← Chapters

လီမြစ်အကြီးအကဲငါးယောက်

Vol. 1 Ch. 5

လီမြစ်အကြီးအကဲငါးယောက်

Vol. 1 Ch. 5

အားကောင်းသော ချီစွမ်းအင် ကိန်းအောင်းပါဝင်နေသည့် အသံတစ်သံက ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ထိုအသံက အဝေးမှ လာသော်လည်း အနားနားမှ ကပ်အော်လိုက်သကဲ့သို့ ချင်မူ၏ နားထဲတွင် အူထွက်သွား၏။

အသံလာရာဆီသို့ လှမ်းကြည့်လိုက်သောအခါ နှစ်မိုင်ခန့်အကွာ တောင်စွန်းတစ်ခုတွင် ရပ်နေသော လူရိပ်အချို့ကို မြင်တွေ့ရသည်။ မျက်နှာများကို သဲသဲကွဲကွဲ မမြင်ရသော်လည်း သူတို့ထဲမှ တစ်ယောက်က ထိုမျှ အကွာအဝေးထိ အသံရောက်အောင် ပြောကြားနိုင်သည်ကို ထောက်ရှုလျှင် သာမန်လူများ မဟုတ်ကြကြောင်း ချင်မူ သိလိုက်၏။

“မိစ္ဆာနတ်ဆိုး ဟုတ်လား... ဘယ်သူက မိစ္ဆာနတ်ဆိုးလဲ... ကျုပ်က မြစ်ကမ်းဘေးမှာ ​နေထိုင်တဲ့ သာမန်လူတစ်ယောက်ပါ... ဒီသမင်လေးက ကျုပ်မွေးထားတဲ့ သမင်လေးပါ...” အဘွားစစ်က သူ၏ ခြင်းတောင်းကို လက်တွင် ချိတ်၍ ပြုံးလိုက်သည်။ ထို့နောက် တီးတိုး ပြောလိုက်၏။ “မူအာ... ပြေးတော့...”

အဘွားစစ်၏ အလောသုံးဆယ်လေသံကြောင့် ချင်မူ အံ့အားသင့်သွားသည်။ တစ်ခုခု ပြောရန် ကြိုးစားလိုက်သော်လည်း ပြောဆိုနိုင်ခြင်း မရှိ။ အဘွားစစ် အန္တရာယ်နှင့် ကြုံတွေ့မည် စိုးရိမ်သဖြင့် သူ ထွက်မသွားလိုချေ။

“မြစ်ကမ်းဘေးမှာနေတဲ့ သာမန်လူတစ်ယောက် ဟုတ်လား... မင့်အသံကို ငါတို့ ရှင်းရှင်းလင်းလင်း ကြားရအောင် ပြောနိုင်တာ... ဒီလောက် အားကောင်းတဲ့ ချီစွမ်းအင်နဲ့... ဘယ်သာမန်အဘွားကြီးကမှ ဒီလိုမျိုး မလုပ်နိုင်ဘူး...” အိုမင်းဟန်ပေါက်သော်လည်း အားအင်အပြည့်အဝပါသည့် အသံက တောင်စွန်းဆီမှ ထွက်ပေါ်လာပြီး အေးစက်စက် ရယ်မောလိုက်သည်။ “ငါတို့ လီမြစ်အကြီးအကဲ ငါးယောက်အနေနဲ့ ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာကို အမှတ်မှားစရာ အကြောင်းမရှိဘူး... အရေခွံခွာ အဝတ်ချုပ်ပြီး ရုပ်သွင်အမျိုးမျိုးပြောင်းတဲ့ အောက်လမ်းပညာ... ဒီလို မိစ္ဆာဆန်တဲ့ ပညာမျိုးကို ငါတို့ မျက်ဝါးထင်ထင် မြင်ပြီးတာတောင်မှ မင်းက ဗြောင်လိမ်ချင်သေးတာလား...”

“ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာသုံးပြီး လူတွေကို အိမ်မွေးတိရစ္ဆာန်ပြောင်း၊ ဈေးမှာ သတ်စားဖို့ ရောင်းနေတာ မဟုတ်လား... ဟမ်...” တောင်စွန်းပေါ်မှ နောက်ထပ် လူကြီးတစ်ယောက်က တင်းမာစွာ အော်ဟစ်လိုက်၏။ “ငါတို့ သမာသမတ်ဂိုဏ်းက နောင်တော်တွေ အတော်များများ အိမ်မွေးတိရစ္ဆာန် အပြောင်းခံရပြီး တစ်သက်လုံး မြက်ခင်းပြင်မှာ ကျက်စားခဲ့ရတာ... မင်းတို့ ပညာတွေကို မြင်ပြီးမှတော့ ငါတို့ကို လှည့်စားနိုင်စရာ အကြောင်းမရှိတော့ဘူး...”

“သမင်တစ်ကောင်ဆိုတာလည်း သက်ရှိပဲ... မင်းတို့က သူ့အရေခွံနဲ့ ဝိညာဉ်ကို သုံးပြီး ဒီလို မိစ္ဆာဆန်တဲ့ အရာမျိုး ဖန်တီးရက်တယ်...” အခြားလူကြီးတစ်ယောက်က ဝမ်းနည်းကြေကွဲသည့် လေသံဖြင့် ပြောလိုက်သည်။ “မင်းတို့ကို အခု ဒီနေရာမှာ မသတ်လိုက်ရင် နောက်ထပ် အပြစ်ကင်းတဲ့ အသက်တွေ ဘယ်လောက်များများ ဆုံးရှုံးရဦးမယ် မသိဘူး... ဒီလိုလူမျိုးကိုမှ မသတ်ရင် ငါတို့ ဘယ်သူ့ကို သွားသတ်ရဦးမှာလဲ...”

အဘွားစစ်က ချင်မူ့ဘက်သို့ လှည့်၍ မျက်ခုံးနှစ်ခုကြားမှ အပ်ကို ဆွဲနုတ်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “ဒီသောက်အဘိုးကြီးတွေက ဘာမှ မှုစရာ မဟုတ်ဘူး... ဒါပေမဲ့ မင်း ဘွားဘွားအနားမှာ ရှိနေရင် မင်းကို အကာအကွယ်ပေးဖို့ ဘွားဘွား အာရုံများရလိမ့်မယ်... အဲတော့ မြန်မြန်ပြေး... ရွာဘက်ကို ပြန်ပြေး...”

ချင်မူက တုံ့ဆိုင်းမနေတော့ဘဲ မြစ်ကမ်းဘေးအတိုင်း ပြန်လှည့်ပြေးတော့သည်။ အစက သမင်တစ်ကောင်အဖြစ် အပြောင်းခံလိုက်ရသည့်အတွက် သွားရလာရ ကိုးရိုးကားရား ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသော်လည်း တကယ်တမ်း ပြေးကြည့်သောအခါ သူ့အထင် တက်တက်စင်အောင် မှားကြောင်း သိရ၏။ ကိုးရိုးကားရားမနိုင်သည့်အပြင် သူ့တစ်သက်လုံး သမင်တစ်ကောင် ဖြစ်လာခဲ့သည့်ပမာ ခံစားရကာ ယခင်ကထက်ပင် ပို၍ မြန်မြန် ပြေးနိုင်လာသည်။

“နတ်ဆိုးပေါက်စက ပြေးချင်တာလား... မင်းကို အလွတ်ပေးလိုက်ရင် အားလုံး ဒုက္ခများကုန်မှာပေါ့... လီမြစ်တပည့်သားငါးယောက်... မင်းတို့အတွက် လေ့ကျင့်ဖို့ အချိန်ကောင်းပဲ... မင်းတို့ရဲ့ ပစ်မှတ်က အဲဒီသမင်... ဒီကောင့်ကို အပြတ်ရှင်းပြီး သူ့ခေါင်းကို ပြန်ယူလာခဲ့...”

မိန်းမငယ်လေးများနှင့် ယောက်ျားငယ်လေးများ၏ အသံခပ်စာစာ ထွက်ပေါ်လာ၏။ “နားလည်ပါပြီ...”

တစ်ခဏအတွင်းမှာပင် လူရိပ်ငါးခုက တောင်စွန်းမှ ခုန်ချလာပြီး တောင်စောင်းအတိုင်း ပြေးဆင်းလာသည်။ သူတို့က အရှိန်အဟုန်ပြင်းသည့် မြင်းရိုင်းများပမာ မြန်ဆန်လှပြီး တောင်စွန်းအောက်ခြေသို့ တစ်ခဏအတွင်း ရောက်သွား၏။ ထိုတောင်စွန်း၏ အခြေ၌ တောင်ပေါ်မှ အရှိန်အဟုန်ပြင်းပြင်း စီးဆင်းလာသော ရေတံခွန်တစ်ခု စီးဝင်ရာ ရေကန်နက်နက်တစ်ခု ရှိနေသည်။ ထိုငါးယောက်က ရေကန်ထဲသို့ ဗွမ်းခနဲ ကျသွားရမည့်အစား ကန်ရေပြင်ပေါ်သို့ ပေါ့ပါးစွာ နင်းဖြတ်၍ ချင်မူ၏ နောက်သို့ ပြေးလိုက်လာကြ၏။

အဘွားစစ်၏ ရင်ထဲတွင် လေးလံသွားသည်။ “ဝိညာဉ်ခန္ဓာကိုယ်တွေ... သူတို့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာရဲ့ အဆင့်တွေကလည်း မနိမ့်ကျလှဘူး... မူအာရဲ့ ပြေးနှုန်းက သူတို့နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး၊ မကြာခင် မီသွားမှာပဲ...”

အဘွားစစ် သူတို့ကို တားဆီးရန် ပြင်လိုက်စဉ်တွင် လူရိပ်လေးခုက ကောင်းကင်ယံမှ ပျံဝဲ၍ သူ့နံဘေးသို့ သက်ဆင်းလာ၏။ တစ်ယောက်သာလျှင် တောင်စွန်းထိပ်၌ ကျန်ရစ်ခဲ့သည်။ ထိုတစ်ယောက်က နေရာတွင်ပင် ဝင့်ကြွားစွာ ရပ်လျက်ရှိပြီး အောက်သို့ ဆင်းလာမည့်ဟန် မပေါ်ချေ။

“လီမြစ်ရဲ့ အကြီးအကဲငါးယောက်က ဒီမဟာမြို့ပျက်မှာ ဘာလုပ်နေကြတာလဲ...” အဘွားစစ်က စိတ်ပျက်လက်ပျက်ဟန်ဖြင့် မျက်လုံးလှန်ရင်း သူ့ကို ဝိုင်းထားသော လူကြီးလေးယောက်ကို ခပ်ဟဟ ရယ်မောလိုက်၏။ “မဟာမြို့ပျက်က ဒီလောက်အန္တရာယ်များတာ၊ ရှင်တို့လို နာမည်ကျော်တွေ ဒီနေရာမှာ သေနေခဲ့ရမှာ မကြောက်ကြဘူးလား...”

ဝိုင်းထားသည့်အထဲမှ မုတ်ဆိတ်နက်နှင့်တစ်ယောက်က အေးစက်စက် တုံ့ပြန်လိုက်သည်။ “အပြင်လောကမှာ မနေနိုင်တဲ့ မိစ္ဆာတွေ ဒီမဟာမြို့ပျက်ထဲမှာ ခိုလှုံပုန်းအောင်းနေတယ် ကြားလို့ ငါတို့ အကြီးအကဲငါးယောက် တပည့်တွေခေါ်ပြီး နှိမ်နင်းဖို့ လာခဲ့တာပဲ...”

“ဘယ်သူက မိစ္ဆာလဲ၊ ဘယ်သူက ဘယ်သူ့ကို နှိမ်နင်းမလဲဆိုတာ အပြတ်မပြောနိုင်သေးပါဘူးလေ...” အဘွားစစ်က ခြင်းတောင်းကို လက်တစ်ဖက်၌ ချိတ်၍ အခြားလက်တစ်ဖက်ဖြင့် ကတ်ကြေးကို ဝှေ့ယမ်းလိုက်၏။ ထို့နောက် မျက်စိမှုန်နေသူတစ်ယောက်ကဲ့သို့ အသွင်ဖမ်းကာ ဟက်ခနဲ ရယ်မောလိုက်သည်။ “ဒီအရိုးရင့်တွေ မလှုပ်ရှားရတာတာင် အတော်ကြာပြီ... ကံကောင်းလို့ ငါ့စွမ်းရည်လေးတွေ လုံးဝပစ်လိုက်ရတာမျိုး မဖြစ်သေးဘူး... ကြည့်ရတာ နင်တို့ အဘိုးကြီးတွေက အဝတ်ဘဝ အပြောင်းခံချင်နေတာနဲ့ တူတယ်...”

“အတင့်ရဲလှချည်လား… မိစ္ဆာမ၊ ငါတို့ရှေ့မှာ မာန်တက်နိုင်တဲ့ အရည်အချင်း နင့်မှာရှိလို့လား...” လီမြစ်အကြီးအကဲလေးယောက်က အော်ဟစ်လိုက်၏။

သူတို့က လေထဲသို့ ခုန်တက်ပြီး အဘွားစစ်ကို ဖြန့်ကျက် တိုက်ခိုက်လိုက်ကြသည်။

ထိုအချိန်၌ ဒုက္ခိတဘိုးဘွားကျေးရွာဆီသို့ အသည်းအသန် ပြေးလွှားနေသော ချင်မူမှာ လျှပ်စီးတန်းများ လက်သွားသည်ကို မြင်လိုက်ရ၏။ ဖြူလင်းသော လျှပ်စီးတန်းများ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားပြီး တောင်ကြောတစ်ခုလုံးနှင့် တောင်ခြေတစ်ဝိုက်၌ နေရောင်ထက် အဆပေါင်းများစွာ တောက်ပသော အလင်းရောင်များ ဖုံးလွှမ်းသွားသည်။ ထိုအလင်းရောင်များ တဖျတ်ဖျတ် ထွက်ပေါ်လာပြီးသည့်နောက်တွင်တော့ သူ့နောက်ဆီမှ တဝုန်းဝုန်း တဒိုင်းဒိုင်းအသံများ ရုတ်တရက် ထွက်ပေါ်လာ၏။

ချင်မူ တစ်ချက် လှည့်ကြည့်လိုက်သော်လည်း အဘွားစစ်ရှိသည့်နေရာမှ ပေါက်ကွဲထွက်လာသော လေလှိုင်းများကိုသာ မြင်ရသည်။ ရုတ်တရက် ဖြစ်ပေါ်လာသည့် လေမုန်တိုင်းတစ်ခုကြောင့် မြေကြီးမှုန်များ၊ ကျောက်ခဲများနှင့် ပေါင်တစ်ထောင်ခန့်ရှိမည့် ကျောက်တုံးကြီးများပင် လေပေါ်မြောက်တက်သွားပြီး အလွန်တရာ ပြင်းထန်သော အရှိန်အဟုန်ဖြင့် လွင့်ထွက်လာ၏။

“ဘွားဘွား အဆင်ပြေလောက်မှာပါ...” ချင်မူ၏ ရင်ထဲတွင် လေးလံသွားသော်လည်း တီးတိုးရေရွတ်၍ ဆက်ပြေးလိုက်သည်။

ရုတ်တရက် သူ့ဘေးရှိ မြစ်ထဲမှ ရေသံနှင့် ခြေသံများ ကြားရသဖြင့် လှမ်းကြည့်လိုက်သောအခါ ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ရေပြင်ပေါ်မှ ပြေးလိုက်လာသည်ကို တွေ့ရ၏။

သူတို့နှစ်ယောက်စလုံးက မြစ်ရေမျက်နှာပြင်ထက်တွင် ပြေးနေခြင်း ဖြစ်ပြီး ရေထဲသို့ နစ်မြုပ်သွားခြင်း မရှိပေ။ ရေပြင်နှင့် သူတို့၏ ခြေထောက်များ ထိတွေ့သည့် အတက်အကျ လှုပ်ရှားမှုနှုန်းက အလွန်တရာ မြန်ဆန်လှ၏။ ချင်မူ ခြေကုန်သုတ် ပြေးနိုင်သည်ထက်ပင် များစွာ မြန်သေးသည်။ မြစ်ရေက ခြေဖဝါးကို မစင်မီပင် သူတို့က ရှေ့သို့ ရောက်၍ လေအလျင်ကဲ့သို့ ပျောက်ကွယ်သွားကြ၏။

“ဒီနှစ်ယောက်က ဘိုးဘိုးထော့ကျိုး ပြောတဲ့ လှိုင်းစီးအဆင့်ကို ရောက်နေပြီ... ငါက အဲဒီအဆင့်ကို မရောက်နိုင်သေးဘူး... သူတို့က ငါ့ထက် အများကြီး ခွန်အားသာတာပဲ...”

ထိုနှစ်ယောက်က မြစ်လယ်တွင် ပြေးနေရင်းမှ သိပ်မကြာလိုက်ဘဲ ချင်မူ့ကို ကျော်တက်သွားသည်။ ထိုသို့ ကျော်တက်ပြီးသည်နှင့် မြစ်ကမ်းဘက်သို့ ချိုးကွေ့ပြေးလာကြ၏။ သူ့ကို ရှေ့မှ ဆီး၍ တားရန် ကြံနေကြသည်မှာ အသိသာကြီး ဖြစ်သည်။

ချင်မူ နောက်လှည့်ကြည့်လိုက်သောအခါ လီမြစ်ဂိုဏ်းသားတစ်ယောက် လိုက်လာသည်ကို တွေ့ရ၏။ ဘယ်ဘက်ခြမ်းတွင်တော့ နောက်ထပ်နှစ်ယောက်က တောင်ကြားထဲမှ ဖြတ်သန်း၍  ဘေးဘက်တောအုပ် သစ်ပင်ထိပ်ဖျားများပေါ်တွင် ခုန်ကူးပြေးလွှားရင်း လိုက်လာကြသည်။ သို့သော်လည်း သူတို့က ထိုသို့ အကြာကြီး မပြေးနိုင်ဘဲ မြေပြင်ပေါ်သို့ ဆင်း၍ အသက်မှန်မှန် ပြန်ရှူကြရ၏။

သို့တိုင်အောင် ချင်မူ့ကိုတော့ တစ်ခဏအတွင်း ဖြတ်ကျော်သွားပြီး သူ့ရှေ့သို့ ပန်း၍ ပြေးလာကြသည်။

“သူတို့ ဖြတ်တားတာ ခံလို့ မဖြစ်ဘူး... သူတို့ကို နောက်ချန်ခဲ့ပြီး ရွာကို ရောက်ဖို့လိုတယ်... ဘွားဘွားကို ကယ်ဖို့ ဘိုးဘိုးမာတို့ကို သွားခေါ်ရမယ်...”

ချင်မူ အံတင်းတင်းကြိတ်၍ မြစ်ကမ်းဘေးမှ ခွာကာ တောအုပ်ထဲသို့ တစ်ဟုန်ထိုး ပြေးဝင်လိုက်၏။

မြစ်ကမ်းဘေးအတိုင်း ဆက်ပြေးနေလျှင် သေချာပေါက် အမိခံရချေလိမ့်မည်။ မြစ်လယ်မှ နှစ်ယောက်က အတော်လေး မြန်၏။ တောအုပ်ထဲမှ ပြေးလိုက်လာသူ နှစ်ယောက်က အနည်းငယ် ပိုနှေးသည်။ သို့ဖြစ်၍ တောထဲသို့ ဝင်ပြေးခြင်းသည်သာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်၏။

“မိစ္ဆာကောင်လေး... မင်းနဲ့ သမင်သတ်တဲ့ မိစ္ဆာမ... လွတ်နိုင်မယ် ထင်မနေနဲ့...”

ချင်မူ တောထဲသို့ ပြေးဝင်လာသောအခါ ထိုနေရာရှိ ကောင်လေးနှစ်ယောက်ထဲမှ တစ်ယောက်က အရှိန်ကို မြှင့်၍ ပြေးတားလိုက်သည်။ သို့သော်လည်း သူက တစ်လှမ်းနောက်ကျသဖြင့် သမင်အသွင်နှင့် ချင်မူက သူ့ကို ကျော်ပြေးသွား၏။

“မလောနဲ့... ဒီကောင် မလွတ်ပါဘူး...”

မြစ်ထဲမှ ပြေးလိုက်လာသော ခေါင်းဆောင်ကောင်လေးနှင့် ကောင်မလေးမှာ မတုန်မလှုပ် မျက်နှာများနှင့်သာ ရှိနေကြသည်။ ကောင်မလေးက ခပ်တိုးတိုး ရယ်မောရင်း အင်္ကျီလက်အိုးကို ဝှေ့ယမ်းပြီး ရုတ်တရက် အရှိန်မြှင့်၍ သစ်ပင်ထိပ်ဖျားပေါ်သို့ ခုန်တက်ကာ ငှက်တစ်ကောင် ပျံသန်းနေသကဲ့သို့ တလှစ်လှစ် ပြေးလိုက်သွား၏။ အခြားတစ်ဘက်တွင်တော့ ကောင်လေးက အခြားသုံးယောက်ကို ညွှန်ကြား၍ ချင်မူ့ကို ဝိုင်းပတ်မိအောင် လိုက်ခိုင်းလိုက်သည်။

ချင်မူ မည်မျှပင် အသည်းအသန် ပြေးလွှားသော်လည်း ထိုငါးယောက်ကို မျက်ခြည် မဖြတ်နိုင်ချေ။ ထို့ပြင် ဒုက္ခိတဘိုးဘွားကျေးရွာနှင့် ဝေးသည်ထက် ဝေးရာဘက်သို့ ဆက်လက် ပြေးလွှားနေရပြီး မဟာမြို့ပျက်၏ အတွင်းပိုင်းသို့ ရောက်မှန်းမသိ ရောက်လာ၏။

ဒုက္ခိတဘိုးဘွားကျေးရွာတွင် နေထိုင်ခဲ့သည့် ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်အတွင်း ရွာမှ အဝေးဆုံး ရောက်ဖူးသည်မှာ သုံးလေးမိုင်ခန့်အထိသာ ဖြစ်သည်။ ယခု သူက ထိုနေရာထက် ကျော်လွန်သွားပြီ ဖြစ်ပြီး မြင်ကွင်းများက သူ့အတွက် ပို၍ ပို၍ စိမ်းလာ၏။ တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်ကလည်း လူသွားလမ်းပင် မမြင်ရတော့ပဲ ပို၍ ခေါင်သီလာသည်။

ချင်မူ ဆက်ပြေးနေရင်း မြင်ကွင်းထဲသို့ ချိုင့်ဝှမ်းလွင်ပြင်တစ်ခု တိုးဝင်လာသည်။ ထိုလွင်ပြင်၏ ထူထပ်စွာ ပေါက်ရောက်နေသော သစ်တော်ပင်များအကြားတွင် သမင်တစ်အုပ် ရှိနေသည်ကို သူ မြင်လိုက်၏။ တစ်မုဟုတ်ချင်းပင် ထိုနေရာသို့ အလျင်အမြန် ပြေး၍ သမင်အုပ်ထဲ ရောနှောတိုးဝင်လိုက်သည်။

ဝှစ်...။

သင်းပျံ့သော ရနံ့တစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး မိန်းကလေးတစ်ယောက် အင်္ကျီလက်အိုးများ တဖျတ်ဖျတ်လွင့်ရင်း မြေပြင်ပေါ်သို့ သက်ဆင်းလာ၏။ ရှေ့တူရူမှ သမင်အုပ်ကို ကြည့်၍ ထိုမိန်းကလေး မျက်မှောင်ကြုတ်သွားသည်။

“မိစ္ဆာကောင်လေး ဘယ်ရောက်သွားတာလဲ ဂိုဏ်းတူမမ...” ချင်မူ့အရွယ်ခန့် ကောင်လေးတစ်ယောက်က မေးလိုက်ရင်း တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာ၏။

မိန်းကလေးက နှုတ်ခမ်းစူ၍ ပြောလိုက်သည်။ “အဲကောင်လေးက ဒီသမင်အုပ်ထဲ ရောဝင်သွားတာ...”

“အဲဒါဆို ဒီသမင်တွေ အကုန်လုံး သတ်ပစ်တာပေါ့...”

သူတို့က သမင်အုပ်ထဲသို့ ဝင်ပြေး၍ ဓားများကို လွှဲယမ်းခုတ်ထစ်ကာ အညှာအတာကင်းမဲ့စွာ သတ်ပစ်လိုက်ကြ၏။ သမင်များက အပြေးမြန်သော်လည်း ထိုကောင်လေးများလောက်တော့ မမြန်ချေ။

သူတို့ငါးယောက်စလုံးက ဝိညာဉ်ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားကြပြီး အတော်လေး ခွန်အားမြင့်သည့် သိုင်းသမားများ ဖြစ်၏။ သမင်များက အရပ်မျက်နှာအနှံ့သို့ ပြေးလွှားနေကြသော်လည်း သွေးချောင်းစီးသည့် သတ်ပွဲမှ လွတ်မြောက်ရန် မဖြစ်နိုင်ရှာပေ။ များစွာမကြာလိုက်ဘဲ သမင်အုပ်မှာ တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ခံလိုက်ရသည်။

ဝရုန်းသုန်းကား ဖြစ်နေသည့် သမင်အုပ်ထဲမှ ရုတ်တရက် လူသံတစ်သံ ထွက်ပေါ်လာ၏။

“မင်းတို့က သမင်တွေလည်း သက်ရှိပဲလို့ ပြောခဲ့တာ မဟုတ်ဘူးလား...” ထိုအသံက မေးလိုက်သည်။ “ငါ့ဘွားဘွားက သမင်တစ်ကောင်ပဲ သတ်တာ၊ မင်းတို့ကျတော့ သမင်တစ်အုပ်လုံး သတ်ပစ်နေတယ်... ဘယ်လိုလုပ်ပြီး မင်းတို့လိုလူမျိုးတွေက ငါတို့ကို မိစ္ဆာလမ်းစဉ် လိုက်တဲ့သူတွေလို့ ပြောနိုင်ရတာလဲ...”

“အဲဒီမှာ...”

မိန်းကလေး၏ မျက်လုံးများ အရောင်တောက်သွားပြီး ချီစွမ်းအင် စုစည်း၍ သူ့ဓားရှည်ကို ပစ်လွှတ်လိုက်၏။ ကျားဖြူချီက ဓားရှည်ကို ရစ်ပတ်ပြီး ရွှေရောင်လက်သွားသည်။ ဓားရှည်က သူ့လက်ထဲမှ ပျံဝဲထွက်ခွာ၍ သမင်အုပ်နှင့်အတူ ကစုန်စိုင်း ပြေးနေသော ချင်မူ့ထံ ထိုးစိုက်သွား၏။

ချင်မူက သူ့ထံဝင်လာသော ဓားရှည်ကို ခန္ဓာကိုယ်တွန့်လိမ်၍ ရှောင်တိမ်းလိုက်သည်။ သို့သော်လည်း သူထင်မထားသည်မှာ ဓားရှည်က သူရှောင်တိမ်းသည့်ဘက်သို့ ဦးတည်ချက်ပြောင်း၍ ဆက်လက် တိုးဝင်လာ၏။

“ဒါ ဘယ်လို ပညာမျိုးလဲ...”

ချင်မူ့ခေါင်းထဲ၌ ဝေခွဲမရ ဖြစ်သွားသည်။ “ကြည့်ရတာ ကောင်းကင်နတ်သိုင်း တစ်မျိုးလား... အဲလိုနဲ့တော့ မတူဘူး... ဘိုးဘိုးသားသတ်သမား ပြောဖူးတာ ကောင်းကင်နတ်သိုင်းက လမ်းရိုးသိုင်းပညာရဲ့ အထွတ်အထိပ် ရောက်ပြီးမှ ထုတ်သုံးနိုင်တာ... ဒီကောင်မလေးရဲ့ သိုင်းပညာက ဘိုးဘိုးသားသတ်သမားထက် အများကြီး နိမ့်ကျတာကို...”

ဓားရှည်က ထိုးစိုက်ရန် ပြေးဝင်အလာတွင် ချင်မူ မြေပေါ် ပြားပြားဝပ်ချ၍ ကပ်သီလေး ရှောင်တိမ်းလိုက်သည်။ ထိုသို့ ရှောင်လိုက်သည့်အခိုက်၌ ဓားလက်ကိုင်ရိုးတွင် ကြိုးမျှင်သေးသေးလေးတစ်ခု သွယ်တန်းနေသည်ကို ဖျတ်ခနဲ တွေ့လိုက်ရ၏။ ထိုကြိုးမျှင်၏ တစ်ဖက်က  ဓားတွင် ချိတ်ဆက်နေပြီး အခြားတစ်ဖက်က ကောင်မလေး၏ လက်ထဲတွင် ရှိနေသည်။

၎င်းက ပိုးမျှင်ကဲ့သို့ ပါးလျသေးငယ်ပြီး သတိပြုမိရန် ခဲယဉ်းလှ၏။

All Chapters