မိစ္ဆာဘုရင်အား သတ်ရန်အစီအစဉ်
Vol. 64 Ch. 898
အန်လင်းသည် ယခုကဲ့သို့ စိတ်ရှိသည့်အတိုင်း မတိုက်ခိုက်ခဲ့ရသည်မှာ ကြာမြင့်နေလေပြီ။
စင်စစ်အားဖြင့် သူ၏ချစ်စဖွယ် တစ်ကျောင်းတည်းသားများအား ထိုသို့အနိုင်မကျင့်ရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
ယခုကဲ့သို့ လွတ်လွတ်လပ်လပ် အနိုင်ကျင်နိုင်ခဲ့သော နောက်ဆုံးအကြိမ်သည် တပိုင်နှင့်အတူ ခမ်းနားကြီးကျယ်သော လူနှင့်ခွေးအတွဲအဖြစ် သောင်းကြမ်းခဲ့စဉ်က ဖြစ်ပေသည်။
ထိုအချိန်က တပိုင်အား စီးနင်းကာ ချစ်စဖွယ် ကျောင်းသားလေးများ အားလုံးကို ပယ်ပယ်နယ်နယ် သမလျက် တစ်ကျောင်းလုံးရှေ့တွင် သူရဲကောင်းဘွဲ့အား ခံယူနိုင်ခဲ့သည်။
ယခုတွင်မူ တစ်ကိုယ်တော် သူရဲကောင်း သခင်ကြီးအဖြစ် ကျောင်းသားကျောင်းသူပေါင်း သောင်းနှင့်ချီကို အမှောက်သိပ်ခဲ့လေပြီ။
ကန့်သတ်မဲ့ပြိုင်ပွဲမှ ထုတ်ပယ်ခံလိုက်ရသော ကျောင်းသားအများစုမှာ အန်လင်း၏ လက်ချက် ဖြစ်သည်။
သူသည် ပြိုင်ဘက်ကင်း စစ်နတ်ဘုရား တစ်ပါးအလား တောင်ထွဋ်တစ်ထောင်တောအုပ်၏ ဗဟိုဒေသသို့ ဦးတည်လာသည်။
"ဟားဟား........... ငါ့ရဲ့ ချစ်စရာကောင်းတဲ့ ကျောင်းသားလေးတွေ.......... ငါ့အစွမ်းကို ခံစားမိကြလား။ ဆောက်တည်ရာမရ ဖြစ်နေကြပြီလား။ အခုချိန်ကစပြီး ငါ့ကို လိပ်အန်လင်းလို့ ဘယ်ကောင်ခေါ်ရဲသေးလဲ။"
အန်လင်းသည် ဖရိုဖရဲ သတ္ထုအုတ်ခဲအားစီးကာ ရက်စက်စွာ ရယ်မောလိုက်သည်။
ကျောက်စိမ်းဖြူကွင်းပြင်မှ ကျောင်းသားကျောင်းသူများမှာ စိတ်မသက်မသာ ဖြစ်ကုန်ကြသည်။
"သွားပြီ။ ကျန်တဲ့ ကျောင်းသားလက်တစ်ဆုပ်စာကို မိစ္ဆာဘုရင် အန်လင်းက ချေမှုန်းပစ်တော့မှာပဲ။"
"မိစ္ဆာဘုရင်ကို တားနိုင်မယ့်သူရော ရှိပါ့မလား။"
"ဘယ်သူမှ မရှိလောက်ဘူး။ စီနီယာကျောင်းသား အန်လင်းက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ ကျင့်ကြံရေးအဆင့် သက်သက်နဲ့တင် စံချိန်တင်နေပြီလေ။ ဘယ်သူက တားနိုင်မှာတဲ့လဲ။"
"ဒါပေမယ့် သူမဆိုရင်ရော........"
"ဟုတ်တယ်။ သူ့ကိုတားနိုင်မယ့်သူ တစ်ယောက်တော့ ရှိတယ်။"
ကျောင်းသားကျောင်းသူ အများစုသည် ရည်ညွှန်းသူအား သိရှိလိုက်ကြသောကြောင့် စိတ်လှုပ်ရှားစွာဖြင့် သလင်းကျောက် မျက်နှာပြင်အား ကြည့်ရှုလိုက်ကြသည်။
အချို့ဆိုလျှင် ဖင်တကြွကြွ ဖြစ်နေကြပြီး အချို့မှာမူ ရုပ်ရှင်ကားကောင်းတစ်ကား ကြည့်ရတော့မလို သေသေချာချာ အထိုင်ချနေသည်။
အန်လင်းသည် တောင်ထွဋ်တစ်ထောင်တောအုပ်၏ ဗဟိုဒေသသို့ ပျံဝဲလာခဲ့သည်။ ပုံမှန်အားဖြင့် အင်မော်တယ် အဆင့်သတ်မှတ်ချက်တွင် ပါဝင်သော ပါရမီရှင် ကျောင်းသားကျောင်းသူများသည် ဤနေရာတွင် စုဝေးနေတတ်ပါသော်လည်း ယခုတွင်မူ သိသိသာသာ တိတ်ဆိတ်လွန်းနေသည်။
လေတဖြူးဖြူး တိုက်နေသော ညချမ်းမှာ အနည်းငယ်ပင် အေးစိမ့်နေသယောင် ထင်မှတ်ရလေသည်။
အန်လင်း မျက်မှောင်ကျုံ့ကာ အံ့ဖွယ်အာရုံအား ဖြန့်ကျက်လိုက်ပါသော်လည်း မည်သည့်ကျောင်းသားကိုမှ အာရုံမခံမိပေ။
မဟုတ်ဘူး.......... တစ်ယောက်ယောက် ရှိနေတယ်......
သူ၏အမူအရာ ပြောင်းလဲသွားကာ အရပ်မျက်နှာတစ်ခုသို့ ပျံဝဲသွားလိုက်သည်။
မကြာမီပင် အနက်ရောင်ဝတ်စုံနှင့် ထိုင်နေသော အမျိုးသားတစ်ဦးအား တွေ့လိုက်ရသည်။
ထိုသူသည် အရှိန်အဝါများ ဖုံးကွယ်ကာ တစ်စုံတစ်ခု လုပ်နေပုံရသည်။
သူသည် တိုက်ပွဲစိတ်ဆန္ဒ ပြင်းထန်စွာဖြင့် ရုတ်ချည်းဆိုသလို မျက်ဝန်းများ ဖွင့်လာသည်။
"စီနီယာကျောင်းသား အန်လင်း......... ခင်ဗျားကို စောင့်နေတာကြာပြီ။ ကျွန်တော်က ပထမနှစ် အခန်းတစ်က ကျူးရှောင်ကျဲပါ။ ကျေးဇူးပြုပြီး သင်ပြပေးပါဦး။"
အန်လင်းမှာ ချက်ချင်းပင် အမှတ်ရသွားမိသည်။ ထိုသည်မှာ ပိုင်ဟွားပြည်နယ်၏ ကြီးမြတ်သော ထျန်အင်ပါယာမိသားစုမှ ထိပ်တန်းအဆင့် ရှားပါးပါရမီရှင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် ထိုလူငယ်လေး၏ အကြောင်းအား သေသေချာချာ မသိပေ။
ကျောက်စိမ်းဖြူကွင်းပြင်တွင် ပထမနှစ် ကျောင်းသားကျောင်းသူများမှာ ကျူးရှောင်ကျဲအား မြင်လိုက်ရပြီးနောက် အံ့အားသင့်သွားကာ အားပေးစကားများ ဆိုလာကြသည်။ ကျူးရှောင်ကျဲသည် ကျောင်းသားသစ်များကြား အတော်ပင် ရေပန်းစားပုံ ရသည်။
"နောက်ဆုံးတော့ ပြိုင်ဘက်တွေ့ပြီပေါ့။ မင်းလည်းငါ့ကို စိတ်မပျက်စေလောက်ဘူးလို့ မျှော်လင့်ပါတယ်။"
အန်လင်း ခပ်ဖွဖွပြုံးကာ ရှေ့သို့တိုးသွားလိုက်သည်။
ကျူးရှောင်ကျဲမှာ လက်နှစ်ဖက်အား ကောင်းကင်သို့ ဆန့်တန်းလိုက်သည်။
ကောင်းကင်ရှိ ကြယ်စွမ်းအင်များ ရုပ်လုံးပေါ်လာကာ ခရမ်းရောင် ကြေးမုံပြင်အဖြစ် ပြောင်းလဲသွားပြီးနောက် အန်လင်းထံ ကျဆင်းလာသည်။
"အော်........ မင်းက ကြယ်အစွမ်းတွေနဲ့ ကစားတတ်တာလား။ စိတ်ဝင်သားစရာ ကောင်းသားပဲ။"
အန်လင်းမှာ သဘောကျသွားဟန်ဖြင့် ကောင်းကင်အား လက်ညှိုးထိုးလိုက်သည်။
စောင့်ကြည့်နေကြသော ကျောင်းသားကျောင်းသူများ စိတ်လှုပ်ရှားသွားကြသည်။
"ကောင်းကင်တာအို လက်ချောင်းလား။"
အခြားသူများမှာ ၎င်းတို့အား မျက်စောင်းထိုးလာလေသည်။
"နတ်ဘုရားအန်က အဲ့ကောင်လောက်ကိုချဖို့ ကောင်းကင်တာအို လက်ချောင်းလိုမှာတဲ့လား။"
ထင်မှတ်ထားသည့်အတိုင်း အန်လင်း၏ လက်ချောင်းမှ မည်သည့်ပေါက်ကွဲမှုမှ ဖြစ်မလာခဲ့ပေ။ ခရမ်းရောင် ကြေးမုံပြင်နှင့် တိုက်ရိုက်ထိတွေ့သွားသည်သာ ရှိသည်။ ခရမ်းရောင် ကြေးမုံပြင်သည် အန်လင်း၏ လက်ညှိုးကြောင့် အရှေ့တိုးမလာနိုင်တော့ပေ။
"ဒီလောက်ပဲလား။"
အန်လင်းမှာ မိစ္ဆာဘုရင်အလား ပြုံးလိုက်သည်။
"အဲ့လိုဆိုရင်တော့ တကယ်စိတ်ပျက်မိမှာပဲ။"
ကျူးရှောင်ကျဲ၏ အရှိန်အဝါမှာ ရုတ်ချည်းထိုးတက်လာပြီးနောက် မြေပြင်အား ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။
"ကြယ်လောကပုံရိပ်ယောင်.........."
ဝုန်း........
ခရမ်းရောင် ကြေးမုံပြင်မှာ ပေါက်ကွဲသွားကာ ပုံရိမ်ယောင် မြူခိုးတိမ်တိုက်များအဖြစ် အန်လင်းအား လွှမ်းခြုံသွားသည်။
ချက်ချင်းပင် အန်လင်း အာရုံစိုက်လိုက်မိသည်။
နှလုံးသားထဲတွင်လည်း အနည်းငယ် ထိတ်လန့်သွားရသည်။
ကျူးရှောင်ကျဲက ကြယ်စွမ်းအင်နဲ့ တိုက်ခိုက်တာ မဟုတ်ပဲ ပုံရိပ်ယောင်လောက ဖန်ဆင်းလိုက်တာပေါ့.......
"အထင်ကြီးစရာပဲ။ ဒါပေမယ့် ဒီလောက်နဲ့တော့ ငါ့ကိုတိုက်နိုင်ပြီလို့ ထင်နေတာ မဟုတ်ဘူးမလား။"
အန်လင်း ရယ်မောကာ ပြောလိုက်သည်။
ထိုပုံရိပ်ယောင်များသည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူအား ဒုက္ခပေးနိုင်ပါသော်လည်း သူ့အားဘာမှမလုပ်နိုင်ပေ။
"ကျွန်တော်လည်း အဲ့လိုမထင်ပါဘူး။ ကျွန်တော့်အတွက်က အချိန်နည်းနည်းပဲ လိုတာပါ။"
ကျူးရှောင်ကျဲ တည်ငြိမ်စွာ ပြောလိုက်သည်။
သူဘာပြောချင်တာလဲ...........
အန်လင်း နားမလည်နိုင် ဖြစ်သွားရသည်။
ထိုအချိန်တွင် အားကောင်းလှသော ဓားပုံရိပ် နှစ်ခုမှာ ပုံရိပ်ယောင် မြူခိုးတိမ်တိုက်များအား ဆုတ်ဖြဲလိုက်သောကြောင့် မြေပြင်တွင်ပင် ပေထောင်ချီသော ချိုင့်ကြီးများ ဖြစ်သွားသည်။
အဖြူနှင့်အမည်း ဓားပုံရိပ် နှစ်ခုသည် နဂါးနှစ်ကောင်အလား ဟန်ချက်ညီညီ ကခုန်ကာ အန်လင်းအား ဟာကွက်မရှိအောင် ပိတ်ဆို့ထားလိုက်သည်။
အန်လင်း၏ အမူအရာ ပြောင်းလဲသွားသည်။
"ဘာတွေဖြစ်နေတာလဲ။ မင်းရူးသွားပြီလား။"
သူသည် လျစ်လျူမရှုရဲပဲ ဓားပုံရိပ်များအား ခုခံရန် လက်နှစ်ဖက်လုံး လှုပ်ရှားလိုက်သည်။
ချလန်း.........
ထက်ရှလှသော ပွတ်တိုက်သံများ ထွက်ပေါ်လာသည်။
ဓားစိတ်ဆန္ဒမှာ ချက်ချင်းဆိုသလို ပေါက်ကွဲသွားလေသည်။
ပုံရိပ်နှစ်ခုလည်း တပြိုင်နက် ထွက်ပေါ်လာသည်။ တစ်ခုသည် ချောမောခန့်ညားသော အမျိုးသားတစ်ဦးဖြစ်ကာ ကျန်တစ်ခုမှာ အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး ဖြစ်သည်။
ကျောက်စိမ်းဖြူကွင်းပြင်မှ ကျောင်းသားကျောင်းသူများမှာ ထိုသည်ကိုကြည့်ကာ အံ့အားသင့်သွားကြသည်။
"သူတို့က တတိယနှစ်က ယောင်မင်ရှီနဲ့ ယောင်ရှိုးပဲ။"
"ဘုရားရေ......... တတိယနှစ် ကျောင်းသားကျောင်းသူတွေထဲမှာ သူတို့က အကြမ်းဆုံးပဲလား။ ယောင်ရှိုးက စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အလယ်အလတ်အဆင့်၊ ယောင်မင်ရှီက စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်မလား။ သူတို့နှစ်ယောက်ရဲ့ ပူးပေါင်းဓားကွက်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်တွေကိုတောင် တိုက်ခိုက်နိုင်တယ်ပြောတယ်။"
တတိယနှစ် ကျောင်းသားကျောင်းသူများမှာ သလင်းကျောက် မျက်နှာပြင်အားကြည့်ကာ ကိုယ်တိုင်ဝင်ချနေရသလို စိတ်လှုပ်ရှားလာကြသည်။
"ပြောကြည့်စမ်းပါ။ သူတို့ကြတော့ ပူးတွဲတိုက်ခိုက်လို့ ရတယ်ပေါ့။ ထူးဆန်းမနေဘူးလား။"
"ယီးကိုထူးဆန်းပါလား။ အန်လင်းက မိစ္ဆာဘုရင်လေ။ သူတို့သာ မပူးပေါင်းရင် ဘယ်လိုတိုက်မှာလဲ။"
"ဟုတ်တယ်။ မိစ္ဆာဘုရင်ကိုတိုက်ဖို့ စည်းလုံးမှရမယ်။"
"မိစ္ဆာဘုရင် အန်လင်းကို အမှောက်သိပ်ပစ်လိုက်။"
ကျောက်စိမ်းဖြူကွင်းပြင်တွင် အော်ဟစ်အားပေးသံများ ဆူညံနေသည်။
ကန့်သတ်မဲ့ပြိုင်ပွဲတွင် အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းအား တားမြစ်ထားပါသော်လည်း စောင့်ကြည့်နေကြသော ကျောင်းသားကျောင်းသူများမှာ ထိုသည်ကို အပြစ်မမြင်ကြပေ။
.............
တောင်ထွဋ်တစ်ထောင်တောအုပ်၌
အန်လင်း ကောင်းကင်အားကြည့်ကာ အော်ဟစ်လိုက်သည်။
"ဆရာ........ စည်းကမ်းဖောက်တဲ့ သူတွေကို တိုင်ချင်လို့ပါ။ သူတို့ တစ်ယောက်ချင်းပဲ တိုက်သင့်တာမလား။"
တောင်ထွဋ်တစ်ထောင်တောအုပ်၏ ဗဟိုဒေသအား တာဝန်ယူထားသော မြေကမ္ဘာအင်မော်တယ် ချန်းချင်သည် ခပ်ဖွဖွပြုံးကာ တိတ်တဆိတ်သာ နေနေသည်။
ကန့်သတ်မဲ့ပြိုင်ပွဲ တစ်ခုလုံးအား ကြည့်ရှုနေသော ဒုကျောင်းအုပ် ယွီဟွားသည်လည်း ရက်စက်စွာ ပြုံးလိုက်သည်။
ဒေါင်းဇားလေး.......... မင်းက ဒါနဲ့ပဲတန်တာ......... ကန့်သတ်မဲ့ပြိုင်ပွဲမှာ ပိုပြီးစိတ်ဝင်စားစရာကောင်းအောင် စည်းကမ်းတချို့ကို လျှော်လိုက်ပြီ.......
မည်သည့်ဆရာကမှ အန်လင်း အော်ဟစ်သံအား အဖက်မလုပ်ခဲ့ပေ။
ဝုန်း..........
မြေပြင်မှာ ကွဲအက်သွားပြီးနောက် ပုန်းကွက်နေခဲ့သော အမျိုးသားတစ်ဦး ထွက်ပေါ်လာကာ အန်လင်းအားလက်သီးဖြင့်ထိုးရန် ချိန်ရွယ်လိုက်သည်။
အားကောင်းလှသော ရွှေရောင်လက်သီးမှာ အရှိန်အဝါများနှင့်အတူ လေထုကိုပင် ပေါက်ကွဲသွားစေသည်။
အန်လင်းသည် ယောင်မင်ရှီနှင့် ယောင်ရှိုးတို့၏ ဓားပုံရိပ်များအား ကာကွယ်နေရသောကြောင့် တိုက်ခိုက်မှုအား မရှောင်ရှားနိုင်တော့ပေ။ ထို့ကြောင့် ကောင်းကင်ထက်သို့သာ တဟုန်ထိုး ပျံတက်သွားသည်။
"အဲ့ဒါ ကျောင်းသားဟူကွမ်းပဲ။"
ကျောင်းသူတစ်ဦး အော်ဟစ်လိုက်သည်။
"ပထမနှစ်နဲ့ တတိယနှစ်က ဆရာ့ဆရာကြီးတွေတင်မကဘူး။ ဒုတိယနှစ်က ဆရာ့ဆရာကြီးပါ ပါလာပြီလား။"
ကျောင်းသားကျောင်းသူများ စိတ်လှုပ်ရှားကုန်သည်။
"နောက်ထပ် ဘယ်သူဖြစ်မလဲ။"
၎င်းတို့မှာ မျှော်လင့်တကြီး ဖြစ်လာကြသည်။
အန်လင်းအား ပူးပေါင်းတိုက်ခိုက်နေသော ပါရမီရှင်များမှာ အတန်းအသီးသီး၏ ကိုယ်စားပြုများ ဖြစ်ကြပြီး ၎င်းတို့သည် မိစ္ဆာဘုရင်အား အနိုင်တိုက်ရန် ဆုံးဖြတ်ထားကြပုံ ရသည်။
အန်လင်းသည် တစ်ကျောင်းလုံးအား ပယ်ပယ်နယ်နယ် အနိုင်ကျင့်ခဲ့သည်။
ယခုတွင်မူ ပါရမီရှင် ကျောင်းသားကျောင်းသူများမှာ အားလုံးအတွက် လက်စားချေလာလေပြီ။
ကျောက်စိမ်းဖြူကွင်းပြင်တွင်လည်း အော်ဟစ်အားပေးသံများ ဆူညံနေသည်။
အန်လင်းမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားလိုက်သည်။
ထိုနေရာတွင် ကြာပန်းတစ်ပွင့် ကိုင်ဆောင်ထားသော ဆံနွယ်ရှည်နှင့် အမျိုးသမီးတစ်ဦး ရှိနေလေသည်။
သူမ၏ အိပ်မက်ဆန်သော မျက်ဝန်းပြာများမှာ လရောင်အောက်တွင် တောက်ပနေပြီး အန်လင်းထံ ကြာပန်းအား ပစ်လွှတ်လိုက်သည်။
"အင်မော်တယ် ဒေါသမီးလျှံကြာပန်း......... ပေါက်ကွဲစမ်း........."