← Chapters

မူဝမ်၏တိမ်မြူချီဆေးလုံးများ

Vol. 10 Ch. 138

မူဝမ်၏တိမ်မြူချီဆေးလုံးများ

Vol. 10 Ch. 138

“ဒီနေ့ ကျုပ်ဟာ သတ္တမတန်းစားဆေးလုံး၊ သွေးကြောသန့်စင်ဆေးလုံးကို ဖော်စပ်မယ်”

ရှေ့ဆုံးတွင် မူထန်ကျစ်က ကျယ်လောင်စွာ ပြောသည်။ သူ၏လက်မှ မီးတောက်များ ဖြစ်ပေါ်လာသည်။

သတ္တမတန်းစားဆေးလုံး။

သူသည် သတ္တမတန်းစားဆေးလုံးကို ဖော်စပ်နိုင်သော အာခီမီပညာရှင် ဖြစ်နေလေပြီ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတစ်ခုလုံး၌ သတ္တမတန်းစားဆေးလုံးကို ဖော်စပ်နိုင်သူ သိပ်မရှိပါ။

အကြောင်းကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အာခီမီအခြေခံအုတ်မြစ်မှာ အလွန်အားနည်းသောကြောင့် ဖြစ်သည်။ ကျင့်ကြံခြင်းလောက၌ သတ္တမတန်းစားဆေးလုံးမှာ အလွန်အဖိုးထိုက်တန်နေပြီး ဖြစ်သည်။

တစ်စုံတစ်ယောက်က ပြုံးလျက် တီးတိုးပြောသည်။

“မူမိသားစုရဲ့ အကြီးဆုံးသခင်လေးက သွေးကြောသန့်စင်ဆေးလုံးကို ဖော်စပ်နိုင်ပြီ။ ဒါက သူဟာ မူမိသားစုရဲ့ တိုက်ရိုက်တပည့် ဖြစ်တယ်ဆိုတဲ့ သဘောလား”

“မှန်တယ်… မူမိသားစုရဲ့ သွေးကြောသန့်စင်ဆေးလုံးဟာ မူမိသားစု ထုတ်လုပ်တဲ့ဆေးလုံးအများစုထဲ ပါတယ်။ ဒီဆေးလုံးကို ဖော်စပ်နိုင်မှ မူမိသားစုဂျူနီယာတွေထဲမှာ အမှီအခိုကင်းတဲ့သူ ဖြစ်လာနိုင်တယ်”

မူမိသားစုစည်းမျဉ်းကို သိသောလူတစ်ဦးက ပြောသည်။

မူမိသားစု၏သီးသန့်ဆေးလုံးလား။

ဟန်မူယဲ့က မူထန်ကျစ်အား အသေအချာကြည့်သည်။

သည်မတိုင်ခင်က သူသည် မူမိသားစုဂျူနီယာများ ဆေးဖော်စပ်သည်ကို အလေးအနက်ထား မကြည့်ခဲ့ပေ။ သူသည် နဝမတန်းစားနှင့် အဌမတန်းစားဆေးလုံးများ ဖော်စပ်ခြင်းကို သိပ်စိတ်မဝင်စားပါ။

ယခု သူက မူထန်ကျစ်က မူမိသားစုမူပိုင်ဆေးလုံးအား ဖော်စပ်မည်ကြားသော် သူ အာရုံစိုက် ကြည့်လာခဲ့သည်။

“သွေးကြောသန့်စင်ဆေးလုံး။ ဒါက ကျုပ်တို့ ဓားသမားတွေအတွက် ခင်ဗျား အထူးတလေ တီထွင်ထားတဲ့ဆေးလုံးမလား။ ဆေးလုံးဟာ သွေးကြောကို သန့်စင်စေပြီးတော့ ဓားချီလှည့်ပတ်တာကို မြန်ဆန်စေတယ်”

ခေါင်းဆောင်တောက်ရင်က ပြောသည်။

“ကျုပ်တို့အားလုံးက တာအိုရောင်းရင်းတွေပါပဲ။ ဒါက ဓားသမားတွေအတွက်ပဲ ဦးစားပေးတီထွင်ထားတာ မဟုတ်ပါဘူး။ တခြားပညာရှင်တွေအတွက်လည်း အသုံးဝင်တယ်”

မူချွန်းဟွေ့က ပြုံးလျက် ပြောသည်။

မူမိသားစုတပည့်များက မီးတောက်များကို စတင်ဖန်ဆင်းကာ ဆေးလုံးများကို ဖော်စပ်ရန် ပြင်ဆင်ကြ၏။

မူဝမ်ကား နောက်တွင် ဖြစ်သည်။ သူမက ဆေးအမယ်များကို ဆေးပေါင်းဖိုထဲသို့ အစီစဉ်တကျ ထည့်နေသောအချိန်၌ မည်သူမှ သူမအား သတိမထားမိကြပါ။

ဤကား တိမ်မြူချီသာ ဖြစ်သည်။

သည်နေရာမှ ကိုးဆယ့်ကိုးရာနှုန်းသော လူများသည် ထိုဆေးလုံး‌ ဖော်စပ်နည်းအား သိကြ၏။

၎င်းဆေးလုံးသည် အဆင့်နိမ့်ကျင့်ကြံသူများ အလိုအပ်ဆုံးသော ဆေးလုံးလည်း ဖြစ်သည်။

သို့သော်လည်း အောင်မြင်ပြီးသော အာခီမီဆရာများမှာ ထိုဆေးလုံးကို ဖော်စပ်ခြင်း မပြုကြတော့ပါ။

ထိုဆေးလုံးကို ဖော်စပ်ခြင်းက သူတို့၏အရည်အချင်းကို တိုးတက်စေခြင်း မရှိတော့သောကြောင့် ဖြစ်သည်။ သူတို့က ထိုဆေးလုံးကို ဝိညာဉ်ကျောက်တုံးအနည်းငယ်ဖြင့်သာ ရောင်းချနိုင်သည်။

အထက်လမ်း အာခီမီပညာရှင်များ အထင်သေးသည်ကား အာခီမီပညာရပ်ကို ငွေကြေးအတွက်ဖြင့် လေ့လာဖော်စပ်သူများ ဖြစ်သည်။

အာခီမီပညာရှင်တစ်ဦးက မည်သို့ ဝိညာဉ်ကျောက်တုံးကို တက်မက်၍ ဖြစ်မည်နည်း။

“သခင်လေးချန်မင်း… အဲဒါ မူမိသားစုထဲက လင်ဟွားစံအိမ်မှာ သွားပြီး တပည့်ခံနေတဲ့တစ်ယောက်ပဲ။ အခု သူဟာ တိမ်မြူချီဆေးလုံးကို ဖော်စပ်နေတာ။ သူ့ဗီဇပါရမီနဲ့ အရည်အချင်းက သာမန်ပဲဆိုတာ တွေ့နိုင်တယ်”

ချန်မင်း၏ဘေးမှ မူမိသားစုမိန်းကလေးတစ်ဦးသည် မူဝမ်အား အထင်သေးစွာ လှမ်းကြည့်လျက် ပြောသည်။

မနေ့က မူဝမ်သည် အမှန်တကယ် ဟန်ဆောင်ခြင်းလော မပြောတတ်၊ သူမသည် သခင်လေးချန်မင်းအား လျစ်လျူရှုကာ နောက်တစ်ယောက်နှင့် အဖော်ပြုနေခဲ့၏။

ယနေ့ ဆေးဖော်စပ်မှုသည် အားလုံးကို အမှန်အတိုင်း ဖြစ်စေမည်။

“ဟီးဟီး… သူက သူ့အဆင့်သူ သိတာလည်း ဖြစ်နိုင်တာပဲ”

ချန်မင်းက တည်ငြိမ်စွာ ပြောသည်။

“အစ်ကိုထန်ကျစ်နဲ့ အတူတူ ဆေးလုံးဖော်စပ်တဲ့သူတွေအကုန်လုံးက သူနဲယှဉ်ရင် နိမ့်ကျတာပါပဲ”

သူ၏စကားများတွင် ဂုဏ်ယူဝင့်ကြွားမှုများကို တွေ့ရ၏။

သူ့မျိုးဆက်တွင် သူတစ်ယောက်တည်းသာ မူမိသားစုအကြီးဆုံးသားနှင့် ယှဉ်နိုင်ပေသည်။

ချန်မင်းအနီးမှ လူများအားလုံးက ခေါင်းညိတ်ကြသည်။

ယနေ့ကား ခေါင်းဆောင်မူ၏မွေးနေ့ပွဲဖြစ်ကာ လူငယ်မျိုးဆက်များ ရှေ့ထွက်အစွမ်းပြရမယ့် အချိန်အခါလည်း ဖြစ်သည်။

မူမိသားစု၏အကြီးဆုံးသားသည် နာမည်ကျော်ကြားလာသည်ဆိုပါက သခင်လေးချန်မင်းသည်လည်း ၎င်းထက် နိမ့်ကျစရာ မရှိပါ။

မူထန်ကျစ်၏ဆေးလုံးဖော်စပ်ခြင်းသည် အလွန်မြန်ဆန်ရာ သူသည် အရည်အချင်းရှိသည်မှာ သေချာ၏။

ဟန်မူယဲ့၏အာရုံတွင် ပုံရိပ်များ အဆက်မပြတ် ဖြစ်ပေါ်နေသည်။

သူသည် သွေးကြောသန့်စင်ဆေးလုံးဖော်စပ်နည်းအား တတ်မြောက်သွားသည်။

ဆေးပေါင်းဖိုမှ ဆေးရနံ့များ ထွက်ပေါ်လာသည်တွင် ဟန်မူယဲ့က ထိုဆေးလုံးဖော်စပ်နည်းအား နားလည်သွားပြီး ဖြစ်သည်။

ဆေးလုံးထဲတွင် အဓိက အမယ်ဖြစ်သော အလင်းမြက်အား အသုံးပြုကာ သွေးကြောများထဲမှ ထူးဆန်းသော စွမ်းအားကို သန့်စင်စေသည်။

၎င်းသည် သွေးကြောကို သန့်စင်စေသော ဆေးလုံး ဖြစ်သည်။

ဟန်မူယဲ့၏အာရုံထဲတွင် အဆက်မပြတ်သော တွက်ချက်မှုများနှင့်အတူ ထိုနည်းစနစ်သည် ပိုမိုရိုးရှင်းသော နည်းစနစ်သို့ ပြောင်းလဲလာခဲ့သည်။

သွေးကြောဖွင့်ဆေးလုံးဖော်စပ်နည်းစနစ်အား ရိုးရှင်းသော နည်းစနစ်သို့ ဆင့်ကွဲအသွင်ပြောင်းပြီးနောက် သူက တခြားဆေးလုံးဖော်စပ်နည်းများကိုလည်း အသွင်ပြောင်းလဲနိုင်ကြောင်း တွေ့ရှိလာရသည်။

သူက ဆေးအမယ်များကို ပိုမိုသန့်စင်စေနိုင်ပါက ပိုမိုရိုးရှင်းကောင်းမွန်သော နည်းလမ်းကိုသာ သေချာပေါက် အသုံးပြုပေမည်။

သွေးကြောသန့်စင်ဆေးလုံး၏ ရိုးရှင်းသော ဖော်စပ်စနစ်အား တွေးတောရင်း ဟန်မူယဲ့က အစီစဉ်တကျ လှုပ်ရှားနေသော မူဝမ်အား ကြည့်သည်။

ထိုအခိုက်တွင် မူဝမ်တွင် ဆေးပေါင်းဖိုထဲသို့ ထည့်ရန် ဆေးအမယ်အနည်းငယ်သာ ကျန်တော့သည်။

လေရိုင်းမြက်၊ လမင်းမြူဆိုင်းပန်း။

ထိုဆေးအမယ်နှစ်ခုသာ ကျန်တော့၏။

မူဝမ်က လှမ်းကြည့်လျှင် ဟန်မူယဲ့ ကြည့်နေသည်ကို မြင်၏။ သူမက ခေါင်းအနည်းငယ် ညိတ်ပြကာ လေရိုင်းမြက်အား လှမ်းယူလိုက်သည်။ သူမက မြက်ပင်၏အဖူးများကို အသာအယာ နှုတ်ပစ်လိုက်၏။

လေရိုင်းမြက်၏အဖူးတွင် စွမ်းအင်အသွင်ပြောင်းဓာတ်များ ပါနေရာ ၎င်းတို့ကို နှုတ်လိုက်ခြင်းက ထိုဓာတ်များကို ဖယ်လိုက်ခြင်းနှင့် အတူတူဖြစ်သည်။

“ဟီးဟီး… ဒီမိန်းကလေးက စိတ်ဝင်စားစရာပဲ။ သူက အာရုံများပြီးတော့ မြက်ပင်ရဲ့အဖူးတွေကိုတောင် နှုတ်ပစ်နေတာပဲ”

အာခီမီပညာရှင်တစ်ဦးက ရုတ်တရက် ပြောသည်။

တခြားလူများကလည်း ရယ်မောကြ၏။

မူထန်ကျစ်မှလွဲ၍ တခြားလူများမှာ အရံများသာ ဖြစ်သည်။

သူမ အာရုံများနေလျှင်ပင် အဘယ်အရေးနည်း။

လေရိုင်းမြက်သည် ဆေးပေါင်းဖိုထဲသို့ ရောက်သွားပြီးလျှင် မူဝမ်က လမင်းမြူဆိုင်းပန်းပွင့်၏ ပွင့်လွှာများအား ဖြုတ်ကာ သူမ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

ပွင့်လွှာများမှာ အမှန်တကယ် ချိုမြန်ပေသည်။

သူမ၏အပြုအမူက ဆေးဖော်စပ်ရာ၌ စိတ်လှုပ်ရှားနေသော တပည့်များကို ခေါင်းယမ်းစေသည်။

သူမကား အမှန်တကယ် ဂိုဏ်းတပည့်တစ်ဦး ဖြစ်သည်။ သူမက သူမ၏ဂုဏ်သတင်းကို အလေးထားဟန်မတူ။

ဤသည်ကား တစ်သက်မှ တစ်ခါ ကြုံတွေ့ရသော အခွင့်အရေးဖြစ်ကြောင်း သိသင့်၏။

အဝေးတစ်နေရာတွင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ခေါင်းယမ်းကာ တီးတိုးပြောသည်။

“ဟူး… ဂျူနီယာညီမလေးမူရဲ့ အာခီမီပါရမီက အရမ်းကောင်းတာကို။ သူမက ထုတ်ပြလိုစိတ်မရှိဘူး ထင်ပါရဲ့”

“ထားလိုက်တော့… သူမ သဘောအတိုင်း လုပ်ပါစေ။ ဘာဖြစ်ဖြစ် သူမက ငါတို့ ဂျူနီယာညီမလေးပဲ”

နောက်ထပ် လင်ဟွားစံအိမ်မှ အမျိုးသမီးတစ်ဦးက ပြုံးလျက် ပြောသည်။

မူဝမ်က သူ၏အကြံပေးချက်အတိုင်း လေရိုင်းမြက်မှ စွမ်းအင်အသွင်ပြောင်းဓာတ်သဘာဝကို ဖယ်ထုတ်ကာ လမင်းမြူဆိုင်းပန်းမှ လမင်းအဆီအနှစ်နှင့် ပေါင်းစပ်စေခြင်း မရှိသည်ကို ကြည့်ရင်း ဟန်မူယဲ့ ပြုံးမိသည်။

တစ်ခုခု ထူးခြားသောကိစ္စဖြစ်လာတော့မည်ကို သူ သိနေသည်။

အလိုအလျောက်ပင် ဟန်မူယဲ့က ချန်မင်းအား လှမ်းကြည့်မိ၏။

တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ချန်မင်းကလည်း ပြန်ကြည့်သည်။

“သခင်လေးချန်မင်း… ကျုပ် မေးကြည့်ပြီးပြီ။ သူ့နာမည်က ဟန်မူယဲ့ပဲ။ သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ နာမည်ကျော်ကြားမှု မရှိဘူးပဲ”

ချန်မင်းဘေးမှ မူမိသားစုတပည့်က တီးတိုးပြောသည်။

“ဘာလို့ သွားမေးနေတာလဲ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ ဓားတာအိုမှာ ပင်မဓားဂိုဏ်းဆိုတာ မှန်တယ်။ ဒါပေမဲ့ သူတို့မှာ အာခီမီပညာရှင်တွေ ရှိလို့လား”

ဘေးမှ တစ်ယောက်က အထင်သေးစွာ ပြောသည်။

“လတ်တလော အဲဒီဓားအရူးတွေဟာ အသေအကြေ တိုက်ခိုက်ကြပြန်ပြီမလား။ အဲဒါက တကယ်ပဲ ပျင်းစရာကောင်းတယ်။ ဘာလို့ ငါတို့လို အာခီမီပညာနဲ့ လောကကို အကျိုးမပြုနိုင်ရတာလဲ”

အဖိုးအိုတစ်ဦးက ခေါင်းဆောင်တောက်ရင်ကို လှမ်းကြည့်ကာ သဘောမကျဟန်ဖြင့် ဝေဖန်သည်။

ယနေ့လို အခန်းအနားပွဲတွင်ကား အမှန်တကယ် ဓားသမားများမှာ အဓိပ္ပာယ်ကင်းမဲ့လှသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ကောင်းကင်ဘုံတစ်ဝက်အဆင့် ပညာရှင်ဖြစ်သော ခေါင်းဆောင်တောက်ရင်သည်ပင် အာခီမီပညာရှင်များ၏အမြင်တွင် သိပ်အလေးထားပုံမပေါ်ပါ။

ထိုစဉ် ချန်မင်းက ပြုံးလျက် တည်ငြိမ်စွာ ပြောသည်။

“အစ်ကိုထန်ကျစ်ရဲ့ ဆေးလုံးက ပြီးသွားပြီ”

မူမိသားစု အကြီးဆုံးသခင်လေး၏ ရှေ့မှ ဆေးပေါင်းဖိုသည် လှုပ်ယမ်းသွားကာ ဆေးလုံးနှစ်လုံး လွင့်ထွက်လာ၏။

လူလင်းရီက ထိုဆေးလုံးကို ဖမ်းလိုက်ကာ ပြုံးသည်။

အစေခံက ဆေးလုံးများကို ပန်းကန်ပြားတွင် တင်ကာ ခေါင်းဆောင်တောက်ရင်နှင့် ခေါင်းဆောင်မူချွန်းဟွေ့တို့ရှေ့သို့ ယူသွား၏။

ပထမဆုံးအကြိမ် ခေါင်းဆောင်တောက်ရင်က ဆေးလုံးများကို ယူလိုက်သည်။

“ခေါင်းဆောင်မူ… ဒီဆေးလုံးတွေကို သုံးဆလောက် အရေအတွက် တိုးထုတ်နိုင်ရင် ခင်ဗျားတို့ မိသားစုဓနအင်အားက နှစ်တစ်ရာအတွင်း ငါးဆလောက် တိုးပွားလာလိမ့်မယ်”

ခေါင်းဆောင်တောက်ရင်က တီးတိုးပြောသည်။

သွေးကြောသန့်စင်ဆေးလုံးသည် ဓားသမားများအတွက် အလွန်အရေးပါသည်။

“ဟင်း… ဒီဆေးလုံးဟာ ဖော်စပ်ဖို့ ခက်ခဲတယ်။ မူမိသားစုမှာတောင် ဒီဆေးလုံး‌ ဖော်စပ်နိုင်တဲ့သူ သိပ်မရှိဘူး”

မူမိသားစုခေါင်းဆောင်က ခေါင်းယမ်းသည်။

“ကျုပ်က ဆေးလုံးရဲ့အမွေအနှစ်ကို ဖုံးကွယ်ထားတာတော့ မဟုတ်ဘူး။ တာအိုရောင်းရင်းသာ စိတ်ဝင်စားရင် အာခီမီစံအိမ်ငယ်ထဲကို သွားပြီး လေ့လာကြည့်နိုင်တယ်”

အာခီမီစံအိမ်ငယ်တွင် သွေးကြောသန့်စင်ဆေးလုံးဖော်စပ်နည်း ရှိနေသည်။

ထိုစကားကို ကြားလျှင် အာခီမီပညာရှင်များ၏မျက်လုံးများ စူးရှသွား၏။

သို့သော်လည်း အများစုက ခေါင်းယမ်းကြသည်။

မည်သူက အာခီမီစံအိမ်ငယ်ထဲကို ဝင်ခွင့်ရနိုင်မည်နည်း။

သူ့ရှေ့တွင် ချန်မင်း၏ စိတ်ဆန္ဒများ တက်ကြွလာခဲ့သည်။

“ခေါင်းဆောင်မူ… ကျုပ်က အာခီမီစံအိမ်ငယ်ထဲကို ဝင်ပြီး ဆေးလုံးဖော်စပ်နည်းကို ကြည့်တဲ့အခါမှ နောင်တမရနဲ့”

ခေါင်းဆောင်တောက်ရင်က သွေးကြောသန့်စင်ဆေးလုံးကို ချလိုက်ကာ ပြုံးလျက် ပြောသည်။

အာခီမီစံအိမ်ငယ်သို့ ဝင်ရန်လား။

တကယ်လို့ နောက်နှစ်တစ်ရာ အချိန်ပေးရင်တောင် ခင်ဗျားလိုလူက အာခီမီစံအိမ်ငယ်ထဲ ဝင်နိုင်မှာလား။

ခေါင်းဆောင်တောက်ရင်၏စကားကို ကြားလျှင် လူအများအပြားက ပြုံးမိသည်။

“သေချာတာပေါ့”

မူမိသားစုခေါင်းဆောင်ကလည်း ပြုံးလျက် ပြောသည်။

“သွေးကြောသန့်စင်ဆေးလုံးရဲ့ နည်းစနစ်ဟာ အာခီမီစံအိမ်ငယ်ရဲ့ ဒုတိယထပ်မှာ ရှိတယ်။ ခင်ဗျား နည်းစနစ်ကို မြင်တာနဲ့ ဘာလို့ ဆေးလုံးအရေအတွက် တိုးမထုတ်လဲဆိုတာကို နားလည်လိမ့်မယ်”

“ကောင်းပြီ…”

ခေါင်းဆောင်တောက်ရင်က ခေါင်းညိတ်ကာ မူထန်ကျစ်အား ကြည့်သည်။

“မူမိသားစုရဲ့ အကြီးဆုံးသား ဖော်စပ်တဲ့ ဒီသွေးကြောသန့်စင်ဆေးလုံးဟာ ချီစက်ဝန်းသုံးပတ်ဖွဲ့စည်းနိုင်တာကို တွေ့ရတယ်။ ဒါက သွေးကြောကို သုံးကြိမ်သန့်စင်ပေးနိုင်တဲ့အတွက် သေချာပေါက် အရည်အသွေးမြင့်ဆေးလုံးပဲ”

သွေးကြောကို သုံးကြိမ် သန့်စင်ပေးနိုင်သော သွေးကြောသန့်စင်ဆေးလုံးမှာ အမှန်တကယ် ရတနာဖြစ်သည်။

ခေါင်းဆောင်တောက်ရင်၏စကားကို ကြားလျှင် အားလုံး ထိတ်လန့်အံ့အားသင့်သွားကြသည်။

ချန်မင်း၏မျက်လုံးများတွင်လည်း လေးနက်သော အမူအရာကို တွေ့ရ၏။

“ကြည့်ရတာ ဒီနေ့ဟာ သခင်လေးမူထန်ကျစ် ကျော်ကြားလာမယ့်နေ့ပဲ”

“သေချာတာပေါ့… သွေးကြောသန့်စင်ဆေးလုံးကို ဖော်စပ်နိုင်တဲ့ သခင်လေးမူကို ဘယ်သူက ထိခိုက်ရဲပါတော့မလဲ”

“အခုကစပြီးတော့ မူမိသားစုက အကြီးဆုံးသခင်လေးဟာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ထောက်တိုင်တစ်တိုင်အဖြစ် သတ်မှတ်နိုင်ပြီ”

သည်အခွင့်အလမ်းကား မူမိသားစုခေါင်းဆောင် ကိုယ်တိုင်ပေးခဲ့ခြင်း ဖြစ်သည်။

အားလုံးက မူထန်ကျစ်အား ကြည့်နေကြသည်။ မည်သူမှ တခြားမူမိသားစုတပည့်များ ဖော်စပ်သော ဆေးလုံးများကို ဂရုမစိုက်ကြတော့ပါ။

ဆေးလုံးပန်းကန်များကို စားပွဲရှည်ပေါ်သို့ လာရောက်ပို့ဆောင်သည်။ ခေါင်းဆောင်တောက်ရင်က ခဏမျှ စစ်ဆေးကြည့်ကာ မှတ်ချက်တချို့ပေးသည်။

ချီအငွေ့အသက်တချို့နှင့် ဆေးလုံးနှစ်လုံး ရောက်လာသောအခါ ဟန်မူယဲ့က ပြုံးလိုက်သည်။

မူဝမ်၏တိမ်မြူချီဆေးလုံးများ။

၎င်းတို့၏ အသွင်အပြင်မှာ သိပ်မကောင်းပါ။

သို့သော် ထိုဆေးလုံးများသည်…

ရတနာများ ဖြစ်သည်။

မူလဇစ်မြစ်သို့ ပြန်သွားခြင်း…

ဆေးလုံးများကို အေးဆေးစွာ ကြည့်နေသော ခေါင်းဆောင်တောက်ရင်သည် ရုတ်တရက် မျက်လုံးပြူးကာ တုန်ယင်သွားသည်။

မူလက ငြိမ်သက်စွာ ထိုင်နေသော မူမိသားစုခေါင်းဆောင်သည်လည်း ဖြေးလေးစွာ ထရပ်၏။

All Chapters