ပါရမီရှင်များကို ဖမ်းထားသည့်နေရာ
Vol. 26 Ch. 348
မိုဝူကျီက လပြည့်ဝန်းသော့ကို အနီရောင် လပြည့်ဝန်း ဂိတ်တံခါး သော့ပေါက်ထဲ ထည့်လိုက်သည်။ ချောက်ကနဲ အသံနှင့်အတူ တံခါးကား အလိုလို ပွင့်လာလေသည်။ လပြည့်ဝန်းသော့ မြေပြင်ပေါ် မကျခင် မိုဝူကျီက သော့ကို ဖမ်းယူလိုက်သည်။
သူ့ရှေ့တွင် သေးငယ်သော ခြံ၀င်းလေး ရှိနေပြီး ထိုခြံ၀င်း အလယ်တွင် ကုန်းအပုလေး ရှိနေသည်။ သို့သော်လည်း ထိုမြေပေါ်၌ ဝိညာဉ် အပင်များ ပေါက်ရောက်နေခြင်း မရှိချေ။ ထိုမြေကို ပစ်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၍ ကျတ်တီးမြေ ဖြစ်လာဟန် ပေါ်သည်။ ထိုကျတ်တီးမြေ အလယ်တွင် ကျောက်လမ်းလေး တစ်ခု ပါရှိပြီး ထိုလမ်းကြောင်းမှာ လေသာဆောင်တစ်ခုကို ဦးတည်ထားခြင်း ဖြစ်ပေသည်။ ထိုလေသာဆောင်နောက်တွင်ကား အိမ်တစ်လုံး ရှိပေ၏။
မိုဝူကျီက သွားကြည့်မည့် ဆဲဆဲတွင် သူ့နောက်မှ တံခါးက ရုတ်တရက် ပြန်ပိတ်သွား၏။ သူ့လက်ထဲတွင် လပြည့်ဝန်းသော့ ရှိနေကြောင်း မြင်၍ မိုဝူကျီက ဂရုမစိုက်တော့ချေ။ သူက နောက်တစ်ခါ ပြန်ဖွင့်၍ ရသေးသည်။
မိုဝူကျီက ကျောက်လမ်းကို ဖြတ်၍ လေသာဆောင်ဆီ ရောက်ရှိလာသည်။ လေသာဆောင်ကို ဝင်လိုက်ပြီးနောက် မိုဝူကျီက ဘေးတွင် အလောင်းတစ်လောင်း ရှိနေကြောင်း တွေ့လိုက်ရသည်။
အလောင်းများ ပျောက်ကွယ်သွားသော ထိုအကျဉ်းထောင်များနှင့် ခြားနားလှပေသည်။ ဤအလောင်းမှာ အပြည့်အစုံ ရှိနေသေးသည်ဟု ယူဆ၍ ရပေသည်။ အရိုးခြောက်မှ ဖျော့တော့တော့ ရွှေရောင်များ ထုတ်လွှင့်နေသေး၏။ ဤအလောင်း၏ ကျင့်ကြံဆင့်မှာ မရိုးရှင်းကြောင်း သိသာလှသည်။ သူက မြေကမ္ဘာ အင်မော်တယ် အဆင့်တွင်ပင် ရှိနေနိုင်သည်။
မိုဝူကျီက ငုံ့ကာ အလောင်းကို သေချာ စစ်ဆေး ကြည့်လိုက်သည်။ အလောင်းတွင် သိုလှောင် လက်စွပ် ဒါမှမဟုတ် ရတနာကဲ့သို့ ပစ္စည်းမျိုး ရှိမနေပေ။
ထိုအလောင်းကို လှန်ကြည့်လိုက်သည့်အခါ မိုဝူကျီက အလောင်း နောက်ကျောမှ အရိုးများက မည်းနေကြောင်း သတိပြုမိလိုက်သည်။ ကြည့်ရသည်မှာ ဤလူက အဆိပ်ဓားဖြင့် နောက်ကျော အထိုး ခံထားရဟန် ပေါ်သည်။
အလောင်းကို စစ်ဆေး ကြည့်ပြီးနောက် မိုဝူကျီက အိမ်ထဲသို့ ဝင်လျှောက်သွားလိုက်သည်။
ယခင် အကျဉ်းထောင်များထဲမှ ကျောက်အိမ်များနှင့် ယှဉ်လျှင် ဤအိမ်မှာ များစွာ ကြီးမား ပေသည်။ အခန်းနှစ်ခု ရှိပြီး ဧည့်ခန်းပါ ရှိပုံ ပေါ်၏။
ဧည့်ခန်းအလယ်တွင် လက်ဖက်ရည် စားပွဲတစ်ခု ပါရှိ၏။ စားပွဲပေါ်တွင် လက်ဖက်ရည်အိုး နှင့်အတူ ကျောက်စိမ်းခွက်များ ရှိသည်။ အကြည့်နှင့်တင် မိုဝူကျီက ထိုအရာများမှာ နှစ်များစွာ မထိမကိုင် ဖြစ်နေကြောင်း သတိထားမိသည်။
ပထမ အခန်းကို မဖွင့်သေးခင် မိုဝူကျီက စိတ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ အထဲ၌ နောက်ထပ် အလောင်းတစ်လောင်းကို ထပ်တွေ့လိုက်ရသည်။
အန္တရာယ်မရှိသည်ကို ခံစားမိ၍ မိုဝူကျီက တံခါးကို ဖွင့်ကာ ဝင်သွားလိုက်သည်။ တံခါးနောက်တွင် နောက်ထပ် အလောင်းတစ်လောင်း ရှိနေသည်မှာ အမှန်ဖြစ်၏။ ဤအလောင်းက မှောက်လျက် ဖြစ်နေသည်။ သူ့ပေါ်တွင် ဝတ်ဆင်ထားသော ပိုးသားအထည်က မပျက်စီးသေးပေ။ သူ့လက်ထဲတွင် စုတ်တံ တစ်ချောင်း ရှိပြီး ထိုစုတ်တံမှာ ခြောက်သွေ့နေပြီး ထိပ်ဖျားပင် ကွာကျနေလေပြီ။
နောက်တစ်ကြိမ် မိုဝူကျီက အလောင်းကို လှန်လှော၍ စစ်ဆေးကြည့်လိုက်ပြန်သည်။ အလောင်း၏ နဖူးအလယ်တွင် မည်းနက်နေလေ၏။ ဤလူမှာလည်း အပြင်လူကဲ့သို့ လူတစ်ယောက်တည်း လက်ချက်ဖြင့် တူညီသော အဆိပ်မိကာ သေဆုံးသွားခြင်း ဖြစ်ရမည်။
ဤလူ လက်ထဲမှ စုတ်တံမှာ အမှန်ပင် စာရေးစုတ်တံ ဖြစ်နေသည်။ မှော်ရတနာကဲ့သို့ အရာမျိုး မဟုတ်ပေ။ ထို့အပြင် သူ့ဒဏ်ရာက နဖူးတွင် ရှိနေသည့် အတွက် ဤလူမှာ သူ့ရှေ့တွင် ရှိနေခဲ့သော လူအပေါ် လုံးဝ သတိမထားကြောင်း သေချာသည်။
ထိုသို့ သတိမထားဘဲ နေနိုင်ခြင်းမှာ ဖြစ်နိုင်ချေ နှစ်ချက် ရှိသည်။ ပထမတစ်ချက်မှာ နှစ်ဖက်လုံးတွင် အင်မတန် ရင်းနှီးသော ဆက်ဆံရေး ရှိ၍သာ တစ်ဖက်လူကို ယုံနေခြင်း ဖြစ်ပေမည်။ ဒုတိယတစ်ချက်ကား သူတို့ အဆင့်အတန်းမှာ အင်မတန် ကွာခြားလှသည့် အတွက် ဤလူမျက်လုံးထဲ၌ တစ်ဖက်လူမှာ သူ့ကို မသတ်ရဲခြင်း ဖြစ်ပေလိမ့်မည်။
ယခင် အလောင်းကဲ့သို့ တူညီလှစွာ ဤလူတွင်လည်း သိုလှောင်လက်စွပ် ရှိမနေချေ။
မိုဝူကျီက နည်းနည်း ပြောစရာ ရှာမတွေ့ ဖြစ်သွားကာ အသေးစိတ် စတင်၍ ရှာဖွေတော့သည်။ အကယ်၍ သိုလှောင်လက်စွပ် နှစ်ကွင်းသာ ဤနေရာ၌ ရှိနေလျှင် မြေကမ္ဘာ အင်မော်တယ် လက်စွပ်ထက်ပင် ပို၍ အဖိုးတန်နိုင်သေးသည်။
မိုဝူကျီက အခန်းတစ်ခုလုံးကို ခြုံငုံ၍ ရှာဖွေတော့သည်။ အခန်းမှာ မီတာ ၂၀ ပတ်လည် လောက်သာ ရှိသည်။ လေးဖက်လေးတန်တွင် စာအုပ်များစွာ ရှိပြီး သေသေသပ်သပ် စီရီထား၏။
အခန်းထောင့် တစ်နေရာတွင် စာရေးစားပွဲ ရှိလေသည်။ စားပွဲပေါ်တွင် စာလိပ်တချို့ ရှိနေသည်။ ထိုစာလိပ်များဘေး၌ သံကြိုးများ ရှိနေသည်။ မိုဝူကျီက ထိုစာရွက်များမှာ အိုဟောင်းလွန်း၍ လေပြေလေး တစ်ချက်ကပင် သူတို့ကို တစစီ ဖြစ်သွားမည်ကို စိုးရိမ်မိ၍ ဖြည်းဖြည်းချင်း သွားလိုက်သည်။
မိုဝူကျီက ဖြည်းဖြည်းချင်း ရောက်လာကာ စာရွက်များကို ကောက်ယူလိုက်ည်။ ထိုစာရွက်များကို အမည်မသိ ပစ္စည်းနှင့် ပြုလုပ်ထားကြောင်း သိလိုက်သည်။ အင်မတန် ထူထဲပြီး အချိန်ကြာသော်လည်း ဆွေးမြေ့သည့် လက္ခဏာရပ် စိုးစဉ်းမျှ မရှိပေ။
အကျဉ်းသားကို ဒီနေရာ ခေါ်လာခဲ့တာများလား ... ပြီးတော့ အဲဒီ အကျဉ်းသားက ရုတ်တရက် ပေါက်ကွဲပြီးတော့ အကျဉ်းထောင်မှူးကို သတ်သွားတာလား ...
ထိုဖြစ်နိုင်ချေက များသော်လည်း မိုဝူကျီက ထိုသို့ မဟုတ်ကြောင်း ခံစားမိပြန်သည်။ အကျဉ်းသားကို ဤနေရာဆီ ခေါ်လာခဲ့လျှင်ပင် အကျဉ်းထောင်မှူးက သတိလက်လွှတ်နေမည် မဟုတ်ပေ။ နဖူးတည့်တည့်မှလည်း တိုက်ခိုက်ခွင့် ရမည် မဟုတ်ပေ။
မိုဝူကျီက အပေါ်ဆုံးက စာရွက်ကို ကောက်ယူလိုက်သည်။ ထိုအပေါ်တွင် ရိုးရိုးရှင်းရှင်း ကဗျာ တစ်ပိုဒ်သာ ပါရှိ၏။ ဤအကျဉ်းထောင်မှူးမှာ ကဗျာကြိုက်နှစ်သက်သူ ဖြစ်မှန်း မြင်နိုင်ပေသည်။
ဒုတိယနှင့် တတိယမြောက် စာရွက်များတွင် ရှုပ်ယှက်ခတ်နေသော ပုံများနှင့် ပြည့်နေသည်။ မိုဝူကျီက ထိုအရာများကို ခွဲခြားနိုင်စွမ်း မရှိပေ။
ထိုစာရွက်များကို အောက်ချပြီး မိုဝူကျီက ငုံ့ကာ ကြမ်းပြင်ပေါ်မှ စာရွက်အပိုင်းလေးကို ကောက်ယူလိုက်သည်။ မိုဝူကျီက ထိုထဲ၌ စိတ်နှစ်မျှောသွားတော့သည်။
”မုန့်ယင်စန်း၊ လျှပ်စီးနီ ကြယ်တာရာ မြေဓာတ် ကျင့်ကြံသူ၊ ယုံရင် ၈၄၅ ပြက္ခဒိန်၊ နှစ် ၃၁၁၁၊ ခြောက်လပိုင်း ၁၄ ရက်မြောက်နေ့၊ ကောင်းကင် အင်မော်တယ် အဆင့်ကို တက်လှမ်းသွားတယ်။ တစ်ရက်တည်းမှာ သူက ယုံရင် ရဲ့ ၁၁ ခုမြောက် အကျဉ်းထောင်ဖြစ်တဲ့ လခြမ်းကွေး အကျဉ်းထောင် အခန်း ၃၁ ကို ရောက်လာတယ် ... ”
“ရိုးသားတဲ့ သဘောစရိုက် ရှိပြီးတော့ ကြယ်ငါးလုံး ပါရမီရှင် ဖြစ်တယ်။ သူ စတင် ကျင့်ကြံ ကတည်းက ကောင်းကင် အင်မော်တယ် အဆင့်ကို တက်လှမ်းဖို့ ၁၉၆ နှစ် အချိန်ယူခဲ့တယ် ”
“သူ လခြမ်းကွေး အကျဉ်းထောင်မှာ ရှိနေစဉ် မုန့်ယင်စန်းက ကောင်းကောင်း နေခဲ့တယ်၊ သူက ကောင်းကောင်း နေထိုင်ပြီးတော့ ပုန်ကန်တာလဲ မရှိခဲ့ဘူး။
ယုံရင် ၈၄၅ ပြက္ခဒိန်၊ နှစ် ၃၂၂၄ ၊ ခုနှစ်လပိုင်း ၂ ရက်နေ့မြောက်မှာ သူက သွေးသစ္စာ ကျိန်ဆိုပြီးတော့ ထာဝရ ... ”
စာလုံးများက ဤနေရာတွင် အဆုံး သတ်သွားလေသည်။ ထို့နောက် တစ်စုံတစ်ခု ရုတ်တရက် ဖြစ်ပျက်ခဲ့ဟန် ပေါ်သည်။
မိုဝူကျီက စာရွက်ကို ကိုင်ထားရင်း စားပွဲနှင့် ထိုင်ခုံများ အနေအထားကို တစ်ချက် ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် သတ်ဖြတ်လိုက်သည့် မြင်ကွင်းကား ကွင်းကွင်းကွက်ကွက် ပေါ်လာလေသည်။ အကျဉ်းထောင်မှူးက ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး မုန့်ယင်စန်းက စားပွဲ တစ်ဖက်ခြမ်း၌ ထိုင်နေပေလိမ့်မည်။
မုန့်ယင်စန်းက သရုပ်ဆောင်ကောင်းဟန် ပေါ်သည်။ သူက ဤကတိကဝတ် အတွက် သွေးသစ္စာ ဆိုဖို့ရန် အတွက် ကျိန်ဆိုခဲ့သောကြောင့် အကျဉ်းထောင်မှူးက သူ့အား အင်မတန် ယုံကြည်ခဲ့ခြင်း ဖြစ်ပေမည်။ သူက မုန့်ယင်စန်းကို သံကြိုးများပင် ဖြေပေးခဲ့ကာ စားပွဲပေါ်တွင် ထားထားသည်။ တစ်ချိန်တည်းဆိုသလို သူက အချက်အလက်များကို မှတ်သားနေခဲ့သည်။
အကျဉ်းထောင်မှူးက ထိုသို့ ရေးမှတ်နေစဉ် မုန့်ယင်စန်းက ရုတ်တရက် တိုက်ခိုက်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အမှန်တကယ် အဖြစ်အပျက်က သူ့ယူဆချက်ထက်ပင် ပို၍ ရှုပ်ထွေးနိုင်လေသည်။ သို့သော် မိုဝူကျီ၏ လခြမ်းကွေး အကျဉ်းထောင် နားလည်မှုကို ပို၍ နက်ရှိုင်းလာလေ၏။
ပထမဦးစွာ ဤနေရာတွင် အကျဉ်းချခံဖို့ရန် ထိပ်သီးပါရမီရှင် ဖြစ်ရမည်။ မဟုတ်လျှင် သူတို့က ဤနေရာတွင် ပိတ်လှောင်ထားခြင်း ခံရလောက်သည့်အထိ အဆင့်မမှီပေ။ မုန့်ယင်စန်း၏ ကြယ်ငါးလုံး ပါရမီရှင် အဖြစ် သတ်မှတ်ချက်ကိုတော့ မိုဝူကျီလည်း သေချာမရှင်းလင်းပေ။ သို့သော် ဤလူက ကောင်းကင် အင်မော်တယ် အဆင့်ကို နှစ် ၁၉၀ ကျော်လေးဖြင့် တက်ရောက်နိုင်ခဲ့သည့် အတွက် လုံးဝ ရိုးရှင်းသော လူတော့ သေချာပေါက် မဖြစ်နိုင်ချေ။
ဤသို့ ရုတ်တရက် မတိုက်ခိုက်ခင်အထိ လခြမ်းကွေး အကျဉ်းထောင်မှူး မျက်စိအောက်တွင် နှစ် ၁၀၀ ကျော် ရိုးရိုးသားသား နေပြခဲ့သည်။ ထိုသူမှာ မည်မျှ ခံနိုင်ရည် ကောင်းကြောင်း တွေ့မြင်နိုင်ပေသည်။ သူ့ကို ရိုးသားသည်ဟု မှတ်ထားခြင်းအပေါ် မိုဝူကျီက တစ်စက်လေးမျှ မယုံပေ။ မုန့်ယင်စန်းက ဤမျှ တောင့်ခံခဲ့ပြီး ရုတ်တရက် တိုက်ခိုက်ကာ သတ်ဖြတ်ခဲ့သည့် အတွက် မည်သို့ ရိုးရှင်းမည့် လူ ဖြစ်နိုင်မည်နည်း။
ထို့အပြင် ဤလခြမ်းကွေး အကျဉ်းထောင်က ပါရမီရှင်များကို ဖမ်းထားသည့်နေရာ ဖြစ်နေလျှင်ပင် သူ့ထက် ဆိုးမည် မဟုတ်ပေ။ ဤမုန့်ယင်စန်းက နှစ် ၁၀၀ ကျော် အချိန်ယူ၍ တိတ်တဆိတ် လေ့ကျင့်နေရင်း အချိန်ကောင်းကို စောင့်ဆိုင်းနေခြင်း ဖြစ်လိမ့်မည်။ ထို့နောက် သူက အချိန်ကျလာသည့်အခါ သွေးသစ္စာကျိန်ဆိုဖို့ရာ ခွင့်တောင်းခံရင်း ရုတ်တရက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရမည်။
ဤလခြမ်းကွေး အကျဉ်းထောင် ပိုင်ရှင်က မည်သူနည်း။
ဤသို့ ကောင်းကင် အင်မော်တယ် အဆင့် ကျင့်ကြံသူများစွာကို အမှန်တကယ် ပိတ်လှောင် ထားဖို့ရာ ... ပါရမီရှင် မဟုတ်သော ကောင်းကင် အင်မော်တယ် အဆင့် ကျင့်ကြံသူများရော ...
မိုဝူကျီက ရှူချီဟောင် ပြောဖူးသည့် ကျိုးပျက် ဟင်းလင်းပြင် အကြောင်းကို တွေးမိလိုက်သည်။ ထိုအရာမှာ မြေကမ္ဘာ အင်မော်တယ် အဆင့်မှ ကောင်းကင် အင်မော်တယ် အဆင့် တက်လှမ်းသည့်အခါ ဖြစ်ပေါ်ခြင်း ဖြစ်လိမ့်မည်။
အကယ်၍ ထိုသို့ဆိုပါက ကောင်းကင် အင်မော်တယ် ဖြစ်ပြီးနောက် ကျိုးပျက်ဟင်းလင်ပြင်ထဲ ဝင်လိုက်လျှင် လခြမ်းကွေး အကျဉ်းထောင်က ကြိုဆိုနေမည် ဖြစ်၏။
မဟုတ်သေးပါဘူး ... လခြမ်းကွေး အကျဉ်းထောင်က အကျဉ်းထောင်တွေအများကြီးထဲမှ တစ်ခုသာ ဖြစ်၏။
ထို့အပြင် လခြမ်းကွေး အကျဉ်းထောင်ကို ဝင်ရောက်ဖို့ရန် ထိပ်သီးပါရမီရှင် ဖြစ်နေရမည်။
မိုဝူကျီက ဘေးမှ စာအုပ်တစ်အုပ်ကို ဆွဲယူကာ ပထမစာမျက်နှာကို လှန်လှောကြည့်လိုက်သည်
“လျိုချန်ယီ ကမ်းပါးဝိုင်း ကြယ်တာရာ သတ္တု ဓာတ် ကျင့်ကြံသူ၊ ကြယ်ခြောက်လုံး ပါရမီရှင်၊ ယုံရင် ၈၄၄ ပြက္ခဒိန်၊ ဆယ့်တစ်လပိုင်း ၂၁ ရက်မြောက်နေ့မှာ ကောင်းကင် အင်မော်တယ် အဆင့် တက်လှမ်းခဲ့တယ်။ တစ်ရက်တည်းမှာ သူက ယုံရင်ရဲ့ ၁၁ ခုမြောက် အကျဉ်းထောင် ဖြစ်တဲ့ လခြမ်းကွေး အကျဉ်းထောင် အခန်း ၁၉ ကို ရောက်လာတယ်။ ပြောဆိုရခက်တဲ့ အကျင့်စရိုက်မျိုး ရှိတယ် ... ”
အနောက်ဖက်တွင် လျိုချန်ယီ၏ အသေးစိတ်အကြောင်း ပါရှိပေသည်။ သူ အသုံးပြုသည့် ကျင့်စဉ်ကိုပင် ရေးမှတ်ထားလေ၏။
စာအုပ်ကို ချထားလိုက်ပြီး မိုဝူကျီက ဒုတိယစာအုပ်ကို ထုတ်ယူလိုက်သည်။ ပထမ စာမျက်နှာတွင် ပါရှိနေသော အကြောင်းအရာမှာ တူညီပေသည်။
“ကျင်းသိုက်၊ ကြည်လင်ကြယ်တာရာ ရေဓာတ် ကျင့်ကြံသူ၊ ကြယ် ငါးလုံး ပါရမီရှင်၊ ယုံရင် ၈၄၅ ပြက္ခဒိန်၊ တစ်လပိုင်း ၁၃ ရက်မြောက်နေ့မှာ ကောင်းကင် အင်မော်တယ် အဆင့် တက်လှမ်းနိုင်ခဲ့တယ်။ တစ်ရက်တည်းမှာ ယုံရင်ရဲ့ ၁၁ ခုမြောက် အကျဉ်းထောင် ကို ရောက်လာတယ်။ သူက ပျော်ရွင်တဲ့စကားလဲ မပြောခဲ့ဘူး။ တစ်နှစ်တာအတွင်း ကိုးလပိုင်း ၂၄ ရက်မြောက်နေ့မှာ သေဆုံးသွားတယ် ”
မိုဝူကျီက စာအုပ် ဆယ်အုပ်လုံးကို ဆက်တိုက် လှန်လှောကြည့်လိုက်သော်လည်း တူညီသော မှတ်တမ်းများ ဖြစ်နေသည်။ အကယ်၍ ကျင့်ကြံသူက စောစီးစွာ သေဆုံးပါက စာအုပ်က ပါးနေလိမ့်မည်။ အကယ်၍ ကျင့်ကြံသူက အသက်အရှည်ကြီး နေထိုင်ခဲ့ပြီးမှ သေဆုံးခဲ့လျှင် စာအုပ်က ပိုထူပေလိမ့်မည်။
ထိုသို့သော စာအုပ်များစွာ ရှိပေသည်။ ဤနေရာတွင် လူများစွာ ပျောက်ဆုံးသွားကြောင်း သိသာလှသည်။
“ယီလဲ့၊ ကမ္ဘာမြေ ကြယ်တာရာ သစ်သားဓာတ် ကျင့်ကြံသူ၊ ကြယ်လေးလုံး ပါရမီရှင်၊ ယုံရင် ၇၆၉၀ ပြက္ခဒိန်၊ လေးလပိုင်း ၃ ရက်မြောက်နေ့မှာ ကောင်းကင် အင်မော်တယ် အဆင့် တက်လှမ်းခဲ့တယ်။ တစ်ရက်တည်းမှာ သူက ယုံရင်ရဲ့ ၁၁ ခုမြောက် အကျဉ်းထောင်ဖြစ်တဲ့ လခြမ်းကွေး အကျဉ်းထောင် အခန်းနံပါတ် ၁၃ ကို ရောက်လာတယ်။ ထူးခြားတဲ့ အကျင့်စရိုက် ရှိပြီးတော့ ... .. ”
မိုဝူကျီက ဤစာမျက်နှာကို မြင်လိုက်သည့်အခါ သူ့နှလုံးသားမှာ စတင်၍ ခုန်ပေါက်လာသည်။
ကမ္ဘာမြေ ကြယ်တာရာ ဆိုတာက သူ့ ကမ္ဘာမြေများ ဖြစ်နေမလား ... . နောက်စာရွက်များတွင် မှတ်သားထားသည်က ယီလဲ့၏ အကျဉ်းထောင်အတွင်း အဖြစ်အပျက်များကို မှတ်သားထားခြင်း ဖြစ်ရာ ကမ္ဘာမြေနှင့် ပတ်သက်ပြီး တစ်ခုမျှ မပါရှိပေ။ မိုဝူကျီက ကမ္ဘာမြေ မဖြစ်နိုင်ကြောင်း ခန့်မှန်း မိလိုက်သည်။ ကမ္ဘာမြေတွင် ဝိညာဉ် စွမ်းအားများက မရှိသလောက် နည်းပါးလှသည်။ ကျင့်စဉ် ရှိလျှင်ပင် ကျင့်ကြံဖို့ ခက်ခဲ့လှရာ ဟင်းလင်းပြင်ကို ဖြတ်၍ တက်လှမ်းနိုင်ဖို့ရာက ဝေးကွာ လွန်းလှပေသည်။
ထိုစာအုပ်များက ရတနာများ မဟုတ်သော်လည်း မိုဝူကျီက အားလုံးကို ကောက်ယူကာ သိုလှောင်လက်စွပ် ထဲ ကောက်ထည့်လိုက်သည်။ သူ့တွင် အချိန်ရပါက ဖြည်းဖြည်းချင်း အသေးစိတ် ဖတ်ရှုကြည့်ရမည်။
မိုဝူကျီက ဤအခန်းမှ ထွက်ပြီး နောက်အခန်းထဲ မသွားခင် သံကြိုးကိုပါ ကောက်သိမ်းလိုက်သည်။
မိုဝူကျီက အခြားအခန်း အဝင်ပေါက် ရောက်သည်နှင့် မှိန်ပျပျ အလင်းရောင်လေးကို မြင်လိုက် ရသည်။ ထိုစဉ် မိုဝူကျီက ဤအခန်းမှာ ဗဟိုချက် ဖြစ်ကြောင်း သိလိုက်သည်။ မိုဝူကျီက အစီအရင် များအပေါ် ဗဟုသုတ ကြွယဝသည့် အတွက် ထိုအလင်းရောင်မှ တစ်ယောက်ယောက်သည် ဤနေရာကို သန့်စင်နေကြောင်း သိနိုင်သည်။
ဤလခြမ်းကွေး အကျဉ်းထောင်မှာ မှော်ရတနာ တစ်ခု ဖြစ်ပေသည်။ ထိပ်သီးအဆင့် ဝိညာဉ် ပစ္စည်းများထက် သာလွန်နေသော ရတနာ တစ်ခု ဖြစ်၏။ ကံဆိုးလှစွာ လခြမ်းကွေး အကျဉ်းထောင်ကို သန့်စင်နိုင်သည့် နေရာက ဤနေရာ မဟုတ်ချေ။ သူက ဤလခြမ်းကွေး အကျဉ်းထောင်ကို သန့်စင်နိုင်ဖို့ ရှာတွေ့သွားသော ကံကောင်းသည့် သူမှာ မည်သူမှန်းလည်း မသိချေ။
မည်သူပင် ဖြစ်နေပါစေ သူ့မိတ်ဆွေ မဟုတ်ချေ။ ထိုလူက လခြမ်းကွေး အကျဉ်းထောင်ကို သန့်စင် လိုက်သည့် အခိုက်အတန့် သူ့ အတွက် ပြီးဆုံးသွားလိမ့်မည်။ မိုဝူကျီ ပထမဆုံး လုပ်ရမည့် အရာမှာ ချက်ချင်း ထွက်ပြေးဖို့ရာ ဖြစ်၏။
သို့သော်လည်း သူက ဤလခြမ်းကွေး အကျဉ်းထောင်မှ ထွက်သွားသည်နှင့် သေခြင်းတရားထဲ ခုန်ချလိုက်သလို ဖြစ်နေမည်ကို ချက်ချင်း အမှတ်ရလိုက်ပေသည်။
မိုဝူကျီက အစီအရင် များနှင့် သင်္ကေတများကို နားလည်သည့် အတွက် ဤလခြမ်းကွေး ဗဟိုချက်မှ သင်္ကေတ တချို့ကို နားလည်နိုင်သည်။ သူက ဤသန့်စင်နေမှုကို မရပ်တန့် နိုင်သော်လည်း အားလုံးဆီ ထိုသတင်းပို့ပေး၍ ရသေးသည်။
ဤနေရာတွင် လူများစွာ ရှိနေသည့် အတွက် လခြမ်းကွေး အကျဉ်းထောင်ကို သန့်စင်ဖို့ရာက တစ်ရက်၊ နှစ်ရက်နှင့် ပြီးစီးမည့် အရာ မဟုတ်ချေ။ အကယ်၍ ထိုလူက လခြမ်းကွေး အကျဉ်းထောင်ကို တိတ်တဆိတ် သန့်စင်နေတာသာ မိသွားပါက ထိုလူလဲ ငါးပါး မှောက်သွားပေလိမ့်မည်။
***