← Chapters

ဟာသနဲ့ အလုပ်ဖြစ်သွားတယ်

Vol. 63 Ch. 881

ဟာသနဲ့ အလုပ်ဖြစ်သွားတယ်

Vol. 63 Ch. 881

စရံငွေ စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာလား........

ငါ့ကိုယ်ငါ လေလံတင်ရင်တောင် အဲ့လောက်ရပါ့မလားဟ..........

"ဘာဖြစ်လို့လဲ။"

ချန်အယ် အန်လင်းအားကြည့်ကာ မေးလိုက်သည်။

"အမ်....... စရံငွေကို နည်းနည်းပဲ အရင်ယူထားလို့ မရဘူးလား။ လောလောဆယ် အဲ့လောက်များတဲ့ ငွေပမာဏ မရှိသေးလို့ပါ။"

အန်လင်း ခေါင်းကုတ်ကာ တောင်းပန်လိုက်သည်။

ချန်အယ် မျက်မှောင်ကျုံ့သွားသည်။

"နင့်မှာ ဘယ်လောက်ရှိတာလဲ။ ပါဝင်ပစ္စည်းတွေနဲ့တင် ငွေကတော်တော်ကုန်မှာ။"

"အခု သိုလှောင်လက်စွပ်ထဲမှာ စိတ်ဝိဉာဉ်ကျောက်တုံး ငါးသန်းပဲပါတယ်။"

အန်လင်း ဝန်ခံလိုက်သည်။

"ဟမ့်......"

ချန်အယ် လှည့်ထွက်သွားလေသည်။

"နေပါဦး......... ကောင်းကင်နတ်မိမယ် ချန်အယ်..... စရံငွေကိစ္စကို ခဏလောက် ဘေးဖယ်ထားလို့ မရဘူးလား။ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ထောက်ထားပြီးတော့ပေါ့။"

အန်လင်း စကားဆိုလာသည်။

ချန်အယ် ခြေလှမ်းများ ရပ်တန့်သွားကာ အန်လင်းအား လှည့်ကြည့်လိုက်သည်။

"ဂုဏ်သိက္ခာနဲ့ ငွေရေးကြေးရေးက ဘာမှမဆိုင်ဘူး။"

အန်လင်း ကြောင်အမ်းအမ်းဖြစ်သွားကာ တုံ့ပြန်လိုက်သည်။

"စုကျိုးအင်မော်တယ်ဂိုဏ်းကိုတော့ ခင်ဗျား သိတယ်မလား။ အဲ့လိုဂိုဏ်းကြီးတစ်ခုရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ကျွန်တော့်ကို ငွေရေးကြေးရေးနဲ့ ပက်သတ်ပြီး သံသယဝင်စရာ လိုလို့လား။ ခင်ဗျား အံ့ဖွယ်ဆေးလုံးနဲ့ ပက်သတ်တာတွေ အကုန်ပြီးသွားတာနဲ့ စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာ ရစေရမယ်။"

ချန်အယ် မျက်တောင်ခတ်လိုက်သည်။

"စုကျိုးအင်မော်တယ်ဂိုဏ်းလား။ အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင် ပြောဖူးတဲ့နာမည်ပဲ။"

"တွေ့လား။ ခင်ဗျား ကျွန်တော့်ကို ယုံလို့ရပါတယ်ဆို။"

အန်လင်း ခပ်ဖွဖွ ပြုံးပြလာသည်။

"သူမပြောတာတော့ နင့်ဂိုဏ်းက ပထမတန်းစား ဂိုဏ်းတွေထက်တောင် လှုပ်လှုပ်ခတ်ခတ် ဖြစ်စေတယ်တဲ့။ ဒါပေမယ့် ငွေရေးကြေးရေးကတော့ တတိယတန်းစား ဂိုဏ်းလောက်တောင် မရှိဘူးလို့ပြောတယ်။"

ချန်အယ် စကားဆိုလိုက်သည်။

အန်လင်း၏ အပြုံးများ အေးခဲသွားရသည်။

ယီးတဲ့မှ........... အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်က ငါ့ကိုစော်ကားတာ ထားလိုက်ပါတော့....... ဒါပေမယ့် ဘာကိစ္စနဲ့ အတင်းလျှောက်တုပ်နေရတာလဲ............

နောက်တစ်ခါဆို ဒင်းကို ပညာပေးမှရမယ်......

အန်လင်း ပြောစရာ မရှိတော့ပေ။ သူ့ထံတွင် ပိုက်ဆံမရှိသလို ချန်အယ်သည်လည်း စုကျိုးအင်မော်တယ်ဂိုဏ်းအား အထင်မကြီးသောကြောင့် ညှိနှိုင်းရမည့်ပုံ မပေါ်ပေ။

သူစိတ်ဆင်းရဲနေစဉ်မှာပင် ချန်အယ် စကားဆိုလိုက်သည်။

"ဒါပေမယ့် ငါ့စိတ်ခံစားချက်ကို ကောင်းအောင်လုပ်ပေးနိုင်ရင်တော့ စရံငွေနဲ့ ပက်သတ်ပြီး လျှော့ပေါ့ပေးဖို့ စဉ်းစားပေးမယ်လေ။"

"စိတ်ခံစားချက် ကောင်းလာအောင်လား။"

အန်လင်း တွေဝေသွားကာ ချန်အယ်အား တစ်ခုခုပေးရန် သိုလှောင်လက်စွပ်ထဲ အပြေးအလွှား ရှာဖွေကြည့်လိုက်သည်။

ချန်အယ် ချက်ချင်းပင် ခေါင်းခါပြလိုက်သည်။

"ရုပ်ဝတ္ထုပစ္စည်းတွေ မလိုပါဘူး။ ငါက ဆင်းရဲနေတာမှ မဟုတ်တာ။"

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။

လက်ဆောင်တောင် မလိုချင်မှတော့ ဘယ်လိုလုပ် ပျော်အောင်လုပ်ပေးရမှာလဲ...........

သူမက ရုပ်ဝတ္ထုပစ္စည်းတွေ မလိုချင်ဘူးလား........ အဲ့ဒါဆို စိတ်ပျော်ချင်တာလား........

"ဒီလိုဆိုရင်ရော...... ကျွန်တော် ခင်ဗျားကို ဟာသပြောပြမယ်လေ။"

အန်လင်း အကြံပေးလိုက်သည်။

ချန်အယ်၏ မျက်ဝန်းများတွင် စိတ်ဝင်စားမှုများ တောက်ပလာသည်။

"ဟာသလား။ စိတ်ဝင်စားဖို့ကောင်းလား။ ငါ့ကို ဝမ်းနည်းစရာကောင်းတဲ့ အချစ်ဇာတ်လမ်းမျိုး ပြောပြလေ။"

အန်လင်း ခပ်တောင့်တောင့် ဖြစ်သွားရသည်။

"ဟာသပြောပြရမှာလား။ ဒါမှမဟုတ် ဝမ်းနည်းစရာကောင်းတဲ့ အချစ်ဇာတ်လမ်းမျိုး ပြောပြရမှာလား။"

ချန်အယ် အနည်းငယ် တွေးတောလိုက်သည်။

"အင်း....... ဟာသဆန်ပြီး ဝမ်းနည်းစရာကောင်းတဲ့ အချစ်ဇာတ်လမ်းမျိုး ပြောပြလေ။"

အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။

ဟာသဆန်ပြီး ဝမ်းနည်းစရာကောင်းတဲ့ အချစ်ဇာတ်လမ်းဆိုတာ သောက်ကျိုးနည်း ဘာကြီးလဲ.......

သာမန်လူတွေလို ရိုးရိုးတန်းတန်း ဟာသပဲ နားမထောင်နိုင်ဘူးလား......... ဒင်းပြောတာနဲ့ ဘယ်လိုဟာမျိုး ပြောပြရမလဲတောင် မသိတော့ဘူး.........

အန်လင်း ကြေကွဲသွားသည်။

ဘာလို့ ဘဝကြီးက အဲ့လောက်ခက်ခဲနေတာလဲ........

သူသည် ဦးနှောက်အား သေလောက်အောင် အလုပ်ပေးရင်း ရုတ်တရက် တုန်းဖန်းကျွမ်းရှီးကို တွေးမိသွားသည်။

"ကောင်းပြီလေ။ ဟာသဆန်ပြီး ဝမ်းနည်းစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြမယ်။"

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

ချန်အယ် မျှော်လင့်တကြီး ခေါင်းညိတ်လိုက်လေသည်။

အန်လင်း စကားစလိုက်သည်။

"ဒီဇာတ်လမ်းလေးက လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ အစပြုခဲ့တာပေါ့။"

"စာသင်သားတစ်ယောက်က နေ့တိုင်းနေ့တိုင်း လက်ဖက်ရည် သောက်ဖို့အတွက် လက်ဖက်ရည်ဆိုင် သွားလေ့ရှိတယ်။"

"လက်ဖက်ရည်ဆိုင်က ဝန်ထမ်းမလေးလည်း ဖောက်သည်ဖြစ်နေတဲ့ စာသင်သားလေးနဲ့ ရင်းနှီးလာတာပေါ့။"

"ဒီလိုနဲ့ အချိန်တွေ ကြာလာတယ်။"

"နေ့တိုင်းတွေ့နေရတဲ့ သူတို့နှစ်ယောက်လည်း ပိုပြီးနီးစပ်လာတာပေါ့။"

"တစ်မနက်မှာတော့......"

"မင်းကိုကြည့်ရတာ အဆင်မပြေပုံပဲ။"

စာသင်သားမှာ လက်ဖက်ရည်သောက်ရင်း ဝန်ထမ်းမလေးအား ကြည့်ကာပြောလိုက်သည်။

ဝန်ထမ်းမလေး တုံ့ပြန်လာသည်။

"သခင်လေး...... ရှင်မြို့အရှေ့ပိုင်းက သခင်လေးထျန်းကိုသိလား။"

စာသင်သားမှ ဖြေကြားလိုက်သည်။

"မိသားစုချင်းတော့ ရင်းနှီးကြပါတယ်။"

ဝန်ထမ်းမလေး မေးမြန်းလိုက်သည်။

"နောက်တစ်ခါကြရင် အဲ့သခင်လေးနဲ့ မိတ်ဆက်ပေးလို့ ရမလား။"

စာသင်သားမှာ ထိုစကားကြောင့် ရင်ဘတ်များ အောင့်လာကာ လက်ဖက်ရည်လည်း အရသာ မရှိတော့သလို ခံစားလိုက်ရသည်။

စာသင်သား စကားဆိုလိုက်သည်။

"သူက လက်ဖက်ရည် မကြိုက်ဘူး။"

ဝန်ထမ်းမလေး ဇွဲမလျှော့သေးပေ။

"ရပါတယ်။ သူဘာကြိုက်တတ်လဲ ပြောပြလေ။ ကျွန်မ သင်ယူမှာပေါ့။"

စာသင်သား စိတ်ပေါက်ပေါက်ဖြင့် ပြောချလိုက်သည်။

"သူကငါ့ကိုကြိုက်တာ။"

..............

"ဟားဟားဟား........ ဘယ်လိုလဲ။ ဟာသဆန်ပြီး ဝမ်းနည်းစရာကောင်းတယ်မလား။"

အန်လင်းမှာ ကိုယ့်ဟာသနှင့်ကိုယ် ရယ်မောလိုက်သည်။

ချန်အယ်မှာ ပါးပြင်လေးများ ရဲတွတ်သွားလေသည်။

သူမ ညင်သာစွာ ပြောလိုက်သည်။

"ထင်ထားတဲ့အတိုင်း အချစ်စစ်ဆိုတာ လိင်တူတွေမှာပဲ ရှိတာပဲ။ ဒီဟာသ တကယ်ကောင်းတယ်။ ကောင်းပြီလေ။ ငါသဘောတူလိုက်ပြီ။"

"ဟားဟား...... ဟင်....."

အန်လင်း ကြောင်တောင်တောင်ဖြစ်ကာ အရယ်ပင် ရပ်သွားရသည်။

ပုံပြင်နှင့်ပက်သတ်၍ ချန်အယ်နှင့် သူ၏အမြင်မှာ ကွဲပြားခြားနားပုံပင်။

မည်သို့ပင်ဆိုစေကာမူ ရလဒ်ကောင်းမွန်ခဲ့ပြီး ချန်အယ်သည်လည်း စရံငွေ လျှော့ယူရန် သဘောတူခဲ့သည်။

"ကျေးဇူးတင်ပါတယ်........... ကောင်းကင်နတ်မိမယ် ချန်အယ်.... ကျွန်တော် တကယ်ကို ကျေးဇူးတင်တာပါ။"

အန်လင်း ချက်ချင်းပင် ကျေးဇူးတင်လိုက်သည်။

ကောင်းကင်နတ်မိမယ် ချန်အယ် ခပ်ဖွဖွ ပြုံးပြလာသည်။

"အစစအရာရာ အဆင်ပြေတယ်ဆိုရင် သက်တံ့အံ့ဖွယ်တာအိုဆေးလုံးက တစ်နှစ်၊ နှစ်နှစ်အတွင်း အသင့်ဖြစ်လိမ့်မယ်။ အဲ့အချိန်ကြရင် နင့်ဆီမှာ စိတ်ဝိဉာဉ်ကျောက်တုံး လုံလုံလောက်လောက် ရှိပါ့မလား။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"စိတ်ချပါ။ လိုတဲ့ စိတ်ဝိဉာဉ်ကျောက်တုံး ပမာဏကို သေချာပေါက် စုထားပါ့မယ်။ အဲ့အချိန်ထိ ငွေမလောက်သေးဘူးဆိုရင် လိုတာကို လက်နက်တွေ၊ ရတနာတွေ ရောင်းပြီးပေးလို့ရပါတယ်။"

သူသည် ပိုင်ဆိုင်မှုနှင့် ပက်သတ်၍ အတော်ပင် ယုံကြည်ချက် ရှိသည်။ သိုလှောင်လက်စွပ်ထဲတွင် ရတနာများစွာရှိပြီး ၎င်းတို့အား ရောင်းချလိုက်ပါက စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာရရန် မခက်ခဲလှပေ။

ချန်အယ် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ။ အဲ့ဒါဆိုရင် သက်တံ့အံ့ဖွယ်တာအိုဆေးလုံးကို လုပ်ထားလိုက်တော့မယ်။ စရံအနေနဲ့ကတော့ နင့်မှာရှိတဲ့ စိတ်ဝိဉာဉ်ကျောက်တုံး ငါးသန်းပဲ ယူထားလိုက်မယ်။ နင်စိတ်ပြောင်းသွားတာဖြစ်ဖြစ်၊ သေသွားတာဖြစ်ဖြစ် အဲ့ငွေက ငါ့လုပ်အားခပဲ။"

အန်လင်း မျက်နှာပျက်သွားသည်။

အဲ့လောက်ဒဲ့ပြောစရာ လိုလို့လား..........

စိတ်ထဲတွင် မကျေမနပ် ဖြစ်နေပါသော်လည်း ယဉ်ယဉ်ကျေးကျေးပြုံးကာ ရိုကျိုးစွာပင် သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိဉာဉ်ကျောက်တုံး ငါးသန်း ထုတ်ပေးလိုက်ရသည်။

ယခုမှစ၍ သူသည် ငမွဲထွဋ်ခေါင် အန်လင်း ဖြစ်သွားလေပြီ။

အန်လင်းသည် ချန်အယ်အား နောက်ထပ်တစ်ကြိမ် ကျေးဇူးတင်လိုက်သည်။ သူမသည် သူ့အား ယုံကြည်မှု ရှိသောကြောင့် ယခုကဲ့သို့ အခြေအနေအား လက်ခံပေးခဲ့ခြင်း ဖြစ်သည်။ စရံငွေ ငါးသန်းသာ ယူထားသည်မှာ စင်စစ်တွင် စွန့်စားလွန်းရာ ကျပေသည်။

အခြားသော ဆေးဆရာတစ်ဦးကိုသာ စိတ်ဝိဉာဉ်ကျောက်တုံး ငါးသန်းဖြင့် အံ့ဖွယ်ဆေးလုံးအတွက် စရံသွားချသွားပါက ပါးပြန်ချခံရမည်မှာ သေချာသည်။

ချန်အယ်သည်လည်း သူ့အားပါးရိုက်လာပါသော်လည်း နွေးနွေးထွေးထွေး ပြုံးပြလာသည်။

"ငါနင့်ကို ကူညီမှာပါ။"

ဘယ်လောက်တောင် သဘောကောင်းတဲ့ ကောင်းကင်နတ်မိမယ်လေးလဲ........ ကြင်နာပြီး နွေးထွေးလိုက်တာ......

"အဲ့ဒါဆိုရင် ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ပိုက်ဆံရှာထားနော်။ ငါသွားတော့မယ်။"

ချန်အယ် အန်လင်းအားကြည့်ကာ နှုတ်ဆက်လိုက်သည်။

"တာ့တာနော် ကောင်းကင်နတ်မိမယ် ချန်အယ်။"

အန်လင်းလည်း တာ့တာပြကာ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်ထံ ပြန်လာခဲ့သည်။

အခုက ပိုက်ဆံရှာရမယ့် အချိန်ပဲ.........

တော်တော်များတဲ့ ပမာဏဆိုတော့ သေသေချာချာ အစီအစဉ် ဆွဲရမယ်.........

..............

ညဉ့်ကောင်းကင်ယံထက်တွင် လစန္ဒာနှင့်အတူ ငွေကြယ်ပွင့်လေးများ တလက်လက် တောက်ပနေသည်။

အန်လင်းသည် ပြတင်းပေါက်ဘောင်အားမှီကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။

"ရှောင်ဟုန်....... ငါဘယ်လို ငွေရှာရမလဲ။"

ရှောင်ဟုန် သမ်းဝေကာ ချိုမြိန်စွာ ပြောလိုက်သည်။

"ဒီကမ္ဘာမှာ တောက်ပနေတဲ့ နေမင်းကြီးကိုပဲ လိုအပ်တယ်။ ဘာလို့ ငွေရှာဖို့ပဲ တွေးနေရတာလဲ။ ကျွန်မကတော့ ငွေမလိုဘူး။ အဲ့ဒါကြောင့် ငွေလည်းမရှာတတ်ဘူး။"

အန်လင်း : ".............."

ဟူး...... ဒါက အချိန်ဖြုန်းနေတာပဲ......

ရှောင်ဟုန်သည် မည်သည်ကိုမှ ဂရုမစိုက်ပဲ နေရောင်အောက်တွင် နေရုံမျှနှင့် ကျင့်ကြံရေး တိုးတက်လာမည့်သူ ဖြစ်သည်။ သူမနှင့် သူသည် ဆန့်ကျင်ဘက်လမ်းအား လျှောက်နေသူများသာ။

ရွှယ်ကျန်ထျန်း ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။

"သခင်....... ကျွန်တော်နဲ့တူတူ ကောင်းကင်ဘုံကို ဖျက်စီးကြမယ်လေ။ အဲ့လိုဆိုရင် ရတနာတွေ အများကြီး ရမှာပဲ။"

အန်လင်း မျက်ဆံလှန်ကာ လျစ်လျူရှုထားလိုက်သည်။

ဘယ်သူ့ဆီမှာ အကြံတောင်းရမလဲ.......

မကြာမီပင် သူ၏မျက်ဝန်းများ တောက်ပသွားသည်။

ရှောင်လန်လေး ရှိတာပဲ........

All Chapters