သာမန်ဆန်သော အကြော်ဒယ်အိုး
Vol. 64 Ch. 889
"ညီမလေး........ နင့်ရဲ့ စိတ်ကူးအိပ်မက်ထဲက ကောင်လေး စင်ပေါ်တက်လာတော့မယ်။"
အနီရောင်ဝတ်စုံနှင့် ကောင်းကင်နတ်မိမယ် တစ်ပါးမှာ တာအိုဝတ်စုံနှင့် အမျိုးသမီးအား ပြုံးကာပြောလိုက်သည်။
"ဘာတွေလာပြောနေတာလဲ မမ......"
လင်ကျွင်းကျွင်း မျက်စောင်းထိုးလိုက်သည်။
အပြာရောင်ဝတ်စုံနှင့် ကောင်းကင်နတ်မိမယ်မှာလည်း စကားဝိုင်းထဲ ဝင်ရောက်လာသည်။
"ညီမလေးရယ်........ နင့်ကို မမတို့ပဲ ထိန်းလာတာပါ။ ကလေးဘဝထဲက အခုအရွယ်ထိ ဘယ်ယောက်ျားကို နင်စိတ်ဝင်စားဖူးလို့လဲ။ ဒီလောက်သိသာနေတာကို ငြင်းဦးမလို့လား။"
"ကြိုက်ရင်လိုက်လေ....... ခ်ခ်....... ချစ်သူရည်းစားထားတာက ကောင်းကင်ဘုံဥပဒေနဲ့လည်း မဆန့်ကျင်ပါဘူး။"
အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးမှ ရယ်မောကာ ပြောလိုက်သည်။
အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ခပ်ဖွဖွ ပြုံးပြလာသည်။
"သူ့ကိုရရင် မဆိုးဘူးနော်။ အရသာရှိတဲ့ အစားအသောက်တွေကို ငါတို့နေ့တိုင်းစားရမှာ။ အဲ့အတွေးနဲ့တင် ငါ့ကိုအရမ်းပျော်စေတယ်။"
လင်ကျွင်းကျွင်းမှာ စနောက်မှုများကြောင့် ပါးပြင်လေးများ ခရမ်းချဉ်သီးသဖွယ် နီရဲနေရသည်။ ထိုမြင်ကွင်းမှာ လှပလွန်းလှပေသည်။
ယခုအချိန်သည် အန်လင်း စင်မြင့်ပေါ် တက်လာရမည့် အချိန်ပင်။
သူသည် အဖြူရောင်ဝတ်စုံအား ဆင်မြန်းထားပြီး ချောမောခန့်ညားကာ ယုံကြည်ချက်လည်း ရှိနေပုံရသည်။ အင်မော်တယ်ပေါင်း ထောင်နှင့်ချီ ရှိနေပါသော်လည်း ထိတ်လန့်ကြောက်ရွံ့နေပုံ မရပေ။
ဟင်းလင်းပြင်သို့အပြန် ကောင်းကင်အင်မော်တယ် အယောက်နှစ်ဆယ်ကျော်နှင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း မြေကမ္ဘာအင်မော်တယ် အယောက်တစ်ထောင်နီးပါးအပြင် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အင်မော်တယ်ပေါက်စများလည်း ရှိနေကြသည်။ သာမန်ကျင့်ကြံသူ တစ်ဦးအတွက် ထိုမျှများပြားသော ပွဲကြည့်ပရိသတ်သည် ကြောက်မက်ဖွယ်ရာ ပမာဏဖြစ်ပြီး လမ်းပင်လျှောက်ရဲမည် မဟုတ်လောက်ပေ။
မည်သို့ပင်ဆိုစေကာမူ အန်လင်း၏ အမြင်တွင် ထိုသည်မှာ ဘာမှမဟုတ်ပေ။
သူသည် ဟင်းချက်စွမ်းရည်အား ထုတ်ဖော်ပြသရမည် ဖြစ်သောကြောင့် ထိုမျှများပြားသော ပွဲကြည့်ပရိသတ်မျှ ရှိမှသာ အဆင်ပြေပေလိမ့်မည်။
ဧကရာဇ်ချင်းဟွာမှာ မေးဖျားကိုပွတ်ရင်း အန်လင်း၏ တည်ငြိမ်မှုအား အသိအမှတ် ပြုလိုက်သည်။
"ကြည့်ရတာ အန်လင်းက ယုံကြည်ချက် ရှိပုံပဲ။"
အန်လင်းမှာ ဧကရာဇ်အား အရိုအသေ ပေးလိုက်သည်။
"ဧကရာဇ်ချင်းဟွာကို ဂါရဝပြုပါတယ်။"
"ကောင်းပြီ..... ကောင်းပြီ.... အဲ့မှာသွားစောင့်နေနော်။"
ဧကရာဇ်ချင်းဟွာသည် နွေးထွေးစွာ ပြုံးပြလိုက်ပြီးနောက် အန်လင်းအတွက် ပြင်ဆင်ပေးထားသော စင်မြင့်နေရာအား ပြသလိုက်သည်။
ကောင်းကင်ဘုံခုံရုံးတွင် တာဝန်ထမ်းဆောင်နေသော အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှာလည်း ပြိုင်ပွဲနေရာသို့ ရောက်ရှိနေလေပြီ။ သူသည် အနီရောင်ဝတ်စုံအား ဝတ်ဆင်ထားကာ မျက်နှာသွင်ပြင် အနည်းငယ် ကြမ်းတမ်းပြီး မျက်ဝန်များတွင် ယုံကြည်ချက်များ ပြည့်လျှံနေသည်။
အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်သည် ဧကရာဇ်ချင်းဟွာအား အရိုအသေပေးကာ စင်မြင့်ပေါ် တက်လာလိုက်သည်။
အန်လင်းသည် အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်အား လှမ်းကြည့်လိုက်သောအခါ ၎င်းသည်လည်း သူ့အားပြန်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့၏ မျက်ဝန်းများ ပထမဆုံးအကြိမ် တွေ့ဆုံသွားကြကာ မီးစမီးပွားများ ထွက်လာတော့မလို ထင်မှတ်ရသည်။
အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင် တည်ငြိမ်စွာ စကားဆိုလိုက်သည်။
"မင်းရဲ့ ဟင်းချက်စွမ်းရည်က တကယ်ကောင်းရင် ကောင်းနေမှာပါ။ ဒါပေမယ့် ပေးရတဲ့စျေးနဲ့ မတန်ဘူးဆိုတာ ငါသက်သေပြမယ်။"
အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်သည် အန်လင်း၏ ဟင်းချက်စွမ်းရည်အား နှိမ့်ချပြောဆိုခြင်း မရှိပေ။ သူ၏နှလုံးသားထဲတွင် ယုံကြည်ချက် ရှိနေပြီးသား ဖြစ်သည်။
အန်လင်းမှာ ဒေါသမထွက်ပဲ ခပ်ဖွဖွ ပြုံးလိုက်သည်။
"အဲ့ဒါဆိုလည်း ကျွန်တော့် ဟင်းလျာတွေက ပေးရတဲ့စျေးနဲ့ တန်တာထက်တောင် ပိုသေးတယ်ဆိုတာ သက်သေပြန်ပြရတာပေါ့။"
သူ၏စကားကြောင့် ပွဲကြည့်ပရိသတ်များ အံ့အားသင့်သွားရသည်။
မောက်မာလိုက်တာ.......... မောက်မာလွန်းလို့ ရိုင်းစိုင်းတဲ့ဘက်တောင် ရောက်နေပြီ...........
ထိုစကားလုံးများမှာ ပွဲကြည့်ပရိသတ် တစ်ဦးချင်းစီအား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
အချို့သော အင်မော်တယ်များသည် အန်လင်း၏ မောက်မာမှုအား အထင်သေးသွားကြပြီး အချို့မှာမူ လေးစားသွားကြသည်။
"စျေးကွက်ထဲ ဝင်လာခါစ စားတော်ကဲ အသစ်တစ်ယောက်အနေနဲ့ ဟင်းချက်လက်ရာ ဘယ်လောက်ပဲကောင်းကောင်း အခုလို မပြောသင့်ဘူး။ အခုတောင် ဒီလောက်မောက်မာနေတာ............. နောက်ကြရင် ဘယ်လောက်ထိတောင် ဘဝင်လေဟပ်နေမလဲ။"
"ငါကတော့ သူမှားတယ် မထင်ဘူး။ လူငယ်တစ်ယောက်ဆိုတာ အခုလို တက်ကြွဖျတ်လတ်နေသင့်တာ။"
"ဟုတ်တယ်။ လေပဲကြီးပြီး အသုံးမကျတဲ့သူက ဘာမှသုံးစားလို့ မရဘူး။ ဒါပေမယ့် လေလည်းကြီး အလုပ်လည်းတော်တဲ့သူကတော့ အရှိန်အဝါတစ်ခု ရှိနေသလိုပဲ။ ပြီးတော့ သူမောက်မာသလောက်လည်း ဟင်းချက်လက်ရာ ကောင်းနေတာ ဖြစ်နိုင်တာပဲ။"
အင်မော်တယ်များမှာ ၎င်းတို့၏ အမြင်နှင့်ပက်သတ်၍ ဆွေးနွေးခြင်းများ ပြုလုပ်နေကြသည်။
ထိုအချိန်တွင် ဧကရာဇ်ချင်းဟွာဘေးမှ ချစ်စဖွယ် ကလေးနှစ်ဦးမှာ အန်လင်းနှင့် အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ထံ ပျံသန်းသွားပြီးနောက် ပြိုင်ပွဲအတွက် လိုအပ်သည်များကို ပေးအပ်လာသည်။
ပါဝင်သော ဟင်းခတ်အမွှေးအကြိုင်များမှာ ရိုးရှင်းပေသည်။ ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည်တို့ပင်။
ပါဝင်ပစ္စည်းများမှာ ပို၍ပင် ရိုးရှင်းသေးသည်။ ဂေါ်ဖီထုပ်တစ်ထုပ်၊ ခရမ်းသီးတစ်လုံး၊ ကောင်းကင်ဘုံခုံရုံးမှ အဆင့်သတ်မှတ်ချက် မရှိသော ကြက်သားတစ်ကောင်၊ ဝက်သားတစ်တုံး၊ ဥအနည်းငယ်၊ ကြက်သွန်မြိတ်အချို့နှင့် ကြက်သွန်ဖြူများသာ ဖြစ်သည်။
ကလေးငယ်နှစ်ဦး တပြိုင်နက်တည်း ကြေညာလိုက်သည်။
"ပြိုင်ပွဲဝင်တွေက ပေးထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ကြိုက်တဲ့ဟင်းလျာကို ချက်ပြုတ်နိုင်ပါတယ်။ အရသာအရှိဆုံးနဲ့ အဆင့်အမြင့်ဆုံး ဟင်းလျာကို ချက်ပြုတ်နိုင်တဲ့သူက အနိုင်ရရှိမှာပဲ ဖြစ်ပါတယ်။ အနိုင်ရမယ့်သူကိုတော့ ဧကရာဇ်ချင်းဟွာက ဆုံးဖြတ်ပေးမှာပါ။ ဧကရာဇ်ချင်းဟွာက သူ့ရဲ့ ရွေးချယ်မှုနဲ့ ပက်သတ်ပြီး ရှင်းလင်းချက်ကိုလည်း ကြေညာပေးပါလိမ့်မယ်။"
အန်လင်း ခေါင်းညိတ်လိုက်သည်။ အဆုံးအဖြတ်သည် အရသာ တစ်ခုတည်းသာမက ဟင်းလျာ၏ အရည်အသွေးနှင့်သာ သက်ဆိုင်နေသည်။ စားတော်ကဲတစ်ဦး၏ အရည်အချင်းအား စစ်ဆေးလိုက်ခြင်းဟုလည်း ဆိုနိုင်သည်။ ထူးချွန်သော စားတော်ကဲ တစ်ဦးသည် ရိုးရှင်းသော ပါဝင်ပစ္စည်းများဖြင့် အံ့အားသင့်ဖွယ် ဟင်းလျာတစ်ပွဲကို ဖန်တီးနိုင်ပေလိမ့်မည်။ ၎င်းတို့အား ပေးအပ်ထားသော ပါဝင်ပစ္စည်းများအား ရိုးရှင်းလွန်းလှသောကြောင့် ဟင်းချက်စွမ်းရည်ကသာ အဓိက ဖြစ်သည်။
အန်လင်းရော၊ ဟူကျောင်းဟောင်ပါ လေးလေးနက်နက် တွေးတောမိနေကြသည်။
၎င်းတို့ထံတွင် အခွင့်အရေး တစ်ခုသာ ရှိသောကြောင့် အကောင်းဆုံး ဖြစ်စေရန် အချိန်ယူကာ စီစဉ်ရမည်ပင်။
အန်လင်းသည် အကြော်ဒယ်အိုး ရရှိချိန်မှစ၍ ဟင်းချက်စွမ်းရည်အား နေ့တိုင်းလေ့ကျင့်ဖြစ်ခဲ့သည်။ သူသည် အကြော်ဒယ်အိုး၏ အရသာတိုးစေသော အစွမ်းအား မဖြုန်းတီးပစ်လိုသောကြောင့် နေ့စဉ်နေ့တိုင်း ချက်ပြုတ်ခဲ့ရာ ယခုဆိုလျှင် မည်သည့်ဟင်းလျာမဆို ကျွမ်းကျင်နေလေပြီ။
ရှောင်လန်အား လုပ်ပေးခဲ့သော ကိုလာကြက်ကြော်ကဲ့သို့ ရိုးရိုးရှင်းရှင်း ဟင်းလျာများကိုလည်း ချက်ပြုတ်ခဲ့ဖူးသည်။ သို့သော် ယခုပြိုင်ပွဲအတွက် ပိုမိုထူးခြားသော ဟင်းလျာမျိုး လိုအပ်ပေသည်။
အန်လင်းနှင့် ဟူကျောင်းဟောင်မှာ တွေးတောနေကြဆဲပင်။
ပွဲကြည့်ပရိသတ်များမှာ ထိုသည်ကိုကြည့်ကာ ဆွေးနွေးခြင်းများ အစပြုလာပြန်သည်။
"အန်လင်းရဲ့ လက်ရာကို ငါစားဖူးတယ်။ ကမ္ဘာပေါ်မှာ အရသာ အရှိဆုံးပဲ။ ဒီပြိုင်ပွဲကို သူပဲနိုင်မှာ သေချာတယ်။"
"ဟားဟား......... အရမ်းတွေ ယုံကြည်ချက် ရှိနေပါလား။ ကိုယ့်စကားနဲ့ကိုယ် ဒစ်လည်နေဦးမယ်။ အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်က ဒီလောကမှာ နှစ်ထောင်နဲ့ချီ ရပ်တည်လာခဲ့တာလေ။ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ သောက်ကလေးကို ရှုံးမှာတဲ့လား။"
"အန်လင်းမှာ အရသာ တိုးစေမယ့် ထူးခြားတဲ့ ပါဝင်ပစ္စည်းတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ ရှိနေတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် အခုလို သာမန်ပါဝင်ပစ္စည်းနဲ့ ဆိုရင်တော့ အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ရဲ့ အတွေ့အကြုံနဲ့ ဟင်းချက်စွမ်းရည်က သာကိုသာသွားမှာပဲ။"
အင်မော်တယ်ပေါက်စများ အပါအဝင် ပွဲကြည့်ပရိသတ်များအားလုံး တခုတ်တရ ဝေဖန်နေကြသည်။
ဧကရာဇ်ချင်းဟွာ ဘေးတွင်ရှိနေသော ရွှေရောင်ကလေးငယ်ကောင်ဘေးမှ ကျောက်စိမ်းကလေးငယ် ကောင်မလေးအား မေးလိုက်သည်။
"ရှောင်ယွီ....... ဘယ်သူနိုင်မယ်လို့ထင်လဲ။"
"သေချာပေါက် အစ်ကိုကြီးအန်လင်းပေါ့။ သူ့လက်ရာက တကယ်အရသာရှိတာ။"
ကျောက်စိမ်းကလေးငယ် တုံ့ပြန်လာသည်။
ရွှေရောင်ကလေးငယ် အံ့အားသင့်သွားသည်။
"ဘာလို့လဲ။"
"အစ်ကိုကြီးအန်လင်းက အရမ်းချောတယ်လေ။ သူ့ကိုကြည့်ပြီး စားရမယ်ဆိုရင် ဘာဟင်းဖြစ်ဖြစ် အရသာပိုရှိလာမှာပဲ။"
ကျောက်စိမ်းကလေးငယ် စကားဆိုလိုက်သည်။
ရွှေရောင်ကလေးငယ် : "..............."
တဲ့တိုးဆန်လွန်းတဲ့ တုံ့ပြန်မှုပါလား........
၎င်းတို့ပြောနေစဉ်မှာပင် ပွဲကြည့်ပရိသတ်များထံမှ အော်ဟစ်သံ ထွက်ပေါ်လာသည်။
ကြည့်ရှုလိုက်သောအခါ အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှာ စတင်လှုပ်ရှားနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
"အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ရဲ့ လက်စွဲတော် အကြော်ဒယ်အိုး စိမ်းဝါအကြော်နတ်ဘုရားအိုးပဲ။ အံ့ဖွယ်အဆင့် စိမ်းဝါကျောက်စိမ်းကနေ ထွင်းထုထားတာလေ။ အရမ်းလှတာပဲ။ မကပ်အိုးဖြစ်တဲ့အပြင် အပူဒဏ်ကိုလည်း လုံးဝခံနိုင်ရည်ရှိတယ်။ အဲ့အိုးနဲ့ ချက်ရုံနဲ့ ဘယ်ဟင်းမဆို အရသာတိုးစေတယ်။"
အင်မော်တယ်များအားလုံး စိတ်လှုပ်ရှားနေကြသည်။ အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်၏ လက်စွဲတော် အကြော်ဒယ်အိုးကပင် မျက်စိပဒါသ ရှိနေလေပြီ။
အန်လင်းသည် အကြံရသွားပုံရကာ ချက်ပြုတ်မည့် ဟင်းလျာအား ဆုံးဖြတ်လိုက်သည်။ ထိုဟင်းလျာသည် သူ၏မိသားစုဝင်သစ်နှင့် သက်ဆိုင်နေသည်။
"အန်လင်းလည်း လှုပ်ရှားလာပြီဟေ့။"
"ဘာအိုးသုံးမလဲ ကြည့်ရသေးတာပေါ့။"
ထို့နောက် အင်မော်တယ်များအားလုံး မယုံကြည်နိုင် ဖြစ်သွားကြရသည်။
အချို့ဆိုလျှင် ပါးစပ်အဟောင်းသားဖြစ်ကာ မျက်လုံးများကိုပင် ပွတ်ကြည့်မိကြသည်။
"ဒါက......... ငါမြင်နေတာ မှန်ပါတယ်နော်။ အဲ့ဒါ အကြော်ဒယ်အိုးလား။"
"သာမန်အနက်ရောင် ဒယ်အိုးကြီးလားဟ။"
အန်လင်း၏ ပရိသတ်တစ်ဦးမှ အော်ဟစ်လိုက်သည်။
"သာမန်တဲ့လား။ ငါကတော့ အရမ်းထူးခြားတယ်လို့ထင်တယ်။"
"ထူးခြားတယ်ဟုတ်လား။ ဘယ်နေရာမှာ ထူးခြားတာလဲ။ ရုပ်ဆိုးတဲ့ နေရာမှာလား။"
လူတိုင်းသည် အန်လင်း၏ အကြော်ဒယ်အိုးအားကြည့်ကာ စိတ်ပျက်ခြင်း၊ အထင်သေးခြင်းများ ဖြစ်လာကြသည်။
အန်လင်းမှာ ထိုသည်ကို အရေးမစိုက်ပဲ ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။
အဟက်........... ဒေါင်းဇားလေးတွေ........ ငါ့ဒယ်အိုး ဘယ်လောက်စွမ်းလဲ ပြရသေးတာပေါ့.........