စဉ်နှင့် အံ့ဖွယ်လက်နက်အတွက် ဘာမှမတတ်နိုင်သောကြောင့် အံ့ဖွယ်ဆေးလုံးကိုသာ အာရုံစိုက်ရပေလိမ့်မည်။

"အံ့ဖွယ်ဆေးလုံးရဲ့ စျေးနှုန်းက ပြောဖို့ခက်တယ်။ ပါဝင်ပစ္စည်း ရှာရတာလည်း တကယ်မလွယ်ဘူးလေ။"

"ဘာပဲဖြစ်ဖြစ် အံ့ဖွယ်ဆေးလုံးအတွက် အံ့ဖွယ်သစ်သီးနဲ့ ဆေးပင်တွေ လိုအပ်တာမို့လို့ စျေးပေါတာတော့ မရှိနိုင်ဘူး။"

ယီရှီ တွေးကာပြောလိုက်သည်။

"ငါမြင်ဖူးသမျှ အံ့ဖွယ်ဆေးလုံးတွေက အနည်းဆုံး စိတ်ဝိဉာဉ်ဆေးလုံး သန်းဆယ်နဲ့ချီ တန်ကြေးရှိတာချည်းပဲ။ ဆေးဆရာ အများစုကလည်း စိတ်ဝိဉာဉ်ကျောက်တုံး သန်းရာဂဏန်းလောက် မပေးရင် အံ့ဖွယ်ဆေးလုံးကို မသန့်စင်ပေးကြဘူး။"

အန်လင်းမှာ ယီရှီ၏လက်အား လှမ်းကိုင်လိုက်သည်။

"အစ်ကိုကြီး....... ကျွန်တော့်ကိုယုံလား။"

ယီရှီ လေးနက်စွာ ခေါင်းညိတ်ပြလာသည်။

"ယုံတာပေါ့။"

အန်လင်း ဝမ်းသာသွားရသည်။

"ဒါပေမယ့် အံ့ဖွယ်ဆေးလုံးကို ငါမသန့်စင်နိုင်ဘူး။"

ယီရှီ စကားဆိုလိုက်သည်။

အန်လင်း မယုံကြည်နိုင် ဖြစ်သွားရသည်။

"ဒါ..... ဒါပေမယ့် တုန်ရွှာနန်းတော်မှာ ခင်ဗျားက အတော်ဆုံး ဆေးဆရာလေ။"

ယီရှီ မျက်ဆံလှန်လိုက်သည်။

"အဲ့တော့ဘာဖြစ်လဲ။ ငါက ဆေးဥသျှောင် နောက်ဆုံးအဆင့်ပဲ ရှိသေးတာကွ။"

အန်လင်း မျက်နှာပျက်သွားသည်။

ဆေးဥသျှောင် နောက်ဆုံးအဆင့်တောင် ရောက်နေပြီလေ..........

ဆေးမျှော်စင်က လူတွေသာ ဒီစကားကိုကြားရင် ဒေါသဖြစ်ကြမှာ သေချာတယ်.........

ယီရှီ ဆက်ပြောလိုက်သည်။

"အံ့ဖွယ်ဆေးလုံးကို သန့်စင်ရတာက တာအိုပေါင်းစည်းခြင်းအဆင့်ကို တက်ရတာထက်တောင် ပိုပြီးခက်ခဲသေးတယ်။ တာအိုပေါင်းစည်းခြင်း အဆင့်အောက်မှာရှိတဲ့ ဆေးဆရာတွေထဲ အံ့ဖွယ်ဆေးလုံး သန့်စင်နိုင်တဲ့သူ မကြားဖူးသေးဘူး။"

"ချန်အယ်တောင်မှလား။"

အန်လင်း မေးမြန်းလိုက်သည်။

"အာ......."

ယီရှီ ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"ချန်အယ်က လွဲလို့ပေါ့။ သူမက သာမန်မှ မဟုတ်တာ။ သူမရဲ့ ဆေးလုံးသန့်စင်ခြင်း အဆင့်က တာအိုအပ်နှင်းခြင်းအဆင့်ကို ခြေလှမ်းတဝက်လောက် ရောက်နေပြီလေ။ အဲ့ဒါကြောင့် အဆင့်နိမ့် အံ့ဖွယ်ဆေးလုံးလောက်ကို သန့်စင်နိုင်နေလောက်ပြီ။ ငါက သူမနဲ့ ယှဉ်လို့မရပါဘူး။"

အန်လင်း စိတ်ဝင်စားသွားသည်။

"တာအိုအပ်နှင်းခြင်းအဆင့်က ဘာလဲ။"

"ရှင်းပြရမှာတော့ နည်းနည်းရှုပ်တယ်။ ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ဆေးဆရာ တစ်ယောက်က ဆေးလုံးသန့်စင်ခြင်း အနုပညာမှာ အထွဋ်အထိပ်ကို ရောက်သွားပြီးရင် သူတို့ရဲ့ တာအိုသဘောတရားတွေကို ဆေးလုံးထဲ အပ်နှင်းနိုင်လာတယ်။"

"တာအိုအပ်နှင်းခြင်းအဆင့် ဆေးဆရာတွေကိုယ်တိုင် အံ့ဖွယ်အဆင့် ပါဝင်ပစ္စည်းတွေသုံးပြီး သန့်စင်ထားမှ အစစ်အမှန် အံ့ဖွယ်ဆေးလုံးလို့ သတ်မှတ်နိုင်လိမ့်မယ်။"

"အံ့ဖွယ်ဆေးလုံးချင်း တူရင်တောင် ဆေးဆရာ မတူရင် အစစအရာရာ ကွဲပြားနေလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဆေးဆရာတွေရဲ့ တာအိုသဘောတရားတွေက မတူကြလို့ပဲ။"

အန်လင်းမှာ အမြင်ကျယ်သွားသလို ခံစားလိုက်ရသည်။

"အဲ့ဒါဆို ချန်အယ်ကို သွားရှာရမှာပေါ့။"

အန်လင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။

"ငါ့ဆရာကိုလည်း ရှာလို့ရပါတယ်။"

ယီရှီ ဗိုက်ပုတ်ကာ ပြောလိုက်သည်။

မဟုတ်သေးဘူး....... အဲ့ဒါ သူ့ရင်ဘတ်ထင်တယ်......

ယီရှီသည် အလွန်ပင် လုံးဝန်းနေသောကြောင့် ရင်ဘတ်နှင့်ဗိုက်အား သဲသဲကွဲကွဲ မမြင်ရပေ။

"ခင်ဗျားဆရာလား။ သူက အမြဲတမ်း အလုပ်များနေတာလေ။ ကျွန်တော် အနှောင့်အယှက် မပေးချင်ပါဘူး။"

အန်လင်း တွေဝေစွာ ပြောလိုက်သည်။

"မင်းမှာ ပိုက်ဆံလုံလုံလောက်လောက်ရှိရင် ဖြစ်ပါတယ်။ စိတ်ဝိဉာဉ်ကျောက်တုံး သန်းရာဂဏန်းလောက်သာယူခဲ့။ ငါ့ဆရာ သေချာပေါက် လာလိမ့်မယ်။"

ယီရှီ ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

အန်လင်း ရယ်မောမိလိုက်သည်။

"ဟားဟား..........."

ထိုသည်မှာ အလွန့်အလွန် များပြားလွန်းသော ပမာဏဖြစ်ပြီး လူ့ငမွဲလေး အန်လင်းအဖို့ တက်နိုင်သော ပမာဏ မဟုတ်ပေ။

သူအနည်းငယ် တွေးတောကာ ချန်အယ်ထံသွားရန် ဆုံးဖြတ်လိုက်သည်။ အန်လင်းနှင့် သူမသည် ခင်မင်ရင်းနှီးနေသောကြောင့် ပြောရဆိုရ ပိုမိုလွယ်ကူပေလိမ့်မည်။

ထိုသို့ဖြင့် ယီရှီအား နှုတ်ဆက်ပြီးနောက် ကောင်းကင်ဘုံခုံရုံး၏ လေဟာနယ် ခုန်ကူးခြင်း ဝင်္ကပါ အစီအရင်မှတဆင့် လနန်းတော်ထံ ထွက်လာလိုက်သည်။

.............

ကြယ်ရောင်စုံသော ညဉ့်ကောင်းကင်ယံအောက်၌

အလင်းတန်းတစ်ခုနှင့်အတူ အန်လင်းမှာ ငွေဖြူရောင် ကုန်းမြေပေါ် ရောက်ရှိလာသည်။

လေပြေနှင့်အတူ မျောလွင့်လာသော ပင်လုံးကြိုင်ပန်း ရနံ့သင်းသင်းကြောင့် သူကူကယ်ရာမဲ့စွာ ရှူရှိုက်လိုက်မိသည်။ ပန်းရနံ့သည် နွေးထွေးသော လက်တစ်စုံလို ခန္ဓာကိုယ်တလျှောက် ပျံ့နှံ့စီးဆင်းကာ စွမ်းအင်ဝင်ပေါက်များအား ပိုမိုကောင်းမွန်စေပြီး လွတ်လပ်ပေါ့ပါးသော ခံစားချက်ကို ရရှိစေလိုက်သည်။

"ဒီနေရာက တကယ်ကောင်းတာပဲ။"

အန်လင်း ရိုးသားစွာ ချီးကျူးလိုက်သည်။

သူသည် လနန်းတော်ရှေ့သို့ ရောက်လာပြီးနောက် ယောက်ျားနှင့် ခွေးမဝင်ရဟု ရေးသားထားသော နေရာအရောက် ရပ်တန့်လိုက်သည်။

အန်လင်းမှာ စိတ်မသက်မသာနှင့် အသံဆက်သွယ်သော ကျောက်စိမ်းပြားတစ်ခုအား ထုတ်ယူလိုက်သည်။

မကြာမီပင် အေးစက်ပျင်းရိနေသော စကားသံတစ်ခုအား ကြားလိုက်ရသည်။

"မဟာဂိုဏ်းချုပ်ကြီး အန်လင်းပါလား....... ဘာကိစ္စ ရှိလို့လဲ။"

အန်လင်း အနည်းငယ် ရှက်ရွံ့သွားသည်။

"မဟာဂိုဏ်းချုပ်ကြီးလို့တော့ မခေါ်ပါနဲ့။ ဂိုဏ်းချုပ်ကြီးလောက်ဆို ရပါပြီ။"

ချန်အယ် : ".........."

တူ..... တူ...... တူ.....

အသံဆက်သွယ်မှု ပြတ်တောက်သွားလေသည်။

"ဟာ......"

ယခုမှသာ အန်လင်းသည် မည်သူနှင့် စကားပြောနေကြောင်း ကိုယ့်ကိုယ်ကို သတိထားမိသွားသည်။

ချန်အယ်သည် လနန်းတော် သခင်မဖြစ်ပြီး ကောင်းကင်ဘုံခုံရုံး၏ နံပါတ်တစ် ဆေးဆရာမလည်း ဖြစ်သည်။

သူသည် အခြားသူများနှင့် စစနောက်နောက် နေတတ်သောကြောင့် ချန်အယ်ကိုပါ ထိုသို့ကြွားဝါးမိတော့မလိုပင်။

အန်လင်းမှာ ဂရုမစိုက်မိခြင်းကြောင့် ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်သည်။

သူသည် သတ္တိများကို စုစည်းကာ ချန်အယ်အား ထပ်မံဆက်သွယ်ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ချန်အယ်မှာ လျစ်လျူရှုမထားခဲ့ပေ။

"ဘာလိုချင်လို့လဲ။"

ချန်အယ် အေးစက်စွာ မေးလာသည်။

"အာ..... အခု ကျွန်တော်က လနန်းတော် အပြင်ဘက်မှာပါ။ ခင်ဗျားကို အကူအညီ တောင်းစရာလေး ရှိလို့ပါ။"

အန်လင်းမှာ ရိုးသားသော ဖိုးသခွားအသံဖြင့် တုံ့ပြန်လိုက်သည်။

"အရေးကြီးလို့လား။"

"အင်း...... အဲ့လောက်ကြီးတော့ အရေးမကြီးပါဘူး။"

အန်လင်း တွေဝေစွာ ပြောလိုက်သည်။

"နင်ဒီကို ရောက်နေတာက ငါးတစ်ကောင် မြက်ခင်းပေါ် တင်နေသလိုပဲ။"

နူးညံ့သော စကားသံတစ်ခုအား ကြားလိုက်ရသည်။

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားလေသည်။

"အမ်........"

"ဟူး......"

ချန်အယ် သက်ပြင်းချလိုက်သည်။

"ဘဝဆိုတာ အရမ်းတိုတောင်းလွန်းတယ်။ ငါတို့က သံသရာရဲ့ ဧည့်သည်တွေပဲ။ အရေးမကြီးသေးဘူးဆိုရင် အနာဂတ်ကို ပူပန်နေမယ့်အစား ဘဝကို ပျော်ပျော်ရွင်ရွင် ဖြတ်သန်းပါလား။"

အန်လင်းမှာ ဦးနှောက်ပျက်သွားသလို ခံစားရကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ရုတ်ချည်းဆိုသလို ချန်အယ်၏ ပုံမှန်မဟုတ်သော စိတ်အခြေအနေအား သတိရလိုက်မိသည်။

သူမပြောနေသော စကားများအား သူတစ်လုံးပင် နားမလည်ပေ။

အန်လင်း မျက်ရည်အဝဲသား ဖြစ်လာသည်။

သူမစကားတွေ နားမလည်မှတော့ ဘယ်လိုပြောဆိုဆက်သွယ်ရမှာလဲ..........

စစ်ကူ........ ငါ့အတွက် စစ်ကူလိုတယ်.......

သူသည် ရေကိုယ်ပွားအားထုတ်ကာ အသံဆက်သွယ်သော ကျောက်စိမ်းပြားတစ်ခုဖြင့် စုချန်းရန်အား ဆက်သွယ်ခိုင်းလိုက်သည်။ ယခုအခြေအနေအား စုချန်းရန်ကသာ ကူညီပေးနိုင်လိမ့်မည်။

စုချန်းရန်သည် ချန်အယ်၏ စကားများအား အပြည့်အဝ နားလည်သဘောပေါက်ကာ ကောင်းမွန်စွာလည်း ပြောဆိုဆက်သွယ်နိုင်သည်။ သူမနှင့် ချန်အယ်တို့ အတိုင်အဖောက်ညီစွာ စကားပြောနေခဲ့သည်ကို ယခုထိတိုင် အန်လင်း မမေ့နိုင်သေးပေ။

အန်လင်းမှာ ကိုယ့်ကိုယ်ကို အထင်ကြီးသွားမိသည်။ ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် အသံဆက်သွယ်သော ကျောက်စိမ်းပြား အပိုရှိနေသည်။ ရေကိုယ်ပွားကိုလည်း ကျွမ်းကျင်စွာ ထုတ်နိုင်ပြီး စုချန်းရန်နှင့်လည်း ခင်မင်ရင်းနှီးနေသည်။ ထိုသို့မဟုတ်ပါက ယခုအခြေအနေအား ရှေ့ဆက်ရန် နည်းလမ်းမရှိပေ။

အသံဆက်သွယ်မှု အောင်မြင်သွားပြီးနောက် အန်လင်းနှစ်သည် ချန်အယ်၏ စကားများအား စုချန်းရန်ထဲ ပြောပြလိုက်သည်။

စုချန်းရန်သည် အချိန်မှာ အရေးကြီးကြောင်း သိရှိနေသောကြောင့် မည်သည့်မေးခွန်းမှ မမေးပဲ ရှင်းသာရှင်းပြလိုက်သည်။

ဥပမာအားဖြင့် ပထမစကား၏ အဓိပ္ပာယ်မှာ "အရေးမကြီးပဲ ဘာလာလုပ်တာလဲ"ဟူ၍ ဖြစ်သည်။

အန်လင်းမှာ ချွေးပင်ပျံသွားရသည်။

ဒုတိယစကား၏ အဓိပ္ပါယ်မှာမူ "ဘဝဆိုတာ တန်ဖိုးရှိပြီး တိုတောင်းတယ်။ ပစ္စုပ္ပန်ကို အာရုံစိုက်နေဖို့က အရေးအကြီးဆုံးပဲ။ အရေးမကြီးတဲ့ ကိစ္စတွေနောက် လိုက်နေစရာ မလိုဘူး။ ကိုယ့်ဘဝကိုယ် ပျော်ပျော်နေ။"ဟု ဆိုလိုသည်။

ရိုးရိုးရှင်းရှင်း ပြောရသော် ချန်အယ်မှာ မောင်းထုတ်နေခြင်းပင်။

အန်လင်း ဘာမှမတုံ့ပြန်ရသေးခင်မှာပင် ချန်အယ်မှာ စိတ်မရှည်စွာ စကားဆိုလာသည်။

ထိုစကား၏ အဓိပ္ပါယ်မှာ "ဘာလို့ဘာမှမပြောတာလဲ။ အရေးမကြီးရင်လည်း လာမဆက်သွယ်နဲ့တော့။" ဟူ၍ပင်။

စုချန်းရန် ဘာသာပြန်ပြီး မကြာခင်မှာပင် အသံဆက်သွယ်မှု ပြတ်တောက်သွားလေသည်။

တူ...... တူ..... တူ......

အန်လင်း : "..........."

All Chapters