← Chapters

ဉာဏ်အလင်းပွင့်သွားသော ကျောင်းသားကျောင်းသူများ

Vol. 64 Ch. 897

ဉာဏ်အလင်းပွင့်သွားသော ကျောင်းသားကျောင်းသူများ

Vol. 64 Ch. 897

ထျန်းရှီမန်သည် တစ္ဆေတောအုပ်ထဲ ရောက်နေသလို ခံစားနေရသည်။

သူသည် ကျောင်းသားတစ်ဦးတလေမှ မတွေ့ရသောကြောင့် စိတ်အဆင်မပြေ ဖြစ်လာမိသည်။

"ဒီနေရာက တကယ်ရော ကန့်သတ်မဲ့ပြိုင်ပွဲ ဟုတ်ရဲ့လား။"

ထျန်းရှီမန်သည် ပျံသန်းနေရင်း မျက်မှောင်ကျုံ့ကာ တွေးလိုက်မိသည်။ သူသည် အခြားဒေသတစ်ခုသို့ မှားရောက်နေသလိုပင်။

ကျောက်စိမ်းဖြူကွင်းပြင်တွင် ကျောင်းသားကျောင်းသူပေါင်း တစ်သောင်းကျော် ရှိနေပြီဖြစ်ကာ ၎င်းတို့မှာ ကျယ်လောင်စွာ ဆန္ဒပြနေကြသည်။

"ဆရာဆရာမတွေကို သလင်းကျောက် မျက်နှာပြင်တွေ ဖွင့်ပြပေးဖို့ တောင်းဆိုပါတယ်။"

"ဟုတ်တယ်။ ဒါပေမယ့် စီနီယာကျောင်းသား အန်လင်းကလွဲရင် တခြားဘယ်သူ့ကိုမှ မကြည့်ချင်ဘူး။"

"နတ်ဘုရားအန်ကိုပဲ ကြည့်ချင်တယ်။ လူတိုင်းကို ဆော်ပလော်တီးတာလေး ခံစားချင်တယ်။ သလင်းကျောက် မျက်နှာပြင်တွေ ဖွင့်ပေးပါ။"

ကျောင်းသားကျောင်းသူများ၏ အော်ဟစ်သံမှာ ပဲ့တင်ထပ်နေသည်။

ကန့်သတ်မဲ့ပြိုင်ပွဲအား ယခုမှသာ တွေ့ကြုံဖူးသော ပထမနှစ် ကျောင်းသားကျောင်းသူများမှာ အသံအကျယ်ဆုံး ဖြစ်သည်။ ၎င်းတို့သည် မျှော်လင့်ချက်များစွာ၊ တိုက်ပွဲစိတ်ဆန္ဒများစွာနှင့် ကန့်သတ်မဲ့ပြိုင်ပွဲထဲ ဝင်လာခဲ့ပါသော်လည်း အန်လင်း၏ မိုးကြိုးပစ်ချခြင်းအား ခံခဲ့ရသည်။ ၎င်းတို့ စိတ်ကူးနိုင်သမျှထဲတွင် ထိုသည်မှာ အဆိုးရွားဆုံး အတွေ့အကြုံပင်။ ထို့ကြောင့် အန်လင်း၏ တိုက်ခိုက်ပုံအား ၎င်းတို့ အမှန်တကယ် တွေ့မြင်လိုမိသည်။

သောင်းနှင့်ချီသော ကျောင်းသားကျောင်းသူများ၏ အော်ဟစ်တောင်းဆိုမှုကြောင့် ဆရာဆရာမများပါ စိတ်ဖိစီးလာကြသည်။

၎င်းတို့သည်လည်း ရွေးချယ်စရာ မရှိပဲ ဒုကျောင်းအုပ် ယွီဟွားထံ လက်ရှိအခြေအနေအား တင်ပြရတော့သည်။

အံ့အားသင့်စရာ ကောင်းသည်မှာ ဒုကျောင်းအုပ် ယွီဟွားသည် လွယ်လွယ်ကူကူပင် သဘောတူပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အန်လင်းကြောင့် ထွက်ခွာခဲ့ရသူများ စိတ်ထိခိုက်စေရန် အနီးကပ် ရိုက်ချက်များ ပြသပေးရန်ပါ တောင်းဆိုလိုက်သေးသည်။

ဆရာဆရာမများ မျက်နှာပျက်သွားကြသည်။

ဒုကျောင်းအုပ် ရူးသွားတာများလား...........

ထိုသို့ဖြင့် ကျောင်းသားကျောင်းသူများ၏ တောင်းဆိုမှုနှင့်အတူ သလင်းကျောက် မျက်နှာပြင်နှင့် ပြသပေးလာခဲ့သည်။

၎င်းတို့တွေ့လိုသော အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်အား တွေ့ခွင့်ရခဲ့လေပြီ။ သူသည် အေးအေးဆေးဆေးနှင့် အန္တရာယ်ကင်းပုံ ပေါ်ပါသော်လည်း ကျောင်းသားကျောင်းသူများမှာ အံကြိတ်နေကြရသည်။

သူပဲ........... ငါတို့အားလုံးရဲ့ အိပ်မက်ဆိုးကသူပဲ........

အန်လင်းသည် တောင်ထွဋ်တစ်ထောင်တောအုပ်အတွင်း ဖရိုဖရဲ သတ္ထုအုတ်ခဲဖြင့် ပျံသန်းနေသည်။ သူသည် တည်ကြည်ခန့်ညားသော နတ်ဘုရားတစ်ပါး အမူအရာ ကင်းမဲ့စွာဖြင့် လက်ဖြောက်တီးလိုက်သည်။

ဂျိမ်း..

ကောင်းကင်ထက်မှ မိုးကြိုးပေါင်း ရာနှင့်ချီ ကျဆင်းလာလေသည်။

သလင်းကျောက် မျက်နှာပြင်ပေါ်တွင် ပုံရိပ်ပေါင်းများစွာ ထွက်ပေါ်လာသည်။ အချို့သည် ကြောက်ရွံ့စွာ အော်ဟစ်နေပြီး အချို့ကျောင်းသားများသည် ခြေထောက်နှင့်တင်ပါး တသားတည်းကျအောင် ထွက်ပြေးကာ အချို့မှာမူ အစွမ်းရှိသမျှ မိုးကြိုးအား ခုခံနေကြသည်။ မည်သို့ပင်ဆိုစေကာမူ မိုးကြိုးသည် ထင်မှတ်ထားသည်ထက် ကြောက်မက်ဖွယ်ကောင်းကာ ၎င်းတို့အား မည်းတူးသွားစေသည်။

ဒုန်း.........

ဒုန်း............

ဒုန်း.............

ကျောင်းသားကျောင်းသူများ အငွေ့တလူလူထွက်ကာ မြေပြင်ပေါ် ပစ်လဲကုန်ကြသည်။

အန်လင်းအား ဝေဖန်ပြောဆိုလိုသော ကျောက်စိမ်းဖြူကွင်းပြင်မှ ကျောင်းသားကျောင်းသူများမှာ ထိုသည်ကိုကြည့်ကာ စကားပြောရန်ပင် မေ့လျော့ကုန်သည်။

၎င်းတို့သည် အန်လင်း၏ မိုးကြိုးအား ပြန်လည်အမှတ်ရလာမိသည်။ ထိုသည်မှာ ၎င်းတို့အတွက်လည်း မကြာသေးသော မှတ်ဉာဏ်တစ်ခုပင်။

အန်လင်းသည် နတ်ဘီလူးတစ်ကောင်အလား ရက်စက်လွန်းကာ သွားသမျှနေရာတိုင်းတွင် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ မည်သည့်ကျောင်းသားကမှ အန်လင်း၏ လက်ဖြောက်တစ်ချက်အား လွန်ဆန်နိုင်ခြင်း မရှိပေ။

"ကြောက်ဖို့ကောင်းတယ်။ ဒါကကြောက်ဖို့ကောင်းလွန်းတယ်။"

"စီနီယာကျောင်းသား အန်လင်း......... ကျွန်တော်မှားသွားတယ်။ ခင်ဗျားက ဒီလိုရက်စက်တတ်မယ့်သူလို့ မထင်ခဲ့မိဘူး။"

"ဝါး......... နတ်ဘုရားအန်........ ရှင့်ရဲ့ ချစ်စရာကောင်းတဲ့ ပရိသတ်တွေကို ဘယ်လိုဆက်ဆံနေတာလဲ။"

"လက်ဖြောက်တီးတာနဲ့ ပက်သတ်ပြီး လုံးဝစိတ်ဒဏ်ရာ ရနေပြီ။ ငါ့ရှေ့မှာ လက်ဖြောက်လာမတီးကြနဲ့တော့။"

ထိုအချိန်တွင် ပုံရိပ်တစ်ခုအား အာရုံစိုက်မိလိုက်ကြသည်။

"ကြည့်ပါဦး။ မိုးကြိုးပစ်ချခံရပေမယ့် ဘာမှမဖြစ်သွားဘူး။"

ကျောင်းသားတစ်ဦး အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ထိုသူသည် မည်းတူးနေပါသော်လည်း အရှေ့သို့ ပြေးသွားကာ အန်လင်းအား နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။

"သူနိုင်သွားတာလား။"

"အင်း.......... ဒါပေမယ့် သူတိုက်ခိုက်လိုက်တာက စီနီယာကျောင်းသား အန်လင်းရဲ့ ပုံရိပ်သက်သက်ပဲလေ။"

"အန်လင်း ထွက်သွားပြီ။ သူ့ကိုပြန်တိုက်နိုင်တဲ့သူကိုရော စိတ်ထဲမှာ အသိအမှတ် ပြုသွားရဲ့လား။"

"သူ့ကို ငါမှတ်မိတယ်။ တတိယနှစ် အခန်းနှစ်က ချန်းရှန်ပဲ။ မနှစ်က အင်မော်တယ် အဆင့်သတ်မှတ်ချက်ထဲ ဝင်နိုင်ခဲ့တဲ့သူလေ။"

အားလုံးသည် ယုံကြည်ချက်ရှိစွာ ပြုံးနေသော ပုံရိပ်အားကြည့်ကာ တိတ်ဆိတ်သွားကြသည်။ ထိုသူသည် တောက်ပနေသော လူငယ်တစ်ဦးပင်။

၎င်းတို့သည် ရက်စက်လွန်းသော အန်လင်းကိုသာ အိပ်မက်ဆိုး တစ်ခုအဖြစ် ပြောဆိုနေခဲ့ကြသည်။

သို့သော် အဘယ့်ကြောင့် ထိုသို့ဖြစ်သွားခဲ့ရသည်ကို မစဉ်းစားခဲ့မိကြပေ။

ထိုသည်မှာ အန်လင်းသည် ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် မဟုတ်ပဲ ၎င်းတို့ကသာ အားနည်းလွန်းနေခြင်း ဖြစ်သည်။

၎င်းတို့သည် အသုံးမကျလွန်းသောကြောင့် အန်လင်း၏ မိုးကြိုးဒဏ်ကိုပင် တစ်ချက်ကလေးမျှ ခံနိုင်ရည် မရှိခဲ့ပေ။ ထို့ကြောင့် အန်လင်း ဝေဖန်နေလျှင်လည်း မထူးတော့ပေ။

ကျောင်းသားကျောင်းသူ အများစုမှာ ဉာဏ်အလင်းပွင့်ကာ ရှက်ရွံ့စွာ ခေါင်းငုံ့သွားကြသည်။

"ဒါကြောင့်ကိုး.......... ငါတော့ နတ်ဘုရားအန်ရဲ့ ကြိုးစားအားထုတ်မှုကို နားလည်သွားပြီ။ သူက ဂုဏ်သိက္ခာကိုတောင် မငဲ့ကွက်ပဲနဲ့ ငါတို့ကို တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ သင်ပေးနေတာပဲ။ ငါသဘောပေါက်သွားပြီ။"

ကျောင်းသူတစ်ဦးမှာ မျက်ရည်အဝဲသား ဖြစ်နေပါသော်လည်း သလင်းကျောက် မျက်နှာပြင်ထံမှ အကြည့်မခွာလိုသောကြောင့် လက်ဖြင့်ပင် သုတ်မပစ်ပေ။

ကျောင်းသားတစ်ဦးသည် အံကြိတ်ကာ မြေပြင်အား လက်သီးဖြင့် ထိုးလိုက်သည်။

"ငါက သောက်သုံးမကျတဲ့ကောင်ပဲ။ ဒါတောင်မှ ကိုယ့်ကိုယ်ကို အပြစ်တင်ရမယ့်အစား သူများကို ဝေဖန်နေသေးတယ်။ ငါ့ကိုယ်ငါ ယောက်ျားအစစ်လို့တောင် မခေါ်သင့်တော့ဘူး။"

ကျောက်စိမ်းဖြူကွင်းပြင်မှ ကျောင်းသားကျောင်းသူများမှာ လေးလေးနက်နက်တွေးကာ အန်လင်းအပေါ် မကျေနပ်မှုများ လျော့ကျလာကြသည်။

အတွေးအခေါ်နှင့် စကားလုံးများကြောင့် အချို့ကျောင်းသားကျောင်းသူများမှာ အန်လင်းအား ပိုမိုလေးစားလာကြသည်။ ၎င်းတို့သည် သာမန်ပရိသတ်အဆင့်မှ အစစ်အမှန် ချစ်ခင်လေးစားသော ပရိသတ် အဆင့်သို့ ရောက်ကုန်သည်။

ကျောင်းသားကျောင်းသူများမှာ တစ်သုတ်ပြီးတစ်သုတ် ထုတ်ပယ်ခံနေရသည်။

အန်လင်းသည် တောင်ထွဋ်တစ်ထောင်တောအုပ်၏ အရှေ့အရပ်သို့ ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။ တောင်ထွဋ်တစ်ထောင်တောအုပ်၏ ဗဟိုဒေသအား နောက်ဆုံးမှ သွားမည်ဖြစ်သည်။ တောအုပ်တစ်ခုလုံးအနှံ့ ရှင်းထုတ်ပြီးမှသာ ဗဟိုဒေသထံ သွားသင့်သည်။

ထျန်းရှီမန်သည် အန်လင်းနောက်မှ လိုက်နေသလို ဖြစ်နေသောကြောင့် ကျောင်းသားတစ်ယောက်နှင့်မှ မတွေ့ရသေးပဲ ရူးတော့မလို ဖြစ်နေရသည်။

"ငါဘာလုပ်သင့်လဲ။ ဒီမှာလည်း ဘယ်သူမှ မရှိဘူး။ အရှေ့ဘက်ကို သွားသင့်လား။ ဗဟိုဒေသကိုပဲ သွားရမလား။"

ထျန်းရှီမန်မှာ အတော်ပင် စိတ်ဓာတ်ကျနေသည်။

ပုံမှန်အားဖြင့် ဗဟိုဒေသတွင် လူပိုများလောက်ပါသော်လည်း ယခုအခြေအနေအရ ကွဲပြားစွာ တွေးခေါ်သင့်သည်။

ထျန်းရှီမန် ခပ်ဖွဖွပြုံးကာ အရှေ့ဘက်အရပ်အား ရွေးချယ်လိုက်သည်။

အရှေ့ဘက်ကိုပဲသွားမယ်..........

ထိုအချိန်တွင် အန်လင်းမှာ တုနှိုင်းမဲ့ နတ်ဘုရားတစ်ပါးအလား မိုးကြိုးများ ပစ်ချနေသည်။

တစ်ရက်ပင် မရှိသေးပါသော်လည်း ကျောက်စိမ်းဖြူကွင်းပြင်ရှိ ကျောင်းသားကျောင်းသူ အရေအတွက်မှာ လေးသောင်းကျော်နေလေပြီ။

တောင်ထွဋ်တစ်ထောင်တောအုပ်၏ အရှေ့ဘက်အား ရှင်းလင်းပြီးသည့်နောက် အန်လင်းမှာ ဗဟိုဒေသသို့ ဆက်လက်ထွက်ခွာလာသည်။

နောက်ဆုံးတွင် ထျန်းရှီမန်သည် တောင်ထွဋ်တစ်ထောင်တောအုပ်အတွင်း ပထမဆုံး ရန်သူအား တွေ့လိုက်ရသောကြောင့် မျက်ရည်ကျမတက် ဖြစ်ခဲ့ရသည်။ သူသည် တွေ့ဆုံရသော ကျောင်းသားအား ကျေးဇူးတင်လွန်းသဖြင့် ပြေးဖက်မိတော့မလို ဖြစ်သွားသည်။

သို့သော် ထိုကျောင်းသားသည် ဆိုးဆိုးရွားရွား အတွေ့အကြုံတစ်ခု ခံစားခဲ့ရပုံရပြီး ထျန်းရှီမန်အား ကြည့်ပင်မကြည့်ပဲ ထွက်ပြေးသွားလေသည်။

ထျန်းရှီမန် : "............"

ဝုန်း..........

ထိုအချိန်တွင် တောင်ထွဋ်တစ်ထောင်တောအုပ်၏ နယ်နိမိတ်စည်းမှာ ကျုံ့ဝင်လာသည်။

ကန့်သတ်မဲ့ပြိုင်ပွဲ၏ တတိယနေ့မှ ထိုသို့ဖြစ်သင့်ပါသော်လည်း ယခုသည် ပထမနေ့သာ ရှိသေးသည်။

ကျောင်းသားကျောင်းသူများမှာ ပြောစရာ စကားပင် မရှိကြတော့ပေ။

"ဘုရားရေ......... နတ်ဘုရားအန်က ပထမနေ့မှာတင် နယ်နိမိတ်စည်းကျုံ့အောင် လုပ်လိုက်နိုင်တယ်ဟေ့။"

"ဟူး........... ဘယ်တော့များမှ နတ်ဘုရားအန်လို တော်လာမှာလဲ။"

"မျှော်လင့်ချက် မြင့်မြင့်တွေတော့ မရှိပါဘူး။ နတ်ဘုရားအန်ရဲ့ တစ်ရာခိုင်နှုန်းလောက် တော်ရင်ရပါပြီ။"

"ငါလည်း ကြီးကြီးမားမားတွေ မမှန်းပါဘူး။ နတ်ဘုရားအန်ရဲ့ ကောင်မလေး ဖြစ်လာရင်ရပြီ။"

"စိတ်ကူးယဉ်နေတာလား။ မဖြစ်နိုင်တာတွေ မတွေးစမ်းပါနဲ့ဟာ။"

...............

တောင်ထွဋ်တစ်ထောင်တောအုပ်၏ ဗဟိုဒေသ၌........

ကောင်းကင်ထက်တွင် လမင်းထိန်ထိန် သာနေလေပြီ။

"ဟက်ချိုး........"

ကျောက်စိမ်းဝတ်စုံနှင့် အမျိုးသမီးတစ်ဦး နှာချေလိုက်သည်။

အမ်........ အန်လင်း ငါ့အကြောင်း တွေးနေတာများလား..........

(တရုတ်တို့၊ ကိုရီယားတို့မှာ နှာချေတယ်ဆိုတာ တစ်ယောက်ယောက်က သတိရနေလို့ဆိုပြီး ယူဆကြပါတယ်။)

သူမ ခပ်ဖွဖွ ပြုံးလိုက်စဉ်မှာပင် အနီးနားသို့ အရိပ်မည်းများ ရောက်ရှိလာသည်။

လာစမ်းပါ......... နင်တို့အတွက် အံ့သြစရာ လက်ဆောင်လေးရှိတယ်.........

All Chapters