← Chapters

အဖွဲ့မှ အတော်ဆုံးသူ

Vol. 64 Ch. 899

အဖွဲ့မှ အတော်ဆုံးသူ

Vol. 64 Ch. 899

စုချန်းရန်၏ အင်မော်တယ် ဒေါသမီးလျှံကြာပန်းသည် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်မှ ရရှိလာသော အမွေအနှစ် ဖြစ်သည်။

သူမသည် ပါရမီရှင် ကျင့်ကြံသူဟု ဆိုကြသည့်အတိုင်း အင်မော်တယ် ဒေါသမီးလျှံကြာပန်း၏ စွမ်းအင်အရင်းအမြစ်အား မီးလျှံစွမ်းအင်မှ လစွမ်းအင်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ထို့ကြောင့် သူမသည် တိုက်ခိုက်မှုအား အေးအေးဆေးဆေး ပြုလုပ်နိုင်သွားသည်။

အဖြူနှင့်အပြာ ကြာပန်းအားကြည့်ကာ အန်လင်းမှာ အန္တရာယ် အငွေ့အသက်အား ပထမဆုံးအကြိမ် ရရှိလိုက်သည်။

ကြာပန်းမှာ ရုတ်ချည်းဆိုသလို ပေါက်ကွဲသွားလေသည်။

အကန့်အသတ်မဲ့သော လစန္ဒာ စွမ်းအင်များသည် အဖြူရောင် ရောင်စဉ်ကွင်းများအဖြစ် ထွက်ပေါ်လာကာ အရာအားလုံးကို လောင်ကျွမ်းသွားစေသည်။

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များကြောင့် ငါးကီလိုမီတာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်သည်ပင် တုန်ခါသွားရသည်။

ပေါက်ကွဲမှုအလယ်တွင် မျက်စိကျိန်းရလောက်အောင် တောက်ပသော လစန္ဒာစွမ်းအင်များ ရှိနေပြီး ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအင်မှာ ကမ္ဘာပေါ်ရှိ အရာရာတိုင်းကို တိုက်စားပစ်နိုင်သည်။

အပြာရောင် စွမ်းအင်သည် အေးခဲခြင်းဖြစ်ကာ အဖြူရောင် စွမ်းအင်မှာ သန့်စင်ခြင်းနှင့် ချေဖျက်ခြင်း ဖြစ်သည်။ ထိုစွမ်းအင်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားနေပြီး အန်လင်းထံ တပြိုင်နက် ရောက်ရှိလာသည်။

ကျောက်စိမ်းဖြူကွင်းပြင်မှ ကျောင်းသားများမှာ အသက်ပြင်းပြင်းရှူရင်း သလင်းကျောက် မျက်နှာပြင်ပေါ်မှ အမျိုးသမီးအား ငေးမောကြည့်ရှုနေကြသည်။

"နတ်ဘုရားမလေးစုက အရမ်းကြမ်းတာပဲ။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေထဲမှာ အဲ့လောက်တော်တဲ့သူ မမြင်ဖူးသေးဘူး။"

"နတ်ဘုရားအန်ကို မင်းမေ့သွားတာလား။"

"မိစ္ဆာဘုရင် ထုတ်ပယ်ခံရတော့မယ်လို့ ထင်လား။"

"မဖြစ်နိုင်ဘူး။ စီနီယာကျောင်းသား အန်လင်းကို လွယ်လွယ်အနိုင်ယူလို့ ရမှာတဲ့လား။ ဒါပေမယ့် တော်တော်လေးတော့ ထိသွားလောက်တယ်။"

ထိုအချိန်တွင် အနက်ရောင် ဓားပုံရိပ်တစ်ခုမှာ လစန္ဒာ စွမ်းအင်များအား ခုတ်ပိုင်းပစ်လိုက်သည်။

အန်လင်းသည် ခြစ်ရာမျှပင် မထင်ပဲ အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။ အံ့အားသင့်ဖွယ် အရှိန်အဝါများ ဖြာထွက်နေသော ဝတ်ရုံနက် တစ်ခုကိုလည်း လွှမ်းခြုံထားသေးသည်။

အဆုံးမဲ့ညဓားကွက်..........

သူ၏အနီးတွင် ရှိနေသော ပါရမီရှင် ကျောင်းသားကျောင်းသူများအားလုံး မျက်နှာပျက်သွားကြပြီး သလင်းကျောက် မျက်နှာပြင်မှတဆင့် စောင့်ကြည့်နေသူများသည်ပင် ဖော်ပြမရနိုင်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းတို့အား အစစ်အမှန် မိစ္ဆာဘုရင်မှ ဖိနှိပ်လိုက်သလိုပင်။

ထိုအချိန်တွင် ဉာဉ့်ကောင်းကင်ယံမှ တောက်ပသော အလင်းများ ဖြာထွက်လာသည်။

လျှပ်စီးများ ဝန်းရံနေသော လှံတစ်ချောင်းသည် နဂါးတစ်ကောင်အလား အန်လင်း၏ နှလုံးသားတည့်တည့်သို့ အရှိန်အဟုန်ဖြင့် ပျံဝဲလာသည်။

"အဲ့ဒါ ပဉ္စမနှစ်က စီနီယာကျောင်းသား ဇူချူးပင်ပဲ။"

ကျောင်းသားကျောင်းသူအချို့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ဇူချူးပင်ရဲ့ လှံသိုင်းကွက်တွေက လုံးဝပြိုင်ဘက်ကင်းနော်။ စီနီယာကျောင်းသား ထျန်းရှီမန်တောင် မနိုင်ဘူးတဲ့။"

"ဇူချူးပင်ကိုကြည့်ရင်း ဝမ်ရွှမ်ကျန်းကိုတောင် သတိရမိတယ်။"

ဇူချူးပင်သည် ထျန်းရှီမန်ထက်စောကာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ခြေလှမ်းတဝက် ရောက်ရှိခဲ့ပြီး ပဉ္စမနှစ် ကျောင်းသားကိုယ်စားပြု ဖြစ်လာသောကြောင့် အတော်များများမှာ သူ့အားလေးစားကြသည်။

သို့သော် စောင့်ကြည့်နေသူများအားလုံး ရှေ့တွင်ပင် အန်လင်းသည် ကြည့်ပင်မကြည့်ပဲ ဓားအားပစ်လွှတ်လိုက်သည်။

"လစ်စမ်းပါ။"

အနက်ရောင် ဓားပုံရိပ်သည် ကောင်းကင်နှင့်မြေပြင်ကိုပင် ဝါးမြိုပစ်တော့မည်ဟု ထင်မှတ်ရပြီး ပတ်ဝန်းကျင် တခွင်လုံးကို အမှောင်ထု လောကတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။ လျှပ်စီးလှံမှာ ဓားပုံရိပ်၏ ဖိအားကို ခံနိုင်ရည် မရှိပဲ လွင့်ထွက်သွားတော့သည်။

"အား.........."

ဇူချူးပင် နာကျင်စွာ အော်ဟစ်ရင်း ဓားပုံရိပ်၏ ဝါးမြိုမှုအား ခံလိုက်ရသည်။

၎င်း၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ပေါ်ထွက်လာလေသည်။

ကျောင်းသားကျောင်းသူများမှာ ထိုအလင်းများအားကြည့်ကာ တိတ်ဆိတ်သွားကြရသည်။

ပဉ္စမနှစ်၏ ထိပ်တန်းအဆင့် ကျောင်းသား စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ခြေလှမ်းတဝက်မျှ ရောက်ရှိနေသော ဇူချူးပင်မှာလည်း ထုတ်ပယ်ခံလိုက်ရလေပြီ။

ထိုအချိန်မှာပင် မြင့်မြတ်သော အဖြူရောင်မီးတောက်များ ဖြာထွက်လာကာ အနက်ရောင် ဓားပုံရိပ်အား ဆုတ်ဖြဲပစ်လိုက်သည်။

အဖြူရောင်မီးတောက်များနှင့်အတူ ကျောက်စိမ်းဝတ်စုံနှင့် ကောင်းကင်နတ်မိမယ်တစ်ပါး ပေါ်ထွက်လာသည်။

လှပသော ထိုမိန်းမပျိုသည် ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒများ ထွက်ပေါ်နေသော နဂါးစာကလေးဓားအား ကိုင်ဆောင်ထားသည်။

လူအများသည် ချက်ချင်းဆိုသလိုပင် ဇူချူးပင်အား မေ့လျော့သွားကြသည်။

စောင့်ကြည့်နေကြသော ကျောင်းသားကျောင်းသူများမှာ လှပလွန်းသော ထိုမိန်းမပျိုကိုသာ ငေးမောနေမိကြတော့သည်။

သူမသည် အန်လင်းအား အနိုင်တိုက်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက် စုရှောင်လန်ပင်။

အားလုံး စောင့်မျှော်နေကြသော သူရဲကောင်းမလေးလည်း ဖြစ်သည်။

"ဗာမီလီယမ်ငှက်........ နတ်ဘုရားသတ်ဖြတ်ခြင်း......."

ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာသည်။

စုရှောင်လန်၏ နဂါးစာကလေးဓားထံမှ အဖြူရောင်မီးတောက်များ ဖြာထွက်လာကာ အန်လင်းအား တွန့်ဆုတ်မှုမရှိ ခုတ်ချလိုက်သည်။

သူမ၏ တိုက်ခိုက်မှုသည် ဗာမီလီယမ်ငှက်တစ်ကောင်မှ ကောင်းကင်နှင့်မြေပြင်အား ဖျက်စီးလိုက်သလို ထင်မှတ်ရလေသည်။

ကြောက်မက်ဖွယ် အပူချိန်ကြောင့် မြေပြင်တွင်လည်း ပက်ကြားအက်များ ဖြစ်ပေါ်လာသည်။

တောင်ကုန်းငယ်လေးများဆိုလျှင် ပြာကျကာ ကမ္ဘာကြီး၏ တည်ရှိမှုမှ ပယ်ဖျက်ခံလိုက်ရသည်။

ကျောက်စိမ်းဖြူကွင်းပြင်ရှိ ကျောင်းသားကျောင်းသူများသည်ပင် စုရှောင်လန်၏ တိုက်ခိုက်မှုအားကြည့်ကာ ထိတ်လန့်လာကြသည်။

ဒါက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ တိုက်ခိုက်မှုရော ဟုတ်ရဲ့လား............

"ငါတို့အားလုံးက ကောင်းကင်ဘုံခုံရုံးရဲ့ ကျောင်းသားကျောင်းသူတွေပဲလေ။ ဘာလို့ နတ်ဘုရားမစုက ငါတို့နဲ့ အများကြီး ကွာခြားနေရတာလဲ။"

"စိတ်တောင်ပူမိတယ်။ နတ်ဘုရားအန် ဒုက္ခရောက်တော့မှာလား။"

"မ........ မပြောတတ်ဘူး။ စီနီယာကျောင်းသား အန်လင်းက သူမအပေါ် ဖောက်ပြန်ထားလို့များလား။ ဘာလို့ အဲ့လောက်ကြမ်းတဲ့ တိုက်ကွက်ကို ထုတ်ရတာလဲ။"

"နတ်ဘုရားအန် အဆင်ပြေမှာပါ။ သူက လိပ်အန်လင်းပဲလေ။ သူ့ရဲ့ ခုခံကာကွယ်ရေးက အံ့မခမ်းပဲ။"

ကျောင်းသားကျောင်းသူများမှာ စိတ်လှုပ်ရှားစွာဖြင့် အပူတပြင်း ဆွေးနွေးနေကြသည်။

ယခုကဲ့သို့ တိုက်ပွဲအား တိုက်ရိုက်ကြည့်ရှုရသည်မှာ ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ရသည်ထက်ပင် စိတ်လှုပ်ရှားစရာ ကောင်းသေးသည်။

မြင့်မြတ်မီးတောက် ပင်လယ်ကြောင့် တစ်ကီလိုမီတာ ပတ်ဝန်းကျင်ရှိ လေထုများအားလုံး တွန့်လိမ်နေရသည်။

စုရှောင်လန်သည် ကခုန်နေသော မီးတောက်များနှင့်အတူ ကောင်းကင်ထက်မှ ကျဆင်းလာသည်။

ကောင်းကင်ထက်တွင် ရှိနေသော အပြာရောင်ဝတ်စုံနှင့် စုချန်းရန်သည် အင်မော်တယ် ဒေါသမီးလျှံကြာပန်းအား ထပ်မံပြုလုပ်လိုက်သည်။

ယောင်မင်ရှီနှင့် ယောင်ရှိုးတို့၏ အရှိန်အဝါများမှာလည်း အထွဋ်အထိပ်သို့ ရောက်ရှိလာသည်။

ကျူးရှောင်ကျဲ၏ ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်၌ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ မြင့်တက်လာသည်။

"ကစားမနေနဲ့တော့ အန်လင်း........ ငါနဲ့လာတိုက်စမ်းပါ။"

စုရှောင်လန် စကားဆိုလိုက်သည်။

ဝုန်း............

အနက်ရောင် အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ မြင့်မြတ်မီးတောက်များအား ဖြိုခွင်းပစ်လိုက်သည်။

အန်လင်း၏ အဝတ်အစားများ ဆုတ်ပြဲကာ ဆံပင်များ ပုံပန်းမကျ ဖြစ်နေပါသော်လည်း ခပ်ဖွဖွ ပြုံးနေလေသည်။

"ရှောင်လန်လေး.......... စစချင်း ဆောက်နဲ့ထွင်းတာတော့ မကောင်းဘူးနော်။"

စုရှောင်လန် တောက်ပစွာ ပြုံးလိုက်သည်။

"ဒါက ဘာမှမဟုတ်ပါဘူး။ အသေးစား တိုက်ကွက်လေးပဲကို။"

အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။

"စိတ်မကောင်းပါဘူး။ ဒါပေမယ့် အင်မော်တယ် အဆင့်သတ်မှတ်ချက်မှာ ပထမနေရာကို ကိုယ်ရမှဖြစ်မယ်။"

စုရှောင်လန်၏ မျက်ဝန်းများမှာ တိုက်ပွဲစိတ်ဆန္ဒများ ပြည့်နှက်နေသည်။

"ကောင်းတာပေါ့။ နင့်ဆီကနေ ဒီလိုစိတ်အားထက်သန်မှုမျိုး လိုချင်တာ။ မဟုတ်ရင် တိုက်ပွဲက ပျော်စရာကောင်းမှာ မဟုတ်ဘူး။"

၎င်းတို့နှစ်ဦးမှာ မျက်နှာချင်းဆိုင် ရှိနေကြသည်။

"ကြောက်စရာကောင်းလိုက်တာ။"

ယောင်ရှိုးမှာ ခန္ဓာကိုယ်ပင် တုန်ယင်လာရသည်။

ယောင်မင်ရှီမှာလည်း အန်လင်းအား ငေးမောကြည့်ရှုနေသည်။

"ဒါက ငါတို့အားကျရတဲ့သူပဲ။ ဘယ်လောက်တောင် အရှိန်အဝါ ကြီးမားလိုက်သလဲ။"

အဝေးတစ်နေရာတွင် ရှိနေသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသား တစ်ဦးမှာလည်း အသားများ တဆတ်ဆတ် တုန်နေသည်။

"ကျောင်းသားနည်းနည်းပဲကျန်တာ ထားပါတော့။ အားလုံးက အန်လင်းကို ဝိုင်းသမနေတာလား။"

"မဟုတ်သေးဘူး။ အဲ့ဒါ စည်းကမ်းနဲ့ မညီဘူးလေ။ ဆရာဆရာမတွေ ဘာမှမလုပ်ကြဘူးလား။"

"ထူးဆန်းတယ်။ အားလုံးက ထူးဆန်းနေတယ်။"

ထိုသည်မှာ တောင်ထွဋ်တစ်ထောင်တောအုပ်၏ ဗဟိုဒေသသို့ ရောက်ရှိလာသော ထျန်းရှီမန် ဖြစ်သည်။

သူသည် စိတ်ဆင်းရဲနေဟန်ဖြင့် ကောင်းကင်အား မော့ကြည့်လိုက်သည်။

"ငါသိသားပဲ။ ဒါက ပြိုင်ပွဲ အတုကြီးဆိုတာ......."

All Chapters