← Chapters

ကျန်းရှင်းကို ကျူးကျော်ခြင်း

Vol. 26 Ch. 358

ကျန်းရှင်းကို ကျူးကျော်ခြင်း

Vol. 26 Ch. 358

“အစ်ကိုမို ... တကယ် ခင်ဗျားပဲ ”

အထီးကျန်ကြိုးနီ၏ တအံ့တဩ ရေရွတ်သံ ထွက်ပေါ်လာပြီး မကြာမီ မိုဝူကျီက အထီးကျန် ကြိုးနီ အဆောက်အဦ အဝင်ပေါက်မှ မြန်မြန် ရောက်လာသည်ကို တွေ့လိုက်ရသည်။ အထီးကျန် ကြိုးနီ နောက်တွင် လူဆယ်ယောက်ကျော် ရှိနေပြီး ချန်စယ်နှင့် ရှီလု မှ လွဲ၍ ကျန်သူများကို မိုဝူကျီက မသိပေ။

မိုဝူကျီက ရယ်မောရင်း ရှေ့တိုးလာကာ

“ကြိုးနီ ... ခင်ဗျားလဲ နာမည် ကြီးလာတာ ဂုဏ်ပြုပါတယ် ... ”

အထီးကျန်ကြိုးနီတွင် အံ့အားသင့်စရာ အရှိန်အဝါများ ပိုင်ဆိုင်နေသဖြင့် မိုဝူကျီက သူသည် အနည်းဆုံးတော့ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၆ တွင် ရှိနေကြောင်း သိလိုက်သည်။

အထီးကျန် ကြိုးနီ၏ ကျင့်ကြံဆင့်မှာ ယခင်က အမှန်ပင် နှေးကွေးကြောင်း သိသင့်ပေသည်။ သို့သော် ဤနှစ်အတွင်း သူက အဆင့်များစွာ တိုးတက်လာခဲ့ရာ သူ့ပါရမီအထုံမှာ မနိမ့်ကျကြောင်း သက်သေ ပြနေခြင်း ဖြစ်၏။ သူက ကျင့်ကြံခြင်း အထောက်အပံ့ မရရှိသည့် အနေအထားတွင် ကျင်လည် ရခဲ့၍သာ ဖြစ်သည်။

လခြမ်းကွေး အကျဉ်းထောင်မှ သိုလှောင်လက်စွပ် ရရှိပြီးနောက် သူက ပြင်းထန်သည့် နှုန်းဖြင့် တိုးတက်လာဖို့ရန် စိတ်ဝိညာဉ် ကျောက်တုံးအချောများ အသုံးပြုခဲ့ရသည်။

အထီးကျန်ကြိုးနီက ဆက်မပြောတော့ဘဲ ကြမ်းပြင်ပေါ်မှ အလောင်းများကို ကျန်သူများနှင့် အတူ မျက်လုံးပြူး မျက်စံပြူးစွာ စိုက်ကြည့်နေလေသည်။ လောကတိုင်ခန်းမမှာ အမှန်ပင် ကျယ်ဝန်းလှရာ မည်းတူးနေသည့် အလောင်းများက ကြမ်းပြင်တွင် နေရာသုံးပုံ တစ်ပုံလောက် ယူထားသည်။ ဤနေရာတွင် လျှပ်စီး အရိပ်ယောင်လေး အနည်းငယ် ကျန်ရှိနေသေး၍ ဖြတ်သွားသူပင် မိုဝူကျီ အသုံးပြုလိုက်သည့် နည်းလမ်းကို သိနိုင်၏။

အထီးကျန်ကြိုးနီက အသက်ပြင်းပြင်းရှူကာ

“အစ်ကိုမို ... ကျုပ် စွမ်းအား တိုးလာတာ မြန်လှပြီ ထင်နေတာ အစ်ကိုမိုနဲ့ ယှဉ်ရင်တော့ ကျုပ် တိုးတက်လာတာတွေက အစ်ကိုမိုရှေ့မှာ ပြောဖို့တောင် မသင့်ပါဘူး ”

မိုဝူကျီက ယန်ချီရန်ကို သတ်ခဲ့လေသည်။ ယခုအခါ မိုဝူကျီ သတ်ထားသော နယ်ခြား အင်အားစုကြားတွင် ယန်ချီရန်ထက် အားမနည်းမည့် သားရဲ တစ်ကောင်ကို သတိထား မိလိုက်သည်။ ထိုသည်က မိုဝူကျီ သတ်ထားသော အဆင့် ၈ သားရဲ ဖြစ်၏။

“အစ်ကိုမိုကို နှုတ်ဆက်ပါတယ် ...”

ကျန်လူများက အသိပြန်ဝင်လာကာ မိုဝူကျီကို အမြန်အဆန် နှုတ်ဆက်လိုက်ကြသည်။ သူတို့က ရှီလု တွေးထားသည့်အတိုင်း မိုဝူကျီကို လောက အင်မော်တယ် အဆင့်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။

မိုဝူကျီက ပြန်နှုတ်ဆက်ကာ ပြောလိုက်သည်

”အစတုန်းက ခင်ဗျားတို့တွေ ရောက်လာဖို့ နောက်ထပ် နှစ်ရက်လောက် ကြာဦးမယ် ထင်နေတာ။ ဒီနေရာကို မြန်မြန် ရောက်လာမယ်လို့ မထင်မိဘူး ”

အထီးကျန်ကြိုးနီက မြန်မြန် ပြောလိုက်၏

”ကျုပ်က ညီအစ်ကိုတွေနဲ့ အာကာသ သားရဲတွေကို အမဲလိုက်နေတုန်း တာအိုရောင်းရင်း ရှီလုဆီက ခင်ဗျား လောကတိုင် ပြန်ရောက်လာပြီး အနိုင်ရသွားတယ်ဆိုတဲ့ သတင်းရောက်လာတာ။ ကျုပ်လည်း တခြားသူဆို ကျုပ် ကြားတာ ယုံမှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျား မှန်း သိတော့ ဒါက အမှန်ဆိုတာ သိလိုက်တယ်။ အဲဒါနဲ့ ကျုပ် အိပ်မက် မက်နေတာများလားလို့ ကျုပ် လူတွေနဲ့ မြန်မြန် ထွက်လာပြီး ကြည့်ကြတာ ”

ထိုသို့ ပြောလိုက်ရင်း အထီးကျန်ကြိုးနီက သူ ခေါ်လာသည့် လူတွေနှင့် မိတ်ဆက်ပေး၏။

ဟုန်ဟွာက အရပ် အရမ်း မမြင့်သော်လည်း ခန္ဓာကိုယ်ထွားထွားနှင့် တည်ငြိမ်သည့် အမျိုးသား တစ်ယောက် ဖြစ်ကာ အထီးကျန်ကြိုးနီထက် ကျင့်ကြံဆင့် အနည်းငယ် မြင့်ပြီး စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၉ သို့ ရောက်ရှိနေပြီ ဖြစ်၏။

ကျန်းတျန်းချန်က စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၆ ကျင့်ကြံသူ ဖြစ်ပြီး သူအကြည့်တို့၌ မရေမရာသည့် အရိပ်အယောင်များ ရှိနေသည်။

ယုဝူမှာ စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၂ အမျိုးသမီး ကျင့်ကြံသူ ဖြစ်ကာ သူမ စကားပြောသည့် ပုံစံကား ဒေါ်လေးဆယ့်တစ်နှင့် တူကာ တည့်တိုးဆန်လှသည်။

မိုဝူကျီက အထီးကျန်ကြိုးနီ အတွက် တိတ်တဆိတ် ပျော်ရွှင်ပေးနေမိသည်။ အကြောင်းမှာ သူက အမြဲတမ်း တစ်ယောက်တည်း သွားလာခဲ့ရသည်။ လခြမ်းကွေး အကျဉ်းထောင် အဖြစ်အပျက်နှင့် ကျန်းရှင်း ကျူးကျော်မှုကို ကြုံတွေ့ပြီးနောက် သူက စိတ်တူကိုယ်တူ ကျင့်ကြံသူများနှင့် အတူတူ တွဲလုပ်ကာ အတော်လေး ပြောင်းလဲသွားလေသည်။

အထီးကျန်ကြိုးနီ ခေါ်လာသော ကျင့်ကြံသူများက မိုဝူကျီကို ယခင်ကထက် ပိုလေးစား သွားကြသည်။ ရှီလုနှင့် အထီးကျန်ကြိုးနီတို့က မိုဝူကျီကို လေးစားနေသောကြောင့် သူတို့လည်း စတင်၍ လေးစားလာခြင်း ဖြစ်၏။ သို့သော် သူတိုက မြေပြင်ပေါ်မှ နယ်ခြားအင်အားစု အလောင်းများကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်သည့်အခါ သူတို့လေးစားမှုကား အဆများစွာ တိုးပွားလာတော့သည်။

“ချန်စယ် ဒီလာခဲ့ ...”

မိုဝူကျီက ဟိုးအနောက်တွင် ရပ်နေသော ချန်စယ်ကို မြင်သောအခါ လက်ပြခေါ်လိုက်သည်။

ချန်စယ်က မြန်မြန် ရောက်လာပြီး ဦးညွှတ်ကာ ဖြေလိုက်သည်

“သခင်လေး ”

“လောကခန်းမထဲက အာကာသ သားရဲတွေနဲ့ ကူနို့တပ်တွေကို လောကခန်းမရှေ့က နေရာ ကွက်လပ်မှာ စုခိုင်းဖို့ နည်းလမ်း ရှိလား ”

မိုဝူကျီ စကားများက ရှီလုနှင့် ချန်စယ်တို့ကို လေအေး များ ရှုရှိုက်မိသွားသလို ဖြစ်သွားစေသည်။ အကြောင်းမှာ သူတို့က မိုဝူကျီ အကြံစည်ကို နားလည်နေ၍ ဖြစ်သည်။

သူက မီလီယံနှင့် ချီနေသော ကျင့်ကြံသူများကို မကြာသေးခင်လေးမှ သတ်လိုက်သော အမြောက်ကို စဉ်းစားမိ၍ ဖြစ်သည်။

သို့သော်လည်း ရှီလုနှင့် ချန်စယ်တို့ နှစ်ယောက်လုံးက သူသာ အမြောက်မသုံးပါက တစ်ချက်တည်းဖြင့် ရန်သူများကို ရှင်းပစ်ဖို့ရာ အင်မတန် ခက်ခဲကြောင်း သိ၏။

“သခင်လေး ကျုပ်မှာ နည်းလမ်း ရှိပါတယ်။ ကျုပ်က ဆစ်ကိုယ်စား အားလုံးကို နေရာ ကွက်လပ်ရှေ့ စုစည်းနေဖို့ အမိန့်ပေးလိုက်မယ်လေ။ တစ်ယောက်ကမှ ခေါင်းဆောင်ဆစ် အမိန့်ကို မနာခံဘဲ မနေရဲကြဘူး ...”

ချန်စယ်က အကြံပြုလိုက်သည်။

ဆံရွက်ချွန်ချွန်နှင့် ကျင့်ကြံသူက အမှန်ပင် ဉာဏ်ကောင်းလှပြီး သူ့အကြံပြုချက်မှာလည်း လက်တွေ့ကျလေသည်။ သူက ဆစ် အမိန့်ဖြင့် အားလုံးကို လောကခန်းမရှေ့ နေရာလွတ်တွင် စုစည်းဖို့ ပြောလိုက်ရုံဖြင့် ထိုကိစ္စကား လွယ်လွယ်ကူကူ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ ဆစ်က လောကခန်းမတွင် လူသိများပြီး ဂုဏ်သတင်းကြီးသည့် အတွက် ပေါင်လေ့ပင် သူ့အမိန့်ကို နာခံရလိမ့်မည်။

ရှီလုက ချန်စယ်သာ ထိုကိစ္စ လုပ်နိုင်သရွေ့ နယ်ခြားအင်အားစု အားလုံးမှာ မိုဝူကျီ၏ အမြောက် လက်ချက်ဖြင့် ပျက်စီးသေကြေရတော့မည် ဖြစ်ကြောင်း သိသည့် အတွက် တုန်ယင်လာခြင်း ဖြစ်၏။

အထီးကျန်ကြိုးနီနှင့် အခြားလူများက ရှီလုဆီမှ မိုဝူကျီသည် လောကတိုင်ကို မည်သို့ ဝင်စီးခဲ့ကြောင်း အနှစ်ချုပ် ပြောပြထား၍ မယုံနိုင်စရာ ကောင်းသော်လည်း လောကတိုင်ကို ပြန်သိမ်းပိုက်နိုင်သည့် နည်းလမ်းမှာ ရိုးရှင်းလွန်းပြီး တည့်တိုးဆန်လှသည်။ ထို့ကြောင့် သူတို့က မိုဝူကျီ၏ ထိပ်သီးရေခဲအမြောက်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရတော့မည် ဖြစ်၍ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

ချန်စယ်က ထွက်သွားခါနီးတွင် အပြင်ဘက်မှ လက်ခုပ်လက်ဝါးတီးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။ ကျင့်ကြံသူအချို့က အထဲ ရောက်လာကြပြီး အခြေအနေကို မဖမ်းဆုပ်မိခင် အော်ပြောလိုက်သည်

“ကူးပြောင်းအစီအရင် ပြီးသွားပြီကွ ... ငါတို့တွေ ကျန်းရှင်းထဲ ဝင်လို့ရ .. ”

ထိုကျင့်ကြံသူများ စကားမှာ လောက တိုင်အတွင်းမှ ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက် ရသည့်အခါ လည်ချောင်း၌ တစ်ဆို့သွားတော့သည်။

နယ်ခြားအင်အားစု နောက်ပြန်ဆုတ်မည့် အချိန်ကို စောင့်မနေဘဲ မိုဝူကျီက လျှပ်စီးချက်အချို့ ပစ်လွှတ်လိုက်တော့သည်။ ဝင်ရောက်လာသည့် ကျင့်ကြံသူများကို အချိန်တိုအတွင်း သတ်ပြီးနောက် မိုဝူကျီက သူ့အနားမှ လူများကို ပြောလိုက်သည်

“ရှီလု .. လူအချို့ခေါ်သွားပြီးတော့ လောကတိုင်က အာကာသ ဂိတ်ကို စောင့်ထားလိုက်။ တစ်ယောက်မှ လုယူမသွားစေနဲ့။ ကြိုးနီ ... လူတချို့ ခေါ်သွားပြီးတော့ လောကတိုင်က ပထမအလွှာ တံခါးတွေကို သေချ ာစောင့်ထားလိုက်။ ဝင်လာပြီးတော့ ဒီကိစ္စကို ဘယ်သူမှ သိမသွားစေနဲ့။ ချန်စယ်က ကျုပ် နောက် လိုက်ခဲ့ ... ”

ထို့နောက် မိုဝူကျီက လောကတိုင် တံခါးမှ အရင်ဦးဆုံး ထွက်သွားတော့သည်။

သူ့စိတ်စွမ်းအားကို သုံးလိုက်သည့်အခါ မိုဝူကျီက နယ်ခြားအင်အားစုမှာ လောကခန်းမရှိ ကူးပြောင်း အစီအရင်ဆီ အရူးအမူး ချီတက်နေကြောင်း သိလိုက်ရသည်။ ထိုစဉ် မိုဝူကျီက ဝရုန်းသုန်းကား ဖြစ်ခြင်း၏ အဓိပ္ပာယ်ကို သေချာသိလိုက်သည်။

အစီစဉ်တကျ တန်းစီနေကြသော ကူနို့ကြယ်တာရာ တပ်တချို့မှ လွဲ၍ အာကာသ သားရဲများမှာ သူတို့ဝင်ဖို့ရာ အတွက် အလှည့်ရောက်ဖို့ရာ တိုက်ခိုက်နေကြလေသည်။

မိုဝူကျီက ချန်စယ်ကို ပြောလိုက်သည်

“ဆစ်အမိန့်ကို ချက်ချင်း ဖြန့်လိုက်တော့ ... ဆစ်က ကူးပြောင်း အစီအရင် ရသွားပြီဆိုတော့ အားလုံးကို လောကခန်းမရှေ့က နေရာလွတ်မှာ တန်းစီခိုင်းထားတယ်လို့ ပြောလိုက် ... ပြီးသွားတာနဲ့ မြန်မြန် လောကတိုင်ထဲ ဝင်နေလိုက် ”

“ဟုတ်ကဲ့ သခင်လေး ” ချန်စယ်က ထွက်မသွားခင် ဘာကိုမျှ အတွန့်တက်ပြီး မေးမြန်း မနေချေ။ သူက ကျွမ်းကျင်ပိုင်နိုင်လှသည့် အစေခံကောင်း တစ်ယောက် ဖြစ်လေသည်။

ချန်စယ် ထွက်သွားသည်နှင့် မိုဝူကျီက လူအုပ်နောက်မှ လိုက်သွားကာ လောကခန်းမဆီ သွားလိုက်သည်။ သို့သော်လည်း သူက နေရာကွက်လွတ်အတွင်း မဝင်ဘဲ လောကခန်းမ အပြင်ဘက် ထောင့်တစ်နေရာမှ အစီအရင် အလံတချို့ စိုက်ထူထားလိုက်သည်။

မိုဝူကျီ၏ နည်းလမ်းဖြင့် ဖုံးကွယ်ရေး အစီအရင် ကို အချိန်တိုအတွင်း တပ်ဆင်ဖို့ရာ ခက်ခဲသော အလုပ် မဟုတ်ပေ။ မည်သူမျှ သူတို့ စိတ်စွမ်းအားကို စစ်ဆေးကြည့်ဖို့ရာ မသုံးသရွေ့ သူ့အစီအရင် ကို သိရှိဖို့ရာ အမှန်ပင် ခက်ခဲလှပေမည်။

ဖုံးကွယ်ရေး အစီအရင် တပ်ဆင်ပြီးနောက်တွင် မိုဝူကျီက ထိပ်သီးရေခဲအမြောက်ကို ချက်ချင်း ထုတ်ယူလိုက်သည်။ လောကခန်းမရှေ့တွင် လူအုပ်ကြီးက ရှုပ်ထွေးနေသောကြောင့် အကယ်၍ ယခုအချိန် ပစ်လွှတ်လိုက်ပါက အနည်းဆုံး သောင်းဂဏန်းလောက် သတ်နိုင်မည် ဖြစ်ကြောင်း သိ၏။

သို့သော်လည်း မိုဝူကျီ၏ ပစ်မှတ်မှာ ထိုအင်အားစု အသေးလေး မဟုတ်ဘဲ နယ်ခြားအင်အားစုကြီး ဖြစ်နေ၍ မလုပ်ချေ။

ချပ်ဝတ်တပ်များနှင့် သားရဲများက ကျန်းရှင်းကို အစီအရင်မှ ဆက်တိုက် ဝင်ရောက်နေသော်လည်း မိုဝူကျီက သည်းခံနေရလေသည်။ အစီအရင်က မည်မျှပင် အားကောင်း စေကာမူ ထိုမီလီယံနှင့် ချီနေသော အင်အားစုကို ကျန်းရှင်းကို မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးနိုင်မည် မဟုတ်ပေ။

ကျန်းရှင်းသို့ ဝင်ရောက်သွားသည့် နယ်ခြားအင်အားစု အတွက် ကျန်းရှင်း ကျင့်ကြံသူများက ဖြေရှင်းလိမ့်မည်။ အကြောင်းမှာ မိုဝူကျီ တစ်ယောက်တည်း မလုပ်နိုင်သော အရာ ဖြစ်၏။

ချန်စယ်က မိုဝူကျီကို စိတ်မပျက်စေပေ။ အမွှေးတိုင် တစ်ဝက်စာ ကြာချိန်တွင် သူက လောကခန်းမ ထောင့်တွင် တပ်ဆင်ထားသော ပြသရေး ပိတ်ကား အစီအရင် ပေါ်တွင် ပေါ်လာလေ၏။

“ကျုပ်က ကူနို့ကြယ်တာရာ ချပ်ဝတ်တပ်ရဲ့ တပ်မှူး ချန်စယ်ပါ။ ပထမတပ်မှူး ခေါင်းဆောင်ဆစ်အစား အရေးကြီး သတင်း နှစ်ခု ကြေညာစရာ ရှိပါတယ်။ ပထမတစ်ချက်က ကျန်းရှင်းကို သွားမဲ့ အစီအရင် ပြီးစီးသွားပြီ ဆိုတော့ ဒီနေ့ကစပြီးတော့ ကျန်းရှင်းကို ငါတို့အပိုင်လို ဆက်ဆံပြီးတော့ လုပ်ချင်တာ လုပ်လို့ ရပြီ ”

အားလုံးက ထိုသတင်းကို ကြားသောအခါ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်၍ ခုန်ပေါက် ပြေးလွှားနေသော သူများပင် ရှိ၏။ တချို့ အာကာသ သားရဲများမှာ အော်မြည်နေကြသည်။

“ဒုတိယတစ်ချက်က ခေါင်းဆောင်ဆစ်က လောကခန်းမရှေ့က နေရာကွက်လပ်ကို ရောက်လာတော့မှာဆိုတော့ အားလုံးက နေရာယူပေးဖို့ ပြောချင်ပါတယ်။ ခေါင်းဆောင်ဆစ်က ကျန်းရှင်းကို ချီတက်မဲ့ နည်းလမ်းကို ပြောပါလိမ့်မယ်။ တကယ်လို့ မလိုက်နာတဲ့သူရှိရင် ချက်ချင်း သတ်ပစ်မယ် ... ”

မည်သူမျှ ချန်စယ် စကားများကို သံသယ မဖြစ်ကြပေ။ အများစုက ချန်စယ်သည် လောကခန်းမမှ အဓိက ပုဂ္ဂိုလ်များအနက်မှ တစ်ယောက် ဖြစ်ကြောင်း သိကြသည်။ သူက လောကတိုင်ကို စောင့်ကြပ်ရသည့် လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်ရာ ထိုသူက ကိုယ်တိုင်လာပြော၍ ခေါင်းဆောင်ဆစ်က ကျန်းရှင်းကို ချီတက်ဖို့ရာ မည်မျှ စိတ်ဆန္ဒပြင်းပြနေသည်ကို သိနိုင်လေသည်။

ချန်စယ်က အမိန့်နှစ်ခုကို ပြောပြီးသည်နှင့် လောကတိုင်အတွင်း ချက်ချင်း ဝင်ရောက် သွားတော့သည်။ နယ်ခြား ကျင့်ကြံသူ တချို့က ချန်စယ်သည် လောကတိုင်အတွင်း ပြေးဝင်သွားသည်ကို တွေ့သောအခါ ခေါင်းဆောင်ဆစ်ကို သွားတွေ့ခြင်း ဖြစ်မည်ဟု တွေးကာ ထူးဆန်းသည်ဟု မထင်ကြပေ။

လောကခန်းမထဲက ကျင့်ကြံသူများက နေရာလွတ်သို့ ပိုပို ရောက်ရှိလာသည်ကို တွေ့ပြီး မိုဝူကျီက ချန်စယ်ကို ချီးကျူးမိလိုက်သည်။ ထိုလူက အမှန်ပင် မျှော်လင့်မထားသည့် ဆုလာဘ် တစ်ခု ဖြစ်ပေသည်။ ဉာဏ်ကောင်းပြီး သစ္စာရှိသည့် အစေခံ ရှိခြင်းမှာ အလွန်ကောင်းလှသည်။

လောကအပြင်ဘက်တွင် လူများက ပိုမို ရောက်ရှိလာကြ၍ သိန်းဂဏန်းမှာ ခဏလေးနှင့် ပြည့်သွားလေသည်။ ချန်စယ်က ခေါင်းဆောင်ဆစ် အမိန့်ကို ဖြန့်ပြီးသည်နှင့် ကူးပြောင်းအစီအရင် မှာ ဆက်လက်ကူးပြောင်းနေဆဲ ဖြစ်သည့် အတွက် ကျင့်ကြံသူတချို့နှင့် အာကာသ သားရဲအချို့ကို ကျန်းရှင်းသို့ ပို့ဆောင်ပေးလိုက်လေသည်။

ထိုအရာမှာ ပေါင်လေ့ အမိန့်ပေးထားသည် ဖြစ်ရာ ပေါင်လေ့သည်လည်း ဆစ်နှင့် အဆင့်အတန်း တူလေသည်။ ပို၍ အရေးကြီးသည်က ကျန်းရှင်း၏ မက်လုံးမှာ နယ်ခြားကျင့်ကြံသူတိုင်း၏ စိတ်ထဲတွင် အလွန်အရေးကြီးလှသည်။

“ဘာကြီးလဲ ... အားလုံး လောကအဆင့်ဇယား အဆင့် ၇၆ ကို တစ်ချက် ကြည့်ကြပါဦး .. မိုဝူကျီ ဒီနာမည်က ရင်းနှီးနေပါတယ် ... ”

“အဲဒီလူက ပင်မ အဆင့်ဇယားမှာ အရင်က မရှိခဲ့ပါဘူး ”

လူအုပ်ကြီးက ထိုအကြောင်းအရာကို ဆွေးနွေး နေကြစဉ် အော်ဟစ်သံ တစ်သံကို ကြားလိုက် ရသည်

“အားလုံး ဒီနေရာက မြန်မြန် ထွက်သွားပြီး လောကခန်းမထဲ ဝင်ကြ ... ခေါင်းဆောင်ဆစ်ရဲ့ အမိန့်က အတုကြီး ... ”

***

All Chapters