ကောင်းကင်ဘုံခုံရုံး၏ဆိုင်သစ်
Vol. 63 Ch. 884
အန်လင်းမှာ ဟင်းလျာအား အဖုံးဖွင့်ပေးလိုက်သည်။
ရွှေရောင်အလင်းများ ချက်ချင်းဖြာထွက်လာလေသည်။
"အား....... လင်းလိုက်တာ။"
လင်ကျွင်းကျွင်း အံ့အားသင့်ကာ မျက်လုံးအား လက်ဖြင့်အုပ်ထားလိုက်သည်။
သို့သော် ထိုမျှနှင့် မပြီးသေးပေ။
အဖုံးဖွင့်လိုက်ပြီးနောက် အံ့အားသင့်ဖွယ်ရာများ ဆက်တိုက်ဖြစ်ပေါ်လာသည်။
စစ်မှန်ယင်းစွမ်းအင်များ ပါဝင်နေသော လတစ်စင်း ထွက်ပေါ်လာသည်။
ချိုသာလွန်းသော အသံတစ်ခုကိုလည်း ကြားလိုက်ရလေသည်။
"ဝု...."
အဖြူရောင် ခွေးလေးတစ်ကောင်မှာ လမင်းထံ ပျံသန်းသွားကာ ဝါးစားပစ်လိုက်သည်။ လတစ်စင်းလုံး စားသုံးလိုက်ပြီးနောက် ဉာဏ်အလင်းပွင့်သွားဟန်ဖြင့် တင်ပုလ္လင်ခွေထိုင်ကာ ကောင်းကင်ထက်သို့ တက်သွားလေသည်။
အဆုံးတွင်မူ ၎င်းထံမှ မြင့်မြတ်အလင်းများ ဖြစ်ပေါ်လာကာ ဟင်းလျာပေါ် ကျရောက်လာသောကြောင့် ဟင်းလျာကပါ တလက်လက် တောက်ပသွားသည်။
ထိုသည်မှာ လွှမ်းမိုးမှု အားကောင်းလွန်းသော အတွေ့အကြုံ ဖြစ်သောကြောင့် အန်လင်းရော၊ လင်ကျွင်းကျွင်းပါ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဟင်းလျာထံမှ သင်းပျံ့လွန်းသော ရနံ့များ ထွက်ပေါ်နေပြီး အသားအောက်တွင် ရွှေရောင်သမ်းနေသော ဥကြော်များ တည်ခင်းထားသည်။ ထမင်းနှင့်အသားအား ဘေးပတ်ပတ်လည်မှ အရံဟင်းများ ဝန်းရံထားသည်မှာ လနန်းတော် တစ်ခုလိုပင်။
အန်လင်းမှာ စားသောက်ပစ်ချင်စိတ်အား တံထွေးမြိုချကာ ထိန်းနေရသည်။
ယီးတဲ့မှ....... ဒီလောက်ကောင်းတဲ့ဟင်းကို သူများပေးစားလိုက်ရမှာလား........
လင်ကျွင်းကျွင်းကို မကျွေးပဲ ကိုယ့်ဘာသာ စားပစ်လိုက်သင့်တာ.......
အန်လင်းမှာ ထိုအတွေးနှင့်အတူ ခန္ဓာကိုယ်ပါ တုန်ယင်လာသည်။
အတွေးထဲတွင် ထိုဟင်းပွဲကသာ ကြီးစိုးနေသည်။
"အန်လင်း........ ဒါက တကယ်ပဲ ငါ့အတွက်လား....."
လင်ကျွင်းကျွင်းမှာ တူယူရန်ပင်မေ့ကာ ဟင်းပွဲထံ လက်လှမ်းလိုက်သည်။
သူမသည် အရသာခံရန်ပင် မစောင့်ဆိုင်းနိုင်တော့ပေ။
ဖြန်း.......
အန်လင်းမှာ သူမ၏လက်အား ရိုက်ချလိုက်သည်။
"တူတော့သုံးပါဦး။"
လင်ကျွင်းကျွင်း အသိစိတ်ဝင်လာကာ ရှက်ရွံ့သွားပြီးနောက် တူအားကောက်ကိုင်လိုက်သည်။
"အန်လင်း ဒီဟင်းလျာနာမည်ကဘာလဲ။"
"လကိုစားသော ကောင်းကင်ခွေး...."
"မိုက်လိုက်တာ။"
လင်ကျွင်းကျွင်းသည် လရောင်များ တောက်ပနေသော အသားတစ်ဖက်အားယူကာ ဝါးကြည့်လိုက်သည်။
သူမ၏ ခံစားချက်များအားလုံး ပွင့်ထွက်သွားလေသည်။
"အား....... ဒီခံစားချက်က......"
"ဒီလောက်အရသာရှိတဲ့ အစားအစာလည်း ကမ္ဘာပေါ်မှာ ရှိသေးတာလား။"
"အင်း........ ငါမထိန်းနိုင်တော့ဘူး။"
"ငါ့ကိုပေး....... ငါ...... ငါလိုချင်တယ်။"
"မဟုတ်ဘူး။ ဒါတွေအားလုံးက ငါ့ဟာပဲ။"
သူမ၏ ညည်းညူရေရွတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
အခန်းအပြင်ဘက်ရှိ ကောင်းကင်အရှင်သခင်မှာ ထိုအသံများကြောင့် ခြေလှမ်းများ ရပ်တန့်သွားပြီး အသက်ရှူသံများပြင်းကာ ဒေါသထွက်သွားသည်။
မကြာမီပင် လကိုစားသောကောင်းကင်ခွေးမှာ ဆာလောင်နေသော ခွေးနှစ်ကောင်ကြောင့် ကမ္ဘာကြီးထံမှ ပျောက်ကွယ်သွားရသည်။ အန်လင်းနှင့် လင်ကျွင်းကျွင်းမှာ အမောတကောနှင့် တစ်ဦးကိုတစ်ဦး ကြည့်မိလိုက်ကြသည်။
လင်ကျွင်းကျွင်းမှာ ပါးပြင်လေးများရဲအောင် ရှက်ရွံ့သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား........ နင့်နှာခေါင်းမှာ ဥကပ်နေတယ်။"
သူမ အန်လင်းနှာခေါင်းအား လက်ညှိုးထိုးလိုက်သည်။
အန်လင်းလည်း ကိုယ့်ကိုယ်ကို ရယ်မိသွားသည်။
"အဟက်........ ခင်ဗျားက ဘာရယ်နေတာလဲ။ ခင်ဗျား သွားကြားထဲမှာ အရွက်ညပ်နေတယ်ဗျ။"
"အာ........"
လင်ကျွင်းကျွင်းမှာ ကြေးမုံတစ်ချပ်အားထုတ်ကာ ကြည့်လိုက်ပါသော်လည်း ဘာမှရှိမနေပေ။
"ဘယ်နားမှာလဲ။"
အန်လင်းသည် ထိုအချိန်အတွင်း နှာခေါင်းတွင် ကပ်နေသောဥအား စားပြီးသွားပြီ ဖြစ်သည်။
"အခုမရှိတော့ဘူး။"
လင်ကျွင်းကျွင်း ကြောင်အမ်းအမ်း ဖြစ်သွားကာ အန်လင်းအား မျက်စောင်းထိုးလိုက်သည်။
"ငါ့ကိုလိမ်တယ်ပေါ့။"
သူမ လက်မြှောက်ကာ ရိုက်ရန်ပြင်လိုက်သည်။
အန်လင်းသည် လျင်မြန်စွာပင် နောက်သို့ဆုတ်ကာ အရှုံးပေးဟန်ဖြင့် လက်မြှောက်ပြလာသည်။
"စိတ်လျှော့ပါ။ အနည်းဆုံးတော့ ကျွန်တော့် ဟင်းပွဲက အရသာ ရှိတယ်ဆိုတာ အလိမ်အညာ မဟုတ်ဘူးမလား။"
လင်ကျွင်းကျွင်း ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်သည်။
"ဟွန့်...... ဒါတော့ ငါငြင်းလို့မရဘူး။ နင့်ရဲ့ လကိုစားသောကောင်းကင်ခွေးက ငါစားဖူးသမျှထဲမှာ အရသာ အရှိဆုံးပဲ။ ဘာမှလည်း လိုအပ်ချက် မရှိဘူး။ အဲ့ဒါအပြင်ကို လစန္ဒာ အစွမ်းတွေ ပါနေတော့ စားသုံးသူရဲ့ ခန္ဓာကိုယ်ရော၊ စွမ်းအင်ဝင်ပေါက်တွေကိုပါ သန့်စင်ပေးနိုင်ပြီး ကျင့်ကြံရေးအတွက် အထောက်အကူ ဖြစ်စေတယ်။"
သူမ ခေတ္တမျှတွေးကာ စကားဆိုလိုက်သည်။
"ကောင်းပြီလေ။ နင့်ဟင်းလျာတွေကို ကောင်းကင်ဘုံခုံရုံးမှာ ရောင်းချခွင့်ပေးဖို့ ငါသဘောတူတယ်။ ဒါပေမယ့် ဟင်းလျာအရည်အသွေးကို ဆက်ထိန်းထားရမယ်နော်။"
အန်လင်း စိတ်လှုပ်ရှားသွားသည်။
"အဲ့ဒါဆို ခင်ဗျားကိုပဲ အားကိုးပါရစေ ကောင်းကင်နတ်မိမယ် ထျန်းယွီ....."
"ဒါနဲ့ ဟင်းပွဲတစ်ပွဲကို စျေးဘယ်လောက် သတ်မှတ်မှာလဲ။"
လင်ကျွင်းကျွင်း မေးမြန်းလိုက်သည်။
အန်လင်း တွေးတောကာ တုံ့ပြန်လာသည်။
"စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်း....."
လင်ကျွင်းကျွင်း အံ့အားသင့်သွားလေသည်။
"နင်တကယ် အိပ်မက်မက်ရဲတာပဲ။"
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"တစ်ရက်ကို တစ်ပွဲပဲ ရောင်းမှာလေ။ နောက်ကြရင် အခုထက် စျေးတက်ဦးမှာ။"
"ကောင်းပြီလေ။ ပထမဆုံး ဟင်းပွဲနှစ်ပွဲကို ငါယူလိုက်မယ်။ မနက်ဖြန်ရော၊ သန်ဘက်ခါရော ဟင်းပွဲတွေက ငါ့အတွက်ပဲ။"
လင်ကျွင်းကျွင်းမှာ တောက်ပနေသော မျက်ဝန်းများဖြင့် မဆိုင်းမတွ ဆုံးဖြတ်လိုက်သည်။
အန်လင်း : "............."
မကြာမီပင် ထိုသတင်းမှာ ကောင်းကင်ဘုံခုံရုံး တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
ကောင်းကင်ဘုံခုံရုံးတွင် အချက်အပြုတ် နတ်ဘုရားသစ်တစ်ပါး ပေါ်ထွက်လာပြီ ဖြစ်သည်။ သူ၏ ဟင်းချက်စွမ်းရည်မှာ ထူးကဲသည်ထက်ပင်ပို၍ ထူးကဲသေးသည်။ ကောင်းကင်အရှင်သခင်သည်ပင် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပြီး ကောင်းကင်နတ်မိမယ် ထျန်းယွီမှာ မျက်ရည်များပင် ကျဆင်းခဲ့ရသည်ဟု ဆိုသည်။
ထိုအချက်အပြုတ် နတ်ဘုရားသည် တစ်ရက်လျှင် ဟင်းတစ်ပွဲသာချက်ပြီး ကျသင့်ငွေမှာ စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းဟု ကြေညာထားသည်။
ထိုစျေးနှုန်းသည် ကောင်းကင်ဘုံခုံရုံးတွင် တာဝန်ထမ်းဆောင်နေသော အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်၏ အထူးဟင်းလျာများနှင့်ပင် ယှဉ်၍ရနေလေပြီ။
ထိုအကြောင်းမှာ ကောင်းကင်ဘုံခုံရုံးအား လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေသည်။
ကြားပင်မကြားဖူးသော စားတော်ကဲ တစ်ဦးသည် စျေးကွက်သို့ ဝင်ဝင်လာခြင်းမှာပင် ယခုကဲ့သို့ စျေးမြှင့်ထားခြင်းအား မယုံကြည်နိုင် ဖြစ်နေကြသည်။
သို့သော် အချက်အပြုတ် နတ်ဘုရားအသစ်၏ ဟင်းချက်စွမ်းရည်အား ကောင်းကင်အရှင်သခင်ကိုယ်တိုင် တရားဝင်ပေလွှာဖြင့် ချီးကျူးလာသောကြောင့် အားလုံး အံ့သြကုန်ရသည်။ ထိုသည်မှာ သတင်းထူးကြီးပင်။
အခြားသော ကောလဟလ သတင်းများအား လျစ်လျူရှုနိုင်ပါသော်လည်း ကောင်းကင်အရှင်သခင်၏ ရွှေပေလွှာအား မည်သူကမှ လျစ်လျူမရှုနိုင်ကြပေ။
ကောင်းကင်အရှင်သခင်သည် လိမ်ညာတတ်သူလည်း မဟုတ်ပေ။
ထို့ကြောင့် အစားအသောက် ကြိုက်နှစ်သက်သော အင်မော်တယ်များ၏ စိတ်ဝင်စားမှုမှာ တဟုန်ထိုး မြင့်တက်လာတော့သည်။
စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းသည် များပြားပါသော်လည်း ဆယ်ဦးစုကာ ဝယ်ယူပါက တစ်ဦးလျှင် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သောင်းသာ ကျသင့်ပေလိမ့်မည်။ ထိုနည်းဖြင့် ဆယ်ဦးလုံးမှာ ဘုံဖျားထက်မှ ရသာထူးအား မြည်စမ်းနိုင်မည် ဖြစ်သည်။ အင်မော်တယ် အများစုသည် ထိုသို့လုပ်ဆောင်ရန် စိတ်အားထက်သန်ကြသည်။
...........
တစ်နေ့၌.....
ကောင်းကင်ဘုံခုံရုံး၏ အစည်းအဝေး ပြီးဆုံးသွားပြီးနောက် အင်မော်တယ်များမှာ အချက်အပြုတ် နတ်ဘုရားအသစ်အကြောင်း ဆွေးနွေးမိကြပြန်သည်။
"အချက်အပြုတ် နတ်ဘုရားအသစ်က စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်က အန်လင်းလို့ ကြားမိတယ်။"
"ဘုရားရေ....... ဧကရာဇ် ဇီဝေးကို မျက်ခွက်နဲ့မြေကြီး ဆောင့်ပစ်လိုက်တဲ့ အန်လင်းပဲလား။"
"ရှူး..... ကောင်းကင်ဘုံခုံရုံးမှာ ဒီစကားတွေ ပြောနေတာ သေချင်လို့လား။"
"ဟားဟားဟား....... ငါတော့ သူ့စားတော်ဆက်ကို သေချာပေါက် သွားမယ်ဟေ့။"
"တပိုင် လျစ်လျူရှုခြင်း ခံရတဲ့ အစာသွပ်ပေါက်စီကိုလည်း သူပဲရောင်းတာလို့ပြောတယ်။"
"အော်....... အဲ့အစာသွပ်ပေါက်စီကို ကြားဖူးတယ်။ ကောင်းကင်ဘုံခုံရုံးမှာ နံပါတ်တစ် သရေစာပဲလေ။ ကြည့်ရတာ သူ့မှာ အရည်အချင်းတော့ ရှိတဲ့ပုံပဲ။ ကျုပ်တို့တွေ သွားမြည်းစမ်းကြည့်သင့်တယ်။"
"အတူတူ သွားရအောင်။"
................
ကောင်းကင်ဘုံခုံရုံး၏ လမ်းမတစ်ခုပေါ်၌
အန်လင်းသည် ရိုးရှင်းသော ဆိုင်ခန်းတစ်ခုအား ငှားရမ်းထားသည်။ ထိုဆိုင်ခန်းသည် နွမ်းပါးပုံပေါ်ကာ ပြောပလောက်စရာ မရှိပေ။ တစ်ခုတည်းသော မျက်စိကျစရာ ဆိုင်ရှေ့ရှိ ဘုတ်ပြားတစ်ခုပင် ဖြစ်သည်။
ထိုဘုတ်ပြားတွင် ကောင်းကင်ဘုံခုံရုံး၏ အချက်အပြုတ် နတ်ဘုရား အန်လင်းစားတော်ဆက်ဟု ရေးသားထားသည်။
ကောင်းကင်ဘုံခုံရုံး တစ်ခုလုံးတွင် အချက်အပြုတ် နတ်ဘုရားအဖြစ် ကိုယ့်ကိုယ်ကို ညွှန်းဆိုကာ ဆိုင်ဖွင့်ရဲသူမှာ အန်လင်း တစ်ဦးတည်းသာ ရှိပေလိမ့်မည်။
ထိုဘွဲ့သည် အရှိန်အဝါ ကြီးမားလွန်းလှပြီး နွမ်းနွမ်းဖတ်ဖတ် ဆိုင်ခန်းအပြင်အဆင်နှင့် အတော်လေး ဆန့်ကျင်နေသည်။
ထို့ကြောင့်ပင် ဖြတ်သွားဖြတ်လာများသည် စိတ်ဝင်စားကြပါသော်လည်း ရိုးရှင်းလွန်းသော ဆိုင်ခန်းအား မြင်လိုက်ရသည်နှင့် အချက်အပြုတ် နတ်ဘုရားအတုဟုသာ ကောက်ချက်ချသွားကြသည်။
မည်သို့ပင်ဆိုစေကာမူ ဟင်းလျာစျေးနှုန်းများ သိလိုက်ရပြီးနောက် အမြင်ပြောင်းကုန်ကြသည်။
အင်မော်တယ်များသည် ဆိုင်ရှေ့မှ ဖြတ်သွားတိုင်း သိလိုစိတ်များ တဖွားဖွား ဖြစ်နေကြလေပြီ။
အန်လင်းသည် ဆိုင်ထဲတွင်ထိုင်ကာ ပျင်းရိစွာ သမ်းဝေနေသည်။
သူသည် ရှောင်လန်အား ခွင့်တိုင်ခိုင်းထားသည်။ ခွင့်တိုင်ရသည့် အကြောင်းပြချက်မှာလည်း ရိုးရှင်းပေသည်။
"ကျောင်းသားအန်လင်းသည် ကျင့်ကြံရေးတွင် စိတ်မဝင်စားပဲ ကိုယ်ပိုင်စားတော်ဆက်အတွက် ဟင်းချက်ရင်း အလုပ်များနေသည်။"ဟူ၍ ဖြစ်သည်။
အတန်းပိုင်ဆရာ ဓားအင်မော်တယ် လင်းရှောင်သည် ထိုအကြောင်းပြချက်ကြောင့် သွေးအန်မတက် ဖြစ်ခဲ့ရသည်။
ပိုပြီးကြားကောင်းတဲ့ အကြောင်းပြချက်လေးဘာလေး ပေးလို့မရဘူးလားကွာ......
မည်သို့ပင်ဆိုစေကာမူ စုရှောင်လန်သည် အမှန်အတိုင်း ခွင့်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဓားအင်မော်တယ် လင်းရှောင် မသိလိုက်ပေ။
မိုးကုပ်စက်ဝိုင်းအောက် နေမင်းဝင်ရောက် ပျောက်ကွယ်တော့မည့် အချိန်တွင်ပင် ကောင်းကင်ဘုံခုံရုံး၏ အချက်အပြုတ် နတ်ဘုရား အန်လင်းစားတော်ဆက်သို့ ပုံရိပ်ရှစ်ခု ရောက်ရှိလာသည်။
အန်လင်း၏ မျက်ဝန်းများ တောက်ပသွားသည်။
စောင့်နေရတဲ့ သားကောင်တော့ ရောက်လာပြီပဲ........