အချက်အပြုတ်နတ်ဘုရား ဖြစ်လာရန်လမ်းစ
Vol. 63 Ch. 883
အန်လင်းသည် တီနာ၏ သကြားကလေးလေး ဖြစ်လာသောကြောင့် ပျော်ရွှင်နေပြီး ၎င်းတို့နှစ်ဦး အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ ထွက်လာခဲ့ကြသည်။
(သကြားကလေးလေးဆိုတာ sugar babyပါ။)
တီနာသည်လည်း အန်လင်း လိုအပ်နေချိန်တွင် ကူညီပေးနိုင်ခဲ့သဖြင့် စိတ်ကျေနပ်နေမိသည်။
"ဘီလူးအန်လင်း.......... အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှာ စိတ်ဝိဉာဉ်ကျောက်တုံးတွင်းတွေ ထပ်ပေါ်လာတာနဲ့ နင့်ကိုပြောပြမယ်နော်။"
တီနာသည် အန်လင်းအနား လှည့်ပတ်ပျံသန်းကာ စူးရှရှအသံဖြင့် စကားဆိုလိုက်သည်။
"နာလေးက အကောင်းဆုံးပဲ။ နောက်နေ့ကြရင် မင်းအတွက် သီးသန့်တစ်ခုခု ချက်ကျွေးမယ်။"
အန်လင်း ပြုံးကာပြောလိုက်သည်။
"ရေး........ နင်က အရမ်းကောင်းတာပဲ။"
တီနာမှာ စိတ်လှုပ်ရှားစွာဖြင့် အန်လင်း၏လက်အား ဖက်တွယ်လာသည်။
"နင့်အကြော်ဒယ်အိုးနဲ့ ချက်တဲ့ဟင်းလျာတွေက ကမ္ဘာပေါ်မှာ အရသာ အရှိဆုံးပဲ။"
"ဒါပေါ့။"
အန်လင်း ဂုဏ်ယူစွာ ခေါင်းမော့ထားလိုက်သည်။
ရုတ်ချည်းဆိုသလို အတွေးတစ်ခု ဝင်လာလေသည်။
"နေပါဦး။ တစ်ခုခုတော့ မှားနေသလိုပဲ။"
အန်လင်း မျက်နှာပျက်သွားသည်။
"ငါ့ရဲ့ အကြော်ဒယ်အိုးနဲ့ ချက်ထားတဲ့ ဟင်းလျာဆိုတာ ဘာကိုပြောတာလဲ။ အဲ့ဟင်းလျာတွေက ငါကိုယ်တိုင် အကြော်ဒယ်အိုးကိုသုံးပြီး ချက်ထားတာပါ။"
"ဘာကွာလို့လဲ။"
တီနာ မျက်တောင်ခတ်လိုက်သည်။
"ကွာတာပေါ့။"
အန်လင်း လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ပထမစာသားက အကြော်ဒယ်အိုးက သောက်ကြမ်းကြီး ဖြစ်နေတဲ့ပုံ ပေါက်တယ်လေ။ ဒုတိယစာသားကြတော့ ငါကမှ သောက်ကြမ်းကြီး ဖြစ်နေတာကို အသားပေးထားတာပဲ။"
"အော်......."
တီနာ မကျေမနပ် ဖြစ်သွားပါသော်လည်း သဘောတူလိုက်သည်။
ငါပြောချင်တာလည်း အဲ့ဒါပဲလေ.......... အကြော်ဒယ်အိုးသာ မရှိရင် နင့်လက်ရာက ကျောင်းစားတော်ဆက်က အဒေါ်ကြီးတွေလုပ်တဲ့ အစာသွပ်ပေါက်စီလောက်တောင် မကောင်းပဲနဲ့များ...........
"ဘီလူးအန်လင်း အကြော်ဒယ်အိုးကိုသုံးပြီး ချက်တဲ့ဟင်းလျာတွေက ကမ္ဘာပေါ်မှာ အရသာ အရှိဆုံးပဲ။ နင့်ရဲ့ ဟင်းချက်လက်ရာက အကောင်းဆုံးပဲ။"
တီနာ ပြုံးကာလိမ်ညာလိုက်သည်။
အန်လင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြလာသည်။
ကမ္ဘာပေါ်မှာ အရသာ အရှိဆုံး ဟင်းလျာ.......
သူအတွေးများသွားပြန်သည်။ တပိုင်၏ လျစ်လျူရှုခြင်း ခံရသော အစာသွပ်ပေါက်စီများအား တစ်ခုလျှင် စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင်စျေးဖြင့် ရောင်းချပါက တစ်ရက်လျှင် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းမျှ ရရှိပေလိမ့်မည်။
သို့သော် ထိုသည်မှာ တည်ငြိမ်သော စီးပွားရေးလုပ်ငန်း မဟုတ်ပေ။ အစာသွပ်ပေါက်စီသည် စျေးကြီးလွန်းပြီး စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ ကျောင်းသားများမှာ ထိုမျှမချမ်းသာကြပေ။ အများစုသည် နောင်တမရလိုသောကြောင့် တပိုင်၏ လျစ်လျူရှုခြင်း ခံရသော အစာသွပ်ပေါက်စီအား အတွေ့အကြုံ တစ်ခုအနေဖြင့် အားပေးဝယ်ယူကြခြင်း ဖြစ်သည်။ သူ၏ အစာသွပ်ပေါက်စီများအား နေ့စဉ်နေ့တိုင်း ဝယ်ယူအားပေးနိုင်သော ကျောင်းသားမှာ မရှိသလောက်ပင်။
"အစာသွပ်ပေါက်စီတွေကို တစ်ရက်ခြားတစ်ခါ ရောင်းရင်ရော........ အဲ့လိုဆိုရင်တော့ ဝယ်မယ့်သူ ပိုများမှာပဲ။"
"ကြားရက်တွေမှာ တခြားထူးခြားတဲ့ ဟင်းလျာတွေ ချက်လို့ရတာပဲလေ။"
အန်လင်း ချင့်ချိန်တွေးတောနေသည်။ ထိုသည်မှာ အကြံကောင်းတစ်ခု ဖြစ်ပါသော်လည်း စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင်စျေးထက်ပိုသော အထူးဟင်းလျာအား အကြော်ဒယ်အိုးနှင့်ပင် ချက်ပြုတ်ရန် မလွယ်ကူပေ။
ထိုညတွင် အကြော်ဒယ်အိုး စားသောက်ပွဲအား ပြုလုပ်ခဲ့ကြသည်။
အန်လင်းသည် အကြံဉာဏ်အချို့တောင်းရန် ရှောင်လန်ကိုပါ ဖိတ်ခေါ်ခဲ့သည်။
စုရှောင်လန်သည် အန်လင်းပြောသမျှ နားထောင်ကာ စဉ်းစားလိုက်သည်။
"ကောင်းကင်ဘုံခုံရုံးရဲ့ အချက်အပြုတ်နတ်ဘုရားက စျေးကြီးတဲ့ ဟင်းလျာတွေအတွက် အရသာရှိရုံနဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ ဟင်းလျာတွေမှာ သန့်စင်လွန်းတဲ့ စွမ်းအင်တွေ ပါရမယ့်အပြင် ဒဏ်ရာတွေ သက်သာစေတာ ဒါမှမဟုတ် ကျင့်ကြံရေးလမ်းစဉ်အတွက် ဉာဏ်အလင်း ပွင့်စေတာမျိုး ဖြစ်သင့်တယ်။"
"အခု ကိုယ့်ရဲ့ဟင်းလျာတွေက ရိုးရှင်းလွန်းတယ်လို့ ပြောချင်တာလား။"
အန်လင်း မေးမြန်းလိုက်သည်။
စုရှောင်လန် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ နင်ငါ့အတွက် ချက်ပေးတဲ့ ကိုလာကြက်ကြော်ကို မှတ်မိသေးလား။ ငါအုပ်ဆောင်းကို ဖွင့်လိုက်တော့ ဇာမဏီတစ်ကောင်ရဲ့ပုံရိပ် ထွက်လာတယ်လေ။ အကြော်ဒယ်အိုးနဲ့ချက်တဲ့ အထူးဟင်းလျာတွေ အကုန်လုံး ထူးခြားတဲ့အရာတစ်ခုခု ပါသင့်တယ်။ အဲ့တော့မှ ပိုရောင်းရမှာပေါ့။ ဆေးဖက်ဝင်တဲ့ ပါဝင်ပစ္စည်းတွေပါ သုံးလိုက်ရင် ငါတို့က သာမန် အချက်အပြုတ် နတ်ဘုရားထက်တောင် ကျော်လွန်သွားနိုင်တယ်။"
စုရှောင်လန်၏ စကားများသည် အဓိပ္ပါယ် ရှိခှသောကြောင့် အန်လင်းမှာ ထိုသို့လုပ်ကြည့်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
"ကောင်းပြီလေ။ မနက်ဖြန် စလုပ်ကြည့်လိုက်မယ်။"
အန်လင်းထံတွင် ဟင်းချက်စွမ်းရည်ရော၊ ဆေးလုံးသန့်စင်ခြင်း စွမ်းရည်ပါ ရှိနေသောကြောင့် အမှားအယွင်း မရှိနိုင်ပေ။
ငါ့ရဲ့ ဟင်းချက်စွမ်းရည်ကို ကျောင်းရဲ့ စားတော်ဆက်က အဒေါ်ကြီးတွေထက် ညံ့တယ်လို့ ဘယ်သူပြောလဲ.........
စားတော်ဆက်က အဒေါ်ကြီးတွေက တစ်ယောက်နဲ့တစ်ယောက်တောင် ဟင်းချက်စွမ်းရည် မတူကြဘူး....... အများစုက ရှိသမျှ ရောသမမွှေပြီး ဒယ်အိုးထဲ ပစ်ထည့်ကြတာ......... အဲ့ဟင်းတွေ စားလို့ဝင်ဖို့ ဘုရားကိုတောင် ဆုတောင်းရတဲ့ အထိပဲ.........
ဒါပေမယ့် စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်က ကိုးပြည်ထောင်မှာ ထိပ်တန်းအဆင့် ကျောင်းတော်တစ်ခုလေ...........
ဒီကျောင်းတော်မှာရှိတဲ့ အဒေါ်ကြီးတွေက တကယ့်စားတော်ကဲတွေလို အချက်အပြုတ် ပါရမီရှိတဲ့ သူတွေချည်းပဲ............
ရွှမ်းယွမ်ချန်၊ စုချန်းရန်နှင့် စုရှောင်လန်သည် အလွန်အရေးပါသော သခင်လေး၊ သခင်မလေးများ ဖြစ်ကြပါသော်လည်း ၎င်းတို့သည်ပင် ကျောင်းတော်၏ အစားအသောက်အား အပြစ်ပြောစရာ မရှိကြပေ။
အန်လင်း၏ ဟင်းချက်စွမ်းရည်သည် ၎င်းတို့နှင့် လက်ရည်ချင်း ယှဉ်နိုင်ပါက အံ့မခမ်းဟု ဆိုရမည်ပင်။
အချက်အပြုတ် နတ်ဘုရားဟူသော ဂုဏ်ပုဒ်နှင့်တော့ ဝေးကွာနေသေးသည်။
မည်သို့ပင်ဆိုစေကာမူ အကြော်ဒယ်အိုးသည် အရာအားလုံး ပြောင်းလဲသွားစေသည်။ မည်သည့်ဟင်းလျာအား ချက်ပြုတ်လိုက်ပါစေ အကြော်ဒယ်အိုး၏ အစွမ်းကြောင့် အရသာမှာ လျှာဂျွမ်းပြန်လောက်အောင် ထူးကဲသွားလေသည်။
ထိပ်တန်းအဆင့် အစားအသောက်များသည် ဗိုက်ဖြည့်ရန် မဟုတ်ပဲ ပျော်ရွှင်မှုအား ခံစားရန်သာ ဖြစ်သည်။
အန်လင်း၏ ဟင်းလျာများသည် အရသာရှိရုံသာမက စားသုံးသူ၏ သိစိတ်အာရုံကိုပါ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်သည်။ ထို့ကြောင့် အချက်အပြုတ် နတ်ဘုရားဟူသော ဂုဏ်ပုဒ်မှာ သူနှင့်သာ ထိုက်တန်သည်။
..............
နောက်တစ်နေ့၌....
အန်လင်းသည် မီးဖိုထဲတွင်ရပ်ကာ ပါဝင်ပစ္စည်းများအား ကြည့်ရှုနေသည်။
ထိုသည်မှာ သိုလှောင်လက်စွပ်ထဲမှ စနစ်တကျ ရွေးထုတ်ထားသော အဆင့်မြင့် ပါဝင်ပစ္စည်းများပင်။ ပါဝင်ပစ္စည်း တစ်ခုချင်းစီသည် ထူးခြားပြီး သီးသန့်ဆန်သော စွမ်းအင်စီးကြောင်းများ ရှိသည်။ ထိုပစ္စည်းများ အားလုံးမှာ ဆေးလုံးသန့်စင်ရန် သင့်တော်လွန်းသော အရာများလည်း ဖြစ်သည်။
ဟင်းခတ်အမွှေးအကြိုင်များအတွက်လည်း စိုးရိမ်စရာ မရှိပေ။ သူ့ထံတွင် ထိုက်ချူကုန်းမြေ တစ်ခုလုံးထံမှ ဟင်းခတ်အမွှေးအကြိုင်များသာမက အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ ဟင်းခတ်အမွှေးအကြိုင်များပါ ရှိနေသေးသည်။
သူသည် သက်ရှိစွမ်းအင် ပင်လယ်ထဲ ဦးတည်ချက်မဲ့စွာ လှည့်ပတ်ပျံသန်းနေသော ဗာမီလီယမ်ငှက်အား အာရုံစိုက်လိုက်သည်။
"ငှက်လေး..... ငှက်လေး..... ငါမင်းရဲ့ အကူအညီလိုတယ်။"
ဗာမီလီယမ်ငှက်မှာ ကောင်းကင်အား မော့ကြည့်လာသည်။
"ဆေးလုံးတွေ သန့်စင်နေပြန်ပြီလား။"
"မဟုတ်ဘူး။ ဟင်းချက်မလို့။ မီးတောက်တွေကို မင်းပဲဂရုစိုက်ပေးလေ။"
ဗာမီလီယမ်ငှက် : "............."
မင်းက သြဇာအာဏာ ကြီးမားတဲ့ ဗာမီလီယမ်ငှက်ကို မင်းရဲ့အကူ ဖြစ်စေချင်နေတာလား......... ဘယ်လိုဟာသလဲ.........
အန်လင်း စကားဆိုလိုက်သည်။
"မီးတောက် ခုနစ်မျိုးကို မင်းစိတ်ကြိုက် ကစားခွင့် ပေးမယ်ကွာ။"
ဗာမီလီယမ်ငှက်မှာ စိတ်လှုပ်ရှားစွာ ဟစ်ကြွေးလိုက်ပြီးနောက် အန်လင်း၏ သိစိတ်အာရုံထဲ ဝင်ရောက်လာသည်။
အန်လင်း၏ မျက်ဝန်းထဲတွင် အဖြူရောင် ဗာမီလီယမ်ငှက်၏ ပုံရိပ်ပေါ်ထွက်လာပြီး မီးတောက်ခုနစ်မျိုးအား ချက်ချင်းထုတ်ဖော်လိုက်သည်။
မီးထိန်းခြင်းမှာလည်း ဟင်းချက်ရာတွင် အရေးပါလှသည်။
လက်ရှိအချိန်တွင် အန်လင်းအား ပြိုင်ဘက်ကင်း မီးထိန်းသခင်ကြီးအဖြစ် သတ်မှတ်နိုင်သည်။
ဒုတ်....... ဒုတ်..... ဒုတ်......
ရွှပ်...... ရွှပ်...... ရွှပ်........
ရှဲ.... ရှဲ...... ရှဲ......
ချက်ပြုတ်ကြော်လှော်သံများ မီးဖိုခန်းထဲမှ ထွက်ပေါ်နေသည်။
.............
ကောင်းကင်ဘုံခုံရုံး၏ ဗဟိုဒေသ၌....
တာအိုဝတ်စုံနှင့် အမျိုးသမီး တစ်ဦးသည် အနီးရှိ ချယ်ရီပင်အား ငေးကြည့်ကာ မွှေးပျံ့သော ပန်းရနံ့လေးများကို ခံစားနေသည်။
ကောင်းကင်ထက်ရှိ အဖြူရောင် တိမ်တိုက်များ ရုတ်တရက် လွင့်ပြယ်ကာ အုတ်ခဲနက် စီးနင်းလာသော လူငယ်တစ်ဦးအား တွေ့လိုက်ရသည်။
လှပနေသော မြင်ကွင်းလေးမှာ အုတ်ခဲနက်ကြောင့် ပျက်စီးသွားရလေပြီ။
သို့သော် အကြောင်းပြချက် အချို့ကြောင့် အမျိုးသမီးမှာ တောက်ပစွာပြုံးကာ မတ်တပ်ထရပ်လိုက်သည်။
အန်လင်းမှာ သူ့ရှေ့သို့ ဆင်းသက်လာသည်။
"လူသားဝက်စုဗူး...... ဘယ်လိုလဲ နေကောင်းအဆင်ပြေရဲ့လား။"
အန်လင်း ပြုံးပြနှုတ်ဆက်လာသည်။
လင်ကျွင်းကျွင်း မျက်စောင်းထိုးလိုက်သည်။
"ငါ့ကို လူသားဝက်စုဗူးလို့ ခေါ်မယ်ဆိုရင် လာရာလမ်းအတိုင်း ပြန်ကြွလိုက်တော့။"
"ကောင်းပါပြီ...... ကောင်းကင်နတ်မိမယ် ထျန်းယွီ ခင်ဗျား စိတ်ကိုပြင်ဆင်ပြီးပြီလား။"
အန်လင်းမှာ ချိပ်ပိတ်ထားသော ဟင်းပွဲတစ်ခုအား သူမရှေ့တွင် ချပေးလိုက်သည်။
လင်ကျွင်းကျွင်း လက်ပိုက်ကာ ခေါင်းမော့ရင်ကော့လိုက်သည်။
"ဘာကို စိတ်ပြင်ဆင်ရမှာလဲ။ ကိုးပြည်ထောင်ရဲ့ အချက်အပြုတ် နတ်ဘုရားတွေထက်တောင် သာလွန်တယ်ဆိုတဲ့ နင့်ရဲ့လက်ရာအတွက်လား။ နင်ပြောသမျှ ငါယုံပေးမယ် ထင်နေတာလား။"
အန်လင်းမှာ ဒေါသမထွက်ပဲ စိတ်လှုပ်ရှားစွာ လက်များကို ပွတ်လိုက်သည်။
ထို့နောက် ဟင်းလျာအား အဖုံးဖွင့်ပေးလိုက်တော့သည်။
"အဲ့ဒါဆိုလည်း အမှန်တရားကိုပဲ ကြည့်ကြတာပေါ့။"