← Chapters

လောကတိုင် ကျဆုံးမှု

Vol. 26 Ch. 352

လောကတိုင် ကျဆုံးမှု

Vol. 26 Ch. 352

ရှုချီဟောင်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း လေးလေးနက်နက် ပြန်ပြောလိုက်သည်

“ကြယ်တာရာ သခင် ရှိတော့ရော ဘာအရေးလဲ။ ကြယ်တာရာ ဘုရင်တောင်က ကြယ်တာရာ သခင်က ကျန်းရှင်းဘေးကင်းလုံခြုံမှု အတွက် တာဝန်မှ မယူနိုင်ဘဲ ကိုယ့်ကျိုး အတွက်ပဲ တွက်ချက်နေတာ ... ကျုပ် ရှုချီဟောင်က ခင်ဗျားကို ကြယ်တာရာ သခင်အဖြစ် ဘယ်တော့မှ အသိမှတ်ပြုမှာ မဟုတ်ဘူး … ကြယ်တာရာ သခင်ချီထုံ ကြယ်တာရာ သခင် ဖြစ်လာတာ သူက ခင်ဗျားတို့တွေထက် အားကောင်းနေလို့ မဟုတ်ဘူး။ သူက အမြဲတမ်း ကြိုးကြိုးစားစား တိုက်ခိုက်ပြီးတော့ ကျန်းရှင်းရဲ့ ကောင်းကျိုးကိုပဲ ကြည့်ခဲ့လို့ပဲ။ သူက ကျန်းရှင်း အတွက် အသက်စွန့်သွားပြီးတော့ နောက်ဆုံးအမိန့်ကတောင် ကျန်းရှင်းရဲ့ လုံခြုံမှုကို ကာကွယ်ပေးဖို့ အတွက် ပေးခဲ့တာ ... အားလုံးလဲ သိကြလိမ့်မယ်လို့ ယုံကြည်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ကြယ်တာရာ သခင် ကျန်းရှင်း အတွက် ကာကွယ်နေတုန်းက ခင်ဗျားတို့ တစ်ယောက်ချင်းစီက ဘာတွေ လုပ်နေကြလဲ။ အခု ကျုပ်တို့က ဆက်ခံသူကို ရွေးချယ်မယ်လုပ်မှ အားလုံးက ပေါ်လာကြပြီးတော့ ကြယ်တာရာရဲ့ ဆန္ဒကိုတောင် မေ့နေကြသေးတယ်၊ ကျုပ် ရှုချီဟောင်က ခင်ဗျားတို့နဲ့ ပြောနေမဲ့အစား ကြယ်တာရာ တိုက်ပွဲကိုသာ သွားပြီး တိုက်ဖို့ပဲ ရွေးချယ်လိုက်မယ် ”

ထိုစကားအဆုံးတွင် ရှူချီဟောင်က လောကခန်းမဆီ ဦးတည်သွားတော့သည်။

“ဟုတ်ပြီ။ ကျွန်မ စုရွမ်လဲ ကြယ်တာရာ တိုက်ပွဲကို သွားမယ်။ ဒီနေရာမှာ နေပြီးတော့ ထိုင်ရာ မထ ကျန်းရှင်းကို ကာကွယ်ချင်တယ်ပြောရတာကိုက ရှက်ဖို့ ကောင်းနေပြီ ... ”

“ကာကွယ်သူရှု ပြောတာ မှန်တယ်။ ကျုပ် ယန်ကျဲလည်း ဒီနေရာမှာ နေရာတာ ငြီးငွေ့လာပြီ။ ကျန်းရှင်းက အခု အရေးတကြီး အခြေအနေထဲ ကျရောက်နေတာ ပြောနေရုံနဲ့ ပို၍ အန္တရာယ် ကင်းလာမှာလဲ မဟုတ်ဘူး ... ”

ဆံရှည်အမျိုးသား တစ်ယောက်က စုရွယ်နောက်မှ လိုက်ပါသွားသည်။

ရှားတန်တောက်နှင့် ယန်ဖင်းကျီတို့ အမူအရာများက ပုံဆိုးပန်းဆိုး ဖြစ်နေဆဲ ဖြစ်လေသည်။ အကြောင်းမှာ စုရွယ်က ကြယ်တာရာ ပင်လယ်ခန်းမသခင် တစ်ယောက် ဖြစ်ပြီး သူမက ကြယ်တာရာ ပင်လယ်တပ်ကို ထိန်းချုပ်လေ၏။ တစ်ဖက်တွင် ယန်ကျဲက ၇ ခုမြောက် ခန်းမ ဖြစ်သည့် ကြယ်တာရာ ကမ်းပါး ခန်းမသခင် ဖြစ်ပြီး ကြယ်တာရာ ကမ်းပါးတပ်ကို ထိန်းချုပ်လေသည်။ ထိုလူနှစ်ယောက်၏ နှင့်အတူ ရှူချီဟောင် တို့ ပူးပေါင်းမှုမှာ ရှားတန်တောက်နှင့် ယန်ဖင်းကျီတို့ အတွက် မျက်နှာသာ ပေးစရာ မရှိတော့ချေ။

“ကာကွယ်သူ ရှု ... ဒီခရမ်းဟုန်ကြာက ခင်ဗျား အတွက် ပဲ။ ကျုပ် ယန်ကျဲက ခင်ဗျားလို လူမျိုးကို လေးစားတယ်။ ဒီခရမ်းဟုန်ကြာက ခင်ဗျားလက်ကို နဂိုအခြေအနေအတိုင်း ပြန်မဖြစ်စေပေမဲ့ နှစ်အနည်းငယ်လောက် ထိန်းချုပ်နိုင်သရွေ့ ခင်ဗျား အခြားလက်တစ်ဖက်ထက် အားနည်းမှာတော့ မဟုတ်ဘူး ... ”

ထိုသို့ ပြောပြီးနောက် ယန်ကျဲက ရှူချီဟောင်ကို ကျောက်စိမ်းသေတ္တာ တစ်လုံးကို ကမ်းပေးလိုက်သည်။

ရှူချီဟောင် လက်တစ်ဖက် ပြန်မကောင်းနိုင်ခြင်းမှာ သူက ပြန်ကောင်းဖို့ရာ ကူညီပေးနိုင်သည့် ထိပ်တန်းဆေးပင်ကို ရှာမတွေ့သောကြောင့် ဖြစ်သည်။

ခရမ်းဟုန်ကြာက ပြန်လည်ကောင်းဖို့ရာ အတွက် ထိပ်သီးရတနာ ဟု ယူဆ၍ မရသော်လည်း သာမန်ဆေးပင်များထက် အများကြီး အားကောင်းပေသည်။ ရှူချီဟောင်၏ လက်ရှိအနေအထားဖြင့် သူသာ ပြန်ကောင်းဖို့ရာ နှစ်အနည်းငယ် အားစိုက်လိုက်ပါက သူ့လက်က နဂိုအခြေအနေ ပြန်ရလာဖို့ရန် ခက်ခဲသော ပြဿနာတစ်ရပ်တော့ မဟုတ်ချေ။

“ခန်းမသခင်ယန်ကို ကျေးဇူးတင်ပါတယ် ”

ရှူချီဟောင်က ကျောက်စိမ်းသေတ္တာကို လက်ခံကာ ကျေးဇူးစကားဆိုလိုက်သည်။ လက်တစ်ဖက် ဆုံးရှုံးသွားခြင်းက သူ့အင်အား မလျော့ကျသွားစေသော်လည်း အနာဂတ်၌ အတားအဆီး ဖြစ်နိုင်ပေလိမ့်မည်။ တစ်နှစ်ကျော်အတွင်း သူ့ကျင့်ကြံဆင့်က သိသိသာသာ တိုးတက်လာပုံ မပေါ်ပေ။

ရှူချီဟောင်လက်ထဲ သတင်းပို့ ဓားပျံနီ တစ်ချောင်း ကျရောက်လာ၍ ယန်ကျဲက ရှူချီဟောင်ကို ပြန်ဖြေဖို့ရာ အချိန်မရှိလိုက်ပေ။

ရှူချီဟောင်က ဓားပျံကို လက်ခံလိုက်ရင်း စိတ်စွမ်းအားကို အသုံးပြု၍ သတင်းကို ဖတ်လိုက်ပြီးနောက် သူ့အမူအရာက ရုတ်ချည်း ပြောင်းလဲသွားကာ အသံမှာလည်း တုန်ယင်လာလေ၏

“လောကတိုင်ကို ဝင်စီးသွားလို့ လောကတိုင် ကျဆုံးသွားပြီတဲ့ ... ကျုပ်တို ကျန်းမိုနယ်မြေ အတွက် ဆုံးရှုံးမှုအကြီးကြီး ဖြစ်ပြီ။ အခု ခန်းမသခင်ဝူက ဒဏ်ရာရ ကျင့်ကြံသူတွေနဲ့အတူ စူးရှလေမြို့ကို ပြန်ဆုတ်နေပြီတဲ့ ... ”

လောကတိုင် ကျဆုံးသွားသည်ကို ကြားပြီး ရှူချီဟောင် သာမက ရှားမျိုးနွယ်နှင့် ယန်မျိုးနွယ်စု တို့၏ အမူအရာမှာလည်း ပြောင်းလဲသွားကုန်ကြသည်။

သူတို့က နယ်ခြားအင်အားစုများမှ ထိန်းချုပ်မခံရအောင် ကြယ်တာရာ ဘုရင်တောင်ကို ထိန်းချုပ်လိုကြသည်။ ထို့ကြောင့် သူတို့က ချီထုံ၏ လူယုံတော်များကို ဖိအားပေးပြီး ကြယ်တာရာ သခင် အသစ် ရွေးချယ်ရန် ပြောဆိုနေကြသည်မှာ သူတို့က လောကတိုင်သည် ကျဆုံးသွားမှာ မဟုတ်ဟု ယုံကြည်ထား၍ ဖြစ်ပေသည်။ ယခု လောကတိုင်က ကျဆုံးသွားပြီ ဖြစ်ရာ သူတို့မျှော်လင့်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေ၏။

“စူးရှလေမြို့ကို မြန်မြန် သွားကြ ”

စုရွယ်က ကြယ်တာရာ သခင်ခန်းမမှ ပြေးထွက်ရင်း ပထမဆုံး ပြောလိုက်သူ ဖြစ်၏။

ကျန်သူများက ဆက်လက် မငြင်းပွားလိုတော့သောကြောင့် စူးရှလေမြို့ကို သွားရန် ကူးပြောင်း အစီအရင် ထဲ မြန်မြန် သွားလိုက်ကြသည်။

****

တစ်နာရီ အကြာတွင် စူးရှလေမြို့ရှိ ပင်မအဆောက်အဦအတွင်း ခန်းမသခင်ဝူ အပါအဝင် မောဟိုက်နေကြသော ကြယ်တာရာ လမ်းကြောင်းတပ်မှ လူအများစုက စုစည်းနေကြလေသည်။ ဝူလင်းကျီက ကြယ်တာရာ လမ်းကြောင်းခန်းမသခင် ဖြစ်ရုံသာမက သူက ချီထုံ၏ သစ္စာအရှိဆုံး လူယုံ တစ်ယောက်လည်း ဖြစ်ပေသည်။ ချီထုံ ကျဆုံးသွားပြီးနောက်တွင် ခန်းမသခင်တိုင်း နီးပါးက အာဏာ အတွက် တိုက်ခိုက်နေကြပြီး လောကခန်းမကို မကာကွယ်လိုကြပေ။ ဝူလင်းကျီက တွေဝေမနေဘဲ သူ့တပ်နှင့်အတူ ကျင့်ကြံသူများကို ခေါ်ဆောင်၍ လောကခန်းမ ဝင်ပေါက်ကို ကြီးကြပ်ခဲ့ရသည်။

“ခန်းမသခင်ဝူ .. လောကတိုင်က ကျုပ်တို့ ကျန်းရှင်းရဲ့ ထွက်ပေါက်လေ။ ခင်ဗျားက စောင့်ကြပ်နေတုန်း လောကတိုင်ကို ကျဆုံးခွင့်ပြုခဲ့တယ်ပေါ့ .. ”

ဆံပင်နီကြောင်နှင့် ခက်ထန်ကြမ်းတမ်းသည့် အမျိုးသားက ထရပ်ကာ ဆံပင်များ ရှုပ်ပွနေပြီး ခန္ဓာတွင် သွေးများ စွန်းထင်းနေသည့် လူလတ်အရွယ် အမျိုးသားကို အော်ပြောလိုက်သည်။

ထိုလူလတ်အမျိုးသားမှာ ကြယ်တာရာ လမ်းကြောင်း ခန်းမသခင် ဝူလင်းကျီသာ ဖြစ်၏။ ဆံပင်နီကြောင် အော်ဟစ်ပြောနေသည့်သူမှာ ငါးခုမြောက် ခန်းမဖြစ်သည့် ကြယ်တာရာ မီးတောက် ခန်းမသခင် ချူဖုန်းယီ ဖြစ်၏။

ဝူလင်းကျီက အမူအရာ မဟန်သော်လည်း ပြန်လည်မချေပပေ။ သူက နဂိုကတည်းမှ စကားများများ ပြောသည့်သူ မဟုတ်သည့် အတွက် လူများနှင့် ငြင်းခုံရခြင်းကို မနှစ်သက်ပေ။

“ခင်ဗျား ငကြောင်လား ... ”

ဝူလင်းကျီက ငြိမ်နေသော်လည်း အခြားသူများက သူ့ အတွက် မပြောပေးခြင်းတော့ မဟုတ်ပေ။ သူ့ အတွက် ထပြောပေးသည့်သူမှာ ကြယ်တာရာ ကမ်းပါး ခန်းမသခင် ယန်ကျဲ ဖြစ်၏။

ချူဖုန်းယီကို ဆဲဆိုပြီးနောက် ယန်ကျဲက ချူဖုန်းယီကို လက်ညိုးငေါက်ငေါက်ထိုးကာ ဆက်ပြောလိုက်သည်

“ဆန်ကုန်မြေလေး ... အာကာသ သားရဲတွေနဲ့ ကူနို့်ကြယ်တာရာ မျိုးနွယ်တွေ ကျူးကျော်လာတုန်းက ခန်းမသခင်ဝူက အရင်ဦးဆုံး ထွက်ပြီး တိုက်ခဲ့တဲ့သူပဲ။ ပြီးတော့ ကြယ်တာရာ သခင် အရိုက်အရာကို လုယူဖို့ ကြွက်တချို့က ပုန်းကွယ်နေပေမဲ့ အဲဒီအချိန် ခန်းမသခင်ဝူက လောကတိုင်ဆီ ဦးဆုံးသွားပြီး ကာကွယ်ပေးခဲ့တာပဲ။ ချူဖုန်းယီ ခင်ဗျားတောင် ဘာမှ မလုပ်ဘဲနဲ့ ခန်းမသခင်ဝူကို ပြောရအောင် ခင်ဗျားက ဘယ်သူမလို့လဲ ... ဖွီ ... တကယ်လို့ ခင်ဗျားလို့ မကျေနပ်ရင် ကျုပ် ယန်ကျဲကို ကြိုက်တဲ့ အချိန် စိမ်ခေါ်လိုက် ... ”

ချူဖုန်းယီက ယန်ကျဲကို စိမ်ခေါ်လိုသော်လည်း သူ့တွင် လုပ်ရဲသည့် သတ္တိမရှိချေ။ ဝူလင်းကျီက ပြန်လည်ချေပတာမျိုး သဘောမကျသလို အတွင်းရေး အရှုပ်အထွေးများ၌လည်း ဝင်မပါပေ။ သို့သော် ယန်ကျဲက မဖြစ်စလောက် လူ မဟုတ်ချေ။ ချူဖုန်းယီက လောက အင်မော်တယ် အလယ်အလတ်အဆင့် ရောက်နေစဉ် ယန်ကျဲက လောက အင်မော်တယ် အဆင့် ၅ ထိပ်ဆုံးကို ရောက်နေပြီး အဆင့် ၆ ကို တက်လှမ်းခါနီး ဖြစ်၏။ ကြယ်တာရာ မီးတောက်က ကြယ်တာရာ ကမ်းပါးထက် အဆင့်မြင့် နေသော်လည်း သူက ယန်ကျဲနှင့် ဝင်မရှုပ်ရဲချေ။

“ကောင်းပြီ။ အခု နယ်ခြားအင်အားစုတွေက ကျူးကျော်လာပြီဆိုတော့ ဒီနေရာမှာ စုနေပြီးတော့ ကျန်းရှင်းကို ကာကွယ်ဖို့ နည်းလမ်း ရှာကြမယ်။ ပြီးတော့ ခန်းမသခင်ယန်၊ ခန်းမသခင်ချူတို့ နှစ်ယောက်လုံးက ခန်းမဆယ်ခုရဲ့ ခန်းမသခင်တွေ ဖြစ်နေပြီးတော့ အဲလိုပြောတာတွေ မကောင်းဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှု ပျက်ပြား သွားစေနိုင်တယ် ”

ရှားတန်တောက်က ဝင်ပြောလိုက်သည်။

ယန်ကျဲက ရှားတန်တောက်ကို ဂရုမစိုက်ဘဲ မယဉ်မကျေး ဆက်ပြောလိုက်သည်

“ဒီလူအိုကြီးက ဒီလိုပဲ ... ခင်ဗျား ရှားတန်တောက်လည်း ကြယ်တာရာ သခင် မဖြစ်သေးပါဘူး။ လူတကာ လက်ညိုးထိုးပြီး ဘာလုပ် ဘာလုပ် ပြောမနေစမ်းနဲ့ ... ”

ရှားတန်တောက် ပတ်ဝန်းကျင်က အေးစက်လာပြီး လူသတ်စိတ်က ကြီးထွားလာလေသည်။

တိုက်ပွဲ ဖြစ်ခါနီးတွင် ကြယ်တာရာ ပင်လယ် ခန်းမသခင်စုရွမ်က ဝင်ပြောလိုက်ရသည်

“ခန်းမသခင်ဝူ ... ကျွန်မတို့တွေ လောကတိုင်ကို ဘယ်လို ရုတ်တရက် ဆုံးရှုံးသွားရတယ်ဆိုတဲ့ အကြောင်းကို ဘာလို့ မပြောတာလဲ ... ”

စုရွမ်လည်း အမှန်တရားကို သိချင်မိသည်။ အကြောင်းမှာ လောကတိုင် တစ်ခုတည်းဖြင့် အနည်းဆုံး ရန်သူ ၁၀ ၀၀၀ လောက် ခုခံနိုင်ပေသည်။ တိုက်ခိုက်ဖို့ မရွေးချယ်ဘဲ ခုခံဖို့သာ အာရုံစိုက်ထားသရွေ့ ဝင်ချိုးဖျက်ဖို့ရာ အင်မတန် ခက်ခဲပေလိမ့်မည်။

စုရွမ်က လေထုကို လျော့ချဖို့ ကြိုးစားနေတာကို သိပြီး ရှားတန်တောက်က နှာခေါင်းရှုံ့ကာ အပြုအမူကို ထိန်းလိုက်သည်။ သူက ဆက်၍ ပြုမူပါက ထိုမှ အကျိုးကျေးဇူး ရမည် မဟုတ်ပေ။ ယန်မျိုးနွယ်က ချီထုံ၏ ဆန္ဒကို ဆန့်ကျင်ကာ ရှားမျိုးနွယ်စုကို အပေါ်ယံ ထောက်ပံ့ဟန် ပြနေသော်လည်း ယခုသာ ရှားမျိုးနွယ်စု အထိရိုက် ခံရပါက ယန်မျိုးနွယ်စုလဲ ရှေ့ထွက်လာကာ သူ့အပေါ် အကျဉ်းအကျပ်ထဲ တွန်းချပေးလိမ့်မည်။

ဝူလင်းကျီက ခေါင်းညိတ်ပြကာ အသံတိုးတိုးလေးဖြင့် ဖြေလိုက်သည်

“အာကာသ ဝံပုလွေဘုရင်ကြီး ရုတ်တရက် ပေါ်လာတော့ ကျုပ် ထိန်းချုပ်မှု လွတ်သွားတယ်။ ပြီးတော့ အဲဒါတင် မကသေးဘူ။ ကျိုးမိန်လည်း ကျုပ်ကို ကာကွယ်ရင်းနဲ့ သေသွားခဲ့တယ် ”

အားလုံးက တိတ်ဆိတ်သွားကြသည်။ ကျိုးမိန်မှာ လောက အင်မော်တယ် အဆင့် ၃ ဖြစ်ပြီး ဝူလင်းကျီ၏ အားအကိုးရဆုံး လက်ထောက် ဖြစ်ကာ လောကတိုင်အတွင်း ကျဆုံးသွားလေသည်။ ထို့အပြင် အာကာသ ဝံပုလွေဘုရင်ကြီး ပေါ်လာသည့် ကိစ္စကား ထိုနေရာတွင် သူတို့အားလုံး ရှိနေလျှင်ပင် ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

အာကာသ ဝံပုလွေဘုရင်ကြီးကို မဆိုထားနှင့် စူးရှလေမြို့ကို ဆက်လက် တောင့်ခံထားဖို့ရာပင် အလွန်ခက်ခဲပေလိမ့်မည်။

“မဟုတ်သေးပါဘူး။ အာကာသ ဝံပုလွေဘုရင်ကြီး ပေါ်လာရင် ဘာလို့ စူးရှလေမြို့ထိ လိုက်မလာတာလဲ ”

စုရွမ်က ပြဿနာကို အရင်သတိပြုမိသူ ဖြစ်၏။

ဝူလင်းကျီက သက်ပြင်းချကာ ပြောလိုက်သည်

“အာကာသ ဝံပုလွေဘုရင်ကြီးက မိုဝူကျီကို လာသတ်တာ ပြီးတော့ မိုဝူကျီက ကျန်းမိုနယ်မြေကို ပြန်မရောက်သေးတာ သိတော့ အာကာသ သားရဲတွေနဲ့ ကူနို့ကြယ်တာရာ တပ်ကို လောကတိုင် ဝင်ဖို့ ကူညီသွားတာ။ အဲဒါပြီးသွားတော့ လောကတိုင်ကနေ ထွက်သွားတာ လောကခန်းမကိုတောင် ဝင်မလာဘူး ”

ဝူလင်းကျီ ထပ်မရှင်းပြတော့ဘဲ အားလုံးက အာကာသ ဝံပုလွေဘုရင်ကြီး သွားသည့်နေရာကို သိသွားကြသည်။ မိုဝူကျီကို သွားရှာသည်သာ ဖြစ်လိမ့်မည်။ မိုဝူကျီကို သတ်ပြီးလျှင် ကျန်းမိုနယ်မြေကို သေချာပေါက် ပြန်လာလိမ့်မည်။ ရှားတန်တောက် ဖြစ်စေ၊ ယန်ဖင်းကျီ ဖြစ်စေ သူတို့နှစ်ယောက်လုံးက အာကာသ ဝံပုလွေဘုရင်ကြီး က မိုဝူကျီကို မြန်မြန် ရှာမတွေ့စေရန် မျှော်လင့်နေကြသည်။

ဝူလင်းကျီက ဆက်ပြောလိုက်သည်

“အာကာသ ဝံပုလွေဘုရင်ကြီးက မိုဝူကျီကို သွားရှာတုန်း ကျန်တဲ့ ဒဏ်ရာရ တပ်ကို ခေါ်ပြီးတော့ စူးရှလေမြို့ကို ဆုတ်လာတာ။ ပြီးတော့ လောကခန်းမကနေ စူးရှလေမြို့ဆီ လာတဲ့ ကူးပြောင်းအစီအရင် ကို ဖျက်စီးပစ်ခဲ့တယ် ... ”

ထိုအရာကို ကြားပြီး လူအုပ်ကြီးက သက်ပြင်းချလိုက်ကြသည်။

ယခု ကူးပြောင်းအစီအရင် ပျက်စီးသွားပြိ ဖြစ်၍ အာကာသ ဝံပုလွေဘုရင်ကြီး ရောက်လာလျှင်ပင် စူးရှလေမြို့ကို မတိုက်ခိုက်ခင် အရင်ဦးစွာ အစီအရင် ဆောက်ရန် လိုအပ်ပေလိမ့်မည်။ အာကာသအတွင်း အစီအရင် ဆောက်ဖို့ရန်က လွယ်ကူသည့် ကိစ္စရပ်တော့ မဟုတ်ချေ။

စုရွမ်က နောက်တစ်ကြိမ် ထရပ်ကာ

“ကျွန်မတို့ ကျန်းရှင်းက အန္တရာယ်အများဆုံးအခြေအနေထဲ ရောက်နေပြီ။ တကယ်လို့ စူးရှလေမြို့ကို ကျူးကျော်လာမယ်ဆိုရင် ကျွန်မတို့ ကျန်းရှင်းက နယ်ခြားအင်အားစုနဲ့ နောက်တစ်ခါ ထပ်တိုက်ပွဲ ဖြစ်ရလိမ့်မယ်။ အဲလိုဆိုရင် ကျွန်မတို့ အတွက် အဆုံးသတ် ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် ကြယ်တာရာ လမ်းကြောင်း ခန်းမသခင် ဝူကို က ယာယီ ကြယ်တာရာ သခင် အဖြစ် ခန့်အပ်ပြီးတော့ လောကခန်းမကနေ နယ်ခြားအင်အားစုတွေ မောင်းထုတ်ပစ်ဖို့ ကျင့်ကြံသူတပ်ကို ဖွဲ့စည်းသင့်တယ်လို့ ကျွန်မ ထင်တယ် ... ”

“ကျုပ် ကြယ်တာရာ တိုက်ပွဲခန်းမက သဘောတူတယ် ... ”

အားလုံးက နောက်ဆုံးမှ သဘောတူလိမ့်မည်ဟု မျှော်လင့်ထားသည့် ရှားတန်တောက်က သဘောတူလိုက်သည်။

“ကျုပ်ရဲ့ ကြယ်တာရာ တိမ်တိုက်ခန်းမကလဲ သဘောတူတယ် ”

ဒုတိယ ထရပ်သူမှာ ယန်ဖင်းကျီ ဖြစ်၏။

အားလုံး သဘောတူညီပြီးနောက် မျိုးနွယ်စုကြီး သုံးခုလုံးကို အမြဲဆန့်ကျင်နေသည့် ရှူချီဟောင်က ထိုအကြံပြုချက်ကို သဘောတူလိုက်သည်။

သို့သော်လည်း အားလုံးက ဝူလင်းကျီက ကြယ်တာရာ သခင် အရိုက်အရာကို ဘယ်တော့မှ လက်ခံလိမ့်မည် မဟုတ်မှန်း သိကြသည်။ ဝူလင်းကျီက အခြားသူများနှင့် တိုက်ခိုက် လုယူရသည်ကို သဘောမကျပေ။ ထို့အပြင် သူက ကြယ်တာရာ သခင် မဖြစ်သင့်ကြောင်း ခံစားမိနေသောကြောင့် အခြားသူများနှင့် အရိုက်အရာ အတွက် တိုက်မည် မဟုတ်ပေ။ သူ၏ ကြယ်တာရာ လမ်းကြောင်းခန်းမ ရာထူးကို ကြယ်တာရာ သခင် ချီထုံက အတင်းကျပ် ပေးအပ်ထားခြင်း ဖြစ်ပေသည်။

ထို့ကြောင့် သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသော မြောက်ဖက် ကြယ်တာရာ တပ်နှင့် ကြယ်တာရာ လမ်းကြောင်းတပ် တစ်ဝက်လောက်မှာ မော့မျိုးနွယ်စုအောက် ရောက်နေခြင်း ဖြစ်သည်။

ရှားမျိုးနွယ်စုနှင့် ယန်မျိုးနွယ်စုတို့က စုရွမ် အကြံပြုချက်ကို သဘောတူလိုက်သည့် အကြောင်းအရင်းမှာ ဝူလင်းကျီက ကြယ်တာရာ သခင်အဖြစ် လက်မခံမှန်း သိနေ၍ ဖြစ်သည်။ ဝူလင်းကျီက ထိုအရိုက်အရာကို ငြင်းပယ်သည်နှင့် နောင်၌ နောက်ထပ် ကြယ်တာရာ သခင် တစ်ယောက် ထပ်ရွေးချယ်သည့်အခါ ကျန်လူများက ငြင်းပယ်ရန် ရတော့မည် မဟုတ်ပေ။

သို့သော် အံ့အားသင့်စရာ ကောင်းသည်က အားလုံးမျှော်လင့်ထားသည့်နှင့် ဆန့်ကျင်စွာ ဝူလင်းကျီက ရုတ်တရက် ထရပ်ရင်း ပြောလိုက်သည် “ကျန်းရှင်းက တကယ်ကို အရှုပ်အထွေးထဲ ကျရောက်နေတာ။ အားလုံးက ကျုပ်ကို တွေးပေးမှတော့ .. ကျုပ် ဝူလင်းကျီက ယာယီ ကြယ်တာရာ သခင် အရိုက်အရာကို လက်ခံပါ့မယ်။ နောက်ထပ် တတ်စွမ်းတဲ့သူ ပေါ်ပေါက်လာရင် ကျုပ် ဝူလင်းကျီက ကြယ်တာရာ သခင် အရိုက်အရာကနေ အချိန်မရွေး ဆင်းပေးပါ့မယ် ”

သူက ရှားတန်တောက်နှင့် ယန်ဖင်းကျီတို့နှင့်အားလုံးကို ကူကယ်ရာမဲ့စွာ အချင်းချင်း ကြည့်သွားစေရန် လုပ်ဆောင်နိုင်ခဲ့သည်။

***

All Chapters