← Chapters

ဇာမဏီတစ်ကောင်မွေးဖွားခြင်း

Vol. 64 Ch. 892

ဇာမဏီတစ်ကောင်မွေးဖွားခြင်း

Vol. 64 Ch. 892

ဥဖြူတစ်လုံးလား.............

သူဘယ်လိုလုပ်ထားတာလဲ..........

အင်မော်တယ်များမှာ မယုံကြည်နိုင် ဖြစ်ကုန်ကြသည်။

၎င်းတို့သည် ဟင်းချက်ပြိုင်ပွဲ မဟုတ်ပဲ မျက်လှည့်ပြပွဲထဲ ရောက်သွားသလို ခံစားလိုက်ရသည်။

အန်လင်းသည် ဂေါ်ဖီထုပ်၊ ကြက်ဥနှင့် ကြက်သားတို့ကိုသုံးကာ ဥတစ်လုံး ဖန်တီးခဲ့သည်လော။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..........

ချက်ချင်းဆိုသလို ဧကရာဇ်ချင်းဟွာ၏ မျက်ဝန်းများ တောက်ပသွားသည်။

"ဒီဥက ဥအခွံရယ် ဂေါ်ဖီထုပ်ရယ်နဲ့ လုပ်ထားတာပဲ။"

ခရက်..........

ဥအခွံမှာ ရုတ်တရက် အက်ကွဲသွားသည်။

သက်ရှိစွမ်းအင်များ ပြည့်နှက်နေသော လတ်ဆတ်သော အရှိန်အဝါများမှာ အက်ကြောင်းထဲမှ ရွှေရောင်အလင်းများအဖြစ် ဖြာထွက်လာသည်။

ပွဲကြည့်ပရိသတ်များမှာ ငေးမောကြည့်ရှုနေရင်း အသက်ရှူရန်ပင် မေ့လျော့သွားမိကြသည်။

ဝုန်း...........

ဥခွံအပေါ်ပိုင်းမှာ ပေါက်ကွဲသွားပြီးနောက် စူးရှချိုမြိန်သော အော်ဟစ်သံအား ကြားလိုက်ရသည်။

ရွှေမီးလျှံဇာမဏီတစ်ကောင်သည် ဥခွံထဲမှ ထွက်လာကာ ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။ ဇာမဏီသည် မီးလျှံများ တောက်လောင်နေသော အတောင်များကို တဖျတ်ဖျတ်ခတ်ကာ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်ပျံဝဲနေရင်း ပတ်ဝန်းကျင်အား အပြစ်ကင်းစင်သော မျက်ဝန်းလှလှများဖြင့် ငေးမောကြည့်ရှုနေသည်။

ပွဲကြည့်ပရိသတ်များအားလုံး ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။

အန်လင်းက သက်ရှိဇာမဏီတစ်ကောင်ကို ဖန်ဆင်းခဲ့တာလား............

သောက်ကျိုးနည်း...........

တကယ်ရော ဖြစ်နိုင်ပါ့မလား........... ဘယ်လိုလုပ် အဓိပ္ပါယ် ရှိမှာလဲ..........

မည်သို့ပင်ဆိုစေကာမူ မျက်ဝါးထင်ထင် မြင်နေရခြင်း ဖြစ်သည်။

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။ သူသည် ဇာမဏီအား ဖန်တီးရန် ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့ရသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော သန္ဓေပြောင်းသွေးဇာမဏီ စွမ်းအင်အား အသုံးပြုကာ ဗာမီလီယမ်ငှက်၏ မီးတောက်အကူအညီဖြင့် သက်ရှိစွမ်းအင် ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။

ထိုသည်မှာ သန္ဓေပြောင်းသွေးဇာမဏီ၏ ဘဝသံသရာပင်။

ဇာမဏီငှက်သည် ကောင်းကင်ထက်တွင် ကကြိုးသီကာ သာယာငြိမ့်ညောင်းသော နတ်တေးသံများကို သီကြူးနေသည်။

အားလုံးမှာ အံ့အားသင့်ဖွယ် မြင်ကွင်းအား ငေးမောမိနေကြသည်။

ဇာမဏီသည် အရွယ်အစား ပိုမိုကြီးမားလာကြီး နေတစ်စင်းကဲ့သို့ ပူပြင်းလာသည်။ ၎င်းသည် ကောင်းကင်တခွင်လုံး အုပ်စိုးထားကာ နေမင်းတစ်ပါးသဖွယ် အရာအားလုံးကို လွှမ်းမိုးထားသည်။ ကောင်းကင်တာအိုတွင် သံသရာစက်ဝန်း ရှိသလို ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတွင်လည်း ဘဝသံသရာ ရှိသည်။ မီးရှူးမီးပန်းများသည် တောက်လောင်နေချိန်တွင် အလှပဆုံး ဖြစ်ပါသော်လည်း မီးစာကုန်ခမ်းသွားပါက ဖြည်းညင်းစွာနှင့်ပင် တည်ရှိမှုများ ပျောက်ကွယ်သွားပေလိမ့်မည်။

ဇာမဏီ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ရှုံ့တွလာပြီး မီးလျှံများလည်း မှေးမှိန်လာသည်။

ဇာမဏီသည် တာအိုတရား ဖွေရှာနေသူများကဲ့သို့ အရှုံးမပေးသော စိတ်ဓာတ်ဖြင့် အော်ဟစ်နေသည်။ ၎င်းသည် သေဆုံးခြင်း ကံကြမ္မာအား လက်ခံလိုစိတ် မရှိပေ။

သို့သော် လောကကြီးသည် ရက်စက်တတ်သောကြောင့် ဇာမဏီမှာလည်း ဖြည်းညင်းစွာ သေဆုံးသွားရပြီး အဆုံးတွင် မီးခဲအဖြစ်သာ ကျန်ရစ်တော့သည်။

ပွဲကြည့်ပရိသတ်များသည် ဇာမဏီ၏ မွေးဖွားခြင်း၊ အရွယ်ရောက်လာခြင်း၊ ကျဆုံးခြင်းနှင့် သေဆုံးခြင်းတို့အား မြင်တွေ့ခဲ့ရသောကြောင့် ရင်ထဲတွင် တင်းကြပ်မှုအား ခံစားနေရသည်။ ထိုဇာမဏီ မသေဆုံးမီ စွဲစွဲငင်ငင် ဟစ်ကြွေးနေသော ပုံရိပ်သည် ၎င်းတို့၏ နှလုံးသားများကို ဆွဲယူသွားသလိုပင်။

ဇာမဏီများအားလုံးသည် တာအိုလမ်းစဉ်နောက် လိုက်ကြပါသော်လည်း ဘဝ၏ အထွဋ်အထိပ်သို့ ရောက်ပြီးနောက် အချိန်စက်ဝန်း၏ ရက်စက်မှုနှင့်အတူ ကြွေလွင့်ကုန်ကြရသည်။

ပွဲကြည့်ပရိသတ်များ မျက်ရည်အဝဲသားဖြစ်ကာ ကောင်းကင်နတ်မိမယ် အချို့ဆိုလျှင် နှစ်သိမ့်မရအောင် ငိုကြွေးကုန်ကြသည်။

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှာလည်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။

ငါရှုံးသွားပြီ............. ချက်ပြုတ်ခြင်း တာအိုစိတ်ဆန္ဒမှာ ငါရှုံးပြီ............

ပထမတန်းစား စားတော်ကဲများသည် စားသူံးသူများ၏ အာရုံငါးပါးနှင့် သိစိတ်အာရုံအား ကျေနပ်မှုရစေရန် ရည်ရွယ်ချက် ရှိကြသည်။ အများစုသည် ဟင်းလျာအား အရသာ ပိုရှိစေရန် အလှပဆုံးသော ထူးခြားဖြစ်စဉ်များ ဖန်ဆင်းကာ စားသုံးသူ၏ ခံစားချက်အား ပျော်ရွှင်စေကြသည်။

မည်သို့ပင်ဆိုစေကာမူ ဟင်းလျာတစ်ပွဲ၏ စိတ်ဆန္ဒနယ်ပယ်သည် အင်မော်တယ်များစွာအား မျက်ရည်ကျစေခဲ့သည်။

အန်လင်း၏ ဟင်းလျာမျိုး သူတစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။

၎င်းတို့သည် အဆင့်ချင်းပင် မတူညီတော့ပေ။ သာမန်စိတ်ဆန္ဒနယ်ပယ်သည် တာအိုလမ်းစဉ်နောက်လိုက်သော စိတ်ဆန္ဒနယ်ပယ်နှင့် ယှဉ်မရပေ။ ထိုသည်မှာ ပေါကားတစ်ကားအား အနုပညာ လက်ရာမြောက်သော ရုပ်ရှင်ကားကြီးတစ်ကားနှင့် နှိုင်းယှဉ်နေသလိုပင်။

ကောင်းကင်နတ်မိမယ် ယင်းချောင် မျက်ရည်များ စီးကျလာသည်။

"အန်လင်းရဲ့ ဟင်းလျာက အရမ်းခံစားရတာပဲ။"

"ဟင်းလျာသက်သက်ရော ဟုတ်လို့လား။ ငါကတော့ တစ်ဘဝလုံး ပြန်မြင်လိုက်ရသလိုပဲ............. ဝုတ်......"

ကောင်းကင်ကိုဆန့်ကျင်သော ခွေးအရှင်မှ ငိုကြွေးကာ ရေရွတ်လိုက်သည်။

"ဒါက အချိန်ရဲ့ စွမ်းအားပဲ။ ဘယ်သူမှ အချိန်စက်ဝန်းကနေ မလွတ်မြောက်နိုင်ဘူး။ ဒီဟင်းလျာက အရမ်းဝမ်းနည်းဖို့ကောင်းတယ်။"

လစန္ဒာအကြီးအကဲမှာ ခံစားချက်များစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

ပွဲကြည့်ပရိသတ်များမှာ ဇာမဏီနှင့် ပက်သတ်၍ ဝမ်းနည်းပက်လက် ဖြစ်နေစဉ်မှာပင် ဧကရာဇ်ချင်းဟွာသည် ဥခွံထဲမှ အတောင်ဆန့်တန်းထားသော ကြက်တစ်ကောင်ကို တွေ့လိုက်ရသည်။

"ဟူး......... မပျံသန်းနိုင်တော့တဲ့ ဇာမဏီက ကြက်တစ်ကောင်ထက် ဘာမှမသာဘူးပဲ။"

ထိုအချိန်တွင် ကြက်သားအတွင်းမှ မီးတောက်များ လောင်ကျွမ်းလာသည်။

"ဒါက........."

ဧကရာဇ်ချင်းဟွာမှာ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပဲ မျက်မှောင်ကျုံ့လိုက်မိသည်။

အင်မော်တယ်များသည် ကြက်သားအား အာရုံစိုက်မိလိုက်ကြသည်။ ထိုကြက်သည် ဘဝသစ်စသော မီးတောက်များဖြင့် လောင်ကျွမ်းနေလေသည်။

ကောင်းကင်တာအိုသည် ရက်စက်ပါသော်လည်း အသက်တစ်မျှင်အား ထိန်းသိမ်းပေးထားခဲ့သည်။

ဇာမဏီသည် မရှုမလှ အော်ဟစ်ကာ ကြွေလွင့်ခဲ့ရပါသော်လည်း ၎င်း၏အသက်စွမ်းအင်မှာ ကျန်ရစ်ခဲ့လေသည်။

"ကောင်းတယ်....... ကောင်းတယ်။"

ဧကရာဇ်ချင်းဟွာမှာ ရိုးသားသော အမူအရာနှင့် ချီးကျူးလိုက်သည်။

မထင်မှတ်ထားသော အသေးစိတ်ကျမှုသည် ဟင်းလျာ၏ စိတ်ဆန္ဒနယ်ပယ်အား ပိုမိုမြင့်တက်သွားစေသည်။

ငြင်းဆန်မရနိုင်သော ရနံ့ကြောင့် ပွဲကြည့်ပရိသတ်များမှာ သွားရေတမျှားမျှား ဖြစ်ကုန်ကြသည်။

"ဒီဟင်းလျာက ဇာမဏီတစ်ကောင်ရဲ့ ဘဝသံသရာပါ။ ကျေးဇူးပြုပြီး အရသာ မြည်းစမ်းပေးပါဦး။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"ဟားဟား....... မြည်းကြည့်ရသေးတာပေါ့။"

ဧကရာဇ်ချင်းဟွာ တူအားကောက်ကိုင်လိုက်သည်။

သူသည် ကြက်သားအား ဆုတ်ဖြဲကာ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် အရသာများ ပေါက်ကွဲထွက်လာသည်။

ဧကရာဇ်ချင်းဟွာမှာ ခန္ဓာကိုယ် တုန်ယင်ကာ မျက်နှာများ နီရဲလာရသည်။

အရမ်းကောင်းတာပဲ..........

တကယ်ကို စိတ်ကျေနပ်မှုရတယ်.........

ဟင်းလျာမှာ အမှန်တကယ် အရသာ ထူးလွန်းလှသည်။ ကြက်အရေခွံသည် ကြွပ်ရွနေပြီး အတွင်းပိုင်းအသားမှာ စိုအိနေလျက် အရသာများ ပြည့်ဝနေသည်။

ဟင်းလျာ၏ အရသာမှာ စကားလုံးများနှင့် ဖော်ပြမရနိုင်အောင်ပင်။

ထိုသည်မှာ သာမန်ကြက်တစ်ကောင်သာဖြစ်ကြောင်း တွေးကြည့်၍ပင် မရပေ။

ပွဲကြည့်ပရိသတ်များမှာ တစ်စုံတစ်ခုအား ထိုမျှအထိ လုစားချင်စိတ် မဖြစ်ခဲ့ဖူးပေ။

၎င်းတို့သည် ပျော်ရွှင်စွာ စားသောက်နေသော ဧကရာဇ်ချင်းဟွာအားကြည့်ကာ မနာလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာရသည်။

အင်မော်တယ်များမှာ ဒေါသတကြီး အံကြိတ်နေရပါသော်လည်း ဘာမှမတက်နိုင်ကြပေ။

ဖြစ်နိုင်မည်ဆိုပါက ထိုဟင်းလျာက ၎င်းတို့ကိုယ်တိုင်သာ ပြေးစားလိုက်ချင်သည်။

ဧကရာဇ်ချင်းဟွာသည် ကြက်သားကို သုံးဆောင်ပြီးသည့်နောက် ပန်းကန်အလယ်တွင် မီးတောက်များထံမှ ဖြစ်ပေါ်နေသော ဇာမဏီ ပုံရိပ်တစ်ခုအား တွေ့လိုက်ရသည်။ ထိုပုံရိပ်သည် သဘာဝ၏ လွတ်လပ်ခြင်း အငွေ့အသက်များ ရောယှက်နေပြီး ခန္ဓာကိုယ်အား လက်လွှတ်လိုက်ရပြီးနောက် ကောင်းကင်ထက်သို့ ပျံတက်ကာ လောကကြီးထဲမှ ပျောက်ကွယ်သွားတော့သည်။

"ကြက်ကင်အများစုက အပြင်ကပဲ ကင်ကြတာ။ ဒါပေမယ့် အန်လင်းရဲ့ ကြက်ကင်ကတော့ ဇာမဏီမီးတောက်နဲ့ အတွင်းဘက်ကနေ ကင်ထားတာပဲ။"

"ဒီလိုကင်နည်းမျိုးကို ပထမဆုံး မြင်ဖူးတာပဲ။ အတွင်းဘက်ကနေ ကင်ဖို့ဆိုရင် မီးတောက်ထိန်းချုပ်မှု တော်တော်အားကောင်းမှရမယ်။ အန်လင်းကတော့ ပြီးပြည့်စုံအောင် ထိန်းချုပ်နိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြသွားတာပဲ။"

ဧကရာဇ်ချင်းဟွာသည် ဟင်းလျာနှင့် ပက်သတ်၍ မှတ်ချက်ပြုပြီးနောက် ရှေ့တွင်ရှိနေသော လူနှစ်ဦးအား ကြည့်ရှုလိုက်သည်။

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်နှင့် အန်လင်း အပါအဝင် ပွဲကြည့်ပရိသတ်များ စိတ်လှုပ်ရှားနေကြသည်။

ယခုအချိန်သည် ရလဒ်အား ကြေညာတော့မည့် အချိန်ပင်။

"အရသာနဲ့ အရည်အသွေးကတော့ အန်လင်းနဲ့ ဟူကျောင်းဟောင်က သူမသာ ကိုယ်မသာပဲ။ ဒါပေမယ့် ဟင်းလျာရဲ့ တာအိုစိတ်ဆန္ဒနယ်ပယ်မှာ အန်လင်းရဲ့ လက်ရာက ဟူကျောင်းဟောင်ထက် ပိုသာနေတယ်။"

"အဲ့ဒါကြောင့် ဒီပြိုင်ပွဲမှာ အနိုင်ရသွားသူကတော့ အချက်အပြုတ် နတ်ဘုရား အန်လင်းပဲ ဖြစ်ပါတယ်။"

ဧကရာဇ်ချင်းဟွာ၏ ကြောညာချက်မှာ ကောင်းကင်တခွင် ပဲ့တင်ထပ်သွားသည်။

ပွဲကြည့်ပရိသတ်များမှာ ကျေကျေနပ်နပ် အော်ဟစ်ဂုဏ်ပြုပေးလိုက်ကြသည်။

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှာ အနည်းငယ် စိတ်ပျက်သွားပါသော်လည်း အန်လင်းအား ဂုဏ်ပြုပေးလိုက်သည်။ သူအမှန်တကယ် ရှုံးနိမ့်သွားခဲ့လေပြီ။

ဝုန်း....... ဝုန်း....... ဝုန်း........

ကျောက်စိမ်းနဂါး ထောက်တိုင်ကိုးသွယ်မှ အံ့ဖွယ်အလင်းများ ထွက်ပေါ်လာကာ အန်လင်း၏ ခန္ဓာကိုယ်ပေါ် ဖြာကျလာသည်။

အန်လင်းသည် အံ့ဖွယ်အလင်းများ၏ ကောင်းချီးပေးခြင်း ခံနေရသလိုပင်။

သူသည် ကောင်းကင်ဘုံခုံရုံး၏ ထိပ်တန်းအဆင့် အချက်အပြုတ် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လေပြီ။

All Chapters