← Chapters

ကန့်သတ်မဲ့ပြိုင်ပွဲ၏အိပ်မက်ဆိုးအန်လင်း

Vol. 64 Ch. 895

ကန့်သတ်မဲ့ပြိုင်ပွဲ၏အိပ်မက်ဆိုးအန်လင်း

Vol. 64 Ch. 895

မြေကမ္ဘာအင်မော်တယ် ကျစ်ဟူသည် ချောမောခန့်ညားသော အမျိုးသားတစ်ဦးဖြစ်ကာ အဆင့်အတန်းရှိရှိ နေထိုင်တတ်သူလည်း ဖြစ်သည်။

သို့သော် ယခုတွင်မူ ဆဲဆိုနေရလေပြီ။

"စိတ်ထိန်း....... စိတ်ထိန်း........ ဘာပဲဖြစ်ဖြစ် ငါတည်ငြိမ်နေမှ ဖြစ်မယ်။"

"ဆရာတစ်ယောက်အနေနဲ့ မတူညီတဲ့ အခြေအနေတွေ အားလုံးကို တာဝန်ယူမှုရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်ရမယ်။"

သူသည် နဖူးမှ ချွေးများကိုသုတ်ကာ ကိုယ့်ကိုယ်ကို တည်ငြိမ်စေလိုက်သည်။

"ကန့်သတ်မဲ့ပြိုင်ပွဲက တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံဖို့ လိုပြီးတော့ မတိုက်ခိုက်ခင် အရင်မိတ်ဆက်ရမယ်။ အန်လင်းက စွမ်းအင်နဲ့ ပုံရိပ်ယောင်တွေ လုပ်လိုက်တော့ သိပ်အဆင်မပြေပေမယ့် စည်းကမ်းချိုးဖောက်ရာတော့ မကျဘူး။"

"ပြီးတော့ ကန့်သတ်မဲ့ပြိုင်ပွဲမှာ လူတစ်ယောက်တည်းကို အများကြီးက ဝိုင်းတိုက်ခိုက်တာကို တားမြစ်ထားတယ်။ ကျောင်းသား တစ်ရာနှစ်ဆယ့်ခြောက်ယောက်က အန်လင်းကို တစ်ချိန်တည်း တိုက်ခိုက်ကြပေမယ့် တခြားသူတွေကလည်း အန်လင်းကို တိုက်နေကြတယ်ဆိုတာ မသိကြဘူး။ အဲ့ဒါကြောင့် တစ်ယောက်တည်းကို အတူတူ ဝိုင်းတိုက်တယ်လို့ ပြောလို့မရဘူး။"

မြေကမ္ဘာအင်မော်တယ် ကျစ်ဟူသည် သုံးသပ်နေရင်း မျက်နှာပျက်လာသည်။ ကျောင်းသားများသည် အန်လင်းအား ထိပင်မထိနိုင်လိုက်သောကြောင့် ပူပေါင်းတိုက်ခိုက်သည်ဟု ပြောမရပေ။ ၎င်းတို့ကသာ အန်လင်း၏ အမှောက်သိပ်မှုကို မရှုမလှ ခံစားလိုက်ရခြင်း ဖြစ်သည်။

မြေကမ္ဘာအင်မော်တယ် ကျစ်ဟူ အသက်ပြင်းပြင်းရှူကာ စာရင်းစာအုပ်အား ထုတ်ယူလိုက်သည်။

"ကျောင်းသား ကျောင်းသူပေါင်း တစ်ရာနှစ်ဆယ့်ခြောက်ယောက်မှာ တစ်ယောက်က ရွှေရောင်အလင်းချပ်ဝတ်ကြောင့် လွတ်သွားတယ်။ အန်လင်းကလည်း သူ့ကိုထပ်မတိုက်ခဲ့ဘူး။"

"အန်လင်းရဲ့ တိုက်ခိုက်မှုကနေတောင် လွတ်သွားတယ်ဆိုတော့ တကယ်တော်တဲ့သူ ဖြစ်မယ်။"

ပြောပြောဆိုဆိုနှင့် မှတ်တမ်းတင်ခြင်းကို စတင်လိုက်သည်။

(ဝူကျုံး : တိုက်ခိုက်နိုင်စွမ်း_တစ်ရာ့သုံး၊ ရမှတ်_သုည)

"အန်လင်းရဲ့ တိုက်ခိုက်မှုကို ဘယ်လိုတွက်ချက်ပြီး အမှတ်ပေးရမလဲတောင် မသိတော့ဘူး။ ခန့်မှန်းပြီး ထည့်ပေးလိုက်ရင် ကောင်းမလား။"

မြေကမ္ဘာအင်မော်တယ် ကျစ်ဟူသည် ဒေါသထွက်ကာ ခေါင်းကုတ်လိုက်ပါသော်လည်း အဆုံးတွင်မူ တစ်စုံတစ်ခုကို ချရေးလိုက်သည်။

(အန်လင်း : တိုက်ခိုက်နိုင်စွမ်း_နှစ်ထောင်၊ ရမှတ်_ထောင့်ရှစ်ရာ့ငါးဆယ်)

ထို့နောက် ထုတ်ပယ်ခံလိုက်ရသော ကျောင်းသားအမည်များကို ချရေးလိုက်သည်။

(ချိုးလော့ထောင်း : တိုက်ခိုက်နိုင်စွမ်း_သုည၊ ရမှတ်_သုည)

(ရှုဇီမို : တိုက်ခိုက်နိုင်စွမ်း_သုည၊ ရမှတ်_သုည)

(ယုံလဲ့ : တိုက်ခိုက်နိုင်စွမ်း_သုည၊ ရမှတ်_သုည)

...............

သူသည် သုညများစွာ မှတ်တမ်းတင်နေရင်း ထိုကျောင်းသားကျောင်းသူများအတွက် စိတ်မကောင်း ဖြစ်မိသွားသည်။ ၎င်းတို့သည် အမှတ်တစ်မှတ်မှ မရသေးခင်မှာပင် ကန့်သတ်မဲ့ပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရသည်။

အန်လင်းက တော်တော်ရက်စက်တာပဲ...........

မြေကမ္ဘာအင်မော်တယ် ကျစ်ဟူသည် မုန့်လက်ကောက်များအား မှတ်တမ်းတင်၍ မပြီးသေးခင်မှာပင် ကီလိုမီတာ အနည်းငယ် အကွာမှ အော်ဟစ်သံများ ထွက်ပေါ်လာပြန်သည်။

သူသည် အံ့ဖွယ်အာရုံအား ဖြန့်ကျက်ထားသောကြောင့် အရာအားလုံးကို သိရှိနေသည်။ ထို့ကြောင့် ချက်ချင်းပင် အဖြစ်အပျက်များကိုသိကာ လက်များတုန်ယင်လာရသည်။

ထပ်ပြီးတော့လား......... ယီးတဲ့မှ....... ပထမတစ်ခါက သုညမုန့်လက်ကောက်တွေကိုတောင် ရေးလို့မပြီးသေးတာကို နောက်ထပ်တစ်ရာကျော် သမလိုက်ပြန်ပြီလားဟ.........

မြေကမ္ဘာအင်မော်တယ် ကျစ်ဟူမှာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အသံဆက်သွယ်သော ကျောက်စိမ်းပြားအား တိတ်တဆိတ် ထုတ်ယူလိုက်သည်။

"အေး....... ကျစ်ဟူ........ ဘာဖြစ်လို့လဲ။"

ဒုကျောင်းအုပ် ယွီဟွား၏ စကားသံ ထွက်ပေါ်လာသည်။

မြေကမ္ဘာအင်မော်တယ် ကျစ်ဟူ စကားဆိုလိုက်သည်။

"ကန့်သတ်မဲ့ပြိုင်ပွဲမှာ ကျောင်းသားတစ်ယောက်က မလုပ်သင့်တာ လုပ်နေလို့ပါ။"

ဒုကျောင်းအုပ် ယွီဟွား : ".............."

..................

ကျောက်စိမ်းဖြူကွင်းပြင်၌......

ရွှေရောင်အလင်းများ ဖြာထွက်လာသည်။

ထုတ်ပယ်ခံလိုက်ရသော ကျောင်းသားကျောင်းသူပေါင်း တစ်ရာနှစ်ဆယ့်ငါးယောက်လုံး တစ်ချိန်တည်း ပေါ်ထွက်လာကာ ဆိုးဆိုးရွားရွား အနေအထားဖြင့် မြေပြင်ပေါ် လဲလျောင်းနေကြသည်။

"အမ်........... မင်းက တတိယနှစ် အခန်းတစ်က ဝမ်ဖူသာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် အစောကြီး အထုတ်ခံလိုက်ရတာလဲ။"

မျက်နှာတစ်ခုလုံး မည်းနက်ကာ ဆံပင်များ ထိုးထိုးထောင်ထောင် ဖြစ်နေသော ကျောင်းသားတစ်ဦးမှ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"အဟွတ်.......... အဟွတ်........ ပြောမနေပါနဲ့တော့။ ငါကိုက ကံဆိုးလွန်းတာပါကွာ။ စီနီယာကျောင်းသား အန်လင်းနဲ့ တွေ့ခဲ့ရတာလေ။ အဲ့တော့ ထုတ်ပယ်ခံရပြီပေါ့။"

ဗလတောင့်တောင့်နှင့် ဝမ်ဖူသာမှ ငြီးငြူလိုက်သည်။

"ဟာ........ မင်းရောပဲလားဟ။ ငါ့ကိုလည်း နတ်ဘုရားအန်က သမလိုက်တာ။"

ထိုကျောင်းသား အံ့အားသင့်သွားသည်။

၎င်းတို့နှစ်ဦးမှာ တစ်ယောက်မျက်နှာမည်း တစ်ယောက်ကြည့်ကာ ငြိမ်သက်သွားမိကြသည်။

"ဝါး......... စီနီယာကျောင်းသား အန်လင်းက မိန်းကလေးတွေအပေါ် ဘာလို့ဒီလောက်တောင် ရက်စက်ရတာလဲ။"

ကျောင်းသူတစ်ဦးမှာ မျက်နှာအား ဆေးလိမ်းရင်း ဆိုးရွားလှသော အတွေ့အကြုံအပေါ် ငိုကြွေးနေသည်။

ထို့နောက် ကျောင်းသားကျောင်းသူများအားလုံး တူညီသော အရာတစ်ခုကို တွေ့ရှိလိုက်ကြသည်။ ထိုသည်မှာ ၎င်းတို့အားလုံး မိုးကြိုးပစ်ခံထားရခြင်းပင်။

"ဟင်....... မင်းလည်းကို အန်လင်း ဆော်လိုက်တာလား။"

"ယီးတဲ့မှ......... မင်းကိုရော အန်လင်းက ကျွေးလိုက်တာလား။"

"ငါတို့အားလုံး တူတူခံလာရတာလား။"

"တစ်ချိန်တည်းမှာ ထုတ်ပယ်ခံလာရတာလား။"

"ဒါဆိုရင်............."

ကျောင်းသားကျောင်းသူများအားလုံး မယုံကြည်နိုင် ဖြစ်သွားကြသည်။ ၎င်းတို့သည် နှလုံးသားပေါ် ဒဏ္ဍာရီလာ သားရဲများစွာ တက်နင်းသွားသလို ခံစားလိုက်ကြရသည်။ စီနီယာကျောင်းသား အန်လင်းသည် ၎င်းတို့အား တပြိုင်နက် တိုက်ခိုက်ခဲ့သည်လော။

ကျောင်းသားကျောင်းသူပေါင်း တစ်ရာနှစ်ဆယ့်ငါးယောက်သည် တစ်ချိန်တည်းမှာပင် အန်လင်းနှင့် တွေ့ဆုံခဲ့ကြပြီး အတူတကွ ထုတ်ပယ်ခံလိုက်ရသည်။ ၎င်းတို့သည် အန်လင်းနှင့် တစ်ယောက်ချင်း တိုက်ခိုက်ခွင့်ပင် မရရှိခဲ့ကြပေ။

စိတ်ဆင်းရဲမှု၊ အရှက်ရမှု၊ နာကျည်းမှု......... အစရှိသော ခံစားချက်များ ပြုံဝင်လာကြသည်။

"ဝါး......... အန်လင်းက ဘယ်လိုတောင် လုပ်နိုင်ရတာလဲ။ ငါ့ကိုယ်ငါ အသုံးမကျဘူးလို့ ခံစားရတယ်။"

ကျောင်းသူတစ်ဦးမှာ စိတ်များတုန်လှုပ်ကာ အော်ဟစ်ငိုကြွေးလိုက်သည်။

ကျောင်းသားကျောင်းသူ အများစုသည် ၎င်းတို့၏ ဘဝအား သံသယ ဝင်လာကြသည်။ ၎င်းတို့သည်လည်း ပါရမီရှင်များ ဖြစ်ကြပါသော်လည်း အဆမတန် ပါရမီရှိသူကြီး တစ်ယောက်လုံး ကျောင်းတွင်ရှိနေလေသည်။

ထိုအချိန်တွင် ရွှေရောင်အလင်းများ တောက်ပလာပြန်သည်။

ကျောင်းသားကျောင်းသူပေါင်း တစ်ရာကျော် ထပ်မံထွက်ပေါ်လာသည်။

ပထမအသုတ် ကျောင်းသားကျောင်းသူများသည် မိုးကြိုးပစ်ခံထားရသည့် ရောက်ရှိလာသူများကိုကြည့်ကာ စိတ်သက်သာရာ ရသွားကြသည်။

အချို့ဆိုလျှင် တက်တက်ကြွကြွပင် နှုတ်ဆက်လိုက်ကြသေးသည်။

"ဟေး........ မင်းတို့လည်း စီနီယာကျောင်းသား အန်လင်းနဲ့ တွေ့လာတာမလား။"

မိုးကြိုးပစ်ခံလိုက်ရသောကြောင့် ကြောင်တောင်တောင် ဖြစ်နေသော ကျောင်းသားကျောင်းသူများမှာ နားမလည်နိုင် ဖြစ်သွားကြသည်။

"ဟုတ်တယ်။ မင်းတို့က ဘယ်လိုသိတာလဲ။"

"ဟားဟား.......... တိုက်ဆိုင်လိုက်တာ။ ငါတို့ကိုလည်း အန်လင်းက မိုးကြိုးနဲ့ ဆော်လိုက်တာလေ။"

".............."

အဲ့ဒါက ကြွားရမယ့်ဟာလား..........

မည်သို့ပင်ဆိုစေကာမူ ကျောက်စိမ်းဖြူကွင်းပြင်တွင် ရှိနေသော ကျောင်းသူကျောင်းသား ကိုးဆယ့်ကိုး ရာခိုင်နှုန်းသည် အန်လင်းကြောင့် ထုတ်ပယ်ခံထားရခြင်းဖြစ်ကြောင်း သိရှိလိုက်ကြရသည်။ ၎င်းတို့သည် ရဲဘော်ရဲဘက်များပင်။

အခြားအကြောင်းအရင်းများကြောင့် ထုတ်ပယ်ခံလိုက်ရသော ကျောင်းသားကျောင်းသူများမှာ ၎င်းတို့အားကြည့်ကာ အားငယ်သလိုပင် ဖြစ်မိလာကြသည်။

...............

တောင်ထွဋ်တစ်ထောင်တောအုပ်၏ အရှေ့တောင်ဘက်၌....

ထိုနေရာသည် ကျောင်းသားကျောင်းသူများအားလုံးအတွက် ငရဲတစ်ခု ဖြစ်လာသည်။

ရွှေရောင်ချပ်ဝတ်ကြောင့် မိုးကြိုးဒဏ်မှ လွတ်မြောက်လာသော ကျောင်းသားသည် အိပ်မက်ဆိုး အန်လင်းထံမှ ထွက်ပြေးရန် အားလုံးကို အော်ဟစ်သတိပေးနေသည်။

သူ၏သတိပေးချက်အား လှောင်ပြောင်သရော်ခဲ့သော ကျောင်းသားကျောင်းသူ အများစုသည် မကြာမီပင် ကျောက်စိမ်းဖြူကွင်းဖြူသို့ရောက်ကာ မိသားစုကြီးထဲ ပေါင်းဝင်ကုန်ရသည်။

မိုးကြိုးထံမှ လွတ်မြောက်ခဲ့သော တာအိုခန္ဓာ အဆင့်တစ်ဆယ် ကျောင်းသားတစ်ယောက်၊ နှစ်ယောက်ခန့်ရှိပြီး ၎င်းတို့သည် ဆက်လက်တိုက်ခိုက်ခြင်း မရှိပဲ အရှေ့တောင်ဘက်မှ လွတ်မြောက်နိုင်ရန် အသည်းအသန် ထွက်ပြေးကြသည်။

တောင်ထွဋ်တစ်ထောင်တောအုပ်၏ အရှေ့တောင်ဘက် အရပ်အား အန်လင်းမှ ရက်စက်စွာ ကြီးစိုးထားကြောင်း သတင်းများမှာလည်း ဖြည်းညင်းစွာ ပျံ့နှံ့လာခဲ့သည်။

မြေကမ္ဘာအင်မော်တယ် ကျစ်ဟူ၏ တိုင်တန်းခြင်းမှာလည်း အလုပ်မဖြစ်ခဲ့ပေ။

အန်လင်းသည် စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ ကျောင်းသားတစ်ယောက်ပင် ဖြစ်သောကြောင့် သူ၏ကိုယ်ပိုင်အရည်အချင်းနှင့် တိုက်ခိုက်နေခြင်းအပေါ် မလုပ်သင့်သောအရာဟု ယူဆမရကြောင်း ဒုကျောင်းအုပ် ယွီဟွားမှ ပြောဆိုလာသည်။

အန်လင်းသာ ထိုသည်ကို ကြားပါက အလွန်စိတ်ကျေနပ်ကာ ဒုကျောင်းအုပ် ယွီဟွားအား တပိုင်၏ လျစ်လျူရှုခြင်း ခံရသော အစာသွပ်ပေါက်စီတစ်လုံး လက်ဆောင်ပေးလောက်သည်။

"ဒါပေမယ့် ပြိုင်ပွဲရဲ့ တရားမျှတမှုနဲ့ မျှခြေဖြစ်မှုကို ထိခိုက်စေလိမ့်မယ်။"

မြေကမ္ဘာအင်မော်တယ် ကျစ်ဟူ စကားဆိုလိုက်သည်။

ဒုကျောင်းအုပ် ယွီဟွား တည်ငြိမ်စွာ ရယ်မောလာသည်။

"ကောင်းတာပေါ့။ ဘဝင်မြင့်နေတဲ့ ကျောင်းသားကျောင်းသူများတွေလည်း ကျင့်ကြံရေးလောက ဘယ်လောက်ရက်စက်တယ်ဆိုတာ သိသွားကြပါစေ။ ကျောင်းတော်မှာတော့ သူတို့ကို ငါအပါအဝင် ဆရာတွေက တစ်ခုခုဆို ကယ်တင်ပေးနိုင်တယ်။ ဒါပေမယ့် ကျောင်းပြီးသွားလို့ လောကကြီးထဲ ခြေဆန့်တဲ့အချိန် အဲ့လိုဘဝင်မြင့်နေရင် ဒုက္ခနဲ့လှလှတွေ့နေရမယ်။ အဲ့ဒါကြောင့် ဒီအတိုင်း လွှတ်ထားလိုက်ပါ။ မှတ်တမ်းတင်ထားဖို့တော့ မင်းကိုပဲ အားကိုးရတော့မယ်။"

ဒုကျောင်းအုပ် ယွီဟွားသည် ဒဿနဆိုင်ရာ စကားများနှင့်အတူ အသံဆက်သွယ်ခြင်းကို အဆုံးသတ်လိုက်သည်။

မြေကမ္ဘာအင်မော်တယ် ကျစ်ဟူသည် မြစ်တစ်စင်း စီးဆင်းနေသလို မျက်ရည်များ ကျဆင်းလာကာ ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီ၏ အမည်များနှင့် မုန့်လက်ကောက်များ ချရေးရတော့သည်။ လက်အပိုပေါက်လာပါစေဟုလည်း ကိုယ့်ကိုယ်ကို ဆုတောင်းနေမိသည်။

တောင်ထွဋ်တစ်ထောင်တောအုပ်၏ အရှေ့တောင်ဘက်တွင် မိုးကြိုးများ တဂျိန်းဂျိန်း ပစ်နေဆဲပင်။

ကျောင်းသားကျောင်းသူများ၏ အော်ဟစ်သံများမှာလည်း ပဲ့တင်ထပ်နေသည်။

"ယီးတဲ့မှ.......... အန်လင်းက ငါရေးနိုင်တာထက် ပိုမြန်အောင် ချနေတာပဲ။ ဒင်းကို တားနိုင်မယ့်သူ မရှိတော့ဘူးလား။"

မြေကမ္ဘာအင်မော်တယ် ကျစ်ဟူ ငြီးငြူမိနေတော့သည်။

All Chapters