အချက်အပြုတ်နတ်ဘုရား၏ဖိတ်ခေါ်မှု
Vol. 64 Ch. 888
စိတ်ဝိဉာဉ်ကျောက်တုံး သုံးသိန်းမှာ တန်ကြေးမည်မျှရှိသနည်း။
ထိုပမာဏသည် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် သို့မဟုတ် အဆင့်ခြောက် အင်မော်တယ်ဆေးလုံးအား ဝယ်ယူနိုင်သည်။
ဟင်းလျာတစ်ပွဲသည် အင်မော်တယ်ဆေးလုံးတစ်လုံးနှင့် တန်ကြေးညီနေသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ရူးနေတာ........ သူတို့အားလုံး ရူးနေတာပဲ.........
ထိုသည်မှာ အန်လင်း၏ ဟင်းလျာအား လေလံဆွဲသော အင်မော်တယ်များနှင့် ပက်သတ်၍ အားလုံး၏ အတွေးဖြစ်သည်။
သို့သော် ထိုရူးနှမ်းနေသော အင်မော်တယ်များသည် ကောင်းချီးပေးခံရသလို ပျော်ရွှင်ကျေနပ်ကာ ငွေကြေးလုံလောက်နေသမျှ အန်လင်း၏ စားတော်ဆက်သို့ သွားကြဦးမည့်သူများသာ ဖြစ်နေသည်။
ဝေဖန်နေသောသူများမှာ အမှန်တကယ် နားမလည်နိုင်ကြတော့ပေ။
အဲ့လောက်စျေးကြီးနေတဲ့ ဟင်းလျာတွေက တကယ်ကြီး ရူးလောက်အောင် အရသာ ရှိနေတာလား.........
"ဒါတွေအားလုံးက စျေးကွက်နည်းလမ်းတွေပဲ။ အရူးမဖြစ်မိစေနဲ့။ ငါတို့အားလုံး ဉာဏ်ကောင်းဖို့လိုတယ်။"
အင်မော်တယ်တစ်ဦး ကြေညာလိုက်သည်။
ပို၍တဲ့တိုးဆန်သော အင်မော်တယ်များလည်း ရှိကြသည်။
"မင်းတို့အမြင်တွေကို မပိတ်စေနဲ့။ အန်လင်းရဲ့ ဟင်းချက်စွမ်းရည်က အဲ့လောက်ကောင်းတာ မဟုတ်ဘူး။ ဝယ်စားမိရင် နောင်တရဖို့တောင် နောက်ကျသွားလိမ့်မယ်။"
ကောင်းကင်ဘုံခုံရုံး၏ အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှလည်း ကြေညာချက် ထုတ်ပြန်လာသည်။
"စိတ်မပူပါနဲ့။ အားလုံးလည်း အမှန်နဲ့အမှားကို ခွဲခြားနိုင်စွမ်း ရှိကြမှာပါ။ စျေးနှုန်းတစ်ခုက တန်လား၊ မတန်လားဆိုတာ ကိုယ့်ဘာသာလည်း ဆုံးဖြတ်နိုင်စွမ်း ရှိကြမယ် ထင်ပါတယ်။ အခု ကျုပ်စကားကို မှတ်ထားကြပါ။ အန်လင်းရဲ့ ဟင်းလျာတွေက မနက်ဖြန်မှာ စျေးကျကို ကျသွားပါလိမ့်မယ်။"
................
ခြောက်ရက်မြောက်နေ့၌....
အန်လင်း၏ ဟင်းလျာသည် စိတ်ဝိဉာဉ်ကျောက်တုံး သုံးသိန်းနှစ်သောင်းဖြင့် လေလံအောင်သွားသည်။
ဝေဖန်နေကြသော အင်မော်တယ်များ : "............"
ဟူကျောင်းဟောင် : "..........."
...............
ခုနစ်ရက်မြောက်နေ့၌....
အန်လင်း၏ ဟင်းလျာသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် စိတ်ဝိဉာဉ်ကျောက်တုံး သုံးသိန်းခွဲဖြင့် ရောင်းထွက်သွားသည်။
ဝေဖန်နေကြသော အင်မော်တယ်များ : "............"
ဟူကျောင်းဟောင် : ".............."
................
ရှစ်ရက်မြောက်နေ့၌....
ကောင်းကင်အရှင်သခင်၏ သမီးတော် ခုနစ်ပါးသည် ပျော်ပျော်ရွှင်ရွှင် လေလံဝင်ဆွဲကြပြီး စိတ်ဝိဉာဉ်ကျောက်တုံး လေးသိန်းဖြင့် လေလံပိတ်သွားကြသည်။
ဝုန်း..........
ထိုသတင်းသည် ကောင်းကင်ဘုံခုံရုံး တစ်ခုလုံးအား မိုးကြိုးပစ်ချလိုက်သလိုပင်။
အင်မော်တယ်များ အံ့သြထိတ်လန့်ကာ စောင့်ကြည့်ဝေဖန်နေသူများပါ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။ ဟင်းလျာတစ်ပွဲစာအတွက် စိတ်ဝိဉာဉ်ကျောက်တုံး လေးသိန်းမှာ စိတ်ကူးကြည့်၍ပင် မရသော ပမာဏတစ်ခု ဖြစ်သည်။
ကောင်းကင်ဘုံခုံရုံးသို့ စတင်ရောက်ရှိခါစ မြေကမ္ဘာအင်မော်တယ်များ၏ ပိုင်ဆိုင်မှုသည်ပင် စိတ်ဝိဉာဉ်ကျောက်တုံး လေးသိန်းမရှိပေ။
ထိုစျေးနှုန်းသည် အံ့မခမ်းအဆင့်ထက် ကျော်လွန်ကာ သတ်မှတ်ချက်များအားလုံးကိုပင် ကျော်တက်သွားလေပြီ။
အန်လင်း၏ ပုံမှန်မဟုတ်သော စျေးကွက်နည်းလမ်းများအပေါ် ဝေဖန်နေခဲ့သူများမှာလည်း ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ကုန်ပစ္စည်းတစ်ခု၏ စျေးနှုန်းသည် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် မြင့်တက်လာပါက စျေးကွက်ကစားနေခြင်းဟု ဆိုနိုင်သည်။
သို့သော် လေလံပစ္စည်းတစ်ခုသည် အချိန်အတိုင်းအတာ တစ်ခုအထိ တည်ငြိမ်စွာပင် စျေးတက်နေပါက ထိုပစ္စည်း၏ ထူးခြားချက် တစ်စုံတစ်ခုကြောင့်သာ ဖြစ်ပေလိမ့်မည်။ အင်မော်တယ်များသည် သူငယ်နှပ်စားများ မဟုတ်ကြပေ။ စိတ်ကျေနပ်မှု မရသော ဟင်းလျာတစ်ပွဲအား ငွေပမာဏများစွာ ပေးဝယ်ခဲ့ရပါက တလောကလုံးသိအောင် မဏ္ဍပ်တိုင်တက်ပြမည့်သူများသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် အန်လင်းအား ချီးကျူးမဆုံး ဖြစ်နေကြသည့်အပြင် ပင်ပင်ပန်းပန်း ရှာဖွေထားရသော ငွေကြေးများကိုလည်း ကျေကျေနပ်နပ်ကြီး သွားဖြုန်းနေကြလေသည်။
"ငါ့ရဲ့ဆင်းရဲမွဲတေမှုက အမြင်ကျဉ်းသွားစေတာ ဖြစ်မယ်။"
"ဒီစျေးနှုန်းက ကောင်းကင်ဘုံခုံရုံးရဲ့ ပုံမှန်ဟင်းလျာ စံချိန်ကိုတောင် ချိုးသွားပြီမလား။"
ကောင်းကင်ဘုံခုံရုံး၏ ပုံမှန်ဟင်းလျာဆိုသည်မှာ အသင့်ရနိုင်သော သို့မဟုတ် နေ့စဉ်ချက်ပြုတ်ရောင်းချလေ့ရှိသော ဟင်းလျာများကို ဆိုလိုသည်။
အထူးတလည် ချက်ပြုတ်ပြင်ဆင်ရသော ဟင်းလျာများသည် ပုံမှန်ဟင်းလျာစာရင်းတွင် ပါဝင်လေ့ မရှိပေ။
"ဟုတ်တယ်။ နောက်ဆုံးစံချိန်က အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ရဲ့လက်ရာ နဂါးဇာမဏီ ကကြိုးသီလေ။ အဲ့ဟင်းလျာကို စိတ်ဝိဉာဉ်ကျောက်တုံး သုံးသိန်းခြောက်သောင်းနဲ့ ရောင်းနိုင်ခဲ့တာ။ အန်လင်းကလည်း ဆိုင်မှာပုံမှန်ရောင်းနေတဲ့ ဟင်းလျာတစ်ပွဲကို စိတ်ဝိဉာဉ်ကျောက်တုံး လေးသိန်းနဲ့တောင် ရောင်းနိုင်တယ်ဆိုတော့ တကယ်ကြောက်စရာပဲ။"
"ပိုကြောက်ဖို့ကောင်းတာက သူ့စားတော်ဆက်က ရှစ်ရက်ပဲ ဖွင့်ရသေးတယ်လေ။"
"ဝါး........"
အားလုံးမှာ ထိုအချက်အား ပြန်လည်သတိရကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
ထိတ်လန့်ဖွယ် တိုးတက်မှုနှုန်းသည် ဖြစ်နိုင်ခြေများအားလုံးကို ကျော်လွန်နေသည်။ ၎င်းတို့သည် နတ်ဘုရားတစ်ပါး၏ နိုးထမှုအား ကြည့်နေရသလို ခံစားမိကြသည်။
ကောင်းကင်ဘုံခုံရုံးတွင် အန်လင်း၏ အမည်နာမမှာ ကျော်ကြားခဲ့ပြန်လေပြီ။
နောက်ဆုံးအကြိမ်သည် ဧကရာဇ်ဇီဝေး၏ မျက်နှာအား မြေပြင်နှင့် ရိုက်နိုင်ခဲ့စဉ်က ဖြစ်သည်။
ယခုတွင်မူ ဟင်းချက်စွမ်းရည်ဖြင့် ကောင်းကင်ဘုံခုံရုံး၏ အင်မော်တယ်များအား ဖမ်းစားလိုက်ပြန်ပြီပင်။
...............
ကိုးရက်မြောက်နေ့၌....
ကောင်းကင်ဘုံခုံရုံးတွင် တာဝန်ထမ်းဆောင်နေသော အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှ ယှဉ်ပြိုင်ရန်အတွက် လာရောက်ဖိတ်ခေါ်သောကြောင့် အချက်အပြုတ် နတ်ဘုရား အန်လင်းစားတော်ဆက်မှာ မဖွင့်ဖြစ်ခဲ့ပေ။
အန်လင်းသည် ထိုသည်ကို လက်ခံကာ နောက်တစ်နေ့တွင် ပြိုင်ပွဲပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ဝုန်း.........
ထိုသတင်းသည် ငလျင်ထက်ပင် ပိုမိုတုန်လှုပ်သွားစေသည်။
အန်လင်း၏ စားတော်ဆက်သည် ကောင်းကင်ဘုံခုံရုံးတွင် တာဝန်ထမ်းဆောင်နေသော အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ကိုပင် လှုပ်ခတ်စေခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ဘုံခုံရုံးတွင် တာဝန်ထမ်းဆောင်နေသော အချက်အပြုတ် နတ်ဘုရားနှင့် အချက်အပြုတ် နတ်ဘုရားသစ်တို့ ယှဉ်ပြိုင်ကြသော ဖြစ်ရပ်မျိုး တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသောကြောင့် လက်ရှိအချိန်တွင် မည်သည့်တာဝန်မှ မရှိပဲ အားလပ်နေသော အင်မော်တယ်များမှာ ဖင်တကြွကြွ ဖြစ်ကုန်သည်။
"အချက်အပြုတ် နတ်ဘုရားဘွဲ့အတွက် ပြိုင်ပွဲ....... ဒါမျိုးမကြည့်ရတာ ဘယ်လောက်ကြာနေပြီလဲ။"
"ဒီလိုမျိုး ရှိခဲ့ဖူးသေးလို့လား။"
"မင်းက အသက်သုံးရာပဲ ရှိသေးတော့ ဘယ်သိပါ့မလဲ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ဝန်းကျင်က ရှိခဲ့ဖူးတာပေါ့ကွာ။"
ကောင်းကင်ဘုံခုံရုံး၏ အင်မော်တယ်များသည် စိတ်လှုပ်ရှားစွာဖြင့် ထိုပြိုင်ပွဲအကြောင်း တခုတ်တရ ဆွေးနွေးလာကြသည်။
ဆွေးနွေးခြင်းများ ပြီးစီးသွားသောကြောင့် အန်လင်း၏စားတော်ဆက်အား ပုံမှန်အတိုင်း ဖွင့်လှစ်ခဲ့သည်။
လေလံပွဲသည် အနည်းငယ် စျေးလျော့သွားကာ စိတ်ဝိဉာဉ်ကျောက်တုံး သုံးသိန်းခုနစ်သောင်းဖြင့် အလုပ်ဖြစ်သွားသည်။
စံချိန်တင်ထားသော စိတ်ဝိဉာဉ်ကျောက်တုံး လေးသိန်းသည် လူသားဝက်စုဗူး ခုနစ်ဦးစုကာ တင်ထားခဲ့ခြင်း ဖြစ်သောကြောင့် စျေးကျသွားသည်မှာ ပုံမှန်သာ ဖြစ်သည်။
အန်လင်းစားတော်ဆက်တွင် ဟင်းလျာတစ်ပွဲ ဝယ်စားပြီးပါက သူဋ္ဌေးကြီးများသည်ပင် ငွေကြေးအတော်ထိသွားကြသည် မဟုတ်လော။
"ဟူး........ စိတ်ဝိဉာဉ်ကျောက်တုံး သုံးသိန်းခုနစ်သောင်းထဲလား။ ငါ့ရဲ့ အောင်မြင်မှုတွေက အတိတ်တစ်ခု ဖြစ်သွားပြီပဲ။"
အန်လင်း သက်ပြင်းချလိုက်မိသည်။
စားတော်ဆက်အတွင်းမှ အင်မော်တယ်များမှာ သွေးအန်တော့မလို ဖြစ်သွားရသည်။
ယီးတဲ့မှ....... တကယ်ကြီး ငြီးငြူနေတာလား.......... သူ့ဟင်းတစ်ပွဲက စိတ်ဝိဉာဉ်ကျောက်တုံး သုံးသိန်းခုနစ်သောင်းနဲ့တောင် ရောင်းရထားတာလေ........ ကောင်းကင်ဘုံခုံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ရဲ့ စျေးအကြီးဆုံး ဟင်းပွဲတောင် အဲ့စျေးမရှိဘူး..........
စျေးနှုန်းအတက်အကျမှာ မထူးဆန်းပေ။ စျေးနှုန်းသည် အတက်ချည်းသာ ဖြစ်နေပါက ကောင်းကင်ဘုံခုံရုံး၏ အင်မော်တယ်များမှာ ၎င်းတို့၏ ဘဝအား သံသယ ဝင်လာပေလိမ့်မည်။
နေပါဦး........ အခုလည်း ငါတို့ဘဝကို သံသယ ဖြစ်နေကြပြီပဲမလား.............
လူတစ်ယောက်သည် နေ့စဉ်နှင့်အမျှ စိတ်ဝိဉာဉ်ကျောက်တုံး သိန်းနှင့်ချီ ဝင်ငွေရနေသည်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ကောင်းကင်ဘုံခုံရုံးတွင် တာဝန်ထမ်းဆောင်နေသော အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ကို မဆိုးထားနှင့် ဧကရာဇ် ငါးပါးသည်ပင် အန်လင်းလောက် ဝင်ငွေကောင်းမည် မဟုတ်ပေ။ ဧကရာဇ် ငါးပါးသည် စီးပွားရေး လုပ်နေကြခြင်း မရှိကြပါသော်လည်း အန်လင်း၏ တစ်ရက်တာဝင်ငွေမှာ ထိတ်လန့်ဖွယ်ရာ ပမာဏ ဖြစ်နေသည်။
ထိုသည်မှာ စျေးကွက်ကစားမှုများကြောင့်ဖြစ်ကြောင်း အန်လင်း၏စိတ်ထဲ ကောင်းစွာသိရှိထားသည်။
အကြော်ဒယ်အိုးနှင့် မီးတောက်ခုနစ်မျိုးကြောင့် ဟင်းလျာများမှာ ပြစ်ချက်မရှိပါသော်လည်း ထိုမျှငွေကြေးပမာဏ တန်ကြေးမရှိပေ။
သူ၏ဟင်းလျာများသည် ဆန်းသစ်ကာ စိတ်လှုပ်ရှားဖွယ် ကောင်းသောကြောင့် လက်ရှိအချိန်တွင် ကြိတ်ကြိတ်တိုးနေပါသော်လည်း ရေရှည်တွင် ပုံမှန်ဖောက်သည်ရရန် မလွယ်ကူပေ။
ဟင်းလျာတစ်ပွဲအား စိတ်ဝိဉာဉ်ကျောက်တုံး သိန်းနှင့်ချီ ဝယ်ယူနိုင်လောက်အောင် ချမ်းသာသော သူဋ္ဌေးများ နည်းပါးလွန်းသောကြောင့် ဤစီးပွားရေးမှာ အခြေမခိုင်လှပေ။ သူ့အနေဖြင့် ကျော်ကြားမှုအား မှီခိုကာ အချိန်အတိုင်းအတာ တစ်ခုအထိ ရနိုင်သမျှ အမြတ်သဲ့ယူရန်သာ ရှိသည်။
ကောင်းကင်ဘုံခုံရုံးတွင် တာဝန်ထမ်းဆောင်နေသော အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်၏ စိန်ခေါ်မှုမှာလည်း သူ့အတွက် အခွင့်အရေးတစ်ခုပင်။
ထိုပြိုင်ပွဲသည် သူ၏အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုအတွက် အဆုံးအဖြတ်တစ်ခု ဖြစ်လာပေလိမ့်မည်။
...............
ကောင်းကင်ဘုံခုံရုံး၏ အင်မော်တယ်များ စောင့်ဆိုင်းနေသောနေ့သို့ ရောက်လာခဲ့လေပြီ။
အန်လင်းသည် အမြတ်ငွေများအား တွက်ချက်လိုက်သောအခါ စိတ်ဝိဉာဉ်ကျောက်တုံး တစ်သန်းနှင့် ခုနစ်သိန်း ရရှိနေပြီဖြစ်ပြီး အစာသွပ်ပေါက်စီများ ရောင်းချသည်ထက် အဆပေါင်းများစွာ ပိုမိုရရှိကြောင်း သိသာနေသည်။
ကောင်းကင်ဘုံခုံရုံးတွင် တာဝန်ထမ်းဆောင်နေသော အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်၏ စိန်ခေါ်မှုမှာ သူ၏ဝင်ငွေအား ပိုတိုးလာစေနိုင်သည်။
အန်လင်းသည် နတ်ဘုရား တစ်ပါးအား ထိုနေရာမှ ဖြုတ်ချပစ်နိုင်တော့မည်ပင်။
....................
ကောင်းကင်ဘုံခုံရုံး၌....
ရွှေနှင့်ကျောက်စိမ်း ရောယှက်ပြုလုပ်ထားသော မျောလွင့်နေသည့် စင်မြင့်တစ်ခု ရှိသည်။
ထိုစင်မြင့်၏ ထောင့်များတွင် ပေထောင်ကျော်သော နဂါးထောက်တိုင် ကိုးခုရှိကာ အနုပညာ လက်ရာမြောက်လှပြီး အံ့အားသင့်ဖွယ် စွမ်းအင်များ ဖြာထွက်နေသည်။
အင်မော်တယ် တစ်ထောင်ကျော်မျှ စုဝေးရောက်ရှိနေကြလေပြီ။
၎င်းတို့သည် ကောင်းကင်ဘုံခုံရုံး၏ ရှားပါးပြိုင်ပွဲအား ကြည့်ရှုခံစားနိုင်ရန် အလုပ်မအားသည့်ကြားမှ လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ တစ်ဖက်လူသည် ကောင်းကင်ဘုံခုံရုံးတွင် တာဝန်ထမ်းဆောင်နေသော အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ဖြစ်ပြီး တစ်ဖက်မှာ အချက်အပြုတ် နတ်ဘုရားသစ် အန်လင်းပင်။
ယခုပြိုင်ပွဲတွင် အန်လင်းသည် အချက်အပြုတ် နတ်ဘုရားဘွဲ့နှင့် ထိုက်တန်ခြင်း ရှိမရှိ သိရှိရပေလိမ့်မည်။
အဖိုးအိုတစ်ဦးသည် ရောင်စဉ်ကိုးသွယ် ကြာပုလ္လင်ပေါ်တွင် ထိုင်နေပြီး ၎င်း၏ဦးခေါင်းထက်မှ အရောင်အဝါ ကိုးမျိုးလည်း ဖြာထွက်နေသည်။ ၎င်းသည် ပြိုင်ပွဲအား အကဲဖြတ်ပေးမည့်သူ ဖြစ်သည်။
သူသည် ကောင်းကင်ဘုံခုံရုံး၏ ဧကရာဇ်ငါးပါးထဲမှ တစ်ပါးဖြစ်သော အရှေ့ဘက်ဧကရာဇ် ချင်းဟွာပင်။
ဧကရာဇ်ချင်းဟွာသည် တပိုင်၏ ချင်းဟွာ မဟုတ်ပေ။ ၎င်းသည် တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားဖြစ်ပြီး မရဏဝိဉာဉ်များအား တမလွန်ထံ ကူညီပို့ဆောင်ပေးတတ်သောကြောင့် ကြည်ညိုဖွယ်ရာ အရှင်မြတ်ဘွဲ့အား ရရှိထားသူ ဖြစ်သည်။
ဧကရာဇ် ချင်းဟွာသည် အကဲဖြတ်ပေးရန် သဘောတူခဲ့သော အကြောင်းအရင်းမှာ ရိုးရှင်းပေသည်။ အကောင်းဆုံးသော အချက်အပြုတ် နတ်ဘုရား နှစ်ပါး၏ ဟင်းချက်လက်ရာအား အလကား မြည်းစမ်းခွင့် ရသောကြောင့် မည်သူကမှ ထိုအခွင့်အရေးအား ငြင်းပယ်လိမ့်မည် မဟုတ်ပေ။
သူ၏ဘေးတွင် ကျောက်စိမ်းဖြင့် ထုလုပ်ထားသည်ဟု ထင်မှတ်ရသော ချစ်စဖွယ် ကလေးငယ်နှစ်ဦး ရှိနေသည်။ ထိုကလေးငယ်နှစ်ဦးမှ ပြိုင်တူကြေညာလိုက်ကြသည်။
"အချက်အပြုတ် နတ်ဘုရားဘွဲ့အတွက် ပါဝင်ယှဉ်ပြိုင်မယ့် သူတွေကို ဖိတ်ခေါ်ပါတယ်။ ဟူကျောင်းဟောင်နဲ့ အန်လင်း စင်မြင့်ပေါ် ကြွခဲ့ကြပါ။"