ဒုက္ခလှလှ
Vol. 64 Ch. 894
အန်လင်း၏ ငြီးငြူသံကိုသာ အခြားအင်မော်တယ်တစ်ဦး ကြားသွားပါက ရိုက်သတ်ချင်စိတ်များ ဖြစ်ပေါ်လာပေလိမ့်မည်။
အင်မော်တယ်များသည် တစ်ဘဝလုံး အလုပ်လုပ်နေပါသော်လည်း သန်းနှင့်ချီသော စိတ်ဝိဉာဉ်ကျောက်တုံးများအား မြင်ပင်မမြင်ဖူးသူများ ရှိကြသည်။ အန်လင်းသည် တစ်လအတွင်း စိတ်ဝိဉာဉ်ကျောက်တုံး ခြောက်သန်းရှာနိုင်ခဲ့ပြီး ထိုသည်ကိုပင် စိတ်ကျေနပ်ခြင်း မရှိသောကြောင့် လက်သီးပဒေသာ စားရသင့်သည်။
ကျင့်ကြံရေးလောကသည် ငွေရေးကြေးရေးနှင့် ပက်သတ်လာလျှင် သေမျိုးကမ္ဘာနှင့် ထပ်တူညီလုနီးပါး ဖြစ်သည်။ ပထမတန်းစား ကျင့်ကြံသူတစ်ဦးနှင့် သာမန်ကျင့်ကြံသူ တစ်ဦး၏ ပိုင်ဆိုင်မှု ဓနဥစ္စာများမှာ အလုံးစုံ ကွဲပြားခြားနားသည်။
သာမန်လူများ၏ အမြင်တွင် စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာ ရှာဖွေရန်မှာ မဖြစ်နိုင်ပါသော်လည်း အန်လင်းအတွက် ဘာမှမဟုတ်ပေ။ ထိုသည်ကိုသာ ထုတ်ပြောလိုက်ပါက ဒေါသတကြီး တုံ့ပြန်မှုများအား ကြုံတွေ့ရနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ တစ်လအတွင်း စိတ်ဝိဉာဉ်ကျောက်တုံး ခြောက်သန်းသာ ရှာနိုင်ခြင်းမှာ အန်လင်းအတွက် ကျရှုံးမှုတစ်ခု ဖြစ်သည်။ ယခုအတိုင်းသာဆိုပါက တစ်နှစ်အတွင်း စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာပြည့်ရန် မဖြစ်နိုင်ပေ။
အချက်အပြုတ် နတ်ဘုရားဘွဲ့အား ရရှိထားပါသော်လည်း ကျော်ကြားမှုမှာ တဖြည်းဖြည်း လျော့ကျလာသောကြောင့် နောက်လများတွင် ယခုထက်ပို၍ ရောင်းအားကျလာနိုင်သည်။
ငါဘာလုပ်ရမလဲ..............
အန်လင်းမှာ ဦးနှောက်ပျက်မတတ် စဉ်းစားကြည့်ပါသော်လည်း ငွေမြန်မြန်ရရန် အခွင့်အရေးများ လိုအပ်သည်။ လက်ရှိအချိန်တွင် ထိုသည်ကို သူမတွေးနိုင်သေးပေ။
လူသတ်တာတို့၊ ဓားပြတိုက်တာတို့ လုပ်ရမလား......... ငါသိသမျှ နည်းလမ်းထဲမှာ အဲ့ဒါက ငွေရဖို့ အမြန်ဆုံးပဲ.........
သို့သော် သူ့ထံတွင် သတ်ရမည့်သူ ရှိမနေပေ။
အနည်းငယ် တွေးတောလိုက်ပြီးနောက် လျှိုချင်းဟွမ်အား အသံဖြင့် ဆက်သွယ်လိုက်သည်။
"ဟိတ်....... ဘာဖြစ်လို့လဲ အန်လင်း။"
လျှိုချင်းဟွမ်၏ တက်ကြွနေသော အသံအား ကြားလိုက်ရသည်။
"အဟမ်း....... ဂိုဏ်းက ဘယ်လောက်တိုးတက်နေပြီလဲ သိချင်လို့ပါ။ ကျွန်တော်တို့ဂိုဏ်းကို လာပြဿနာရှာတဲ့ ဂိုဏ်းတွေဘာတွေ မရှိဘူးလား။"
အန်လင်း မေးမြန်းလိုက်သည်။
"ကျွတ်...... ငါတို့ စုကျိုးအင်မော်တယ်ဂိုဏ်းက ဆရာ့ဆရာကြီးတွေ ပြည့်နေတာလေ။ ထိုက်ချူကုန်းမြေ တစ်ခုလုံးကလည်း ငါတို့ဂိုဏ်းကို ကောင်းကင်က ကောင်းချီးပေးထားတဲ့ဂိုဏ်းလို့တောင် ပြောကြတာ။ ကောင်းကင်ဓားဂိုဏ်းကိုတောင် ငါတို့က အဖက်လုပ်တာ မဟုတ်ဘူး။ ဘယ်သူက ငါတို့ကို လာစော်ကားရဲမှာလဲ။ အဲ့လောက်တုံးတဲ့သူ ဒီလောကကြီးမှာ မရှိလောက်ဘူး။"
"အဲ့ဒါဆို အခုတလော ဖင်ယားနေတဲ့ မိစ္ဆာဂိုဏ်းတွေ ဘာတွေရော မကြားမိဘူးလား။"
"နင်မသိသေးဘူးလား။ ကောင်းကင်ဘုံခုံရုံးက ကိုးပြည်ထောင် တစ်ခုလုံးကို ရှင်းလင်းရေး လုပ်နေတာလေ။ ဂိုဏ်းငယ်လေးတွေတော့ ရှိသေးပေမယ့် ဂိုဏ်းကြီးတွေအားလုံး ပုန်းကုန်ကြပြီ။ တချို့ဆိုရင် သူတို့အမွေအနှစ်ကျန်အောင်လို့ တပည့်တွေကိုတောင် အဝေးလွှတ်ထားကြတယ်။ လောလောဆယ်တော့ ကိုးပြည်ထောင်မှာ ဘယ်မိစ္ဆာဂိုဏ်းမှ ဂြိုလ်မကြွရဲလို့ အေးချမ်းနေတာပဲ။"
အန်လင်း ကောင်းကင်အားကြည့်ကာ သက်ပြင်းချလိုက်သည်။
မကောင်းတဲ့ကောင်ကို ရှာရတာ တော်တော်ခက်ပါလား...........
ဟင်းချက်ရောင်းဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူးပဲ........
စင်စစ်တွင်မူ အချက်အပြုတ်နှင့် စီးပွားရှာခြင်းမှာ သူ၏စနစ် မစ်ရှင်အတွက် တစ်နည်းတဖုံ အထောက်အကူ ဖြစ်စေသည်။
စစ်နတ်ဘုရား၏ ကောင်းကင်ဖောက်ခွဲသောအမြှောက်မှာ တိုးတက်မှုများ ရှိလာသည်။
သင့်အား ကြိုက်နှစ်သက်သော ဟင်းလင်းပြင်သို့အပြန်အဆင့် သို့မဟုတ် ထိုအဆင့်ထက်မြင့်သော ကျင့်ကြံသူဆယ်ဦး ရှိရမည်ဟူသော မစ်ရှင်တွင် ဖြစ်သည်။ စနစ်မှ ထောက်လှမ်းရရှိသော ဦးနှောက်လှိုင်းနှင့် အံ့ဖွယ်အာရုံလှိုင်းများအရ လိုအပ်ချက်ကို ကျော်လွန်နေပြီ ဖြစ်သည်။ ယီရှီ၊ လင်ကျွင်းကျွင်း၊ ရန်ဟွား၊ ရှောင်ဇယ်၊ တီနာ၊ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ၊ တုန်းဖန်းကျွမ်းရှီး၊ ကောင်းကင်နတ်မိမယ်ဟယ်၊ ကောင်းကင်နတ်မိမယ် ယင်းချောင်၊ ဉာဏ်အလင်းပွင့်သော အရှင်ထိုက်ရိတို့ပါ ပါလာခဲ့သည်။
(တစ်ခုလောက် ပြောပြချင်လို့ပါ။ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာက အမလေးပါ။ Eng translatorက heလို့ နာမ်စားသုံးထားလို့ မှားသွားတာပါ။ အခုကစပြီး အမအဖြစ် ရေးပါ့မယ်နော်။)
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများမှာ သူ၏ဟင်းချက်လက်ရာကြောင့် သူ့အပေါ် နှစ်သက်သဘောကျလာကြသည်။
လူတစ်ဦး၏ နှလုံးသားအား အစာအိမ်မှတဆင့် အနိုင်ယူရသည်ဟူသော ဆိုရိုးစကား ရှိသည်မဟုတ်လော။
သူသည် မစ်ရှင်အောင်မြင်ရန် မုန်းတီးရွံရှာသော ဟင်းလင်းပြင်သို့အပြန်အဆင့် သို့မဟုတ် ထိုအဆင့်ထက်မြင့်သော ကျင့်ကြံသူများကိုသာ လိုအပ်တော့သည်။
အန်လင်းသည် လူမုန်းမများချင်သေးသောကြောင့် ထိုမစ်ရှင်အား သည်အတိုင်းထားထားရန် ဆုံးဖြတ်လိုက်သည်။ အခွင့်အရေး ရလာမှသာ ကံကြမ္မာမှ စီစဉ်ပေးပေလိမ့်မည်။
အချိန်ကျလာလျှင် မစ်ရှင်သည်လည်း သဘာဝအလျောက် အောင်မြင်သွားမည် ဖြစ်သည်။
ထိုသို့ဖြင့် နေ့ရက်များ ကုန်ဆုံးလာသည်။
မသိလိုခင်မှာပင် ကန့်သတ်မဲ့ပြိုင်ပွဲ ကျင်းပရမည့် အချိန်သို့ ရောက်ရှိလာလေသည်။
ကန့်သတ်မဲ့ပြိုင်ပွဲ ကျင်းပချိန်တိုင်းတွင် စနစ်မှ မစ်ရှင်များ ပေးလေ့ရှိသည်။
ဖရိုဖရဲ သတ္ထုအုတ်ခဲနှင့် အကြော်ဒယ်အိုးတို့မှာ ထိုမစ်ရှင်များ အောင်မြင်မှုကြောင့် ရရှိထားခြင်း ဖြစ်သည်။
အသုံးမဝင်လောက်ဟု ထင်ခဲ့ပါသော်လည်း ထိုပစ္စည်းနှစ်ခုမှာ အန်လင်း၏ နေ့ဓဒူဝ အသုံးအဆောင်များလိုပင် ဖြစ်နေလေပြီ။
ယခုတစ်ကြိမ်တွင်လည်း တောင်ထွဋ်တစ်ထောင်တောအုပ်သို့ ဝင်ရောက်လိုက်သည်နှင့် စနစ်မှာ တောက်ပလာတော့သည်။
သူသည် မစ်ရှင်အား တွေ့လိုက်ရသောအခါ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားရသည်။
(တောင်ထွဋ်တစ်ထောင်တောအုပ်ထဲ ဝင်သွားတာကို ထောက်လှမ်းရရှိပါတယ်။ မစ်ရှင်ကို လက်ခံလုပ်ဆောင်ပေးပါ။)
(ကန့်သတ်မဲ့ပြိုင်ပွဲတွင် ပထမနေရာ ရရှိရမည်ဖြစ်ပြီး အင်မော်တယ် အဆင့်သတ်မှတ်ချက်ဘုတ်ပြားတွင်လည်း ပထမနေရာ ရယူနိုင်ရမည်။)
အန်လင်း ဝမ်းသာသွားရသည်။ ထိုမစ်ရှင်မှာ သူ့အတွက် လွယ်ကူလွန်းလှပေသည်။
သို့သော် ဆုလာဘ်အား တွေ့လိုက်ရသောအခါ ကြောင်တောင်တောင် ဖြစ်သွားရသည်။
(မစ်ရှင်အောင်မြင်ပါက အလွန်အရသာရှိသော စုပ်လုံးနှစ်လုံး ရရှိမည် ဖြစ်သည်။)
(မစ်ရှင်ကျရှုံးပါက ခြေထောက်နှစ်ခုကြားမှ စုပ်လုံးမှာ နှစ်တစ်ရာတိုင် ပျောက်ကွယ်သွားပေလိမ့်မည်။)
အန်လင်း : "............"
ယီးစုပ်လုံးလား...........
ယီးပဲ..........
ခြေထောက်နှစ်ခုကြားက စုပ်လုံးဆိုတာ ဘာကိုပြောချင်တာလဲ.......... စနစ်က စုပ်လုံးရဲ့ အဓိပ္ပါယ်ရော သိရဲ့လား..........
အန်လင်းမှာ အလွန်အမင်း ဒေါသထွက်သွားရသည်။ စနစ်၏ ဆုလာဘ်နှင့် အပြစ်ဒဏ်မှာ အဓိပ္ပါယ် ကင်းမဲ့လွန်းလှသည်။
ဒီစနစ်ကို ရီပို့ထုပစ်မယ်........
နေပါဦး......... ဆုလာဘ်နဲ့ အပြစ်ဒဏ်ရဲ့ ဆိုလိုရင်းက အတူတူပဲ ဆိုရင်ရော..........
ထိုအတွေးကြောင့် မျက်လုံးပြူးကာ ကျောရိုးများပင် အေးစိမ့်သွားရသည်။
စနစ်ကပြောတဲ့ စုပ်လုံးတွေသာ အဓိပ္ပါယ် တူနေရင် မစ်ရှင်အောင်မြင်သွားရင် ငါ့ဆီမှာ စုပ်လုံးသုံးခု ဖြစ်သွားမှာလား.........
"ဒါက........."
အန်လင်း အသက်ပြင်းပြင်းရှူကာ ခေါင်းခါလိုက်သည်။
"မဖြစ်နိုင်ပါဘူး။ ဒါက လုံးဝမဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် ဒီလိုအဖြစ်မျိုး ရှိလာမှာလဲ။"
စုပ်လုံးနှစ်လုံးဆိုတာ တခြားဟာကို ပြောတာနေမှာပါ.......
သူသည် ထိုအတွေးများကိုထုတ်ကာ ကန့်သတ်မဲ့ပြိုင်ပွဲကိုသာ အာရုံစိုက်လိုက်သည်။
"မနှစ်က စနစ်ရဲ့ မစ်ရှင်ကြောင့် ကန့်သတ်မဲ့ပြိုင်ပွဲမှာ ဘာမှမလုပ်လိုက်ရဘူး။ လိပ်အန်လင်းဆိုတဲ့ နာမည်တောင် ရသွားသေးတယ်။"
အန်လင်း ခေါင်းမော့ကာ ပြုံးလိုက်သည်။
"အခုတော့ ဒုက္ခဆိုတာ ဘာလဲ ပြပေးရသေးတာပေါ့။"
သူသည် ကျောင်းသားများအားလုံးကို အနိုင်ယူရန် ဆုံးဖြတ်လိုက်သည်။ ရှက်ရွံ့ဖွယ် လိပ်အန်လင်းဟူသော နာမည်ပြောင်အား ဖျက်စီးပစ်ရမည့် အချိန်ပင်။
အန်လင်းသည် ဖရိုဖရဲ သတ္ထုအုတ်ခဲအား မစီးနင်းပဲ အေးအေးဆေးဆေးသာ လမ်းလျှောက်နေသည်။ တစ်ချိန်တည်းမှာပင် သူ၏အံ့ဖွယ်အာရုံအား ငါးကီလိုမီတာ အကွာအဝေးအထိ ဖြန့်ကျက်ထားလိုက်သည်။ ရန်သူတစ်ဦးနှင့်မှ မတိုက်ခိုက်ရသေးသော ကျောင်းသားအယောက်တစ်ရာကျော်အား အန်လင်းမှ တွေ့ရှိလိုက်လေပြီ။
သူ၏အံ့ဖွယ်အာရုံသည် ကြောက်မက်ဖွယ် ကောင်းလှသောကြောင့် ငါးကီလိုမီတာအတွင်း ဖြစ်ပျက်သမျှ အရာအားလုံးကို သိရှိနိုင်သည်။
"ချစ်စရာကောင်းတဲ့ ကျောင်းသားပေါင်း တစ်ရာနှစ်ဆယ့်ခြောက်ယောက်ရှိတယ်။ အဟဲဟဲ.......... မင်းတို့အသင့်ဖြစ်ပြီလား။"
အန်လင်း ခပ်ဖွဖွပြုံးကာ လက်ဖြောက်တီးလိုက်သည်။
ဝုန်း...........
ငါးကီလိုမီတာ ပတ်ဝန်းကျင်တွင် ထိတ်လန့်ဖွယ် စွမ်းအင်ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
ကျောင်းသားကျောင်းသူများအားလုံးမှာ အန္တရာယ် အငွေ့အသက် ရရှိလိုက်သောကြောင့် အမူအရာ ပြောင်းလဲသွားရသည်။
ထို့နောက် ရင်းနှီးနေပါသော်လည်း စိမ်းသက်သည်ဟု ထင်ရသော စကားသံတစ်ခုအား ကြားလိုက်ကြရသည်။
"စတုတ္ထနှစ် ပထမခန်းက ကျောင်းသားအန်လင်းပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပြပေးကြပါဦး။"
ကျောင်းသားကျောင်းသူပေါင်း တစ်ရာနှစ်ဆယ့်ခြောက်ယောက်မှာ မျက်နှာပျက်သွားရပြီးနောက် ချက်ချင်းဆိုသလို တစ်ဦးချင်းစီရှေ့၌ အန်လင်း၏ ပုံရိပ်ယောင်များ ပေါ်ထွက်လာသည်။ ထိုသည်မှာ အန်လင်း၏ စွမ်းအင်ပုံရိပ်ယောင်များ ဖြစ်သည်။
အန်လင်းသည် စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ နံပါတ်တစ် ဒဏ္ဍာရီလာ သူရဲကောင်းပင်။ ၎င်းတို့၏ ပထမဆုံး ရန်သူသည် အန်လင်း ဖြစ်နေသောကြောင့် မည်သို့ရင်ဆိုင်တိုက်ခိုက်ရမည်ကိုပင် မသိကြတော့ပေ။
ကိုယ့်ကိုယ်ကို ပါရမီရှင်များအဖြစ် သတ်မှတ်ထားကြသော ကျောင်းသားများသည်ပင် ရှူးထွက်ကျကုန်ကြသည်။
၎င်းတို့ထဲတွင် ပန်းရောင်ဝတ်စုံနှင့် မိန်းမောဖွယ် ကောင်းလောက်အောင် ဆွဲဆောင်မှုရှိသော ကျောင်းသူတစ်ဦးလည်း ပါဝင်သည်။ သူမသည် နက်မှောင်သော ဆံကေသာများအား ပန်းရောင်ကြိုးလေးဖြင့် စုချည်ထားသောကြောင့် ချစ်စဖွယ်လည်း ကောင်းလှသည်။ ထိုကျောင်းသူမှာ စိတ်အားတည်ငြိမ်စေလိုက်ပြီးနောက် ညုတုတုအသံဖြင့် စကားဆိုလာသည်။
"စီနီယာကျောင်းသား အန်လင်း.......... ကျွန်မက တတိယနှစ် အခန်းငါးက ချိုးလော့ထောင်းပါ။ ခက်ခက်ခဲခဲ ကြိုးစားကျင့်ကြံပြီးမှ တာအိုခန္ဓာ အဆင့်ကိုးထိ ရောက်လာခဲ့တာပါ။ ကျွန်မရဲ့ အိပ်မက်က အင်မော်တယ် အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးအယောက်တစ်ရာထဲ ဝင်နိုင်ဖို့လေ။ အဲ့ဒါကြောင့် ကျွန်မကို ညှာတာပေးမယ်ဆိုရင် အရမ်းကျေးဇူးတင်မိမှာပါ။"
"မင်းကို မီတာတစ်ရာ အကျောပေးမယ်။"
အန်လင်း ခံစားချက်မဲ့စွာ တုံ့ပြန်လာသည်။
ချိုးလော့ထောင်းမှာ မျက်နှာတစ်ခုလုံး ဖြူရော်သွားပြီးနောက် အံကြိတ်ကာ ထွက်ပြေးတော့သည်။
ငါးကီလိုမီတာအတွင်းရှိ ကျောင်းသားကျောင်းသူ အများစုမှာလည်း တူညီသော ဆုံးဖြတ်ချက်အား ချလိုက်ကြသည်။
အချို့သည် တိုက်ခိုက်ရန် ရွေးချယ်ကာ အချို့သည် ညှိနှိုင်းရန် ကြိုးစားကြပါသော်လည်း ကျန်သောသူများမှာ ခြေထောက်နှင့်တင်ပါး တသားတည်းကျအောင် ထွက်ပြေးကြသည်။
အန်လင်းသည် စိတ်ထဲမှ သုံးစက္ကန့်အထိ ရေရွတ်ကာ လက်ဖြောက်ထပ်တီးလိုက်သည်။
ဝုန်း...........
ကောင်းကင်ထက်မှ အပြာရောင် မိုးကြိုးလျှပ်စီးများ ကျဆင်းလာကာ ကျောင်းသားကျောင်းသူပေါင်း တစ်ရာနှစ်ဆယ့်ခြောက်ယောက်လုံးကို လွှမ်းခြုံသွားသည်။
အော်ဟစ်သံများ ပဲ့တင်ထပ်သွားလေသည်။
တိမ်တိုက်များပေါ်တွင် ရှိနေသော ဆရာကျစ်ဟူမှာ စိတ်ဝိဉာဉ်လက်နက်အား လွှတ်ချမိမလို ဖြစ်သွားရသည်။
စိတ်ထဲတွင်လည်း ကျိန်ဆဲလိုက်မိသည်။
"ယီးတဲ့မှ......... ဒီလိုမျိုး တိုက်ခိုက်တာကို ခွင့်ရောပြုထားလို့လား။"