တစ်ကိုယ်တော် တိုက်ခိုက်မှု
Vol. 26 Ch. 357
လောကခန်းမ၏ အပြင်ဘက် နေရာလွတ်၌
ဤနေရာတွင် မည်သူမျှ မရှိတော့ပေ။ လောက အဆင့်ဇယား၏ တန်ပြန် သက်ရောက်မှုကြောင့် အဆင့် ၇ သားရဲ ခြင်္သေ့ အမှုန့်ဖြစ်သွားကတည်းမှ ထိုနေရာသည် နယ်ခြားအင်အားစု အတွက် ကန့်သတ်နယ်မြေ တစ်ခုလို ဖြစ်လာလေ၏။
ဤနေရာတွင် တစ်ယောက်မျှ ရှိမနေသောကြောင့် လောကပင်မ အဆင့်ဇယားတွင် နာမည်အသစ် တိုးလာသည်ကို မည်သူမျှ သတိမပြုမိကြချေ။ မိုဝူကျီက လောက အဆင့်ဇယားပေါ် ရောက်လာရုံ သာမက သူက ထိပ်တန်း အယောက် ၁၀၀ ထဲ ပါဝင်နေသေးသည်။
ဤလောက အဆင့်ဇယား စတည်ဖြစ်တည်လာစဉ်မှ စ၍ ထိုပင်မအဆင့်ဇယားရှိ နာမည်များမှာ နှစ်များစွာ လေ့ကျင့် လာကြရသူများသာ ဖြစ်ကြသည်။ ဤတစ်ကြိမ်တွင် လူငယ်လေး တစ်ယောက်က ထိပ်တန်း အယောက် ၁၀၀ ထဲ ရောက်လာလေ၏။ အကယ်၍ ဤကိစ္စသာ ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများ သိသွားကြလျှင် ပွက်လော ရိုက်သွားကြပေလိမ့်မည်။
အမွှေးတိုင် တစ်ဝက်အကြာတွင် ရှီလုက သတင်းဓားပျံ ဆယ်စင်းကို ပို့လွှတ်လိုက်သည်။ ထို့နောက် သူက မိုဝူကျီနှင့် ချန်စယ်တို့နောက်မှ လိုက်၍ အာကာသ ဂိတ်တံခါးကို ဖြတ်လိုက်သည်။
အာကာသ ဂိတ်တံခါးကို စောင့်ကြပ်နေကြသည့် စစ်မှန်ခြင်းနတ်ဘုရားအဆင့် ကျင့်ကြံသူ နှစ်ယောက်က ချန်စယ်ကို မြင်သောအခါ ချက်ချင်း ဦးညွှတ်လိုက်ကြသည်။ သို့သော်လည်း သူတို့မျက်လုံးထဲ၌ အာကာသ သားရဲများအပေါ် ထားသည့် အထင်သေးမှုမျိုးကို တွေ့မြင်နေရသည်။
တိရစ္ဆာန်တွေကများ ... တကယ်လို့ သခင်ဆစ်ရဲ့ ဒီတိရစ္ဆာန်ကောင်တွေက လောကခန်းမထဲ ဘယ်လိုလုပ် ဝင်နိုင်မှာလဲ။ ပြီးတော့ ချန်စယ်ကို ဘယ်လိုပင် ကြည့်ကြည့် သူက ရောစပ် သတ္တဝါတစ်ကောင်နှင့် တူနေတာပဲလေ ... ဘယ်လိုအခွင့်အရေးနဲ့များ ကူနို့ကြယ်တာရာ ရဲ့ တပ်မှူး ဖြစ်လာတာလဲ။
တကယ်တမ်း လောကခန်းမကို ဝင်စီးနိုင်သည်မှာ အာကာသ ဝံပုလွေဘုရင်ကြီး၏ အကူအညီကြောင့် ဖြစ်ပေသည်။
သူတို့ အကြည့်များက မိုဝူကျီ ဘက် ရောက်သွားချိန်တွင် ချန်စယ်က လက်တစ်ချက် ခါလိုက်သည်။ ထို့နောက် အလင်းတန်း နှစ်ချက်ဖြင့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် နှစ်ယောက်ကား အသတ် ခံလိုက်ရသည်။
မိုဝူကျီက ခေါင်းညိတ်ပြလိုက်သည်။ ဤ အိမ်အစေခံလေးက မဆိုးလှချေ။ အနည်းဆုံးတော့ ကောင်းကောင်း ကိုင်တွယ် ဖြေရှင်း တတ်လေသည်။
မနီးမဝေးတွင် ကူနို့တပ်သား ဆယ်ဂဏန်းနှင့် အာကာသ သားရဲ ရာကျော်ရှိနေပြီး အားလုံးက ထိုအဖြစ်အပျက်အကြောင့် အံ့ဩတကြီး ဖြစ်နေကြသည်။
အားလုံးက ချန်စယ်ကို သိကြလေသည်။ သူက လောကတိုင်မှ တပ်မှူး ဖြစ်ကာ သူက ဘာကြောင့် သူ့လူ သူ ပြန်တိုက်ခိုက်နေသနည်း။ သူက ဘာမျှပင် မပြောခဲ့ချေ။
နယ်ခြားအင်အားစုက မတုံ့ပြန်နိုင်ခင် မိုဝူကျီက လက်တစ်ချက် ဝှေ့ရုံဖြင့် လျှပ်စီးအားများ ထွက်လာလေသည်။
တစ်မိနစ်အတွင်း ၂၀၀ နီးပါး ရှိနေသည့် ထိုကျင့်ကြံသူများ အားလုံး အသတ်ခံလိုက်ရသည်။
ရှီလုက ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ဘေးမှ ကြည့်နေလေသည်။ အကယ်၍ သူ့တွင် ထိုသို့ လျှပ်စီး တိုက်ကွက် ရှိပါက လက်လေးမြောက်ရုံဖြင့် သူ့ဘေးနားမှ အားလုံးကို ဖျက်စီးပစ်နိုင်လိမ့်မည်။
ထိုခံစားချက်က ဘယ်လောက်တောင် ကောင်းလိုက်မလဲ ...
“တာအိုရောင်းရင်းရှီလု ... ဒီမှာ ချန်စယ်နဲ့ နေပြီးတော့ လောကတိုင်ကို ကာကွယ်ပေးထား ... ပထမဆုံး အချက်က မင်းက အာကာသထဲက ကျင့်ကြံသူတွေကို ပြန်စုစည်းထားလိုက်။ ဒုတိယ တစ်ချက်က နယ်ခြား အင်အားစုကို လုံးဝ အဝင်မခံနဲ့။ တစ်ခုခု ဖြစ်ခဲ့ရင် ကျုပ်ဆီ ချက်ချင်း သတင်းပို့လိုက် ... ”
မိုဝူကျီက ညွှန်ကြားလိုက်သည်။
“အစ်ကိုမို စိတ်ချနေပါ။ ဒီမှာ ကျုပ်ရှိနေပြီပဲ ဘာမှ မဖြစ်စေရပါဘူး ...”
ရှီလုက ရင်ဘတ်ကို ပုတ်ပြပြီး ပြောလိုက်သည်။
သူက လောကတိုင်နှင့် အလွန်ရင်းနှီးလှပေသည်။ ဤနေရာတွင် တစ်ယောက်တည်းက ရန်သူ အင်အား ၁၀ ၀၀၀ လောက်ကို ကိုင်တွယ်နိုင်လေ၏။ ထို့အပြင် အပြင်ဘက်ရှိ ကျူးကျော်လာသူများကို မိုဝူကျီက ချေမှုန်းပြီးပြီ ဖြစ်သည်။ မိုဝူကျီက သူ့အား ကူဖို့ရန် ချန်စယ်ကိုပင် ထားပေးသွားသေးသည်။ ထိုလူမှာ အနည်းဆုံးတော့ လောက အင်မော်တယ် အဆင့် ဖြစ်၏။
ထိုအတွေးဖြင့် ရှီလုက မြန်မြန် ပြောလိုက်သည်
“အစ်ကိုမို ... ဒီနေရာမှာ အဆင့်မြင့် ကျင့်ကြံသူတချို့ ရှိသေးတယ်။ တစ်ယောက်က ပေါင်လေ့တဲ့ အစ်ကိုမိုလဲ အဲဒီလူကို သိမှာပါ။ နောက်တစ်ယောက်က ဆစ်နဲ့ ဟူဗာ။ သူတို့တွေက အဆင့် ၈ နောက်ပိုင်းထဲ ဒါမှမဟုတ်ရင် လောက အင်မော်တယ် နောက်ပိုင်းအဆင့်တွေပဲ။ အထူးသဖြင့်တော့ ဆစ်ပဲ။ သူက လောက အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ရောက်နေပြီ ”
ချန်စယ်လည်း မြန်မြန် ဝင်ပြောလိုက်သည်
“ဆစ်က သေသွားပါပြီ။ စောစောက လောကတိုင်အတွင်း တပ်စခန်းမှာ ရှိနေတာဆိုတော့ စိုးရိမ်ဖို့ မလိုတော့ပါဘူး ”
ရှီလုက လေအေးများ မှုတ်ထုတ်လိုက်တော့သည်။ ဆစ်သည် ကူနို့မှ အားအကောင်းဆုံး မဟုတ်သော်လည်း သူက ချပ်ဝတ်တပ်၏ ခေါင်းဆောင် ဖြစ်ပေသည်။ အမြောက်စွမ်းအားက အမှန်ပင် ကြောက်စရာ ကောင်းလှရာ ဆစ်ပင် အသတ်ခံလိုက်ရသည်။
“ဟုတ်ပြီ။ အရင် အောက်သွားပြီးတော့ ရှင်းလိုက်ဦးမယ်။ ဒီနေရာကို ချန်စယ်နဲ့ မင်းဆီ အပ်ခဲ့မယ် ”
မိုဝူကျီ စကားအဆုံးတွင် ပုံရိပ်က လျှပ်တစ်ပြက် ပျောက်သွားကာ တတိယအလွှာမှ ဒုတိယအလွှာသို့ ရောက်ရှိသွားလေ၏။
ယခင်က အာကာသ ဝံပုလွေဘုရင်ကြီးမှာ အားကောင်းလွန်းသည့် အတွက် လောကတိုင်က ခံနိုင်ရည်မရှိတော့ဘဲ ကျန်းရှင်းကျင့်ကြံသူအားလုံးက ထွက်ပြေးခဲ့ရခြင်း ဖြစ်ပေသည်။
ယခု ဒုတိယအလွှာတွင် လဲလှယ်နိုင်သည့် ပစ္စည်းများအားလုံးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း တည်ဆောက်ထားပုံမှာ အတော်လေး ကောင်းနေဆဲ ဖြစ်သည်။ ဒုတိယအလွှာရှိ နယ်ခြား အင်အားစုက တတိယအလွှာထက် ပိုများလေသည်။ သို့သော်လည်း နှစ်ရာမှ သုံးရာကြားသာ ရှိ၏။ ထို့အပြင် အများစုမှာ စစ်မှန်ခြင်းနတ်ဘုရားအဆင့် အောက် ဖြစ်ကြသည်။
မိုဝူကျီက လျှပ်စီးချက် အနည်းငယ် ပစ်လွှတ်လိုက်သည်။ နေရာတစ်ခုလုံးမှာ ယခုအခါ ရှင်းလင်းသွားပြီ ဖြစ်၏။
လောကတိုင်၏ ပထမအလွှာခန်းမမှာ အင်မတန် ကျယ်ဝန်းလှသည်။ နယ်ခြားအင်အားစုက ဤနေရာတွင် အများစု စုရုံးနေခြင်းသာ ဖြစ်ရမည်။ မိုဝူကျီက စိတ်စွမ်းအား ပို့လွှတ်ကာ စစ်ဆေးကြည့်လိုက်သည့်အခါ အနည်းဆုံး ၁၀ ၀၀၀ လောက် ရှိကြောင်း တွေ့လိုက်ရသည်။
အထဲရှိ နယ်ခြားအင်အားစုမှာ ကျင့်ကြံနေခြင်း သို့မဟုတ် အနားယူခြင်းများ လုပ်ဆောင် နေကြသည်။ လောကတိုင်အောက်တွင် ထိပ်တန်းအဆင့် ဝိညာဉ် သွေးကြော ရှိလေ၏။ မဖယ်ထုတ်ရ သေးလျှင် ဤနေရာတွင် ဝိညာဉ် စွမ်းအားများ ပေါကြွယ်ဝနေလိမ့်မည်။
မိုဝူကျီ ဒုတိယအလွှာမှ ဆင်းလာသည်ကို မည်သူကမျှ သတိမထားမိကြပေ။
မကြာခင်တွင် အခန်းထဲ၌ အဆင့် ၈ အစောပိုင်း သားရဲ နစ်ကောင် နှင့် လောက အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပါ ရှိကြောင်း သိလိုက်ရသည်။
မည်သည့်နေရာတွင် ဖြစ်စေ၊ သားရဲပင် ဖြစ်ဖြစ် လူသားပင် ဖြစ်ဖြစ် ထိုအဆင့်မြင့် ကျင့်ကြံသူများက အထင်ရှားဆုံးနေရာများတွင် ထိုင်လေ့ရှိကြသည်။
မိုဝူကျီက သူတို့ဆီ တိုက်ရိုက်လျှောက်လာလိုက်သည်။ သူ အနီးသို့ မရောက်ခင် အဆင့် ၈ သားရဲ နှစ်ကောင်နှင့် လောက အင်မော်တယ် အဆင့် ကျင့်ကြံသူက မိုဝူကျီကို လှည့်ကြည့်လိုက်သည်။
“မင်းက ... ”
လခြမ်းကွေး အင်မော်တယ် နန်းတော် တိုက်ပွဲတွင် ပါဝင်ဖူးသည့် လောက အင်မော်တယ် အဆင့် ကျင့်ကြံသူက မိုဝူကျီကို ခပ်ရေးရေး မှတ်မိနေသည်။
မိုဝူကျီက သူ့ကို ပြန်ဖြေဖို့ရာ အာရုံမရှိချေ။ လက်ကို မြှောက်လိုက်သည့်အခါ လျှပ်စီးအိမ်က ကျဆင်းလာသည်။
လျှပ်စီးအိမ်က သူတို့သုံးယောက်ကို လွှမ်းခြုံသွားလေ၏။ သို့သော်လည်း မိုဝူကျီ စတင်တိုက်ခိုက်သည်နှင့် တစ်ဖက်လူမှာ တုံ့ပြန်ပြီးပြီ ဖြစ်သည်။ မိုဝူကျီ၏ လျှပ်စီးအိမ်က စစ်မှန်ခြင်းနတ်ဘုရားအဆင့်ကို အလွယ်တကူ သတ်နိုင်သော်လည်း လောက အင်မော်တယ် အဆင့်ကိုတော့ ဒဏ်ရာရစေနိုင်ရုံမျှသာ ဖြစ်ကာ ထိုလျှပ်စီးအိမ်မှ ချက်ချင်း ထွက်လာနိုင်သေးသည်။ သူက မှော်ရတနာကို အသုံးပြု၍ မိုဝူကျီကို တိုက်ခိုက်ခါနီးတွင် လျှပ်စီးဓားက သူ့ဆီ ချဉ်းကပ်သွားလေသည်။
“ဖူး ”
ဤလောက အင်မော်တယ် အဆင့် ကျင့်ကြံသူက လျှပ်စီးအိမ်မှ ထွက်လာသော်လည်း အကာအကွယ်ကို အပြည့်အဝ မကာကွယ်နိုင်လိုက်သောကြောင့် မိုဝူကျီ၏ လျှပ်စီးဓားဖြင့် အသတ်ခံလိုက်ရသည်။ အချိန်အနည်းငယ်အတွင်း သားရဲနှစ်ကောင်မှာလည်း သူတို့ မှော်ရတနာကိုယ်စီ ကိုင်စွဲ၍ မိုဝူကျီဆီ ချီတက်လာကြသည်။
တစ်ချိန်တည်းတွင် လောကတိုင် ပထမအလွှာကာ လုံးဝကို ရှပ်ယှက်ခတ်သွားလေသည်။ တစ်ယောက်က လောကတိုင်အတွင်း ဝင်လာကာ လူများကို စတင်သတ်ဖြတ်နေလေရာ သဘောတရားအရ ကြည့်ပါက မဖြစ်နိုင်သော အရာ ဖြစ်နေသည်။
လောကတိုင်ကို တပ်သား မီလီယံချီကာ စောင့်ကြပ်ထားပြီး သူတို့ကြားတွင် မြေကမ္ဘာ အင်မော်တယ် အဆင့် နီးကပ်နေသော ကျင့်ကြံသူများပင် ပါရှိလေသည်။ လောကခန်းမ၏ ကူးပြောင်းရေး အစီအရင် မှာ ထိုအခိုက်အတန့်၌ ပိတ်ထားခြင်း ဖြစ်၏။
မိုဝူကျီက တျန်းဂျီတုတ်ကို ဝေ့ယမ်းကာ သူ့ပြိုင်ဖက်ကင်း နိဗာနတုတ်အရိပ်တိုက်ကွက်ကို ဖော်ကာ အဆင့် ၈ သားရဲတစ်ကောင်ပေါ် ရိုက်ချလိုက်တော့သည်။ နောက် သားရဲတစ်ကောင်ကို လျှပ်စီးများဖြင့် ပစ်ခတ်လိုက်သည်။
မိုဝူကျီက လောက အင်မော်တယ် အဆင့်ကို သတ်လိုက်ကတည်းမှ ဤအဆင့် ၈ သားရဲများက ပြင်ဆင်ထားပြီးပြီ ဖြစ်၏။ ထင်ထားသည့်အတိုင်း မိုဝူကျီက တိတ်တဆိတ် လျှပ်စီးနှစ်ချက် ပစ်လွှတ်လိုက်သည်။
“ဘုန်း ”
အဆင့် ၈ သားရဲက ဝံပုလွေအစွယ် လှံရှည်ကို အနက်ရောင် သံမဏိအကာအဖြစ် အလျင်အမြန် ပြောင်းလဲလိုက်ကာ မိုဝူကျီ၏ လျှပ်စီးနှစ်ချက်ကို ကာဆီးထားလိုက်သည်။ လျှပ်စီးများကို တားဆီးလိုက်၍ လျှပ်စီးကြောင်းများ ကွဲသွားလေ၏။ အဆင့် ၈ နောက်ထပ် သားရဲတစ်ကောင်က ရက်စက်ကြမ်းကြုတ်ဟန်များ ထွက်ပေါ်နေပြီး မိုဝူကျီက သူတို့ လောက အင်မော်တယ် ကို သတ်သွားသည့် အတွက် သူတို့နှစ်ယောက်က အားအပြည့် တိုက်ခိုက်မည် ဖြစ်သည်။ ယခု မိုဝူကျီ အတွက် သေချိန် ကျရောက်လာလေပြီ။
အာကာသ သားရဲက ဟိန်းလိုက်ပြီးနောက် သူ့ပါးစပ်မှ ဓားအလင်း ၁၀ ၀၀၀ လောက် ထွက်ပေါ်လာသည်။
ထိုသားရဲက မိုဝူကျီကို အပြတ်ရှင်းရန် ကြံရွယ်ထားနေသည့် တစ်ချိန်တည်းတွင် သံမဏိတုတ်တစ်ချောင်းက မမြင်လိုက်ရသည့် နေရာမှ ထွက်ပေါ်လာကာ သူ့ဦးခေါင်းတည့်တည့်ပေါ်သို့ ကျလာလေသည်။
အကယ်၍ သာမန်တုတ်တစ်ချောင်း ဖြစ်နေပါက ချောင်းမြောင်းတိုက်ခိုက်လျှင်ပင် ထိုသားရဲကို အများဆုံးအနေနှင့် ဒဏ်ရာရစေရုံမျှသာ ဖြစ်လိမ့်မည်။ သို့သော်လည်း မိုဝူကျီ၏ တျန်းဂျီတုတ်က သာမန်တုတ် မဟုတ်ဘဲ သူ့ခရမ်းရေကန်ထဲမှ သဘာဝစွမ်းအားများနှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။
“ဖူး ”
သွေးမြူများက ပေါက်ကွဲထွက်လာပြီး ထိုသားရဲမှာ မိုဝူကျီ၏ တုတ်ကြောင့် နှစ်ခြမ်း ချေမွခံလိုက်ရလေ၏။
နောက် အဆင့် ၈ သားရဲက မိုဝူကျီသည် လောက အင်မော်တယ် အဆင့်နှင့် အဆင့် ၈ သားရဲတို့ကို မျက်စိတစ်မှိတ် အတွင်း သတ်လိုက်သည်ကို မြင်သောအခါ နှလုံးသားက အေးစက် လာလေသည်။ သူက မိုဝူကျီ၏ လျှပ်စီးဓား နှစ်ချက်ကို ရှောင်လိုက်နိုင်သော်လည်း မိုဝူကျီနှင့် ယှဉ်ကာ မတိုက်ခိုက်ရဲတော့ပေ။
ထွက်ပြေးဖို့ ကြိုးစားရင်း လှည့်လိုက်သည့်အချိန် နောက်ထပ် လျှပ်စီးအိမ်က ဆင်းသက်လာပြီး လျှပ်စီးဓား ခုနှစ်ချောင်း၊ ရှစ်ချောင်းလောက်က ထိုအရာကို ထိုးဖောက်သွားလေသည်။ ဤအဆင့် ၈ သားရဲ၏ စိတ်ထဲတွင် ခါးသီးမှုများသာ ကျန်ရှိနေတော့သည်။ ဤတိုက်ခိုက်မှုမှ သူ ဘယ်လိုများ လွတ်မြောက်နိုင်မည်လဲ ...
မိုဝူကျီ၏ သတ်ဖြတ်ခြင်းမခံရခင် ဤသားရဲက တစ်ဖက်လူမှာ အင်အားကုန် ထုတ်သုံးမထားသေးကြောင်း ရုတ်တရက် သဘောပေါက်သွားလေ၏။
အချိန်တိုလေးအတွင်း မိုဝူကျီက အဆင့်မြင့် ကျင့်ကြံသူ သုံးယောက်ကို သတ်ဖြတ်ခဲ့သည်။ ကျန်ရှိနေသည်က အဆင့် ၇ သားရဲများနှင့် စစ်မှန်ခြင်းနတ်ဘုရားအဆင့်များသာ ဖြစ်ပေသည်။ အများစုမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့်အောက်နှင့် အဆင့် ၆ အောက်တွင် ရှိကြလေသည်။
ထိုအဆင့်နိမ့်သားရဲများနှင့် ကျင့်ကြံသူများ အတွက် မိုဝူကျီက နည်းနည်းလေးမျှ မစိုးရိမ်ပေ။ ပြင်းထန်သည့် လျှပ်စီးမိုးက လောကခန်းမ ပထမအလွှာတစ်ထပ်လုံး ပြည့်သွားလေသည်။
မိုဝူကျီ စွမ်းအားဖြင့် လျှပ်စီးအား တစ်ချက်ချင်းစီမှာ ကောင်းကင် ဘုံ စမ်းသပ်ချက်မှ မိုးကြိုးလျှပ်စီးနီးပါး အားပြင်းလှပေသည်။ အနည်းဆုံးတော့ မိုးကြိုးလျှပ်စီးချက်များ၌ လျှပ်စီးအဆီအနှစ်နှင့် ဉာဏ်အလင်းပွင့်မှုကို လှုံ့ဆော်ပေးနိုင်သည့် ဝိညာဉ် စွမ်းအားများ ပါဝင်နေသည်။ သို့သော်လည်း မိုဝူကျီ၏ လျှပ်စီးချက်များက လူသတ်ငွေ့များနှင့်သာ ပြည့်နေပြီး သတ်ဖြတ်ဖို့ရာ အတွက် သာ ဖြစ်သည်။
အာကာသ သားရဲများနှင့် ကူနို့ကြယ်တာရာ တပ်များက အဖွဲ့ဖွဲကာ မိုဝူကျီကို တိုက်ခိုက်ဖို့ရာ ကြိုးစားသော်လည်း မိုဝူကျီ၏ နိဗာနတုတ်အရိပ်နှင့် ကာကွယ်ရေး သဘာဝစွမ်းအားများက အမှန်ပင် အားကောင်းလှ၏။ သူ့ဆီကို ရောက်လာသော တိုက်ခိုက်မှုတိုင်းမှာ ပျယ်ပျက်သွားလေသည်။
မိုဝူကျီ၏ အဆုံးမဲ့ လျှပ်စီးမိုးအောက်တွင် လျှပ်စီး နစ်ချက်အထိ ခံယူနိုင်သည့် စစ်မှန်ခြင်းနတ်ဘုရားအဆင့် အားကောင်းသော ကျင့်ကြံသူအချို့မှလွဲ၍ ကျန်သော အာကာသ သားရဲများနှင့် ကျင့်ကြံသူများမှာ ခုခံနိုင်စွမ်းပင် မရှိကြချေ။ မိုဝူကျီ၏ လျှပ်စီးအားကို ခုခံထားနိုင်သော အားကောင်းသည့် ကျင့်ကြံသူများက လျှပ်စီးဓားကြောင့် နှစ်ပိုင်းဖြစ်ကုန်ကြသည်။
ထိုသည်က တိုက်ပွဲ မဟုတ်ပေ။ တစ်ဖက်သတ် သတ်ဖြတ်မှုသာ ဖြစ်၏။
လျှပ်စီးအားများနှင့် လျှပ်စီးဓားများက နှစ်နရာအကြာထိ အားကောင်းနေဆဲ ဖြစ်သည်။ ထို့နောက် သူတို့ ရပ်တန့်သွားသည်။ ထိုစဉ် လောကတိုင် ပထမအလွှာအတွင်းတွင် မိုဝူကျီ သတ်ဖြတ်ထားသော အာကာသ သားရဲများနှင့် ကျင့်ကြံသူ အလောင်းများနှင့် ပြည့်နေတော့သည်။
မိုဝူကျီက သက်ပြင်းချလိုက်သည်။ သူက စိတ်စွမ်းအားကို ထုတ်၍ စစ်ဆေးကြည့်လိုက်သည်။ လောကခန်းမအတွင်း အနည်းဆုံးတော့ အာကာသ သားရဲနှင့် ကူနို့တပ်အရေအတွက် မှာ မီလီယံနှင့် ချီကာ ရှိနေသေး၏။
ထိုကြားထဲတွင် သူ့ထက် အားကောင်းသော တချို့တလေ ပါ ရှိ၏။ အကယ်၍ သူက လောကခန်းမကို ဝင်စီးလိုလျှင် သူ လုပ်နေကျအတိုင်း ဆက်လုပ်နေ၍ မရပေ။
သူက တစ်ယောက်တည်း ဖြစ်၏။ လောကခန်းမက သူ့တည်ရှိမှုကို သတိထားမိသွားသည်နှင့် ချက်ချင်းဆိုသလို နယ်ခြားအင်အားစု၏ ဝန်းရံခြင်းကို ခံရလိမ့်မည်။ ထိုအရာက သူ့ကိုယ်သူ သေမင်းတံခါးဝဆီ လျှောက်လှမ်းနေသလို ဖြစ်နေလိမ့်မည်။ ယခုအခါ သူက အဆင့် ၈ သားရဲ နှစ်ကောင်နှင့် လောက အင်မော်တယ် အဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ပြီး တိုက်ပွဲက ဆက်ဖြစ်နေဆဲ ဖြစ်သည်။ ထိုအရာက လောကခန်းမထဲမှ လူများကို သတိထားမိစေလိမ့်မည်။
အကယ်၍ သူသာ လောကခန်းမကို ဝင်စီးလိုပါက နောက်ထပ် နည်းလမ်း တစ်ခု လိုအပ်ပေသည်။ သူက ဤရက်ရက်စက်စက် သတ်ဖြတ်သည့် နည်းလမ်းကို ဆက်အသုံးပြုနေ၍ မဖြစ်ပေ။
***