အာကာသ ပြောင်းလဲခြင်း
Vol. 26 Ch. 353
စုရွှမ် သက်ပြင်းပြင်း ရှူထုတ်လိုက်လေသည်။ သူမက ဝူလင်းကျီကို နားအလည်ဆုံးဟု ယူဆ၍ ရပေသည်။ ဝူလင်းကျီက အာဏာမမက်ကာ တခြားသူများနှင့် အန်တုဖို့ အလိုမရှိသော်လည်း သူက အင်မတန် အသိဉာဏ် ပြည့်စုံသည့် လူတစ်ယောက် ဖြစ်ပေသည်။ သူက အကြံအစည်သမား မဟုတ်သော်ငြား ထိုသို့ လုပ်ရခြင်းကို မသိဟု ဆိုလိုခြင်း မဟုတ်ပေ။ သူ ထိုသို့သော အရာမျိုးအပေါ် ဂရုမစိုက်ခြင်း ဖြစ်သည်။
ကျန်းရှင်း၏ လက်ရှိအခြေအနေကို ဝူလင်းကျီက အားလုံးထက် ပိုနားလည်လိမ့်မည်ဟု သူမ ယုံကြည်သည်။ ဝူလင်းကျီ နားလည်သရွေ့ သူက ကြယ်တာရာ သခင် မဖြစ်လိုလျှင်ပင် အားလုံးက ရွေးချယ် ထားသည့် အတွက် ငြင်းပယ်၍ မရတော့ပေ။ သူသည်လည်း ဤရွေးချယ်မှုကို ငြင်းပယ် လိုက်ခြင်းက ကျန်းရှင်းကို အခြေအနေပို၍ ဆိုးစေမည်မှန်း သိပေသည်။
ဝူလင်းကျီက လက်ခံလိုက်သည့် အတွက် ရှားတန်တောက်နှင့် ယန်ဖင်းကျီတို့ နောင်တရရန် နောက်ကျသွားပြီ ဖြစ်၏။ သူတို့က ဝူလင်းကျီကို ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာ သခင် ယာယီ ဖြစ်လာခွင့်ကို ခွင့်ပြုပေးရတော့မည် ဖြစ်သည်။
“ခန်းမသခင်အားလုံး ... အားလုံးလဲ ကျန်းရှင်း ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို သိကြမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် စူးရှလေမြို့ကို ဆုံးရှုံးခံလို့ မဖြစ်ဘူး။ အားလုံးလဲ ကိုယ့်အမြင်ကို ပြောကြပါ … တကယ်လို့ ကောင်းတဲ့ အကြံပြုချက်တွေ၊ အမြင်တွေ ရှိရင် အားလုံးဆွေးနွေးလို့ ရအောင် ဝေမျှပေးကြပါ”
ဝူလင်းကျီက သူ တစ်ယောက်တည်း နယ်ခြား ကျင့်ကြံသူများရန်မှ ကာကွယ်ရန် မဖြစ်နိုင်ကြောင်း သိ၏။ ထို့ကြောင့် ကြယ်တာရာ သခင် ဖြစ်လာပြီးနောက် အားလုံး၏ အမြင်မှ တစ်ဆင့် အင်အားစု အားလုံးပူးပေါင်းလိုခြင်း ဖြစ်သည်။
***
တစ်ချိန်တည်းဆိုသလို လောကခန်းမ အပြင်ဘက် နေရာကွက်လပ်၌
အာကာသ အဆင့် ၇ သားရဲ ခြင်္သေ့က လောကအဆင့်ဇယားကို ကြည့်နေလေသည်။ ထို့နောက် အထင်သေးဟန်ဖြင့် ပြောလိုက်သည်
“အဲဒါက ကျန်းရှင်းရဲ့ အံ့အားသင့်လောက်တဲ့ လောကအဆင့်ဇယားလား။ ငါတို့ အာကာသ သားရဲမျိုးနွယ် အလောင်းတွေပေါ်ကနေ ဆောက်ထားတဲ့ အဆင့်ဇယားလား ”
ကူနို့ကြယ်တာရာ မျိုးနွယ် ကျင့်ကြံသူလည်း လောကအဆင့်ဇယားကို ကြည့်လိုက်သည်။ ခြင်္သေ့စကားများကို ကြားကာ သူက ဆက်ပြောလိုက်သည်
“ဟုတ်တယ်။ ကျန်းရှင်းရဲ့ နံပါတ်တစ် အဆင့်ဇယားလို့တောင် ဆိုလို့ရတယ် ”
“အဲဒါဆိုလဲ အမှုန့်အဖြစ် ပြောင်းပစ်ကြတာပေါ့ ”
ခြင်္သေ့က ကြုံးဝါးရင်း သူ့လက်ထဲမှ ရှစ်မြောင့်ထောင့် သံမဏိတူဖြင့် စတင်ထုရိုက်တော့သည်။
“ဘမ်း ”
ပြင်းထန်သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး နေရာတစ်ဝှက်တွင် သွေးမြူများ ပြန့်သွားလေသည်။
ဖိနှိပ်အား တစ်ခုက ကျရောက်လာပြီး ကူနို့ကြယ်တာရာ မျိုးနွယ်နှင့် အာကာသ သားရဲများ အလျင်အမြန် ပြေးထွက်လိုက်ရသည်။
ထို့နောက် လူအုပ်ကြီးက အာကာသ ခြင်္သေ့ အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း သိလိုက်ကြသည်။ ခြင်္သေ့က လောကအဆင့်ဇယားကို အမှုန့်အဖြစ် ပြောင်းလဲပစ်ချင်သောကြာင့် တူနှင့် ထုရိုက်ခဲ့သည်။ သို့သော်လည်း သူသာ အမှုန့်အဖြစ် ပြောင်းသွားခြင်း ဖြစ်၏။ သူ့အရိုးပင် ကျန်ရှိမနေတော့ပေ။ တစ်ခုတည်းသော ကျန်ရှိနေသည့်အရာမှာ နေရာအနှံ့ လွှင့်စင်သွားသည့် သွေးများသာ ဖြစ်၏။
လောကအဆင့်ဇယားကား ခြစ်ရာလေးပင် ဖြစ်မသွားပေ။
အဆင့် ၇ သားရဲက သူ့ကိုယ်ပိုင် တိုက်ခိုက်မှုကြောင့် ပြန်လည်သက်ရောက်ခြင်းခံကာ အသတ်ခံလိုက်ရလေသည်။ ဘေးပတ်ဝန်းကျင်မှ သားရဲများနှင့် ကူနို့ကြယ်တာရာ မျိုးနွယ်များက အတော်လေး တုန်လှုပ်ကာ နောက်ပင် ဆုတ်မိလိုက်ကြသ်။ သူတို့က လောကအဆင့်ဇယားမှ ဆင့်ပွားဇယားနားပင် မသွားရဲကြတော့ပေ။
***
“ခွမ်း ”
လခြမ်းကွေး အကျဉ်းထောင်ဆီမှ ရရှိထားသော စိတ်စွမ်းအင် ကျောက်တုံးအချောမှာ ပျောက်ကွယ်သွားကာ သူ့ကျင့်ကြံဆင့်မှာလည်း စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၈ သို့ ရောက်ရှိသွားလေပြီ။
ဤနေရာ လျှပ်စီး ကြယ်တာရာ ပေါ်တွင် ကျင့်ကြံနေသည်က လေးနှစ်တာ ကြာမြင့်သွားပြီ ဖြစ်၏။
လေးနှစ်အတွင်း သူက စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၅ မှ အဆင့် ၈ သို့ တက်လှမ်းနိုင်ခဲ့သည်။ နှေးကွေးသည်ဟု ယူဆ၍ မရချေ။ အလွန်မြန်ဆန်နေပြီ ဖြစ်ပေသည်။
သို့သော်လည်း မိုဝူကျီက အလွန်စိတ်ပျက်နေမိသည်။ သူက ဝိညာဉ် သွေးကြောနှင့် ကျင့်ကြံသလို လခြမ်းကွေး အကျဉ်းထောင်မှ ရလာသည့် စိတ်စွမ်းအင် ကျောက်တုံး ခြောက်တုံးကိုလည်း အသုံးပြုခဲကာ ဤနေရာတွင်လည်း ဝိညာဉ် စွမ်းအားများက သိပ်သည်းလွန်းလှပေသည်။ ထိုသို့နှုန်းဖြင့် သူ့ အတွက် မြန်ဆန်သည်ဟု ယူဆ၍ မဖြစ်ဘဲ နှေးကွေးသည်ဟုသာ ယူဆရမည် ဖြစ်၏။
သူ့ကျင့်ကြံဆင့်မှာ စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၈ သို့ တက်လှမ်းသွားသော်လည်း မိုဝူကျီက သူ့စွမ်းရည်နှင့် အသိစိတ်ပင်လယ်တို့မှာ အဆများစွာ ကြီးထွားလာကြောင်း ခံစားမိသည်။ မိုဝူကျီက ထိုအင်အားမှာ ဘုန်းကြီးဝူရှန်းကို သတ်ဖို့ လုံလောက်သည်ဟု မထင်သေးချေ။ ဒဏ္ဍာရီသဖွယ် ဖြစ်နေသည့် အာကာသ ဝံပုလွေဘုရင်ကြီးကိုဆို အလှမ်းကွာလွန်းလှပေသည်။
သူက ဤနေရာတွင် ဆက်နေ၍ ကျင့်ကြံဖို့ရာ လိုအပ်သည်။ သူ့ကျင့်ကြံဆင့် မမြင့်လာလျှင်ပင် နည်းစနစ် အသစ်တစ်ခု သင်ယူနိုင်သေး၏။
ယခု မိုဝူကျီက ကျဆုံးတိမ်တိုက်ရွှေမြှား သို့မဟုတ် အာကာသ သဘောတရာများ အနှစ်ချုပ် ကို ရွေးချယ်နိုင်ပေသည်။ လက်တွေ့တွင် မိုဝူကျီ အမြင်အရ အာကာသ သဘောတရားများ အနှစ်ချုပ်ကို နည်းစနစ်တစ်ခုအဖြစ် ယူဆ၍ မရပေ။ အကယ်၍ သူသာ ထိုအနှစ်ချူပ်ကို ကောင်းကောင်း နားလည်သွားပါက ထိုအရာမှာ လျို့ဝှက်ပညာရပ်အပေါ် ဉာဏ်ပညာ ပွင့်လာခြင်း ဖြစ်နိုင်သေးသည်။
ကျဆုံးတိမ်တိုက်ရွှေမြား နည်းစနစ်မှာ သတ္တုဓာတ် ဝိညာဉ် ကြောပိုင်ရှင်များ အတွက် အထူးပြုလုပ်ထားသောကြောင့် မိုဝူကျီက အာကာသ သဘောတရားများ အနှစ်ချုပ်ကို လေ့လောရန် ဆုံးဖြတ်လိုက်တော့သည်။
“မင်းမျက်လုံးက တည်နေရာကို သတိပြုမိနေတဲ့အခါ အဲဒါက မျက်နှာပြင်လေး တစ်ခုသာသာပဲ။ တည်နေရာအစစ်အမှန်က ဒိုင်မေးရှင်းမျိုးစုံ ဖြစ်ပြီးတော့ မရေတွက်နိုင်တဲ့ တည်နေရာရဲ့ မျက်နှာပြင်တွေကို ပေါင်းစပ်ထားတာပဲ ... ”
မိုဝူကျီက ထိုအနှစ်ချုပ်ကို ဖတ်ကြည့်လိုက်သည့်အခါ သူက ကျင့်ကြံသူ တစ်ယောက် ရေးထားခြင်း မဟုတ်မှန်း စတင်ခံစားမိလာသည်။ ထို့အစား ရူးသွပ်နေသည့် သိပ္ပံပညာရှင်အချို့ ရေးသားထားခြင်းသာ ဖြစ်ရမည်။
သို့သော်လည်း သီအိုရီများက ပိုပို နက်ရှိုင်းလာပြီး မိုဝူကျီက လုံးဝစိတ်နှစ်သွားတော့သည်။
“ကျင့်ကြံသူတချို့က ဒိုင်မေးရှင်းနှစ်ခုကြားက ကြားနေရာလေးကို စည်းတစ်ခုလို့ ခေါ်ကြတယ်။ ချိတ်ဆက်ထားတဲ့ ထောင့်တွေက မြင့်လေလေ မျက်နှာပြင်တစ်ခု ဖြစ်လာလေလေပဲ။ လက်တွေ့မှာ အဲဒီ တည်နေရာထောင့် ရှိတယ်လို့ ယုံထားတယ်။ ဒိုင်မေးရှင်းဆိုတာက ရှုထောင့်တွေ မျိုးစုံ ပေါင်းစပ်ထားတာ ကနေ ဖြစ်တည်လာတာ ... ”
ဒိုင်မေးရှင်း ရှုထောင့်တွေလား ...
မိုဝူကျီက ထိုစာအုပ်ကြောင့် ကြောင်သွားလေသည်။
ဒီလိုအရာမျိုးကို သိပ္ပံပညာရှင်တစ်ယောက်က တကယ်ကြီး ရေးခဲ့တာလား ... .
“ဒိုင်မေးရှင်းတွေကို ဖြတ်ကျော်ဖို့ဆိုတာ အင်မတန် ခက်ခဲတယ်။ ကျင့်ကြံသူတစ်ယောက် အတွက် နယ်ပယ်အဆင့် တစ်ခု တက်လှမ်းသလိုမျိုး ခက်ခဲတယ်။ တည်နေရာ ဒိုင်မေးရှင်း ပြောင်းလဲတာကျ မရှုပ်ထွေးလှဘူး။ မိုးနဲ့မြေလည်း ကြီးကျယ်ခမ်းနားပြီးတော့ တာအိုစဉ်းမျည်းတွေလဲ ရှိနေတယ်ဆိုရင် တူညီတဲ့ ဒိုင်မေးရှင်းကို တည်နေရာရဲ့ စည်းမျည်းတွေကို နားလည်ဖို့ အသုံးပြုနိုင်တယ်။ အဲဒီနောက် တည်နေရာ စည်းမျည်းတွေကို အသုံးပြုပြီးတော့ ... ”
ဒီသီအိုရီကို ရေးခဲ့တာ ကျင့်ကြံသူ တစ်ယောက်ပဲလား ...
ဒိုင်မေးရှင်း ရှင်းပြချက်များ အပြင် တည်နေရာ စည်းမျည်းများ ပါလာသောကြောင့် မိုဝူကျီက ပို၍ ရှုပ်ထွေးလာလေသည်။
မကြာခင်တွင် မိုဝူကျီက မည်သူက ဤစာအုပ်ကို ရေးခဲ့ကြောင်း ဆက်ဂရုမစိုက်နေတော့ချေ။ ထိုစာအုပ်ထဲမှ စကားလုံးများမှ သူက တည်နေရာ၏ စည်းချက်နှင့် ခြေရာများကို အမှန်တကယ် ခံစားမိနေသည်။
လျှပ်စီးအားများက ဆက်တိုက်ကျရောက်နေဆဲ ဖြစ်ကာ မိုဝူကျီ၏ ၁၀၅ ခုမြောက် ချီသွေးကြောမှာ ပြောင်းပြန်လှည့်ပတ်မှုအောက် အလိုလို ပွင့်လာလေ၏။ သူ့လှည့်ပတ်နှုန်းက အားစိုက်ထုတ်သည့်အခါထက် နှေးကွေးနေသော်လည်း ထိုအရာက မိုဝူကျီကို အာကာသ သဘောတရားများ အနှစ်ချုပ်ကို ဖြည်းဖြည်းချင်း လေ့လာနေစေသည်။
လများစွာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။ တစ်ရက်ကျ မိုဝူကျီက ထိုစာအုပ်ကို သိမ်းထားလိုက်ပြီး ပုံရိပ်က အနည်းငယ် လှည့်လိုက်သည့်အခါ ထိုအချိန်ပိုင်းလေးအတွင်း သူက ယခင်နေရာမှ တစ်မီတာအကွာကို ရောက်ရှိသွား၏။
ထိုသည်က တည်နေရာ ရွေ့ပြောင်းစွမ်းရည် ဖြစ်သည်။ တစ်မီတာလေးသာ ဖြစ်သော်လည်း ထိုအကွာအဝေးမှာ သူ ခြေလှမ်းတစ်လှမ်းဖြင့် ရရှိသွားခြင်း ဖြစ်သည်။ မိုဝူကျီက အတော်လေး စိတ်လှုပ်ရှားမိနေသည်။ သူက တည်နေရာ ရွေ့ပြောင်းစွမ်းရည်မှ ကြီးကျယ်သော အမှန်တရားကို ခံစားမိနေသည်။ သို့သော်လည်း သူက တည်နေရာ စည်းမျည်းများကို ထိန်းချုပ်ဖို့ရာအထိတော့ အလှမ်းကွာနေသေးသည်။ ပြောရလျှင် သူက တည်နေရာအကြောင်း ဆံချည်တစ်မျှင်မျှ နားမလည်သေးချေ။ သို့သော်လည်း ထိုဆံချည်မျှင်နား ထိကပ်နိုင်ဖို့ရာ နီးကပ်နေပြီ ဖြစ်၏။ သူသာ ဆက်လက် လေ့ကျင့်ပါက တည်နေရာ အမှန်တကယ် မရွေ့ပြောင်းနိုင်လျှင်ပင် သူ ရွှေ့ပြောင်းနိုင်မည့် အကွာအဝေးတော့ တိုးလာလိမ့်မည်။
ဤရွေ့ပြောင်းစွမ်းရည်ကို အထင်မသေးသင့်ချေ။ တိုက်ပွဲအတွင်း သူ့ဖက် အရေးသာလာစေနိုင်မည့် အားသာချက်များ ရှိပေသည်။ လိုအပ်လျှင် ဤစွမ်းရည်ဖြင့် ထွက်ပြေးနိုင်သေး၏။
ဤသို့သော ရွေ့ပြောင်းစွမ်းရည်က မိုဝူကျီ အတွက် လေထဲတွင် ပျံသန်းနိုင်ခြင်းထက် ဆွဲဆောင်မှုအား ပိုကောင်းလေသည်။
ထို့နောက် မိုဝူကျီက ဆက်တိုက် စမ်းသပ်ကြည့်ရင်း သူ့နားလည်မှုများကို ချိန်ဆနေသည်။
တစ်လအကြာတွင် မိုဝူကျီက သုံးမီတာအထိ ရွေ့ပြောင်းနိုင်ပြီ ဖြစ်၏။ နှစ်လအကြာတွင် သူ့ရွေ့ပြောင်းနိုင်စွမ်းမှာ တိုးတက်လာပြီး သုံးလအကြာတွင် တစ်ခါတည်းဖြင့် ဆယ်မီတာအထိ ရွေ့ပြောင်းသွားနိုင်လေပြီ။
နောက်ထပ် နှစ်လကြာသည့် အခါ မိုဝူကျီက ဆယ်မီတာ ရွေ့ပြောင်းနိုင်ခြင်းသည် သူ့ကန့်သတ်ချက် ဖြစ်ကြောင်း နားလည်သွား၏။ တစ်ချိန်တည်းတွင် သူက မရည်ရွယ်ဘဲ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၉ သို့ ရောက်ရှိသွားသည်။
ထိုအချိန်တွင် မိုဝူကျီ စိတ်ထဲ၌ ထိုစာအုပ်ကို ရေးသားသူမှာ ရိုးရှင်းသူ မဟုတ်ကြောင်း အလွန် ရှင်းလင်း သွားသည်။ သူက သိပ္ပံ ဗဟုသုတများစွာ ရှိနေသည့် ထိပ်တန်း ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်ရမည်။ ထိုလူက သူ့ထက် များစွာ အားကောင်းသည်မှာ မလွဲဧကန် သေချာပေသည်။
မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံးအပုံလိုက် ထုတ်ယူပြီး နောက်ထပ် ဝိညာဉ် ကြောကိုလည်း ထုတ်ယူလိုက်သည်။ မိုဝူကျီက လောက အင်မော်တယ် အဆင့် တက်လှမ်းဖို့ရာ ကူညီပေးမည့် နဝမ ဟင်းလင်းပြင် မုန်လာဉကိုပါ ထုတ်ယူလိုက်သည်။ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးများက မိုဝူကျီ လက်ထဲတွင် မြဲမြံစွာ ရှိနေဆဲ ဖြစ်သည်။
စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၉ ထိက မလုံလောက်သေးပေ။ သူက ဤလျှပ်စီးကြယ်တာရာ မှ ထွက်မသွားခင် စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၁၀ တော့ တက်ရန် ကြိုးစားကြည့်ရမည်။ ထို့နောက် ကျန်းရှင်းကို ပြန်သွားမည် ဖြစ်၏။
နဝမ ဟင်းလင်းပြင် မုန်လာဉကို စစ်မှန်ခြင်းနတ်ဘုရားအဆင့်မှ လောက အင်မော်တယ် အဆင့် တက်လှမ်းရန် အသုံးပြုကြလေသည်။ စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၁၀ တက်လှမ်းဖို့ရန် အတွက် အသုံးပြုခြင်းမှာ ဤလောကကြီးထဲ၌ မိုဝူကျီ တစ်ယောက်သာ ရှိပေလိမ့်မည်။
မိုဝူကျီ မျက်လုံးထဲတွင် အကောင်းဆုံးသော အရာများကို အချိန်ကိုက် အသုံးမချပါက အသုံးမကျ ဖြစ်သွားပေလိမ့်မည်။ ကျင့်ကြံခြင်း အတွက် များစွာသော ပစ္စည်းကောင်းများ လိုအပ်လေရာ လုပ်သင့်သည်ကို လုပ်လိုက်သည်က အမှန်ဆုံး ဖြစ်၏။
ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးနှစ်တုံး၏ လမ်းပြမှုအောက်တွင် မိုဝူကျီ အောက်တွင် ရှိနေသော မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံးများနှင့် အဆုံးမဲ့ လျှပ်စီးပင့်ကူအိမ်များက ဆက်တိုက် ကျဆင်းလာကာ ဝိညာဉ် စွမ်းအား အဖြစ် ပြောင်းလဲသွားတော့သည်။ ထိုစွမ်းအားများက ဧရာမ ဝဲကတော့ကြီး ဖြစ်ပေါ်လာပြီး မိုဝူကျီဆီ ဝင်ရောက်သွား၏။
ဝိညာဉ် သွေးကြော နှစ်ခုနှင့် စိတ်စွမ်းအင်ကွင်း မှိုကျောက်တုံးများမှ စွမ်းအားများကို မိုဝူကျီ၏ ပြောင်းပြန်လှည့်ပတ်ခြင်းက စုပ်ယူကာ သူ့စွမ်းအားအဖြစ် ပြောင်းလဲပေးနေသည်။
ဤကျင့်ကြံနှုန်းက စိတ်စွမ်းအင် ကျောက်တုံးအချောများကို အသုံးပြုစဉ်ကနှင့် ယှဉ်၍ မရသော်လည်း လက်ရှိ မိုဝူကျီ အတွက် သူ လုပ်နိုင်သည့်အထဲမှ အကောင်းဆုံး အရာ ဖြစ်၏။ သူ အသုံးပြုလိုရမည့် ပစ္စည်းများကို ထုတ်ယူပြီးပြီ ဖြစ်ကာ စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၁၀ ကို အချိန်တိုအတွင်း တက်လှမ်းဖို့ရာသာ ကျန်ရှိတော့သည်။
နှစ်ဝက်ကုန်ဆုံးသွားပြီးနောက် မြေကမ္ဘာ စိတ်စွမ်းအင် ကျောက်တုံးများက အမှုန့်အဖြစ် ပြောင်းကုန်ကြပြီး ဝိညာဉ် သွေးကြော နှစ်ခုမှာလည်း သုံးမီတာပင် မရှည်တော့ဘဲ ကျုံ့သွားကြတော့သည်။ မိုဝူကျီ စုပ်ယူလိုက်သည့် ဝိညာဉ် စွမ်းအားများမှာ ယန်ဇီမြစ်ကဲ့သို့ ဖြစ်သည်။
(ယန်ဇီမြစ်သည် တရုတ်၌ အရှည်ဆုံးမြစ် ဖြစ်၏)
မိုဝူကျီက တွေဝေမနေဘဲ နဝမ ဟင်းလင်းပြင် မုန်လာဉကို ပါးစပ်ထဲ ကောက်သွတ် လိုက်တော့သည်။
နဝမ ဟင်းလင်းပြင် မုန်လာဉက နဝမ မုန်လာဉ လောက အင်မော်တယ် ဆေးလုံးအဖြစ် ဖော်စပ်ပြီးမှ သောက်သုံးခြင်းက အထိရောက်ဆုံး ဖြစ်ပေသည်။ သို့သော်လည်း မိုဝူကျီက ပျောက်ဆုံး နယ်မြေမှ ထွက်လာသည်နှင့် အသက် အတွက် ပြေးလွှားနေခဲ့ရသဖြင့် သူ့ကိုယ်သူ ကာကွယ်နိုင်ရန် စွမ်းရည်တိုးဖို့သာ အာရုံစိုက် ကြိုးစားခဲ့ရသည်။ ဆေးလုံးဖော်စပ်ခြင်း အတွက် သူက ဘေးချိတ် ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
သူ့တွင် ထိုဆေးလုံးကို ဖော်စပ်ဖို့ရာ အခြားဆေးပင်တွေ မရှိကြောင်းက ပြောဖို့တောင် မလိုအပ်တော့ပေ။ အကြောင်းမှာ သူ့မှာ ရှိနေလျှင်ပင် အဆင့် ၈ ကောင်းကင် ဆေးလုံးကို ဖော်စပ်နိုင်မည် မဟုတ်ပေ။
“ဘမ်း ”
နဝမ ဟင်းလင်းပြင် မုန်လာဉ၏ ဆေးစွမ်းသတ္တိမှာ ဝိညာဉ် စွမ်းအားဗုံး တစ်လုံးနှင့် တူကာ မိုဝူကျီ၏ ချီသွေးကြောများ အတွင်း ပေါက်ကွဲကုန်ကြသည်။
မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၈ နောက်ပိုင်းအဆင့် ဖြစ်သည့် အတွက် ရုတ်တရက် ပေါက်ကွဲ ထွက်လာတော့သည်။ စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၁၀ ၏ အတားအဆီးများ အားလုံးက ချက်ချင်း ဆိုသလို ပေါက်ကွဲသွားတော့သည်။
မိုဝူကျီ မျက်လုံးအတွင်း ကမ္ဘာသစ်တစ်ခု မြင်လိုက်ရသည်။ သူက ကျယ်ပြန့်သော်လည်း လက်ဆုပ် လက်ကိုင် မရှိသည့် ကောင်းကင် တာအိုကို ဖျတ်ခနဲ ခံစားမိလိုက်သည်။
စစ်မှန်ခြင်းနတ်ဘုရား အဆင့် ၁၀ မှာ အဆင့် ၉ နှင့် လုံးဝ ခြားနားသွားသော အဆင့် တစ်ခု ဖြစ်ကာ ကောင်းကင် အသာလွန်ဆုံး အဆင့် ၏ အစလည်း ဖြစ်ပေသည်။ စုပ်ယူလျက်စ ဝိညာဉ် သွေးကြောမှာ သိသိသာသာ ကျုံ့လာပြီး မိုဝူကျီ၏ စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၁၀ အတွက် လိုအပ်နေသည့် ဝိညာဉ် စွမ်းအားများကို ဖြည့်ဆည်းပေးနေသည်။
“ဂျွတ် ”
နောက်ထပ် ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရသည်။ မိုဝူကျီက မှင်တက်မိသွားသည်။ သူ့ ၁၀၆ ခုမြောက် ချီသွေးကြောက အမှန်တကယ် ပွင့်လာလေပြီ။ သူ့အတွေ့အကြုံအရ သူ့ ၁၀၆ ခုမြောက် ချီသွေးကြော ပွင့်ဖို့ရန် စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၁၂ ရောက်ဖို့ လိုအပ်လေသည်။ သို့သော် ယခုတွင် သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၁၀ ရောက်ခါစ ဖြစ်၏။
ဘာတွေ ဖြစ်နေတာလဲ ...
***