← Chapters

သူဋ္ဌေးဖြစ်မယ့်လမ်း

Vol. 63 Ch. 882

သူဋ္ဌေးဖြစ်မယ့်လမ်း

Vol. 63 Ch. 882

စုရှောင်လန်၏ ကျောင်းသားအဆောင်၌......

ဖယောင်တိုင်မီး မှိန်ပြပြ ထွန်းလင်းနေသည်။

အန်လင်းမှာ စုရှောင်လန်ထံ အလည်ရောက်နေသည်။

စုရှောင်လန်သည် တအံ့တသြ ဖြစ်မနေပဲ အန်လင်းအား အထဲသို့ ခေါ်လိုက်သည်။

"ဘာဖြစ်လာတာလဲ။ နင့်ကြည့်ရတာ အဆင်မပြေပုံပဲ။"

စုရှောင်လန် ပြုံးကာမေးလိုက်သည်။

ထင်မှတ်ထားသည့်အတိုင်း ရှောင်လန်သည် သူ၏စိတ်အား ဖတ်နိုင်ပေသည်။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"ကိုယ်တကယ် အဆင်မပြေ ဖြစ်နေတာ။ စိတ်ဝိဉာဉ်ကျောက်တုံးတွေ လိုနေလို့လေ အဲ့ဒါ ငွေမြန်မြန်ရှာဖို့ နည်းလမ်းစဉ်းစားမှရမယ်။"

စုရှောင်လန် မျက်မှောင်ကျုံ့လိုက်သည်။

"စိတ်ဝိဉာဉ်ကျောက်တုံး လိုနေတာလား။ ဘယ်လောက်လိုလို့လဲ။ နည်းနည်းပါးပါးလောက်ဆို ငါချေးပေးလို့ ရပါတယ်။"

အန်လင်း လက်ခါပြလာသည်။

"ရပါတယ်။ ပမာဏ တော်တော်များတာမို့ ကိုယ့်ဘာသာပဲ ရှာချင်လို့ပါ။"

"ဘယ်လောက်လိုနေတာလဲ။"

စုရှောင်လန် မေးမြန်းလိုက်သည်။

"အာ..... ဒီတစ်နှစ်အတွင်း စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာလောက် ရှာရမှာ။"

အန်လင်း ပြန်ဖြေလိုက်သည်။

စုရှောင်လန် : "..........."

အခန်းမှာ တိတ်ဆိတ်သွားလေသည်။

စုရှောင်လန် အသက်ရှူသံများ ပြင်းသွားရသည်။

"နင်သွားအိပ်သင့်ပြီ ထင်တယ်။"

အန်လင်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

"ဘာလို့လဲ။"

စုရှောင်လန် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"အိပ်မက်ထဲမှာဆို ဘာမဆို ဖြစ်နိုင်တယ်လေ။"

အန်လင်း : "..........."

စုရှောင်လန်၏ အမြင်တွင် တစ်နှစ်အတွင်း စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာရှာရန် မဖြစ်နိုင်ပုံပင်။ ထိုက်ချူကုန်းမြေရှိ အခြားသူများသည်လည်း ထိုကဲ့သို့သာ တွေးကြပေလိမ့်မည်။

အန်လင်း စိတ်ဓာတ်ကျကာ စုရှောင်လန်ထံမှ ပြန်လာခဲ့သည်။

သူသည် ချန်အယ်အား ကတိပေးထားသောကြောင့် မတည်တည်အောင် လုပ်ရတော့မည် ဖြစ်သည်။

ချန်အယ်သည် အံ့ဖွယ်ဆေးလုံးအတွက် ပါဝင်ပစ္စည်းများ ပြင်ဆင်နေလောက်ပြီပင်။ ဆေးလုံးသန့်စင်ပြီးသည်အထိ စိတ်ဝိဉာဉ်ကျောက်တုံး မလောက်ငှသေးပါက ပင်လုံးကြိုင်သစ်ပင်တွင် ဇောက်ထိုးဆွဲကာ ကြာပွတ်နှင့် အဆော်ခံရလောက်သည်။

အန်လင်းသည် တစ်လအတွင်း ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များ စုဆောင်းခဲ့ရသလို ဖိအားမျိုး ခံစားနေရသည်။ ရှေးဟောင်းထိုက်ချူကုန်းမြေသည် အန္တရာယ်များပြားလှသလို ရတနာများလည်း များပြားလှသော နေရာတစ်ခု ဖြစ်သည်။ စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာ ရှာရန်မှာ ခက်ခဲလွန်းလှပါသော်လည်း ထိုကဲ့သို့သော နေရာမျိုးတွင် ပိုမိုဖြစ်နိုင်ခြေ ရှိသည်။

ဒီကျောင်းမှာ ငါဘာလုပ်လို့ ရမှာတဲ့လဲ..........

စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်သည် ခိုးယူခြင်း၊ သတ်ဖြတ်ခြင်း အစရှိသော ပြစ်မှုများအား တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားသောကြောင့် ငြိမ်းချမ်းသော နေရာတစ်ခုပင်။ ယခုကဲ့သို့ နေရာမျိုးတွင် မည်သို့ငွေရှာရမည်နည်း။

အစာသွပ်ပေါက်စီပဲ ဆက်ရောင်းရမှာလား........

ဟူး........

သူသည် အဆောင်သို့ ပြန်ရောက်ပြီးနောက် အိပ်ခန်းထဲသို့သာ ဦးတည်ဝင်လာလိုက်သည်။

"ဘီလူးအန်လင်း........"

သေးငယ်သော ပုံရိပ်လေးတစ်ခုမှာ အန်လင်းထံ ရောက်ရှိလာလေသည်။

"ငါ့မှာသတင်းကောင်းရှိတယ်။"

အန်လင်း တီနာအား ကြည့်ရှုလိုက်သည်။

"ဘာသတင်းကောင်းလဲ။ လောလောဆယ် ငါငွေလိုနေတယ်။ အဲ့ဒါကြောင့် စိတ်ဝိဉာဉ်ကျောက်တုံးနဲ့ ပက်သတ်တာကလွဲပြီး ဘာမှမကြားချင်ဘူး။"

"ဟယ်....... တိုက်ဆိုင်လိုက်တာ။ ငါပြောမှာကလည်း စိတ်ဝိဉာဉ်ကျောက်တုံး အကြောင်းပဲလေ။ နင်ဘယ်လိုသိတာလဲ။"

တီနာမှာ အမှန်တကယ် အံ့အားသင့်သွားရသည်။

အန်လင်းသည်လည်း စိတ်လှုပ်ရှားသွားကာ တောက်ပနေသော မျက်ဝန်းများနှင့် တီနာအား ကြည့်ကာမေးလိုက်သည်။

"ဘာသတင်းကောင်းလဲ။"

တီနာမှာ သူမကိုယ်သူမ စိတ်ကျေနပ်နေဟန်ဖြင့် တုံ့ပြန်လာသည်။

"ငါတို့ရဲ့ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာထဲမှာ ပထမဆုံး စိတ်ဝိဉာဉ်ကျောက်တုံး အကြောတစ်ခု ဖြစ်တည်လာပြီလေ။"

ဝုန်း..........

ထိုသတင်းအချက်အလက်ကြောင့် အန်လင်းမှာ မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။

"စိတ်ဝိဉာဉ်ကျောက်တုံးအကြောလား။ ဘုရားရေ........ ငါတို့မှာ စိတ်ဝိဉာဉ်ကျောက်တုံးအကြော ရှိနေပြီပဲ။"

အန်လင်း အလွန်ပျော်ရွှင်သွားရသည်။ ထိုသည်မှာ သာမန်လူသားများ ရွှေကြောတွေ့သလို စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

"အင်း......... အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာရဲ့ တိုးတက်မှုတွေကြောင့် ငါတို့ဖန်တီးထားတဲ့ မြင့်မြတ်တဲ့ကုန်းမြေဘေးမှာ စိတ်ဝိဉာဉ်ကျောက်တုံးအကြော ရှိနေပြီ။"

တီနာသည်ပင် အတော်ပင် ပျော်ရွှင်နေသည်။

မြင့်မြတ်သောကုန်းမြေသည် ကောင်းကင်၏ စွမ်းအင်နှင့် မြေပြင်၏ သွေးကြောများဖြင့် ဖန်ဆင်းထားသောကြောင့် ယခုဖြစ်ရပ်မှာ အဓိပ္ပါယ် ရှိသည်။

အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာ၏ ပထမဆုံး စိတ်ဝိဉာဉ်ကျောက်တုံးအကြောသည် ထိုနေရာတွင်သာ ပေါ်လာသင့်သည်။

"အကြောက ဘယ်လောက်ကြီးလဲ။ သန့်စင်မှုကရော။ ငါတို့ ထုတ်ယူနိုင်တဲ့ ပမာဏကရော ဘယ်လောက်လဲ။"

အန်လင်း မနေနိုင်တော့ပဲ မေးခွန်းများ ဆက်တိုက်မေးမြန်းလိုက်သည်။

တီနာ တွေးတောကာ ပြောလိုက်သည်။

"အခုလောလောဆယ် တွင်းထဲမှာ စိတ်ဝိဉာဉ်ကျောက်တုံး သန်းခြောက်ဆယ် ရှိတယ်။ လုံးဝသန့်စင်ပြီးတော့ ထုတ်သုံးလို့ရတဲ့ အနေအထားပဲ။ ဒါပေမယ့် မိုင်းတွင်းရဲ့ရေရှည်သက်တမ်းအတွက် အခုတော့ အများဆုံး စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းလောက်ပဲ ထုတ်လို့ရဦးမယ်။"

အန်လင်း ပျော်ရွှင်စွာဖြင့် တီနာ၏ မျက်နှာအား ပွတ်သပ်လိုက်သည်။

"နာလေး......... မင်းက အရမ်းအံ့သြဖို့ ကောင်းတာပဲ။ မင်းကတကယ် ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ။"

"ဟီးဟီး......"

တီနာလည်း ကြည်နူးစွာဖြင့် အန်လင်း၏ မျက်နှာအား လက်သေးသေးများဖြင့် ကိုင်တွယ်လိုက်သည်။

ရေတွင်းများကဲ့သို့ပင် စိတ်ဝိဉာဉ်ကျောက်တုံးမိုင်းတွင်းများကိုလည်း စနစ်တကျဖြင့်သာ ထုတ်ယူသုံးစွဲရသည်။

ထို့ကြောင့် ထိုက်ချူကုန်းမြေပေါ်ရှိ စိတ်ဝိဉာဉ်ကျောက်တုံး မိုင်းတွင်းများမှာ အလွန်အမင်း တန်ဖိုးရှိနေခြင်းပင်။

မိုင်းတွင်းများအား အကန့်အသတ်မရှိ တူးယူပါက မိုင်းတွင်းပြိုခြင်းများပင် ဖြစ်လာသောကြောင့် သင့်တင့်သော ပမာဏတစ်ခုအား သတ်မှတ်ထားရသည်။ မျှခြေပမာဏအား မထိန်းသိမ်းထားပါက စိတ်ဝိဉာဉ်ကျောက်တုံးတွင်းများသည် တဖြည်းဖြည်း အခြေအနေ ဆိုးရွားလာကာ ပြိုကျတတ်သောကြောင့် ပိုင်ရှင်ဖြစ်သူကသာ ဒူးနှင့်မျက်ရည် သုတ်ရတတ်သည်။

သို့သော် တီနာသည် ၎င်းတို့နှင့် မတူညီပေ။ သူမသည် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာ၏ ဖန်ဆင်းရှင် နတ်ဘုရားမ ဖြစ်သောကြောင့် မည်သည့်ပမာဏ တူးယူကာ မည်သို့ထိန်းသိမ်းထားသင့်ကြောင်း ခရေစေ့တွင်းကျ သိရှိထားသည်။

ထိုသို့ဖြင့် အန်လင်းနှင့် တီနာမှာ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာသို့ ရောက်ရှိလာကြသည်။

၎င်းတို့သည် စိတ်ဝိဉာဉ်ကျောက်တုံးအကြော အပေါ်သို့ ပျံသန်းလာပြီးနောက် ထူထဲလှသော သက်ရှိစွမ်းအင် မြူခိုးများ ဝန်းရံနေကြောင်း တွေ့လိုက်ရသည်။

တောင်တန်းသည် နဂါးတစ်ကောင် ရစ်ခွေနေဟန်ရှိကာ စိတ်ဝိဉာဉ်ကျောက်တုံးအကြောသည် နဂါးကျောရိုးနေရာတွင်ရှိပြီး အစိမ်းရောင် အလင်းများ တလက်လက် တောက်ပနေသည်။

"ဒီစိတ်ဝိဉာဉ်ကျောက်တုံးအကြောက ကောင်းကင်နဲ့မြေပြင်ကနေ ဖြစ်တည်လာပြီးတော့ ကောင်းကင်နဲ့မြေပြင်ကပဲ ကန့်သတ်ထားတာ။ အကြောစဖြစ်လာပြီဆိုတာနဲ့ ဆက်ပြီးကျယ်ပြန့်ဖို့က အရမ်းခက်သွားပြီ။ ဒါပေမယ့် စိတ်ဝိဉာဉ်ကျောက်တုံးတွေ ဖြစ်လာဖို့တော့ တော်တော်လွယ်တယ်။"

အန်လင်း မေးဖျားပွတ်ကာ ခေါင်းညိတ်လိုက်သည်။

"ကောင်းကင်နဲ့မြေပြင် အစွမ်းတွေကိုယူပြီး ကိုယ့်ကိုယ်ကို ကုသနိုင်တဲ့ သက်ရှိတစ်ကောင်လိုပေါ့။ ဒါပေမယ့် ဒဏ်ရာအရမ်းပြင်းသွားရင်တော့ မကုနိုင်ပဲ သေမှာပဲလေ။"

"ဝိုး......... ပြောတာကောင်းလိုက်တာ။"

တီနာ ပြုံးကာချီးကျူးလိုက်သည်။

"စိတ်ဝိဉာဉ်ကျောက်တုံးကို ဘယ်လောက်ကြာရင် တစ်ခါတူးလို့ ရမလဲ။"

အန်လင်း မေးမြန်းလိုက်သည်။

တီနာ၏ မျက်ဝန်းများ ရွှေရောင်ပြောင်းလဲသွားကာ ချက်ချင်း တွက်ချက်လိုက်သည်။

"ငါတို့ကမ္ဘာ အချိန်နဲ့ဆိုရင် သုံးနှစ်လောက်တော့ ကြာလိမ့်မယ်။"

တီနာ တုံ့ပြန်လာသည်။

အန်လင်း သက်ပြင်းချလိုက်မိသည်။ ဤစိတ်ဝိဉာဉ်ကျောက်တုံးမိုင်းတွင်းအား အားကိုးရနိုင်မည့်ပုံ မပေါ်ပေ။

မည်သို့ပင်ဆိုစေကာမူ စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းအား တူးယူနိုင်သောကြောင့် သူ့အတွက် မျှော်လင့်ချက်တစ်ခု ရရှိလာစေသည်။

အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှာ နောက်ထပ် စိတ်ဝိဉာဉ်ကျောက်တုံးအကြောတွေ ထပ်ပေါ်လာဖို့ ဆုတောင်းရတာပဲ.......

"ဒီစိတ်ဝိဉာဉ်ကျောက်တုံးတွေတူးဖို့ လူလွှတ်ရမှာလား။"

အန်လင်း မေးမြန်းလိုက်သည်။

"မလိုပါဘူး။"

တီနာ မျက်လုံးမှိတ်ပြလိုက်သည်။

"ငါ့ဘာသာ လုပ်နိုင်တယ်လေ။"

"မင်းတစ်ယောက်တည်းလား။"

အန်လင်း အနည်းငယ် အံ့သြသွားမိသည်။

တီနာမှာ လက်ချောင်းများ လှုပ်ရှားလိုက်သည်။

ဝုန်း........

အစိမ်းရောင် အလင်းများမှာ တစ်ခုချင်း ကွဲထွက်လာပြီးနောက် တီနာထံ အလုံးအရင်းဖြင့် ပျံဝဲလာသောကြောင့် အန်လင်းသည်ပင် မျက်စိများ ကျိန်းစပ်သွားရသည်။

တီနာသည် စိတ်ဖြင့်တွက်ဆကာ စိတ်ဝိဉာဉ်ကျောက်တုံးများအား နေရာအနှံ့မှ တူးယူသောကြောင့် အကြောအားမထိခိုက်စေခဲ့ပေ။

သူမ၏ ထိန်းချုပ်မှုမှာ တိကျသေချာလွန်းလှသည်။

သူမသည် အလွန်ထူးချွန်သော ခွဲစိတ်ဆရာဝန်အလား အနည်းငယ်မျှ မလွဲချော်စေပဲ စိတ်ဝိဉာဉ်ကျောက်တုံးများကို တူးထုတ်နိုင်ခဲ့သည်။

အန်လင်းမှာ ကမ္ဘာပေါ်မှ အဖြစ်အပျက်တစ်ခုအား ပြန်တွေးမိသွားသည်။

ဆရာဝန်မတစ်ဦးသည် ချစ်သူအား ဓားနှင့်အကြိမ်ရေများစွာ ထိုးခဲ့ပါသော်လည်း ဆေးရုံရောက်သောအခါ အသေးစား ကုသမှုမျှသာ လုပ်ခဲ့ရသည်။

တီနာသည်လည်း စိတ်ဝိဉာဉ်ကျောက်တုံးအကြောအား အကြိမ်ရေ ဆယ်သန်းမျှ တူးဆွခဲ့လေပြီ။

"ဘီလူးအန်လင်း နင့်အတွက်....."

တီနာမှာ စိတ်ဝိဉာဉ်ကျောက်တုံးများအား အန်လင်းထံ ပေးလိုက်သည်။

အန်လင်း မျက်ရည်အဝဲသား ဖြစ်သွားကာ စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းအား သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပြီးနောက် တီနာအား ကျေးဇူးတင်လိုက်သည်။

တီနာ ရှိနေလို့ တော်သေးတာပေါ့........

ငမွဲကနေ သူဋ္ဌေးဘဝကို အချိန်ခဏလေးအတွင်း ရောက်လာနိုင်တယ်......

သူဋ္ဌေးဖြစ်မယ့်လမ်း တွေ့ပြီကွ........

All Chapters