← Chapters

များပြားလွန်းသောအမြတ်

Vol. 64 Ch. 893

များပြားလွန်းသောအမြတ်

Vol. 64 Ch. 893

ပွဲကြည့်ပရိသတ်များအားလုံး အောင်ပွဲခံနေစဉ်မှာပင် ကောင်းကင်အား ဆန့်ကျင်သော ခွေးအရှင်မှာ ဧကရာဇ်ချင်းဟွာနား ရောက်ရှိလာသည်။

"ဘာလိုချင်လို့လဲ။"

ဧကရာဇ်ချင်းဟွာ မေးမြန်းလိုက်သည်။

ကောင်းကင်အား ဆန့်ကျင်သော ခွေးအရှင်သည် ဧကရာဇ်ချင်းဟွာရှေ့တွင် အနည်းငယ် တွန့်ဆုတ်နေပါသော်လည်း သွားရေတမျှားမျှားနှင့် ပန်းကန်များအား ကြည့်ရှုနေသည်။

"ဧကရာဇ်ချင်းဟွာ........ အစားအသောက်ဆိုတာ မဖြုန်းတီးရဘူးမလား။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စားကြွင်းစားကျန် မထားသင့်ဘူးလေနော်။"

ဧကရာဇ်ချင်းဟွာမှာ ပန်းကန်နှစ်ချပ်အား ကြည့်ရှုလိုက်သည်။ သူသည် အရသာရှိသော ဟင်းလျာနှစ်ပွဲအား ကုန်စင်အောင် စားခဲ့သည်ပင်။

ဧကရာဇ်ချင်းဟွာ နားမလည်နိုင် ဖြစ်သွားရသည်။

"မင်းဘာပြောချင်တာလဲ။ ငါအကုန်ကုန်အောင် စားထားပါတယ်။"

ကောင်းကင်အား ဆန့်ကျင်သော ခွေးအရှင်မှာ ကြက်ရိုးများကို လက်ညှိုးထိုးပြလိုက်သည်။

"အဲ့မှာ အရိုးတွေ ကျန်နေသေးတယ်လေ။ ဧကရာဇ်ချင်းဟွာ မစားဘူးဆိုရင် ကျုပ်ကိုပေးပါလား။"

သူ၏နှုတ်ခမ်းထောင့်စွန်းတွင် သွားရေများ တွဲလဲခိုနေလေပြီ။

ဧကရာဇ်ချင်းဟွာ ငြင်းပယ်လိုက်သည်။

"မရဘူး။"

"ဘာလို့လဲ။ ခင်ဗျားလည်း မစားပဲနဲ့ ဘာလို့ အစားအသောက်ကို ဖြုန်းတီးနေမှာလဲ။"

ကောင်းကင်အား ဆန့်ကျင်သော ခွေးအရှင်မှာ ဒေါသထွက်သွားရသည်။

ဧကရာဇ်ချင်းဟွာသည် ပေါ့ပေါ့ပါးပါး ရယ်မောကာ လက်ဖြောက်တီးလိုက်သည်နှင့် ပန်းကန်ပေါ်မှ အရိုးများ ပြာကျသွားရသည်။

ကောင်းကင်အား ဆန့်ကျင်သော ခွေးအရှင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

ငါ့ကိုပေးစားမယ့်အစား ဖျက်ပဲဖျက်စီးလိုက်တယ်ပေါ့........... ငါတို့ကြားမှာ ဘာရန်ငြှိုးတွေ ရှိလို့လဲ........

ဧကရာဇ်ချင်းဟွာသည် အငြှိုးအတေးကြောင့် မဟုတ်ပဲ သူလျက်ထားပြီးသား အရိုးများအား အခြားသူ စားသုံးမည့်အရေးကို မနှစ်သက်သောကြောင့်သာ ဖြစ်သည်။

ဤပြိုင်ပွဲမှာ အန်လင်းအား အမှန်တကယ် ကျော်ကြားသွားစေသည်။

သူသည် ထောင်နှင့်ချီသော ပွဲကြည့်ပရိသတ်များရှေ့တွင်ပင် ကောင်းကင်ဘုံခုံရုံး၌ တာဝန်ထမ်းဆောင်နေသော အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်အား အနိုင်ယူနိုင်ခဲ့သည်။

အင်မော်တယ်များသည် မြင်ခဲ့ရသော ထူးခြားဖြစ်စဉ်များအား စိတ်ထဲစွဲနေသည့်အပြင် ဟင်းလျာနှစ်ပွဲ၏ ရနံ့များကိုလည်း မမေ့နိုင်ကြသေးပေ။ ၎င်းတို့သည် ဧကရာဇ်ချင်းဟွာကဲ့သို့ စားသုံးခွင့်ရရန် မည်သို့လုပ်ဆောင်သင့်သည်ကို တွေးတောမိနေကြသည်။

ထိုအချိန်တွင် အန်လင်းမှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

"မနက်ဖြန်ကစပြီး ကျွန်တော့် စားတော်ဆက်မှာ ဇာမဏီတစ်ကောင်ရဲ့ ဘဝသံသရာ ဟင်းလျာကို စတင်မှာပါခင်ဗျ။ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော့်ဆိုင်လေးကို အလည်လာခဲ့ကြပါဦး။"

ဝုန်း..........

ထိုစကားမှာ အင်မော်တယ်များအား မိုးကြိုးပစ်ချလိုက်သလိုပင်။

"အား...... အန်လင်းက အရမ်းတွေးပေးတတ်တာပဲ။ အဲ့ဟင်းလျာအကြောင်း တွေးနေတုန်း စားနိုင်မယ့် အခွင့်အရေး ရလာပြီ။"

ကောင်းကင်နတ်မိမယ် ယင်းချောင်မှာ တောက်ပနေသော မျက်ဝန်းများနှင့် ရေရွတ်လိုက်သည်။

"ဒီဟင်းလျာက အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမယ့် ဟင်းလျာရဲ့ အသေးစိတ် အချက်အလက်တွေကို သေသေချာချာ မလေ့လာရသေးဘူး။ အန်လင်းစားတော်ဆက်ကို အခွင့်အခါသင့်ရင် သွားလည်ဦးမှပါ။"

ကောင်းကင်ဧကရာဇ် ကျန်းချန် တည်ငြိမ်စွာ စကားဆိုလိုက်သည်။

"ဇာမဏီတစ်ကောင်ရဲ့ ဘဝသံသရာဟင်းလျာက မနက်ဖြန် ငါတို့ ကောင်းကင်နတ်မိမယ် ခုနစ်ပါးအတွက်ပဲ ဖြစ်ရမယ်။ ကုန်ကျစားရိတ် ဘယ်လောက်ပဲဖြစ်ဖြစ် လေလံအမြင့်ဆုံး ဆွဲပစ်မယ်။"

လူသားဝက်စုဗူး ခုနစ်ဦး ပြိုင်တူဟစ်ကြွေးလိုက်ကြသည်။

"ငါ့ဆီက လုသွားဖို့ စဉ်းတောင်မစဉ်းစားနဲ့။ မဟုတ်ရင် မင်းတို့ရဲ့ အနာဂတ် ဖူးစာကြိုးတွေ ဖြတ်တောက်ပစ်လိုက်မယ်။"

လစန္ဒာ အကြီးအကဲ ခြိမ်းခြောက်လာသည်။

ထို့နောက် ယင်းအဖိုးအိုမှာ လက်သီးလက်ဝါးများ မြိုင်မြိုင်ဆိုင်ဆိုင် သုံးဆောင်ရတော့သည်။

အန်လင်းမှာ အင်မော်တယ်များအားကြည့်ကာ ပြုံးလိုက်သည်။

ဟူကျောင်းဟောင်မှာ ထိုသည်ကိုကြည့်ကာ ရုတ်တရက် အသိဝင်လာသည်။

"ငါကသူ့ကို ကူညီပေးလိုက်မိတာပဲ။ အချက်အပြုတ် နတ်ဘုရားဘွဲ့အတွက် သူ့ရဲ့နင်းပြား ဖြစ်လာရုံတင် မကဘူး။ ဒီပြိုင်ပွဲကြောင့် သူ့ရဲ့ ကျော်ကြားမှုကပါ ဟုန်းဟုန်းတောက်သွားတာပါလား။ သူ့ဟင်းလျာတွေတော့ စျေးထပ်တက်တော့မှာပဲ။"

ဟူကျောင်းဟောင်၏စိတ်မှာ ခံစားချက်များ ပြည့်နှက်နေသည်။ သူသည် တက်သစ်စ အချက်အပြုတ် နတ်ဘုရားသစ်လေးအား အနိုင်ပိုင်းရန် စီစဉ်ခဲ့ပါသော်လည်း သူ၏အလုပ်အကိုင်သာ ထိခိုက်သွားခဲ့ရသည်။

အန်လင်းသည် အင်မော်တယ်များအား လိုက်လံနှုတ်ဆက်နေသည်။

၎င်းတို့သည် လမ်းလျှောက်နေသော ငွေထုပ်ကြီးများသာ ဖြစ်သည်။ အန်လင်းအနေဖြင့် ယခုအခွင့်အရေးအား အမိအရယူကာ ၎င်းတို့နှင့် တတ်နိုင်သမျှ ရင်းနှီးအောင် လုပ်ထားသင့်ပေသည်။

အန်လင်းသည် လုပ်စရာရှိသည်များ ပြီးဆုံးသွားပြီးနောက် ဟင်းလျာအသစ်များ စဉ်းစားရန် ကျောင်းသားအဆောင်သို့ ပြန်လာခဲ့သည်။

သူသည် ကောင်းမွန်သော အခြေအနေတစ်ခုသို့ ရောက်ရှိနေပါသော်လည်း ရေလိုက်ငါးလိုက် နေ၍မဖြစ်ပေ။ အဆက်မပြတ် ဆက်လက်တိုးတက်နေမှသာ ထိပ်ဆုံးနေရာတွင် ရပ်တည်နေနိုင်မည် ဖြစ်သည်။

အန်လင်းသည် သူ၏အောင်မြင်မှုအား တပိုင်နှင့် စုရှောင်လန်ကို ပြောပြခဲ့ကာ ၎င်းတို့နှစ်ဦးမှာ အမှန်တကယ် အံ့အားသင့်သွားကြသည်။

"အစ်ကိုကြီးအန်ရဲ့ အကြော်ဒယ်အိုးက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား။ အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ကိုတောင် အမှောက်သိပ်နိုင်ခဲ့ပြီပေါ့....... ဝုတ်......."

တပိုင် ပါးစပ်အဟောင်းသား ဖြစ်နေသည်။

"ငါပါ။ အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ကို အနိုင်ရခဲ့တာ ငါပါ။ နားလည်ရဲ့လား။"

အန်လင်း လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

ထို့နောက် အလိမ်အညာ စကားများ ထွက်ပေါ်လာတော့သည်။

အစ်ကိုကြီးအန်က အတော်ဆုံးပါ......... သခင့်ရဲ့ လက်ရာက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ........ ကောင်းကင်ဘုံနဲ့ပဲ ထိုက်တန်တာ....... အစရှိသဖြင့် မြှောက်လုံးပင့်လုံးများ အတောမသတ်နိုင်တော့ပေ။

အန်လင်းသည် အပေါ်ယံ အလိမ်အညာများအား ပျင်းရိလာသောကြောင့် မီးဖိုချောင်ထဲသာ ဝင်နေလိုက်သည်။

................

နောက်တစ်နေ့၌......

အန်လင်း၏ စားတော်ဆက်မှာ ဆယ်ရက်သက်တမ်း ရှိလာလေပြီ။

စားတော်ဆက် တစ်ခုလုံး အင်မော်တယ်များ ပြည့်နှက်နေပြီး လေလံပွဲမှာလည်း တာထွက်ကတည်းက စည်ကားနေသည်။

ကောင်းကင်နတ်မိမယ် ခုနစ်ပါးသည် အန်လင်း၏ ဟင်းလျာအသစ်အား ရအောင်ယူရန် စိတ်ပိုင်းဖြတ်ထားခဲ့ပါသော်လည်း ကောင်းကင်အရှင်သခင်မှာ ထိုကိစ္စအား သိလိုက်ရပြီးနောက် သမီးတော်များကို အပြင်ထွက်ခွင့် မရှိပေ။ သူ၏ ရင်နှစ်သည်းချာ သမီးတော်လေး ခုနစ်ပါးသည် ယောက်ျားတစ်ယောက်အား ငွေပုံပေးနေသည်ကို မည်သို့မျှ လက်မခံနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ ထိုသည်ကို ဂရုမစိုက်ပေ။

ဇာမဏီတစ်ကောင်၏ ဘဝသံသရာ ဟင်းလျာအား ကြယ်စင်ငါးသွယ် ဘုရင်ငါးပါးမှ စိတ်ဝိဉာဉ်ကျောက်တုံး ငါးသိန်းဖြင့် ဝယ်ယူသွားခဲ့သည်။

ကောင်းကင်ဘုံခုံရုံးတွင် ထုံးစံအတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြန်သည်။

အန်လင်းသည် လူတိုင်းစိတ်ဝင်စားကြသော နာမည်ကျော်တစ်ဦးလို ဖြစ်လာသည်။

စိတ်ဝိဉာဉ်ကျောက်တုံး ငါးသိန်း..........

ထိုမျှစျေးကြီးသော ဟင်းလျာအား ထူးကဲသော ပါဝင်ပစ္စည်းများနှင့် ချက်ပြုတ်ထားသည်ဟု ထင်မှတ်ကြပေလိမ့်မည်။ သို့သော် ဂေါ်ဖီထုပ်၊ ကြက်ဥ၊ အဆင့်သတ်မှတ်ချက် မရှိသော ကြက်သားမှသာ ချက်ပြုတ်ကြော်လှော်ထားခြင်း ဖြစ်သောကြောင့် အန်လင်း၏ အမြတ်ငွေမှာ ကြောက်ခမန်းလိလိပင်။

အားလုံးသည် အန်လင်းအား အားကျမနာလို ဖြစ်နေပါသော်လည်း ဘာမှမတတ်နိုင်ကြပေ။

နှစ်ရက်ခန့် ကြာပြီးနောက် အန်လင်းမှာ ထိုစံချိန်အား ထပ်ချိုးလိုက်ပြန်သည်။

စားသုံးသူများအား စိတ်လျှော့ရန် ပြောနေသူများသည်ပင် ဘာမှမပြောနိုင်ကြတော့ပေ။ အားလုံးသည် ရူးသွပ်နေကြသောကြောင့် ပြောလည်းထူးတော့မည် မဟုတ်ပေ။

အင်မော်တယ် အချို့ဆိုလျှင် အန်လင်းစားတော်ဆက်ထံ ရိုရိုကျိုးကျိုး သွားရောက်ခဲ့ကြသည်။

"အချက်အပြုတ် နတ်ဘုရား အန်လင်း........ တပည့်တွေဘာတွေ မလိုဘူးလား။ ကျွန်တော့်ကို ဟင်းချက်နည်းလေးဘာလေး သင်ပေးပါလား။"

အချိန်တိုင်းတွင် အန်လင်း၏ တုံ့ပြန်မှုမှာ အတူတူသာ ဖြစ်သည်။

"ငါ့ရဲ့ ဟင်းချက်နည်းတွေက မိသားစု လျှို့ဝှက်ချက်မို့လို့ သင်ပေးလို့ မရဘူး။"

အန်လင်း၏ ကျော်ကြားမှုမှာ အနည်းငယ် ကျဆင်းလာပြီးနောက် စိတ်ဝိဉာဉ်ကျောက်တုံး လေးသိန်းနှစ်သောင်းသာ ရရှိလိုက်သည်။

ကောင်းကင်အရှင်သခင်မှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး သမီးတော် ခုနစ်ပါးကိုလည်း အပြင်ထွက်ခွင့် ပြန်ပေးလိုက်သည်။

နောက်တစ်နေ့၌..........

ဇာမဏီတစ်ကောင်၏ ဘဝသံသရာ ဟင်းလျာသည် စိတ်ဝိဉာဉ်ကျောက်တုံး လေးသိန်းခွဲဖြင့် လေလံအောင်သွားခဲ့သည်။ ကောင်းကင်နတ်မိမယ် ခုနစ်ပါးမှ အပြတ်အသတ် လေလံဆွဲခဲ့ခြင်းပင်။

ကောင်းကင်အရှင်သခင် : "................"

သမီးတော်လေးများသည် ချစ်စဖွယ် ကောင်းလွန်းသောကြောင့် သူ့အနေဖြင့် ရိုက်လည်းမရိုက်ရက်ပေ။

ငါဘာလုပ်ရမလဲ.............

အန်လင်းကို သတ်လိုက်ရင်ရော ပြဿနာ ရှင်းသွားလောက်လား..............

မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် ချက်ပြုတ်ခြင်းတွင်သာ ကိုယ့်ကိုယ်ကို နှစ်မြုပ်ထားပြီး သူ၏စားတော်ဆက်မှာလည်း အချိန်နှင့်အမျှ ပိုမိုအောင်မြင်လာသည်။

သို့သော် ထိုသည်မှာ အားလုံး၏ သိလိုစိတ်များကြောင့်သာ ဖြစ်သည်။

အန်လင်းသည် ကောင်းကင်ဘုံခုံရုံးတွင် တာဝန်ထမ်းဆောင်နေသော အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်အား အနိုင်ရခဲ့သောကြောင့် သူ၏ကျော်ကြားမှုမှာ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။

အချိန်တစ်ခုသို့ ရောက်ရှိပြီးနောက် အန်လင်းသည် ထူးခြားဆန်းသစ်မှုတစ်ခု မဟုတ်တော့ပဲ စိတ်လှုပ်ရှားစရာ မရှိတော့သဖြင့် သူ၏ကျော်ကြားမှုမှာ ပြန်လည်ကျဆင်းလာလေသည်။ ဆယ်ရက်တာကာလအတွင်း ဇာမဏီတစ်ကောင်၏ ဘဝသံသရာ ဟင်းလျာသည် ဆက်တိုက်ဆိုသလို စျေးကျလာပြီး စိတ်ဝိဉာဉ်ကျောက်တုံး သုံးသိန်းခန့်တွင် စျေးငြိမ်သွားခဲ့သည်။

အချို့သော အင်မော်တယ်များသည် ဇာမဏီတစ်ကောင်၏ ဘဝသံသရာအား ငြီးငွေ့လာပြီး အခြားဟင်းလျာများအပေါ် မျက်စိကျလာသည်။ စျေးမြင့်မြင့်နှင့် ရောင်းချနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သောကြောင့် အန်လင်းအတွက် အလုပ်မများလှပေ။

သူဋ္ဌေးကြီးများ လာရောက်လေ့ မရှိသော ရက်များတွင် လေလံပွဲသည် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းတစ်သောင်း၊ တစ်သိန်းနှစ်သောင်းဖြင့်သာ ပြီးဆုံးသွားတတ်ပါသော်လည်း အစာသွပ်ပေါက်စီ စီးပွားရေးထက် ပိုမိုကောင်းမွန်ပေသည်။

စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်မှ ကျောင်းသားများသည် တပိုင်၏ လျစ်လျူရှုခြင်း ခံရသော အစာသွပ်ပေါက်စီများအား လွမ်းဆွတ်တမ်းတလွန်းသောကြောင့် စုပေါင်းလက်မှတ်ထိုးကာ အန်လင်းအား ပေးပို့ခဲ့ကြသည်။

အန်လင်းသည် စိတ်အခြေအနေ ကောင်းနေပါက ကျောင်းတော်သို့ပြန်ကာ အစာသွပ်ပေါက်စီများ ရောင်းချပေးတတ်ပြီး မျက်စိတမှိတ်အတွင်း အရာအားလုံး ကုန်သွားလေ့ရှိသည်။

ထိုသို့ဖြင့် အချိန်တစ်လမှာ ကုန်ဆုံးသွားခဲ့သည်။

ချန်အယ်အား အံ့ဖွယ်ဆေးလုံးအတွက် အကူအညီ တောင်းထားသည်မှာလည်း တစ်လရှိသွားလေပြီ။

အန်လင်းသည် ရရှိထားသမျှ ငွေကြေးများကို ရေတွက်လိုက်သောအခါ စိတ်ဝိဉာဉ်ကျောက်တုံး ခြောက်သန်းခန့်သာ ရှိသေးသည်ကို တွေ့လိုက်ရသည်။

ဟူး......... နည်းလိုက်တာကွာ ..........

All Chapters