လခြမ်းကွေး အကျဉ်းထောင်
Vol. 26 Ch. 347
ဤနေရာမှာ ကျင့်ကြံသူ တစ်ယောက်ကို ပိတ်လှောင် ထားဖူးပြီး သူ ရရှိလိုက်သည့် လက်စွပ်မှာ ထိုကျင့်ကြံသူ အပိုင် ဖြစ်ပေလိမ့်မည်။ လက်စွပ် အပြင်ဘက်မှ အတားအဆီးများ အတွက် သူတို့ကို ထိုကျင့်ကြံသူအား ပိတ်လှောင် ထားသည့် လူမှ ရေးထွင်း ထားခြင်း ဖြစ်လိမ့်မည်။
မိုဝူကျီ သိချင်မိသည်က အဘယ်ကြောင့် ထိုလူက လက်စွပ်ကို ယူသွားမည့် အစား အတားအဆီးများ ကိုသာ ပြုလုပ်ခဲ့ရတာလဲ ...
အထဲတွင် ကောင်းကင် ရတနာ အဆင့် ကျင့်စဉ်နှင့် မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံးများထက် သာလွန်နေသော စိတ်စွမ်းအင် ကျောက်တုံးများလည်း ရှိနေသေးသည်။ အကယ်၍ တခြားသူ ဖြစ်နေပါက ထိုပစ္စည်းများကို ထားရစ်ခဲ့မည် မဟုတ်လောက်ပေ။
သူက ...
မိုဝူကျီကို တွေးမိ လိုက်သောကြောင့် သူ့နှလုံးခုန်နှုန်းများပင် မြန်ဆန် လာပေသည်။
ထိုလက်စွပ်ထဲက ပစ္စည်းများက ထိုလူ၏ အာရုံကို မဖမ်းစား နိုင်တာ များလား ... ဒါမှမဟုတ် ထိုလူက ဖွင့်ကြည့်ဖို့ကို စိတ်မပါခဲ့တာ များလား ...
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...
ကောင်းကင် ရတနာ အဆင့် ကျင့်စဉ်က ကျန်းရှင်းမှာ အကောင်းဆုံး အရာ ဖြစ်နေပြီးသားလေ ... . သူက မလိုရင်တောင် ရောင်းရင် ပိုက်ဆံ အမြောက်အမြား ရမှာ မဟုတ်လော။ ဒီလို အရာ အားလုံးကို ဂရုမစိုက်တာ ဘယ်လို လူမျိုးပါ့လိမ့် ... .
မိုဝူကျီက တွေးမိလိုက်သောကြောင့် မျက်မှောင်ပင် ကြုတ်မိသွားသည်။
သူက ကမ္ဘာကြီးထဲ၌ မဖြစ်နိုင်သည့် အရာ မရှိမှန်း သိ၏။ အကယ်၍ ဖြစ်ပျက်ခဲ့လျှင် ဖြစ်နိုင်ကြောင်း ရှိနေသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။
သိုလှောင်အိတ် တစ်လုံးထဲတွင် ဟောင်အဆင့် စိတ်စွမ်းအင် ကျောက်တုံးများနှင့် ဝိညာဉ် လမ်းကြောင်းဖွင့် ကျင့်ကြံသူများ အငမ်းမရ လိုချင်နေသည့် စိတ်ဝိညာဉ် ဖြစ်တည်ခြင်း ဆေးလုံးများ ပါသည်ဟု ဆိုကြပါစို့။ အကယ်၍ သူသာ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တွင် ရှိနေပါက သူ့ အတွက် ထိုသိုလှောင်အိတ်မှာ အကောင်းဆုံး အရာ ဖြစ်နေပေလိမ့်မည်။ သို့သော် ယခုတွင် သူက ထိုအရာကို လမ်းမပေါ်တွင် တွေ့လျှင် ကုန်းကောက်ဖို့ရာပင် အာရုံထားမည် မဟုတ်ပေ။
အကယ်၍ ဤသို့ ဆိုပါက ထိုအကျည်းထောင်မှူးက မည်မျှ အားကောင်းနေသနည်း။ သူက မြေကမ္ဘာ အင်မော်တယ် အဆင့်ထက်ပင် ပို၍ အားကောင်း ပေရမည်။
မြေကမ္ဘာ အင်မော်တယ် အဆင့်ကို ကျော်လွန်သွားသော ကျင့်ကြံသူက နောက်ထပ် သီးခြား နယ်ပယ် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ မဟုတ်ပါလော။
လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲတွင် တာအိုဂိတ် ၉၉ ခု ရှိသည့် အတွက် ကျင့်ကြံသူ ၉၉ ယောက်ကို ချူပ်ထား နိုင်ပေလိမ့်မည်။
မိုဝူကျီက တွေးမိလေလေ ပို၍ ဖြစ်နိုင်ခြေ ရှိကြောင်း ခံစားမိလာလေလေ ဖြစ်၏။ သို့သော် မြေကမ္ဘာ အဆင့်ထက် ကျော်လွန်နေသည့် ကျင့်ကြံသူ အတွက် မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံးများသာ ရှိသော ဤကျင့်ကြံသူများကို ပိတ်ထား၍ ဘာအကျိုး ရှိမည်နည်း။
မိုဝူကျီက ခေါင်းပေါက်လုမထွက် စဉ်းစားသော်ငြား အကြောင်းအရင်းကို နားမလည်ချေ။ သူ တစ်ခုတည်းသော အတည်ပြုပြီးသော အရာမှာ လခြမ်းကွေး အင်မော်တယ် နန်းတော်မှာ အကျဉ်းထောင် ဖြစ်ကြောင်း ဖြစ်၏။ တာအိုဂိတ် တစ်ခုချင်းစီမှ ရတနာများက ဤနေရာတွင် အကျဉ်းချခံရသော ကျင့်ကြံသူများမှ ကျန်ရှိခဲ့သော ပစ္စည်းများ ဖြစ်ပေသည်။ ထိုအကျဉ်းသားများ အတွက် အချိန်ကြာလာပြီ ဖြစ်၍ လျော့ပါး သွားလောက်လေပြီ။
မိုဝူကျီက လက်ကို မြှောက်ကာ ပညာရှင် နှလုံးသားကို ပစ်လွှတ်လိုက်သည်။ ထိုမီးလုံးက သံကြိုးများပေါ် ကျရောက်သွားပြီး မိနစ် အနည်းငယ်ကြာ လောင်ကျွမ်း သွားသည်။ သို့သော်လည်း ထိုသံကြိုးများ၌ အပြောင်းအလဲ မရှိချေ။
သူ့ပညာရှင် နှလုံးသားက အားနည်းဆဲ ဖြစ်သော်လည်း အပူချိန်မှာ နတ်ဘုရား ရွှေနေကြာ သတ္တုကိုပင် အရည် ပျော်စေနိုင်၏။ သို့သော်လည်း ဤသံကြိုးများကို တစက်လေးမျှ မပြောင်းလဲ သွားစေပေ။
မိုဝူကျီက အခန်းထဲက ထွက်သွားလိုက်သည်။ သူက လခြမ်းကွေး သော့ နှစ်ချောင်းကို ယူကာ လပြည့်ဝန်း သော့အဖြစ် လုပ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက လှုံဆော်မှုနှင့် တည်နေရာ ခံစားချက်ကို မခံစားမိတော့ပေ။
နောက်တစ်ကြိမ် သူက စိတ်ဝိညာဉ် မျက်လုံးကို အသက်သွင်းလိုက်သည်။ မိုဝူကျီက ဤလမ်းကြောင်းကို ဖြတ်ရန် လေလွတ်မြောက်ရေး နည်းစနစ်ကို အသုံးပြုရန် ကြံရွယ်လိုက်သည်။ နောက်ဆုံး တာအိုဂိတ်မှာ လခြမ်းကွေး အင်မော်တယ် နန်းတော်၏ အနက်ဆုံးအပိုင်းတွင် ရှိမည် ဖြစ်ကြောင်း ခန့်မှန်းမိသည်။ သို့သော် သူ့စိတ်ဝိညာဉ် မျက်လုံး ဖြစ်တည်လာသည်နှင့် သူ့ အမြင်ချင်ဆုံး လူကို မြင်လိုက် ရမည်ဟု လုံးဝထင်မထားပေ။ ထိုသူမှာ ရှားမူ ဖြစ်ပေ၏။
ထိုသူက ကြယ်တာရာ ဘုရင်တောင်ရှိ ကြယ်တာရာ တိုက်ပွဲ ခန်းမသခင် ရှားတန်တောက်၏ သား ဖြစ်ပေသည်။ မိုဝူကျီက ရှားမူကို လူကိုယ်တိုင် မတွေ့ဖူးသော်လည်း ချူချင်းလောင်က သူ့အား ရှားမူ၏ ပုံတူကို ပြဖူး၏။
ချူချင်းလောင်က ရှားမူသည် ချိန်စုယင်ကို ဆူးနစ်လေဂိတ်အတွင်း သွားဖို့ရန် အတင်းဖိအား ပေးခဲ့ကြောင်း ပြောဖူး၍ လက်စားချေလိုသည့် မျိုးစေ့ကား မိုဝူကျီ စိတ်ထဲ ရှင်သန်ကြီးထွား လာပြီ ဖြစ်၏။
ရှားမူကို မြင်သည်နှင့် မိုဝူကျီ စိတ်ထဲမှ လူသတ်ငွေ့များက ပေါက်ကွဲ ထွက်လာသည်။ သူက ရှားတန်တောက်တွင် ထိုသား တစ်ယောက်တည်း မရှိစေရန် မျှော်လင့်မိလိုက်သည်။ မဟုတ်လျှင် ရှားမျိုးနွယ်စုက နောက်ဆုံးမျိုးဆက်ကို ဆုံးရှုံးရတော့မည် ဖြစ်ပေသည်။
မိုဝူကျီက လမ်းကြောင်းနှစ်ခု ဖြတ်သန်းပြီးနောက် ရှားမူနှင့် မနီးမဝေးသို့ နေရာသို့ ရောက်ရှိလာသည်။ သူ မလှုပ်ရှားခင် ရှားမူက ဖက်ပေါင်းစုံကို ကြည့်နေပြီး တစ်ချိန်တည်းဆိုသလို “ဦးလေး ကွမ်းယွမ် ... ဦးလေး ကွမ်းယွမ်း ” ဟု ခေါ်နေလေ၏။
မိုဝူကျီက အလျင်အမြန် ရပ်လိုက်ရသည်။ ဤလူတွင် အမှန်တကယ် သက်တော်စောင့် ပါရှိနေသေး၏။ ရှားမူ ကိုယ်တိုင်က စစ်မှန်ခြင်း နတ်ဘုရား အလယ်အလတ်အဆင့် ဖြစ်သည့် အတွက် ရှားမူ၏ သက်တော်စောင့် ဖြစ်သည့် ဦးလေးကွမ်းယွမ်မှာ လောက အင်မော်တယ် အဆင့် ဖြစ်ပေလိမ့်မည်။
မိုဝူကျီက လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲတွင် ရှားတန်တောက်က ရှားမူကို အဘယ်ကြောင့် တစ်ယောက်တည်း လွတ်သည့် အကြောင်းကို တွေးမိနေတာ ဖြစ်၏။ လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲ၌ စစ်မှန်ခြင်း နတ်ဘုရား အလယ်အလတ် အဆင့် ကျင့်ကြံသူက ဘာဆိုဘာမျှ မဟုတ်ကြောင်း သိသင့်ပေသည်။ တကယ်တမ်းတော့ ထိုလူတွင် လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ၏ အကာအကွယ် ရှိနေသည် မဟုတ်ပါလော။
သို့သော်လည်း မိုဝူကျီ၏ စိတ်ဝိညာဉ် မျက်လုံးဖြင့် ရှာစေကာမူ သူက ပတ်ဝန်းကျင်တွင် တစ်ယောက်မျှ မမြင်မိပေ။ သို့သော် ရှားမူ ပုံပန်းသွင်ပြင်အရ သူက လျှောက်ခေါ်နေခြင်းနှင့် မတူပေ။ ဦးလေးကွမ်းယွမ်မှာ သူ့အနီးအနားတွင် မကြာသေးခင်အထိ ရှိခဲ့ဟန် ပေါ်သည်။
အကြိမ်အနည်းငယ် ခေါ်ဆိုပြီးနောက် တုံ့ပြန်မှု မရှိသည့်အခါ ရှားမူက လခြမ်းကွေး သော့ကို ထုတ်ယူကာ သတိတကြီး ရှေ့လှမ်းသွားတော့သည်။
မိုဝူကျီက နားလည်သွားတော့သည်။ ဤနေရာမှာ ရိုးရိုးတမ်းတမ်း ပုံရိပ်ယောင် အစီအရင် အောက် ကျရောက်နေခြင်း မဟုတ်ပေ။ ပတ်ဝန်းကျင်၌ ကူးပြောင်းရေး အစီအရင် များလည်း ရှိနေသေး၏။ လခြမ်းကွေး သော့များနှင့် သူများအပေါ် သက်ရောက်မှု မရှိသော်လည်း သော့မပါရှိသည့် သူ အတွက် တစ်နေရာကို ချက်ချင်း ဆိုသလို ပို့ဆောင်ခံလိုက်ရမည် ဖြစ်သည်။
ထိုဦးလေးကွမ်းယွမ်မှာ တခြား တစ်နေရာသို့ ရောက်ရှိသွားခြင်း ဖြစ်ရမည်။ မိုဝူကျီကို အံ့ဩ သွားစေသည်က ရှားမူတွင်လည်း လခြမ်းကွေး သော့ တစ်ချောင်း ရှိနေခြင်း ဖြစ်သည်။
မိုဝူကျီက ပြေးဝင်လိုက်သည်။ ရှားမူ၏ ကျင့်ကြံဆင့်မှာ သူ့ထက် အနည်းငယ် မြင့်သောကြောင့် မိုဝူကျီ ချဉ်းကပ် လာသည်နှင့် သူက ခံစားမိလိုက်သည်။ သူက ဘာမျှ မလုပ်နိုင်ခင် မိုဝူကျီ၏ လျှပ်စီးဓားသွားက လေဟုန်ခွင်း၍ ရှားမူ ခါးဆီ တစ်ဟုန်ထိုး သွားနေသည်။
ရှားမူ၏ ကျင့်ကြံဆင့်မှာ မိုဝူကျီထက် အနည်းငယ် မြင့်သော်လည်း စွမ်းဆောင်ရည် အားဖြင့် သူက တကယ် မယှဉ်နိုင်ချေ။ ထို့အပြင် မိုဝူကျီက သူ့ကို ချောင်းမြောင်း တိုက်ခိုက်လိုက်ခြင်း ဖြစ်ပေသည်။ ရှားမူက မိုဝူကျီ၏ လျှပ်စီး ဓားချက်ကြောင့် မြေပြင်ပေါ်သို့ လဲသွားကာ သူ့တွင် အခွင့်အရေးပင် မရှိလိုက်ချေ။
“မင်းလား ”
ရှားမူက မိုဝူကျီကို ချက်ချင်း မှတ်မိလေ၏။
အရင်တစ်ခါ မိုဝူကျီကို သူ့ဖခင် အပါအဝင် အဆင့်မြင့် ကျင့်ကြံသူများစွာ ဝန်းရံခံထားရစဉ်က ရှားမူက မြင်လိုက်ရခြင်း ဖြစ်သည်။
“ငါ့ဇနီးက မင်းကြောင့် ဆူးနစ်လေဂိတ်ထဲ ရောက်သွားခဲ့တာ မလား ... ”
မိုဝူကျီက ဖြည်းဖြည်းချင်း လမ်းလျှောက်လာကာ ရှားမူ လက်ထဲမှ လခြမ်းကွေး သော့ကို လုယူလိုက်သည်။ ရှားမူ၏ သိုလှောင်လက်စွပ် အတွက် မိုဝူကျီက ထိတောင်မထိပေ။ ရှားမူက ကြယ်တာရာ တိုက်ပွဲ ခန်းမသခင်၏ ချစ်လှစွာသော ကလေး ဖြစ်သောကြောင့် သေချာပေါက် ခြေရာခံ အမှတ်အသားများ ထည့်သွင်းထားလိမ့်မည်။
တကယ်တော့ မိုဝူကျီက ရှားတန်တောက်၏ စွမ်းဆောင်ရည်ကို မကြောက်ပေ။ သို့သော် ရှားတန်တောက်လည်း လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲ ရောက်နေသည့် အတွက် မိုဝူကျီက ထိုသို့ အဆင့်မြင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရင်း အချိန်မဖြုန်းလိုပေ။ သူ့ စွမ်းအား မြင့်လာသည့်အချိန်ကျ သူကိုယ်တိုင် ရှားတန်တောက်ကို သွားရှာမည် ဖြစ်သည်။
“ငါက ကြယ်တာရာ တိုက်ပွဲခန်းမသခင်ရဲ့ တစ်ဦးတည်းသော သား ဖြစ်သလို နောင်အနာဂတ် ကြယ်တာရာ ဘုရင်တောင်ရဲ့ အမွေဆက်ခံသူပဲ။ ငါ့ကို မသတ်ဖို့ အကြံပေးလိုက်မယ်။ မဟုတ်ရင် မင်းလည်း လခြမ်းကွေး အင်မော်တယ် နန်းတော်က လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ မင်း ငါ့ကို တိုက်ဖို့ လက်လျော့ရင် အဲဒီလခြမ်းကွေး သော့က မင်းအပိုင်ပဲ။ ငါ ကျိန်ဆိုပါ့မယ် ... ”
ရှားမူက မိုဝူကျီ မေးခွန်းကို ရှောင်ဖြေသလို အဓိက သေကွင်းနေရာများလည်း ရှောင်ရှားရင်း လေသံမှာ တည်ငြိမ်နေ၏။ သူ့ စကားမဆုံးခင် သူ့ခေါင်းမှာ မိုဝူကျီ ခြေအောက် ကျရောက်သွားလေသည် “ငါ မင်းကို မေးခွန်းရိုးရိုးလေး မေးတာကို ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ ”
ရှားမူ စိတ်ထဲ လေးလံသွားလေသည်။ သူက ရှားကွမ်းယွမ်သည် တစ်နေရာမှ ချက်ချင်း ပေါ်လာရန်သာ ဆုတောင်းနေမိသည်။ သူက မည်သို့ ဖြေရှင်းရမည်ကို တွေးတောနေစဉ် မိုဝူကျီ စကားကို ကြားလိုက်ရသည် “မင်းက ဘာမှ မပြောချင်မှတော့ ထားလိုက်တော့ ... ”
“မဟုတ်ဘူး။ ငါ ... ငါ ပြောမယ် ... ” ရှားမူက တုန်တုန်ယင်ယင် ပြောလိုက်သည်။ သို့သော် မိုဝူကျီက အခွင့်အရေး မပေးဘဲ ရှားမူ ဦးခေါင်းကို အားနှင့် တက်နင်းချလိုက်သည့် အတွက် အသားရေများ ထွက်လာလေ၏။
ရှားမူနှင့် မနီးမဝေးတွင် ရှိနေသည့် ရှားတန်တောက်က တစ်စုံတစ်ခုကို ခံစားမိဟန် ပေါ်သည်။ သူက ခေါင်းမော့ရင်း လေးဖက်လေးတန် အာရုံ ခံကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို မိုဝူကျီဆီ ရူးသွပ်နေသည့် အမူအရာဖြင့် တစ်ဟုန်ထိုး ပြေးလာလေသည်။
မိုဝူကျီနှင့် သူက နီးကပ်လာသောလည်း သူ့ အတွက် ကံဆိုးလှစွာ လမ်းကြောင်း တစ်ခုက ပိတ်ခံထားလေသည်။ သူက မိုဝူကျီကဲ့သို့ လမ်းကြောင်း၏ ပုံရိပ်ယောင် အစီအရင် ကို မြင်နိုင်ရန် နည်းလမ်း မရှိချေ။
မိုဝူကျီက လေအေးများ မှုတ်ထုတ် လိုက်တော့သည်။ သူ့စိတ်ထဲ၌ တိတ်တဆိတ်သာ ရေရွတ် လိုက်တော့သည်
“စုယင်ရေ ... ကိုယ် မင်း အတွက် နည်းနည်း လက်စား ချေပေးနိုင်ခဲ့ပြီ ... ”
သူက ရှားမူအလောင်းကို ဖျက်စီးမည့်ဆဲဆဲ၌ ယန်ဖင်းကျီ ချဉ်းကပ်လာသည်ကို စိတ်ဝိညာဉ် မျက်လုံးက မြင်လိုက်ရသည်။ ယန်ဖင်းကျီ အမြန်နှုန်းဖြင့် ဤနေရာကို ရောက်ရှိလာဖို့ရာ အသက်ရှိုက်စာ အနည်းငယ်သာ ကြာမြင့်လိမ့်မည်။
ယန်ဖင်းကျီက လောက အင်မော်တယ် အဆင့် ဖြစ်၏။ မိုဝူကျီက တွေဝေမနေဘဲ မြန်မြန် နောက်ဆုတ်လိုက်တော့သည်။ ရှားမူ၏ သော့က သူ့ကို နောက်ထပ် တစ်နေရာ လှုံဆော်ပေးနေသည်။
မိုဝူကျီက သူနှင့် နှစ်လမ်းအကွာက ရှားတန်တောက်ကို မမြင်ပေ။ အကယ်၍ သူ မြင်ပါက သူ့အကျင့်စရိုက်အရ သူက ယန်မျိုးနွယ်စုနှင့် ရှားမျိုးနွယ်စုကြား ရန်ငြိုးကို ဖန်တီးပေးမည် ဖြစ်သည်။
မိုဝူကျီ ထွက်သွားပြီး မကြာမီတွင် ယန်ဖင်းကျီက ရှားမူ အလောင်းနား ရောက်လာလေသည်။
“ဒါက ရှားမျိုးနွယ်စုရဲ့ ရှားမူ မလား။ ဘယ်သူက သူ့ကို သတ်ဖို့ သတ္တိကောင်းနေတာလဲ ... ” ယန်ဖင်းကျီက သေနေသည့် ရှားမူကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။ ထို့နောက် သူက ခါးကုန်းလိုက်ပြီး မိုဝူကျီ လျှပ်စီးဓားသွားကြောင့် ပြတ်သွားသည့် ခါးနေရာကို လက်ဖြင့် စမ်းမိသွားသည်။
“ဒါက မိုဝူကျီ လက်ချက်ပဲ ” ယန်ဖင်းကျီ မျက်လုံးတွင် လူသတ်ငွေ့များ ကြီးစိုးနေလေ၏။ သူက ခေါင်းကို မော့ကာ မိုဝူကျီ ထွက်ပြေးသွားသည့် ဦးတည်ရာကို တစ်ချက်ကြည့်ပြီးနောက် လိုက်ပါသွားတော့သည်။
မိုဝူကျီ၏ စိတ်ဝိညာဉ် မျက်လုံးက ယန်ဖင်းကျီ လိုက်ပါလာသည်ကို မြင်လိုက်ရသည်။ သူ့စွမ်းရည်က ယန်ဖင်းကျီနှင့် ရင်ဆိုင်နိုင်လောက်သည့်အထိ မစွမ်းသေးပေ။ မဟုတ်လျှင် သူက လောက အင်မော်တယ် အဆင့်ကို သတ်ရန် မမှူပေ။
အကယ်၍ ပြင်ပလောကတွင် ဖြစ်ပါက မိုဝူကျီက လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ အလိုက်ခံရလျှင် ကူကယ်ရာ မဲ့နေလောက်ပေသည်။ သို့သော် လခြမ်းကွေး အင်မော်တယ် နန်းတော် ဖြစ်သည့် အတွက် သူက ယန်ဖင်းကျီကို ရှောင်ဖို့ရန် နောက်လမ်းကြောင်း တစ်ခုကို သွားဖို့သာ လိုအပ်သည်။
လခြမ်းကွေး အင်မော်တယ် နန်းတော်၏ ပုံရိပ်ယောင် အစီအရင် ကို မိုဝူကျီပင် အပြည့်အဝ နားမလည်သေးပေ။ သို့သော် ထိုအရာက အရေးမကြီးပေ။ သူ့စိတ်ဝိညာဉ် မျက်လုံးက အစီအရင် နယ်ပယ်ကို မြင်နိုင်သရွေ့ လုံလောက်ချေပြီ။
အမွှေးတိုင် တစ်ဝက်အကြာတွင် မိုဝူကျီက ရှားမူ၏ လခြမ်းကွေး သော့ကို အသုံးပြုပြီး နောက်ထပ် တာအို ဂိတ်တံခါးကို ဖွင့်လိုက်သည်။ ယခင်ဂိတ်တံခါးကဲ့သို့ သံကြိုး၊ ကျောက်စားပွဲနှင့် တူညီသော အကြမ်းထည် လက်ဖက်ရည်ခွက်များကို မြင်လိုက်ရသည်။ ဤတစ်ကြိမ်တွင် မိုဝူကျီက မည်သို့ ရှာရှာ ဘာလက်စွပ်မျှ ရှာမတွေ့ပေ။
ဒီနေရာက လက်စွပ်ကို ယူသွားပြီးပြီလား ... မိုဝူကျီက ခါးကုန်းကာ သံကြိုးကို သူ့စိတ်စွမ်းအားဖြင့် စစ်ဆေး ကြည့်လိုက်သည်။ ထိုသံကြိုးများမှာ ယခင်သံကြိုးများနှင့် အတူတူ ဖြစ်လေသည်။ သို့သော် တစ်ခုတည်းသော ခြားနားချက်မှာ ဤတစ်ခု၌ ဖုံးကွယ်မရသည့် လူသတ်ငွေ့ အရိပ်အယောင်များ ရှိမနေပေ။
ဤနေရာတွင် ဘာမှ မရှိသောကြောင့် မိုဝူကျီက ရှာဖွေပြီး အချိန်မဖြုန်းနေတော့ပေ။ လမ်းကြောင်းများ အဆုံးကိုသာ တရှိန်ထိုး ပြေးသွားလိုက်တော့သည်။
လခြမ်းကွေး အင်မော်တယ် နန်းတော်မှာ ဝင်္ကပါနှင့် တူပြီး လမ်းကြောင်းပြီး လမ်းကြောင်း ဖြစ်နေသည့် အပြင် အမျိုးမျိုးသော ပုံရိပ်ယောင် အစီအရင် များလည်း ရှိနေသေးသည်။ သာမန် လူတစ်ယောက် အတွက် လမ်းကြောင်းကို အဆုံးထိ လာဖို့ရာက မဖြစ်နိုင်ပေ။
အကယ်၍ မိုဝူကျီက သူ့စိတ်ဝိညာဉ် မျက်လုံးကို အသက်မသွင်းနိုင်ပါက သူလည်း အဆုံးထိ ရောက်လာမည် မဟုတ်ပေ။ ထိုလမ်းကြောင်းများ၌ အမျိုးမျိုးသော ပုံရိပ်ယောင်များ ရှိနေသည့် အတွက် သူ လမ်းမပျောက်ခင် လမ်းတစ်ဝက် အထိတော့ ရောက်နိုင်ကောင်း၏။
လမ်းတစ်လျောက်လုံး သူက လေလွတ်မြောက်ရေး နည်းစနစ်နှင့် လှုပ်ရှားလာရသည်။ သူ့ စိတ်ဝိညာဉ် မျက်လုံး အကူအညီဖြင့် မိုဝူကျီက မရပ်မနား နေ့တစ်ဝက် သွားခဲ့ရသည်။
သူ့ရှေ့တွင် ရှိနေသည်က အနီရောင်လပြည့်ဝန်းဂိတ်တံခါးကြီး ဖြစ်ပေသည်။ ထိုဂိတ်တံခါး၏ သော့ပေါက်မှာ လပြည့်ဝန်းသော့ ဖြစ်၍ သူ့လက်ထဲတွင် ရှိနေသည့်အရာနှင့် အတူတူ ဖြစ်၏။
မိုဝူကျီက တံခါးကို ချက်ချင်း မဖွင့်သေးဘဲ ဂိတ်တံခါး အပေါ်ဘက်ကို ကြည့်လိုက်မိသည်။ ထိပ်တွင် စကားလုံး အကြီးကြီးများ ရှိနေလေ၏
“ယုံရင် ၁၁ခုမြောက် အကျဉ်းထောင်၊ လခြမ်းကွေး အကျဉ်းထောင်” ဟူ၍ ဖြစ်သည်။
ဘယ်ကလာ လခြမ်းကွေး အင်မော်တယ် နန်းတော် ဖြစ်မှာလဲ ...
ဤနေရာက အမှန်ပင် အကျဉ်းထောင် ဖြစ်ကာ နာမည်ကိုပင် လခြမ်းကွေး အကျဉ်းထောင် ဟူ၍ ပေးထားသေးသည်။ ယုံရန် အတွက် တော့ မည်သည့် နေရာမျိုး ဖြစ်နေနိုင်မလဲ ...
***