← Chapters

အစားအသောက်အတွက် ယှဉ်ပြိုင်မယ်

Vol. 63 Ch. 886

အစားအသောက်အတွက် ယှဉ်ပြိုင်မယ်

Vol. 63 Ch. 886

ဟင်းလျာအား အဖုံးဖွင့်လိုက်သည်နှင့် စားတော်ဆက် တစ်ခုလုံး ရွှေရောင်လွှမ်းသွားသည်။

"တော်တော်တောက်ပတဲ့ အလင်းပဲ။"

လန်ချိုက်ဟယ် မျက်မှောင်ကျုံ့ကာ အံ့အားတကြီး ရေရွတ်လိုက်သည်။

"ပထမတန်းစား ဟင်းလျာတွေရဲ့ အလင်းမျိုးပဲ။"

ကျန်းကောလောင်မှာ စိတ်လှုပ်ရှားစွာ စကားဆိုလာသည်။

ထို့နောက် များပြားလှသော ပုံရိပ်များ ထွက်ပေါ်လာတော့သည်။

အမြင်အာရုံသာမက အကြားအာရုံကိုပါ ဖျော်ဖြေမှုပေးလေသည်။

အမျိုးသမီး တစ်ဦးမှာ သာယာသောအသံဖြင့် သံစဉ်တေးဆိုလိုက်သည်။

"သာယာသော~~~~ နေ့......."

"ဆန္ဒများ ပြည့်ဝမယ့် သာယာသောနေ့~~~~ ။ သာယာသော~~~~ နေ့........။ လေပြေနွေဦး စီးလို့ကြိုတယ် သာယာသောနေ့~~~~~~ "

"သီချင်းက နားဝင်ပီယံ ရှိလိုက်တာ။ ကြမ္မာသံသရာနေ့နဲ့လည်း ကိုက်ညီတယ်။ တော်တော်ထူးခြားတာပဲ။"

ဟန်ရှန်းဇယ် ငေးမောကာ ချီးကျူးလိုက်သည်။

ကြမ္မာသံသရာနေ့ဆိုသည်မှာ အဘယ်နည်း။ လီရှူးနတ်မိစ္ဆာ ဆယ့်နှစ်ပါးတွင် ချင်းလုံ၊ ထျန်းသဲ့၊ ယွီထျန်၊ စီးမင်၊ မင်ထျန်းနှင့် ကျင်းခွေ့တို့အား သံသရာနတ်ဘုရား ခြောက်ပါးအဖြစ် သတ်မှတ်ထားကြသည်။ ထိုသံသရာနတ်ဘုရား ခြောက်ပါးဆုံသောနေ့အား ကြမ္မာသံသရာနေ့ဟု သိထားကြလေသည်။

ပုံရိပ်များ ပျောက်ကွယ်သွားပြီးနောက် အင်မော်တယ်ရှစ်ပါးလုံး ဟင်းလျာအား ကြည့်ရှုလိုက်ကြသည်။

ချင်းလုံသည် မိုးပြာရောင် နဂါးတစ်ကောင်အဖြစ် ဟင်းပွဲအား ဝန်းရံထားသည်။ ထျန်းသဲ့နှင့် ကျင်းခွေ့မှာမူ တလက်လလက် တောက်ပနေသော ရွှေဒင်္ဂါးများသဖွယ် လေထဲတွင် ရှိနေကြသည်။ စီးမင်သည် ကြယ်စင်များနောက်လိုက်ရန် ကိုယ့်ကိုယ်ကို ဇာမဏီတစ်ကောင်အဖြစ် စိတ်ထင်ထားသော ကြက်တစ်ကောင်ဖြစ်ကာ မင်ထျန်းနှင့် ယီထျန်သည် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များအဖြစ် ဇာမဏီ၏ အလှအား ဝံ့ကြွားစေသော အဝတ်အစားများသဖွယ် နေရာယူထားသည်။

အင်မော်တယ်ရှစ်ပါးမှာ ခန္ဓာကိုယ်ရော၊ စိတ်ဝိဉာဉ်ပါ တုန်လှုပ်သွားရသည်။

၎င်းတို့၏ နှလုံးသားထဲတွင် မငြင်းဆန်နိုင်သော ခံစားချက်များ ဖြစ်ပေါ်လာသည်။

ဒါကိုစားချင်တယ်..........

အင်မော်တယ်ရှစ်ပါးသည် လျင်မြန်စွာပင် ၎င်းတို့၏ တူများအား ကောက်ကိုင်လိုက်ကြသည်။ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို မြင်တွေ့ဖူးကြလောက်အောင် အသက်ရှည်ရှည် နေလာခဲ့သူများ ဖြစ်သည်။

သို့သော် ဟင်းလျာအား ပထမတစ်လုတ် စားမိလိုက်သည်နှင့် တည်ငြိမ်မှုများ ပျက်ပြယ်သွားရသည်။

အင်မော်တယ်ရှစ်ပါးလုံး တပြိုင်နက်တည်း တုန်တက်သွားလေသည်။

"အား...... ဒီအရသာ......"

"ဘုရားရေ......."

"အိုး........."

"ဝေါင်း......"

သက်ရှိစွမ်းအင်များ ထကြွလာကာ ၎င်းတို့၏ တူများမှာလည်း ပုံရိပ်မျှသာ မြင်ရတော့သည်။

"ကြက်တောင်ပံတွေကို မထိနဲ့။ အဲ့ဒါငါ့ဟာပဲ။"

လုဒုန်းဘင်သည် တူများအား ဓားသဖွယ် အသုံးပြုကာ ကြက်တောင်ပံအား ကာကွယ်လိုက်သည်။

"မဟုတ်သေးပါဘူး။ ငါက ချစ်စရာကောင်းတဲ့ ဟင်းသီးဟင်းရွက်လေးတွေပဲ လိုချင်တာလေ။ ဘာလို့ပုတ်ထုတ်နေတာလဲ။"

လန်ချိုက်ဟယ်သည် တူများအား မြက်တစ်ပင်သဖွယ် ပျော့ပြောင်းမြဲမြံစွာ ဆုပ်ကိုင်ကာ လုဒုန်းဘင်၏ ကြမ်းတမ်းခက်ထန်သော တူများအား ဆန့်ကျင်တိုက်ခိုက်လိုက်သည်။

ကောင်းကင်နတ်မိမယ်ဟယ်သည် ကြာပန်းပုံရိပ်တစ်ခုဖြင့် ကြက်တောင်ပံအား ဝန်းရံထားလိုက်သည်။

"လုဒုန်းဘင်....... ဒီလောက်အရသာရှိတဲ့ ကြက်တောင်ပံကို ငါ့ခွင့်ပြုချက်မတောင်းပဲ အပိုင်သိမ်းဖို့ လုပ်ရဲတယ်ပေါ့။"

"အားလုံး စိတ်လျှော့ကြပါ။ အကြီးတွေကို လေးစားရမယ်လေ။ ကဲကဲ....... ငါအရင်စားမယ်။"

လီထျယ်ကွမ်းသည် တူများတွင် သတ္ထုတာအို ထည့်သွင်းလိုက်သောကြောင့် အလွန်အားကောင်းသွားကာ လန်ချိုက်ဟယ်၏ ခုခံမှုအား ဖြိုခွင်းလျက် မိုးပြာရောင် နဂါးအသွင် ပုံဖော်ထားသော အသားတစ်ဖက်အား ရရှိလိုက်သည်။

"ထွီ...... အကြီးကို လေးစားရမယ်တဲ့လား။ အငယ်တွေကို ဦးစားပေးဖို့ရော။"

လန်ချိုက်ဟယ် အော်ဟစ်ကာ ကျန်းကောလောင်နှင့် တူစစ်ပွဲ ဆင်နွှဲလိုက်သည်။

"မင်းဘောမွှေးတောင် ဖြူနေပြီကို...... ယီးဖြစ်လို့ နို့နံ့မစင်တဲ့ ကလေးလို လာပြောနေတာလား။"

ကျန်းကောလောင် ဒေါသထွက်သွားသည်။

"ဟားဟား........ ငါတို့ရှစ်ယောက်ထဲမှာ ငါကအငယ်ဆုံးပဲလေ။ အဲ့တော့ ကလေးလေးပဲပေါ့။"

လန်ချိုက်ဟယ်မှာ ကိုယ့်ယူဆချက်နှင့်ကိုယ် ကျေနပ်နေသည်။ သူ၏တိုက်ခိုက်မှုမှာလည်း တိကျသပ်ရပ်လွန်းလှသည်။

ချောင်ကောကျို့၏ တိုက်ခိုက်ပုံမှာ ပို၍ပင် အထင်ကြီးစရာ ကောင်းသေးသည်။ အပြင်ပန်းတွင် တူနှင့်တိုက်နေခြင်း ဖြစ်ပါသော်လည်း စင်စစ်တွင်မူ သိစိတ်အာရုံဖြင့် အရုပ်ငယ်တစ်ခု ဖန်ဆင်းကာ ရွှေဒင်္ဂါးနှင့်တူသော ဟင်းလျာအစိတ်အပိုင်းများအား ခိုးယူနေခြင်း ဖြစ်သည်။

သူသည် အစားတစ်လုပ်အတွက် ကိုယ်ရောစိတ်ပါ အပင်ပန်းခံနေခြင်းပင်။

ကံဆိုးစွာဖြင့် ဟန်ကျုံးလီတွင် ယင်းယန်မျက်လုံး ရှိနေသောကြောင့် မီးလျှံအချို့ ပြုလုပ်ကာ အရုပ်အား ပြာချပစ်လိုက်သည်။

"အဖိုးကြီးချောင်.......... ဒီလိုလုပ်တာ မကောင်းဘူးနော်။"

"ယောက်ျားဆိုတာ တိုက်ပွဲမှာ ရိုးသားစစ်မှန်ရမယ်။"

ဟန်ရှန်းဇယ် ရယ်မောကာ အရုပ်ငယ် ရာနှင့်ချီအား ချက်ချင်းဖန်ဆင်းလိုက်သည်။

"ယီးတဲ့မှ....... အဖိုးကြီးဟန် ခင်ဗျားက ပိုတောင်သောက်ကျိုးနည်းနေသေးတယ်။"

ဟန်ကျုံးလီသည် ယပ်တောက်တစ်ခုထုတ်ကာ မီးတောက်များ ပေါက်ကွဲသွားစေသည်။

ဝုန်း.......

မီးတောက်များမှာ ကြောက်မက်ဖွယ် အရှိန်ဖြင့် ပေါက်ကွဲသွားသည်။

ကောင်းကင်ဘုံခုံရုံး၏ အချက်အပြုတ် နတ်ဘုရား အန်လင်းစားတော်ဆက်သည် စဖွင့်သောနေ့မှာပင် ပြာကျသွားရသည်။

ကံကောင်းထောက်မစွာဖြင့် လုဒုန်းဘင်နှင့် ကောင်းကင်နတ်မိမယ်ဟယ်မှာ နေမင်းကြမ္မာသံသရာဟင်းအား အသက်နှင့်လဲကာ ကာကွယ်ထားခဲ့ကြသည်။ ထိုသို့မဟုတ်ပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲများအား ၎င်းတို့မခံစားနိုင်ပေ။

"မင်းမေကလွှား....... ဟန်ကျုံးလီ မင်းရူးသွားတာလား။"

ဟန်ရှန်းဇယ် အော်ဟစ်ဆဲဆိုလိုက်သည်။

"ဟင်းတစ်ပွဲလုံး မောင်ပိုင်စီးဖို့လုပ်တဲ့ မင်းကမှ ရူးနေတာကွ။"

ဟန်ကျုံးလီ စကားဆိုလာသည်။

ထို့နောက် ၎င်းတို့နှစ်ဦး တိုက်ခိုက်လိုက်ကြပြန်သည်။

၎င်းတို့သည် အချင်းချင်း တိုက်ခိုက်နေခြင်း မဟုတ်ပဲ နေမင်းကြမ္မာသံသရာအတွက်သာ ဆော်ပလော်တီးနေခြင်း ဖြစ်သည်။

အန်လင်းမှာ ပြာကျသွားသော စားတော်ဆက်အားကြည့်ကာ ရင်နာနေရလေသည်။

အင်မော်တယ်ရှစ်ပါးက လာတုန်းကတော့ အိန္ဒြေတခွဲသားနဲ့ အခုကြတော့ ဆာလောင်နေတဲ့ ဝံပုလွေတွေလိုပါပဲလား........ အဆင့်အတန်းမြင့်တဲ့ ကောင်းကင်အင်မော်တယ်တွေဖြစ်ပြီး အခုလို ရန်ဖြစ်နေကြတာ မရှက်ကြဘူးလား..........

စုတ်ပြတ်နေသော ဆိုင်ခန်းလေးအား မပြုပြင်ခဲ့သည်မှာ မှန်ကန်လွန်းလှသည်။

မည်သို့ပင်ဖြစ်စေကာမူ အချိန်တန် ပြာကျသွားမည်ပင် မဟုတ်လော။

ပြင်းထန်လွန်းသော တိုက်ပွဲများ ပြီးဆုံးသွားပြီးနောက် အင်မော်တယ်ရှစ်ပါးမှာ ပင်ပန်းနွမ်းနယ်စွာဖြင့် မြေပြင်ပေါ် ထိုင်ချလိုက်ကြသည်။

နေမင်းကြမ္မာသံသရာကိုလည်း အငမ်းမရ စားသုံးလိုက်ကြလေသည်။

ဟန်ကျုံးလီ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဟင်း....... ဟင်းတစ်ပွဲကြောင့် အခုလို တိုက်ခိုက်ရမယ် မထင်ထားဘူးကွာ။"

"အန်လင်းရဲ့ ဟင်းချက်စွမ်းရည်ကတော့ တကယ်ကို အံ့မခမ်းပဲ။"

ကောင်းကင်နတ်မိမယ်ဟယ်မှာ မဝသေးဟန်ဖြင့် နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်သည်။

လုဒုန်းဘင် ခေါင်းညိတ်ထောက်ခံလာသည်။

"အန်လင်းရဲ့ ဟင်းချက်စွမ်းရည်ကို အမှတ်ပြည့်ပေးတယ်ကွာ။"

"စီနီယာတွေက အရမ်းကြင်နာကြတာပဲ။ ကျွန်တော့် လက်ရာကိုကြိုက်ရင် မနက်ဖြန် ထပ်လာခဲ့ကြပါ။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"ငါတို့ မနက်ဖြန်ကြရင် အရှေ့ပင်လယ်ကို သွားစရာ ရှိတယ်။ ဒီနေ့ပဲ ချက်ပေးလို့ မရဘူးလား။ ဟင်းပွဲအတွက် ငွေပိုပေးနိုင်ပါတယ်။"

ကျန်းကောလောင်မှာ အစားကြူးသူ ဖြစ်သောကြောင့် မနေနိုင်၊ မထိုင်နိုင် ဖြစ်နေသည်။

အန်လင်း ခေါင်းခါပြလိုက်သည်။

"ကျွန်တော် မလုပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။ တစ်ရက်ကို ဟင်းတစ်ပွဲပဲ ချက်တယ်ဆိုတာ အကြောင်းပြချက်တွေ ရှိလို့ပါ။"

အင်မော်တယ်ရှစ်ပါး သက်ပြင်းချလိုက်မိကြသည်။

"စိတ်မပူပါနဲ့ အန်လင်း...... မင်းရဲ့ ဟင်းချက်စွမ်းရည်ကို ငါတို့သတင်းဖြန့်ပေးမှာပါ။ မင်းရဲ့ လက်ရာက အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ထက်တောင်သာတယ်။"

လန်ချိုက်ဟယ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အခြား အင်မော်တယ်များသည်လည်း စိတ်ကျေနပ်စွာပင် အန်လင်း၏ ဟင်းချက်စွမ်းရည်အား ကြေညာပေးကြမည်ဖြစ်ကြောင်း ပြောဆိုလာကြသည်။

အန်လင်း ပျော်ရွှင်သွားကာ ၎င်းတို့အား တပိုင်၏ လျစ်လျူရှုခြင်း ခံရသော အစာသွပ်ပေါက်စီများကို တစ်ယောက်တစ်လုံးစီ လက်ဆောင်ပေးလိုက်သည်။

အင်မော်တယ်ရှစ်ပါးသည် ကောင်းကင်ဘုံခုံရုံးတွင် အသိအကျွမ်း ပေါများသူများ ဖြစ်ကြသည်။ ၎င်းတို့သာ ကြော်ညာပေးပါက အန်လင်း၏ စီးပွားရေးမှာလည်း များစွာအားကောင်းလာနိုင်သည်။

ထိုသို့ဖြင့် အင်မော်တယ်ရှစ်ပါးမှာ နှုတ်ဆက်ထွက်ခွာသွားကြသည်။

၎င်းတို့သည် အန်လင်း၏ ဟင်းချက်စွမ်းရည်အား လူသိရှင်ကြား ချီးကျူးခဲ့ကြသည်။ အချက်အပြုတ် နတ်ဘုရားဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်သည်ဟုလည်း ဆိုကြသည်။

ထိုသတင်းများမှာ ကောင်းကင်ဘုံခုံရုံးတခွင် ပျံ့နှံ့သွားလေသည်။

ကောင်းကင်အရှင်သခင်၏ ချီးကျူးမှုသည် အစိုးရကြေညာချက်နှင့် တူသောကြောင့် ယုံကြည်ရပါသော်လည်း အမှန်တကယ် အလုပ်သိပ်မဖြစ်ပေ။

သို့သော် အင်မော်တယ်ရှစ်ပါး၏ ချီးကျူးမှုသည် အစားအသောက် ပညာရှင်များ၏ မှတ်ချက်သဖွယ်ပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် စားသုံးခဲ့ရသော အတွေ့အကြုံနှင့် ပက်သတ်၍ ခံစားချက်၊ အတွေးအမြင်များပါ ရိုးရိုးသားသား ဖော်ပြထားသောကြောင့်ပင်။

အင်မော်တယ်ရှစ်ပါးသည် အကြိုက်ချင်း မတူညီကြပေ။ ၎င်းတို့သည် ယောက်ျား၊ မိန်းမ၊ လူငယ်၊ လူကြီး၊ ဆင်းရဲ၊ ချမ်းသာ၊ သခင်လေးနှင့် သာမန်လူတန်းစားစသော အလွှာအမျိုးမျိုး ပေါင်းစည်းထားကြခြင်းဖြစ်ကာ ရှစ်ဦးလုံးမှ ဟင်းလျာတစ်ခုတည်းအပေါ် စိတ်ကျေနပ်ရန် မလွယ်ကူပေ။

၎င်းတို့၏ မှတ်ချက်များအရ စိတ်ကျေနပ်မှုသာမက ယုံကြည်ချက်ကိုပင် ကျော်လွန်ခဲ့ရသည်ဟု ဆိုသည်။

အန်လင်း၏ ဟင်းချက်စွမ်းရည်မှာ အားလုံးအပေါ် အလုပ်ဖြစ်ပုံရသည်။

ထိုသတင်းသည် ကောင်းကင်ဘုံခုံရုံးတွင် တောမီးသဖွယ် ပျံ့နှံ့သွားပြီးနောက် အစားအသောက် ကြိုက်နှစ်သက်သော အင်မော်တယ်များမှာ အန်လင်းစားတော်ဆက်သို့သွားရန် ဖင်တကြွကြွ ဖြစ်ကုန်သည်။

အန်လင်းစားတော်ဆက်မှာ အမှန်တကယ် ကျော်ကြားလာလေပြီ။

အန်လင်းသည် အစာသွပ်ပေါက်စီများ မရောင်းသေးပဲ စားတော်ဆက်ကိုသာ အာရုံစိုက်ထားရန် ဆုံးဖြတ်လိုက်သည်။

...........

နောက်တစ်နေ့၌.....

အင်မော်တယ်များမှာ အန်လင်းစားတော်ဆက်ရှေ့တွင် စုပြုံနေကြတော့သည်။

All Chapters