← Chapters

နှစ်တစ်ရာအကြာက ပါရမီရှင်

Vol. 10 Ch. 140

နှစ်တစ်ရာအကြာက ပါရမီရှင်

Vol. 10 Ch. 140

“အဲဒါ သူပဲ”

“အရူးကျန်း”

တစ်စုံတစ်ယောက်က အော်လိုက်သည်။

လူငယ်များမှာကား ကျန်းမင်ကို မသိရာ စိတ်ဝင်စားသော အမူအရာဖြင့် ကြည့်နေကြ၏။

“လွန်ခဲ့တဲ့ နှစ်တစ်ရာက သူဟာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ပါရမီအမြင့်ဆုံး လူငယ်မျိုးဆက်ပဲ။ နောက်ပိုင်း သူ လမ်းလွဲလိုက်သွားတယ်”

“ဘယ်လို ပြောရမလဲ… သူက သူ့ဘဝသူ ဖျက်ဆီးခဲ့တာပဲ”

အတော်များများက ကျန်းမင်၏ပုံပြင်ကို သိထားကြကာ ခေါင်းယမ်းကြသည်။

လွန်ခဲ့သော နှစ်တစ်ရာက ကျန်းမင်သည် မူမိသားစုလူငယ်မျိုးဆက်များအား အနိုင်ရကာ မူမိသားစုခေါင်းဆောင်နှင့် တွေ့ခွင့်ရ၏။

အားလုံးက အာခီမီပညာရှင်ဆရာသခင်အသစ်တစ်ယောက်‌ မွေးဖွားမည်ကို စောင့်မျှော်နေခဲ့ကြ၏။

ထို့နောက် အာခီမီစံအိမ်ငယ်ရှေ့တွင် ကံစမ်းမဲနှိုက်ရာတွင် ကျန်းမင်သည် သန့်စင်မြူနှင်းဆေးလုံးကို ဖော်စပ်ရန် ဖြစ်လာသည်။

ထိုဆေးလုံးကား ဖော်စပ်ရန် အလွန်ခက်ခဲသည်။ အမြင့်ဆုံးအရည်အသွေးရရန်ကား ကောင်းကင်ဘုံသို့ တက်လှမ်းသည်ထက်ပင် ခက်ခဲ၏။

မူမိသားစုခေါင်းဆောင်က ကျန်းမင်အား နောက်တစ်ကြိမ် ကံစမ်းမဲနှိုက်ရန် အခွင့်အရေးပေးခဲ့သော်လည်း ကျန်းမင်က သန့်စင်မြူနှင်းဆေးလုံးကိုသာ ဖော်စပ်ရန် ရွေးချယ်ခဲ့သည်။

နောက်ပိုင်းတွင် သူ၏ပုံပြင်မှာလည်း လူအများကြား တဖြေးဖြေး ပျောက်ကွယ်သွားတော့သည်။

အမြင့်ဆုံးအရည်အသွေး သန့်စင်မြူနှင်းဆေးလုံးသည် ကျန်းမင်၏အနာဂတ်ကို နှစ်တစ်ရာခန့် ပိတ်ဆို့ထားခဲ့သည်။

ကျင့်ကြံခြင်းလောကကား ဤသို့ ဖြစ်သည်။

နှစ်တစ်ရာခန့် ကြာပြီးနောက် ကျန်းမင်သည် ပါရမီရှင် မဟုတ်တော့ပါ။

ကျန်းမင်သည် ရှေ့ကို လှမ်းလာကာ ခေါင်းဆောင်မူအား ဦးညွှတ်သည်။

သူ့အား ကြည့်ကာ မူမိသားစုခေါင်းဆောင်က သက်ပြင်းချသည်။

“ကျန်းမင်… နှစ်တစ်ရာ ကြာပြီးနောက် မင်း နားလည်သွားပြီလား”

ကျန်းမင်က ဟန်မူယဲ့အား တစ်ချက် လှမ်းကြည့်ကာ ပြုံးလျက် ပြောသည်။

“ကျွန်တော် နားလည်ပြီ။ ကျွန်တော် ဒီနေ့ နားလည်ပြီ”

သူက ဆက်ပြောသည်။

“ခေါင်းဆောင်မူ… အရင်တုန်းက ကတိစကား အသက်ဝင်ပါသေးသလား”

မူမိသားစုခေါင်းဆောင်က ခေါင်းညိတ်ကာ ပြောသည်။

“အာခီမီစံအိမ်ငယ်ရဲ့စည်းမျဉ်းက ဘယ်တော့မှ မပြောင်းလဲဘူး။ မင်းက ကံစမ်းမဲကျတဲ့ ဆေးလုံးကို အမြင့်ဆုံးအရည်အသွေးဖော်စပ်နိုင်ရင်ပဲ ဖြစ်ဖြစ်၊ ဆေးလုံးတစ်လုံး ဖော်စပ်နည်းဟာ အာခီမီစံအိမ်မှာ မှတ်တမ်းတင်ဖို့ အဆင့်အတန်းမှီရင်ပဲ ဖြစ်ဖြစ် ဝင်ခွင့်ရမယ်”

၎င်းတို့မှာ အာခီမီစံအိမ်ငယ်၏စည်းမျဉ်းများဖြစ်သည်။

“ကောင်းပြီ… ဒီနေ့ ကျန်းမင် သန့်စင်မြူနှင်းဆေးလုံးကို ဖော်စပ်မယ်”

ကျန်းမင်က ပြုံးသည်။

အားလုံးက စိုက်ကြည့်နေသည်ကို လျစ်လျူရှုကာ သူက ဟန်မူယဲ့အား လှမ်းပြောသည်။

“သခင်လေး… ကျုပ်က မင်းရဲ့ ဆေးပေါင်းဖိုကို ငှားထားပြီးပြီ။ ဒီနေ့ ကျုပ်ကို သန့်စင်မြူနှင်းဆေးလုံးအတွက် ဆေးတစ်ဖုံစာ ချေးပေးလို့ ရမလား”

ဆေးပေါင်းဖိုမှာ ငှားထားသည်လား။

အာခီမီပညာရှင်တစ်ယောက်က ဆေးပေါင်းဖိုကို ငှားယမ်းရန် လိုသည်လား။

ထို့အပြင် သူ့တွင် သန့်စင်မြူနှင်းဆေးလုံးဖော်စပ်ရန် ဆေးအမယ်များ မရှိဘူးလား။

လူအများအပြားက မည်သို့ ပြောရမည် မသိတော့ပေ။

လူအများအပြားက ခေါင်းယမ်းကြသည်။

မူမိသားစု၏အကြီးဆုံးသား မူထန်ကျစ် မျက်မှောင်ကြုတ်သည်။

ယနေ့ကား မူမိသားစုခေါင်းဆောင်၏မွေးနေ့မင်္ဂလာပွဲ ဖြစ်သည်။ ကျန်းမင်၏အပြုအမူကား မလေးမစားရာ ရောက်သည်။

အဝေးတွင် ချန်မင်းက ပြုံးလျက် ခေါင်းယမ်းသည်။ ထို့နောက် သူက ဟန်မူယဲ့အား ကြ်ည့သည်။

သူက ထိုလူအား သိပ်မသိပါ။ သို့သော် သူ့အား သဘောမကျသော စိတ်က အလိုအလျောက် ဖြစ်ပေါ်လာနေသည်။

ထိုလူသည် မူမိသားစုမှ ပါရမီရှင် မူဝမ်နှင့် ယမန်နေ့က အတူတူရှိနေသောသူ ဖြစ်သည်။

ဟန်မူယဲ့တွင် အမှန်တကယ် သန့်စင်မြူနှင်းဆေးလုံးအတွက် ဆေးအမယ် နှစ်ဖုံစာ ရှိသည်။

ယခင်က သူသည် ဆေးပေါင်းဖို၏မှတ်ဉာဏ်ထဲတွင် ကျန်းမင်က သန့်စင်မြူနှင်းဆေးလုံးအား ဖော်စပ်နေသည်ကို မြင်ခဲ့၏။ ထို့ကြောင့် သူက ထိုဆေးလုံးဖော်စပ်ရန် ဆေးနှစ်ဖုံစာ စုဆောင်းထားခဲ့သည်။

နောက်ပိုင်းတွင် သူသည် တခြားကိစ္စများဖြင့် ရှုပ်ထွေးကာ ထိုဆေးလုံးကို ဖော်စပ်ရန် မအားမလပ်ဖြစ်နေခဲ့သည်။

“ကောင်းပြီ… ယူလိုက်ပါ”

ဟန်မူယဲ့က လက်မြှောက်ကာ ဆေးတစ်ဖုံစာ ဆေးပင်ဆေးမြစ်များအား ကမ်းပေးလိုက်သည်။

ကျန်းမင်က ရယ်မောကာ သူ၏လက်ဝှေ့ယမ်းလိုက်လျှင် ဆေးအမယ်များအားလုံး လေထဲသို့ မြောက်တက်သွားသည်။

သူ၏ဘယ်လက်မှ ဆေးပေါင်းဖိုသည်လည်း မြောက်တက်သွားကာ ထိုဆေးပင်များအားလုံးကို သိုလှောင်လိုက်၏။

ဝုန်း…

မီးတောက်များ ဖြစ်ပေါ်လာသည်။

“လေ့ကျင့်တာများရင် ပြီးပြည့်စုံတာပဲ။ ကျန်းမင်ဟာ သန့်စင်မြူနှင်းဆေးလုံးကို လေ့လာနေတာ နှစ်တစ်ရာရှိပြီ။ သူ့မှာ နည်းစနစ်‌တွေ ရှိတာပဲ”

ဆေးပေါင်းဖို ညင်သာစွာ လှည့်ပတ်နေသည်ကို ကြည့်ကာ အဖိုးအိုတစ်ဦးက ပြောသည်။

“ဘယ်လို ပြောပြော သူက နှစ်တစ်ရာတုန်းက ပါရမီရှင်ပဲလေ”

နောက်တစ်ယောက်ကလည်း ထပ်ပြောသည်။

ဝုန်း…

ထိုအခိုက်တွင် ကျန်းမင်၏ဆေးပေါင်းဖိုသည် အဆက်မပြတ် လှုပ်ယမ်းလာ၏။

ဆေးပေါင်းဖို ပေါက်ကွဲတော့မည်လား။

အားလုံးက ဆေးပေါင်းဖိုကို ကြည့်သည်။

ဟန်မူယဲ့က ကျန်းမင်းအား စူးစိုက်ကြည့်သည်။ ဓားချီအာခီမီ။

ဤကား ကျန်းမင်၏နည်းစနစ်ဖြစ်သည်။

သူက သည်နည်းစနစ်ဖြင့် အာခီမီပါရမီရှင်ဂုဏ်ပုဒ်ကို မည်သို့ ပြန်ယူမည်ကို သူ သိလို၏။

ကလင်…

ကျန်းမင်၏လက်ညိုးထိပ်မှ ဓားချီများ ပေါက်ကွဲထွက်လာသည်။

ဓားချီသည် ဆေးပေါင်းဖိုထဲသို့ စီးဆင်းသွား၏။

“ရူးသွပ်တာပဲ”

“သူက ဓားချီနဲ့ ဆေးလုံးဖော်စပ်တုန်းပဲ”

“ဒါက … ဒါက…”

ရင်ပြင်တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့အား လှမ်းကြည့်သည်။

“မင်း သူ့ဆီက သင်တာလား”

ဟန်မူယဲ့က ခေါင်းယမ်းသည်။

“ကျွန်တော်တို့နည်းလမ်းက မတူဘူး”

ကျန်းမင်သည်လည်း ဓားချီဖြင့် ဆေးဖော်စပ်သည်ကို ထိုဆေးပေါင်းဖိုငယ် သူ့လက်ထဲ ရောက်လာမှ သိခြင်း ဖြစ်သည်။

မူမိသားစုခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ ဟန်မူယဲ့အား ကြည့်သည်။

“ဓားချီနဲ့ ဆေးလုံးဖော်စပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အရင်က ငါ လေ့လာဖူးတယ်။ ဓားချီဟာ ကြမ်းတမ်းပြီးတော့ ထိန်းချုပ်ဖို့ ခက်ခဲတယ်။ နောက်ပိုင်း ငါ လက်လျှော့ခဲ့တယ်”

ခေါင်းဆောင်မူက သက်ပြင်းချသည်။

“တကယ်တော့ဓားချီဟာ ဆေးဂုဏ်သတ္တိကို ပိုပြီး သန့်စင်စေတယ်”

ဟန်မူယဲ့က တီးတိုးပြောသည်။

ခေါင်းဆောင်မူက ခေါင်းညိတ်ကာ ဆေးဖော်စပ်နေသော ကျန်းမင်ထံသို့ လှမ်းကြည့်သည်။

ဟန်မူယဲ့က ပြုံးလျက် ထပ်မပြောတော့ပေ။ သူ့စကားကို လတ်တလောတွင် မည်သူမှ ယုံမည် မဟုတ်ပါ။

ဟူး…

ဆေးပေါင်းဖို တုန်ခါသွားကာ ဓားချီများ တဖျတ်ဖျတ်လက်သွားသည်။ ၎င်းကား အမှန်တကယ် ဓားချီများ ဆေးပေါင်းဖိုအပြင်သို့ ထွက်လာခြင်း ဖြစ်သည်။

ဓားချီသည် ကျန်းမင်က အသက်ဝင်လာစေခြင်းမဟုတ်ဘဲ ဆေးပေါင်းဖိုကိုယ်တိုင်က အသက်ဝင်လာခြင်း ဖြစ်သည်။

ထိုဆေးပေါင်းဖိုသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လူငယ်၏ ဆေးပေါင်းဖိုဖြစ်သည်။

လူအများအပြားက ဟန်မူယဲ့အား လှမ်းကြည့်ကြသည်။

ကျန်းမင်က ထိုလူငယ်၏ဆေးပေါင်းဖိုကို သုံးခြင်းမှာ မထူးဆန်းတော့ပါ။ သူတို့နှစ်ဦးလုံးက ဓားချီအာခီမီကို လေ့လာကြသည်။

ဟူး…

ဆေးပေါင်းဖိုသည် ပိုမိုပြင်းထန်စွာ တုန်ခါလာကာ သဘာဝစွမ်းအင်အလင်းမှာလည်း ပိုမိုအားကောင်းလာသည်။

လူအများအပြား၏အမူအရာက လေးနက်နေသည်။

ဤသည်ကား ဆေးလုံးဖွဲ့စည်းခြင်း နိမိတ်ဖြစ်သည်။

သူသည် ဓားချီဖြင့် အမှန်တကယ် ဆေးလုံး ဖော်စပ်နိုင်၏။

ကျန်းမင်က လက်ဝှေ့ယမ်းလိုက်လျှင် အလင်းတန်းသုံးခု ဆေးပေါင်းဖိုထဲမှ ထွက်လာသည်။

ဆေးလုံးသုံးလုံးသည် လေထဲတွင် တိမ်မြူအငွေ့အသက်များဖြင့် ရပ်နေ၏။

အားလုံးက ထိုဆေးလုံးများကို စိုက်ကြည့်နေကြသည်။

ထိုဆေးလုံးသည် ၎င်းအကြည့်များကို ခံစားမိဟန်တူကာ ဖျတ်ခနဲ ကျန်းမင်း၏ပုခုံးပေါ်သို့ ရောက်လာကာ ညင်သာစွာ လှည့်ပတ်နေသည်။

ဤသည်ကား ဆေးလုံး မဟုတ်တော့ပါ။ ၎င်းသည် စိတ်ဝိညာဉ်ရှိသော သားရဲငယ်တစ်ကောင်နှင့်ပင် တူနေသည်။

“ဒီဆေးလုံးမှာ ဝိညာဉ်ရှိနေတယ်။ ဒီနေ့ ငါဟာ အင်မော်တယ်ဆေးလုံးကို မြင်တွေ့ရပြန်ပြီ”

ခေါင်းဆောင်တောက်ရင်က ထရပ်ကာ ထိုဆေးလုံးများကို ကြည့်သည်။

အင်မော်တယ်ဆေးလုံး။

ဤသည်မှာ အင်မော်တယ်ဆေးလုံးဖြစ်ကြောင်း သံသယ ဝင်စရာမလိုပါ။

အင်မော်တယ်ဆေးလုံးများသည်သာ အသက်ဝင်နိုင်သည်။

“ငါတို့ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အာခီမီတာအိုဟာ ထွန်းပြောင်တော့မှာလား”

မူမိသားစုခေါင်းဆောင်ကလည်း ထရပ်ကာ ထိုဆေးလုံးများကို ကြည့်သည်။

ထိုအခိုက်တွင် အားလုံးက အင်မော်တယ်ဆေးလုံးသုံးလုံးနှင့် ထိုဆေးလုံးများကို ဖော်စပ်သူအား ကြည့်နေကြသည်။

ကျန်းမင်။

နှစ်တစ်ရာ ကြာပြီးနောက် သူသည် အင်မော်တယ်ဆေးလုံးများကို ဖော်စပ်ခဲ့သည်။

မူဝမ်ဖော်စပ်သော ဆေးလုံးများသည်ပင် သူ့ဆေးလုံးများထက် အနည်းငယ် နိမ့်ကျ၏။

သူတို့ရှေ့မှ ဆေးလုံးများသည် အစစ်အမှန် အင်မော်တယ်ဆေးလုံးများဖြစ်သည်။

“ပါရမီရှင်တစ်ယောက်က ပါရမီရှင်တစ်ယောက်ပါပဲ”

လူအုပ်ထဲမှ တစ်ယောက်က သက်ပြင်းချသည်။

ကျန်းမင်က လက်မြှောက်ကာ သူ၏ဆံပင်နှင့် အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်သည်။ ထို့နောက် သူက ဆေးပေါင်းဖိုကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ရှေ့ကို လှမ်းသွား၏။

“ခေါင်းဆောင်မူ… ဒီဆေးလုံးတွေနဲ့ဆို ကျွန်တော် အာခီမီစံအိမ်ငယ်ထဲ ဝင်ခွင့်ရပါပြီလား”

အာခီမီစံအိမ်ငယ်ထဲသို့ အင်မော်တယ်ဆေးလုံးများဖြင့် ဝင်ခြင်း။

နှစ်တစ်ရာကြာပြီးနောက် သူ၏တောက်ပမှုကို မည်သူ ယှဉ်နိုင်မည်နည်း။

ထိုအခိုက်တွင် အားလုံး၏မျက်လုံးများက ကျန်းမင်ထံသို့ ရောက်နေကာ မနာလိုခြင်း၊ အားကျခြင်း စသော ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေကြသည်။

“ငါတို့ အာခီမီပညာရှင်တွဟာ ဒီလို စိတ်ရှည်ဇွဲကောင်းဖို့ လိုတယ်”

“ဒါကပဲ အာခီမီပဲ”

မရေမတွက်နိုင်သောလူများက အထင်ကြီးလေးစားစွာ ကြည့်နေကြသည်။

မူမိသားစုခေါင်းဆောင်က ခေါင်းညိတ်ကာ ပြောသည်။

“ဒီဆေးလုံးဟာ အမြင့်ဆုံးအရည်အသွေးကို ကျော်လွန်သွားပြီ။ သေချာပေါက် အာခီမီစံအိမ်ငယ်ထဲကို ဝင်ခွင့်ရတာပေါ့”

အာခီမီစံအိမ်ငယ်သို့ ဝင်ခွင့်ရခြင်း။

ဆယ်စုနှစ်တချို့ ကြာပြီးနောက် တစ်စုံတစ်ယောက်သည် အာခီမီစံအိမ်ငယ်ထဲသို့ ဝင်ခွင့်ရပြီ ဖြစ်သည်။

အသက်ပြင်းတစ်ချက် ရှိုက်ကာ ကျန်းမင်က အဝေးမှ သုံးထပ်အဆောက်အဦအား ကြည့်သည်။

ထို့နောက် သူက ဟန်မူယဲ့အား ကြည့်သည်။

“အာခီမီစံအိမ်ငယ်ထဲသို့ ဝင်ခွင့်ဟာ တခြားတစ်ယောက်ကို လွှဲပြောင်းခွင့်ရှိတယ်”

“သခင်လေး အဲဒီကို တစ်ခေါက်လောက် ဝင်ကြည့်မလား”

All Chapters