သေ ကောင်လေး
Vol. 1 Ch. 6
“သူက ဒီကြိုးနဲ့ ဓားကို ထိန်းချုပ်တာလား... ဒါပေမဲ့... ကြိုးက ဒီလောက် ပါးပါးလေးကို ဘယ်လိုလုပ် ဓားကို ဦးတည်ချက်ပြောင်းအောင် လုပ်နိုင်တာလဲ...”
အံ့ဩစရာကောင်းသည့် ကြိုးမျှင်အကြောင်း ထပ်၍ မစဉ်းစားနိုင်မီမှာပင် ချင်မူ တစ်မုဟုတ်ချင်း ခြေကုန်သုတ်၍ ပြေးရပြန်သည်။
ထိုတစ်ခဏ၌ ဓားရှည်က သူ့ကို ကျော်ဖြတ်သွားပြီး သစ်ပင်ကြီးတစ်ပင်၏ ပင်စည်၌ ဒုတ်ခနဲ ခပ်နက်နက် စိုက်ဝင်သွား၏။
ဓားရှည်က အသက်ရှိသကဲ့သို့ သစ်ပင်၏ ပင်စည်တွင် လှုပ်ခါယမ်းနေသော်လည်း သူ့ဖာသာ ပြန်ဆွဲနုတ်နိုင်ခြင်း မရှိပေ။ မကြာမီတွင် မိန်းကလေးက ပျံဝဲရောက်ရှိလာပြီး ဓားရိုးကို ကိုင်၍ စိတ်ကသိကအောက်နှင့် ဆွဲနုတ်လိုက်သည်။ “ငါ့ရဲ့ ကျားဖြူချီက ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလို ဆန့်ထွက်ပြီး ဓားရှည်ကို မထိန်းချုပ်နိုင်သေးဘူး...”
“ညီမလေးချင်း... ညီမလေးအနေနဲ့ ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့ပြီး ဓားရှည်ကို ထိန်းချုပ် တိုက်ခိုက်နိုင်တာကိုက အတော်လေး ချီးကျူးဖို့ ကောင်းနေပါပြီ...”
ထိုမိန်းကလေးနှင့်အတူ မြစ်ပြင်ထက်တွင် ပြေးလွှားလိုက်ခဲ့သည့် ကောင်လေးက သူ့ဘေးသို့ ရောက်ရှိလာပြီး နူးညံ့သည့် အပြုံးတစ်ခု ပြုံးပြလိုက်၏။ “ညီမလေးက အတွေ့အကြုံ လိုနေတာပါ... ကျင့်ကြံမှုပိုင်းမှာ လိုတာမဟုတ်ဘူး... အဲဒါကြောင့်ပဲ ဆရာတွေက ငါတို့ကို မဟာမြို့ပျက်ဆီ အတွေ့အကြုံရအောင် လေ့ကျင့်ဖို့ ခေါ်လာတာမဟုတ်လား... အရင်တုန်းက ငါတို့သိတာ ကျင့်စဉ်လေ့ကျင့်ဖို့ပဲ... အဲဒါကြောင့် လက်တွေ့တိုက်ပွဲအတွေ့အကြုံ နည်းနေတာ... ဒီမိစ္ဆာကောင်လေးက ငါတို့အတွက် လက်တွေ့တိုက်ပွဲ ဆင်နွှဲဖို့ အခွင့်ကောင်းပဲ... မကြာခင်မှာ ညီမလေးရဲ့ဓားကို ချီစွမ်းအင်နဲ့ နိုင်နိုင်နင်းနင်း ထိန်းချုပ်လာနိုင်လိမ့်မယ်...”
အခြားကောင်လေး သုံးယောက်ကလည်း သူတို့နှစ်ယောက်ကို မီလာ၏။ တစ်ယောက်က ပြုံးကာ ပြောလိုက်သည်။ “ဒီမိစ္ဆာကောင်လေးက သမင်ပြောင်းထားတာ... သမင်တွေက သိပ်ကို ပေါ့ပါးသွက်လက်လို့ ဂိုဏ်းတူမမရဲ့ ဓားပျံကို ဒီကောင် ရှောင်နိုင်သွားတာပါ...”
မိန်းကလေးချင်းက စိတ်အား ပြန်လည်တက်ကြွလာပြီး ဓားပျံကို ဆက်လက် ထိန်းချုပ်၍ ချင်မူ့ကို ထိုးစိုက်လိုက်၏။ သူက ချစ်စဖွယ်ကောင်းအောင် ရယ်မောလိုက်သည်။ “အစ်ကိုချွီ... မတိုက်သေးနဲ့ဦးနော်... ဒီမိစ္ဆာကောင်လေးကို ညီမလေး ဓားပျံထိန်းချုပ်တာ လေ့ကျင့်ဖို့ ချန်ထားပေး...”
အစ်ကိုချွီမှာ သူနှင့်အတူ မြစ်လယ်မှ ပြေးလိုက်ခဲ့သည့် ကောင်လေး ဖြစ်၏။ ထိုကောင်လေးက ခေါင်းညိတ်လိုက်သည်။ “လာကြ... ဂိုဏ်းတူညီလေးတို့... ညီမလေးချင်းရဲ့ ဓားစွမ်းရည်ကို ပညာယူကြရအောင်...”
ချင်မူမှာ နောက်မှ ကပ်လိုက်လာသော ဓားရှည်ကို ရှောင်တိမ်းရင်း သူ့ရင်ထဲတွင် မေးခွန်းများ တဝဲလည်လည် တက်လာ၏။ “ဓားရှည်ကို ချီစွမ်းအင်နဲ့ ထိန်းချုပ်တာ... ဒီကောင်မလေး လက်ထဲက ကြိုးမျှင်က တကယ့်ကြိုးမဟုတ်ဘဲ သူ့ချီစွမ်းအင်လား... ချီစွမ်းအင်ကို ဓားရှည်တစ်ချောင်း ထိန်းချုပ် ခိုင်းစေနိုင်တဲ့အထိ အသုံးပြုလို့ ရတာလား... ငါလည်း အဲလို လုပ်လို့ရနိုင်မလား မသိဘူး...”
သူ ဝက်ခုတ်ဓားသိုင်း သင်ရစဉ်အခါက သားသတ်သမားက သူ့လက်များကိုသာ အသုံးပြု၍ ဓားကိုင်ရန် သင်ပြပေးခဲ့သည်။ ချီစွမ်းအင်ဖြင့် ထိန်းချုပ်အသုံးပြုနည်း သင်ပေးခြင်း မရှိခဲ့သည့်အတွက် ဤအခြင်းအရာနှင့် ပတ်သက်၍ နကန်းတစ်လုံးမျှမသိ ဖြစ်နေရ၏။
ထိုကောင်မလေးက ချီစွမ်းအင် အသုံးပြု၍ ဓားရှည်ထိန်းချုပ် တိုက်ခိုက်နေသည်ကို မြင်ရသောအခါ ချင်မူ့ခေါင်းထဲတွင် အကြံရသွားသည်။ ချီစွမ်းအင်ကို အသုံးပြု၍ ဓားရှည်ကို ထိန်းချုပ်နိုင်လျှင် အခြားအရာများကိုလည်း သူ့ချီစွမ်းအင်နှင့် ထိန်းချုပ်နိုင်မည် မဟုတ်လား။
သို့သော်လည်း ထိုမေးခွန်းကို ဆက်စဉ်းစားနေချိန် မရှိပေ။ အစ်မချင်းဆိုသည့် ကောင်မလေးက သူ၏ဓားကို ဆက်လက်ထိန်းချုပ်၍ သူ့နောက်မှ လိုက်လာနေ၏။ ထို့ပြင် ဘွားဘွားစစ်က သမင်ပြောင်းထားသဖြင့် သူ့ခြေလက်များက စိတ်ထင်တိုင်း လှုပ်ရှားမရချေ။ သူ့ကိုယ်ထဲမှ ချီစွမ်းအင်များပင် ငြိမ်သက်နေပြီး ယခင်ကကဲ့သို့ တုံ့ပြန်ခြင်း မရှိချေ။
ရွှပ်...။
ဓားရှည်က အနောက်ဆီမှ ထိုးစိုက်လာပြီး ချင်မူ၏ နောက်ကျောကို ရှပ်ထိသွားသည်။ သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး စပ်ဖျဉ်းဖျဉ်း နာကျင်မှုကို ရလိုက်၏။ အစ်မချင်းက သူ့နောက်ကျောကို ဒဏ်ရာရအောင် လုပ်သွားနိုင်ပြီမှန်း သိလိုက်သည်။
“ဆိုးတယ်... သမင်တစ်ကောင်က မြန်တာ မှန်ပေမဲ့ ဝိညာဉ်ခန္ဓာနဲ့လူတွေထက်တော့ နှေးသေးတယ်... ငါ ထပ်ပြီး ဒဏ်ရာရရင် သမင်ဘဝနဲ့ လွတ်ဖို့ ခက်သွားလိမ့်မယ်...”
ထိုအတွေးဆုံးလျှင်ဆုံးချင်းပင် သူ့ပါးစပ်က ရုတ်တရက် စတင်၍ နှစ်ခြမ်းကွဲလာကြောင်း ခံစားလိုက်မိ၏။
သို့သော်လည်း တကယ်တမ်းတွင် သူ့ပါးစပ်က နှစ်ခြမ်းကွဲလာခြင်း မဟုတ်ဘဲ သမင်အရေခွံက သူ့ပါးစပ်မှ စတင်၍ ကွာထွက်လာခြင်း ဖြစ်သည်။
အဘွားစစ်က မြန်မြန်ပြေးရန် အလောတကြီး ပြောခဲ့သည့်အချိန်ကို ချင်မူ ရုတ်ခြည်း အမှတ်ရလိုက်မိ၏။ ထိုအချိန်တုန်းက သူ့မျက်ခုံးနှစ်ခုကြားမှ အပ်ကို အဘွားစစ်က တိတ်တဆိတ် နုတ်ပယ်ခဲ့သည်။ ထိုသည်က သူ၏ ကောင်းကင်ဝိညာဉ်တွင် စိုက်ဝင်နေသော အပ်ချောင်း ဖြစ်၏။
များစွာမကြာလိုက်ဘဲ သူ့ခေါင်းမှ သမင်အရေခွံ ကွာထွက်လာသည်။
ဓားရှည်က လေထုကို ထိုးခွဲပြီး ချင်မူ၏ အသက်ကို နုတ်ယူရန် ခုတ်ပိုင်းချလာ၏။ ချင်မူ တစ်ကိုယ်လုံးတွင် ရှိသည့် အားအင်အကုန် စုစည်း၍ သမင်အရေခွံမှ လွတ်အောင် ရှေ့သို့ ခုန်ထွက်လိုက်သည်။ အတော်ဝေးဝေးသို့ လိမ့်ထွက်သွားပြီးမှ မတ်တတ် ထရပ်၍ ဆက်ပြေးလိုက်၏။
သူ့နောက်တွင်တော့ အစ်မချင်း ထိန်းချုပ်သည့် ဓားရှည်က သမင်အရေခွံကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ခုတ်ပိုင်းပစ်သည်။ ထိုဓားရှည်၏ လှုပ်ရှားမှုများက ပွင့်ချပ်ကြွေများကဲ့သို့ ပေါ့ပါးပြီး လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှ၏။ ချင်မူ့နောက်သို့ လိုက်၍ တိုက်ခိုက်သတ်ဖြတ်ခြင်းက သူ၏ ဓားပျံစွမ်းရည်ကို အကြီးအကျယ် တိုးတက်လာစေခဲ့ဟန် ရှိသည်။
သမင်အရေခွံမှ လွတ်အောင် ရုန်းထွက်ရခြင်းကြောင့် ချင်မူ တစ်ခဏမျှ နှောင့်နှေးသွားသဖြင့် သစ်ပင်ထိပ်ဖျားမှ ပန်းလိုက်လာသော ကောင်လေးတစ်ယောက်က သူ့ရှေ့သို့ ခုန်ဆင်း၍ ပြေးလမ်းကို ပိတ်ဆို့တားဆီးလိုက်၏။
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ဆယ်ကိုက်ခန့်သာ ကွာဝေးတော့သည်။ ဤအကွာအဝေးနှင့်ဆိုလျှင် မျက်စိတစ်မှိတ်အတွင်း၌ ထိပ်တိုက်ဝင်တိုးမိတော့ချေမည်။
ချင်မူမှာ လမ်းကြောင်းပြောင်းရန် အချိန်မရတော့ပေ။ သို့ဖြစ်ရာ စဉ်းစားတွေးတောခြင်းမရှိဘဲ မသိစိတ်ဖြင့် ထော့ကျိုး သူ့ကို သင်ပေးထားသည့် ခြေလှမ်းကွက်ကို အလိုလို အသုံးပြုလိုက်မိသည်။ ချင်မူက အလဲလဲအပြိုပြိုဖြင့် ရှေ့သို့ဟပ်ထိုးလဲသွားသည့်ပုံ ပေါက်ကာ မြေပြင်ပေါ်သို့ လက်ထောက်ကျသွား၏။ သူ့ခြေထောက်များက လေထဲတွင် ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံး တစ်ပတ်ပြီးတစ်ပတ် လှည့်ကာ လေပွေတစ်ခုကဲ့သို့ အရှိန်အဟုန် မြှင့်လိုက်သည်။ ထို့နောက် သူ့ရှေ့မှ ကောင်လေးထံသို့ တဝီဝီလည်နေသည့် ဂျင်တစ်လုံးပမာ တိုးဝင်သွား၏။
ချင်မူ့ထက် အသက်အနည်းငယ်ကြီးဟန်ရှိသော ကောင်လေးက လှောင်ပြုံး ပြုံးလိုက်သည်။
သူ့လက်နှစ်ဖက်ဖြင့် ကာကွယ်ရန် ပင့်မြှောက်လိုက်၏။ လက်နှစ်ဖက်စလုံးက အစိမ်းပုပ်ရောင် လင်းလာပြီး နဂါးအကြေးခွံများ ဖုံးအုပ်သွားသည်။
“နဂါးစိမ်းလက်...” ထိုကောင်လေးက မာန်သွင်း အော်ဟစ်လိုက်၏။
ထိုတစ်ခဏ၌ ချင်မူ၏ ခြေထောက်များက ထိုကောင်လေး၏ လက်များနှင့် တိုက်မိသွားသည်။ သတ္ထုချင်း ထိတွေ့သည့် ဒင်ခနဲ အသံနှစ်ချက် ထွက်ပေါ်လာပြီး ထိုကောင်လေး၏ မျက်နှာပေါ်မှ အပြုံးပျောက်ကွယ်ကာ ရှုံ့မဲ့ညည်းတွား၍ ဟန်ချက်ပျက်သွား၏။ ချင်မူ၏ ပြင်းထန်သော အားအင်ကြောင့် သူ နောက်ဆုတ်လိုက်ရသည်။
ထိုကောင်လေး၏ အင်္ကျီလက်အိုးများ အပိုင်းပိုင်းအစစ စုတ်ပြဲ၍ အင်္ကျီစများက စက္ကူလိပ်ပြာများကဲ့သို့ တဖျပ်ဖျပ် ဝဲလွင့်သွားပြီး လက်မောင်းနှစ်ဖက်ပေါ်မှ နဂါးလက်သည်းပုံ အမှတ်အသားများ ပေါ်လာ၏။ ထိုလက်သည်းများက သူ့လက်များတွင် အသက်ဝင်စွာ ရစ်ပတ်နေပြီး အကြေးခွံများက ထိုလက်သည်းများမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သို့သော်လည်း ချင်မူ၏ ခြေထောက်များနှင့် ထိပ်တိုက်တွေ့အပြီးတွင်တော့ သူ့လက်နှစ်ဖက်စလုံး နီရဲရောင်ကိုင်းသွား၏။
“မင်းခြေထောက်မှာ သံတုံးတွေ ဝှက်ပြီး ဝတ်ထားတာလား...” ထိုကောင်လေးက အံ့ဩဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။
သူ့လက်နှစ်ဖက်စလုံးက နာကျင်မှုဖြင့် တဆတ်ဆတ် တုန်ခါနေ၏။ ထို့နောက်တွင် သူ့အကြည့်က ချင်မူ၏ ခြေထောက်ပေါ် ကျရောက်သွားသည်။ “ဖိနပ်တွေကိုတောင် သံနဲ့လုပ်ထားတာပဲ...”
ချင်မူက မြေပေါ်သို့ ခြေထောက်နှင့် ပြန်ကျပြီး သုတ်ခြေတင် ထွက်ပြေးသွားသည်။
ထိုကောင်လေး၏ စကားက သူ့ခြေထောက်တွင် သံတုံးများ ဝတ်ဆင်ထားဆဲ ရှိသေးကြောင်း သတိပေးလိုက်သလို ဖြစ်သွား၏။
ချင်မူ ခြေသိုင်းကွက်များ စသင်ကတည်းက ထော့ကျိုးက သူ့ခြေသလုံး၌ သံတုံးများ ဝတ်ခိုင်းကာ မည်သည့်အခါမျှ ချွတ်မပစ်ရန် ကတိတောင်းခဲ့သည်။
ထော့ကျိုးက ချင်မူ၏ တိုးတက်မှုကို စောင့်ကြည့်နေပြီး သူ့ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းကာ ခွန်အားတိုးမြင့်လာတိုင်း အလေးချိန် တိုး၍ တိုး၍ ဝတ်ဆင်စေခဲ့၏။ ထို့ပြင် ပန်းပဲဆရာရွှေအကို ချင်မူ့အတွက် သံဖိနပ်တစ်ရံပါ သွန်းလုပ်စေပြီး အလေးချိန် ထပ်တိုး ဝတ်ဆင်စေခဲ့သည်။
ထိုခုံထူသံဖိပ်တစ်ရံက ဆယ်ပေါင်လေးပြီး ခြေထောက်တစ်ဖက်တစ်ချက်ရှိ သံတုံးများက ပေါင်နှစ်ဆယ်စီ လေး၏။ စုစုပေါင်း ပေါင်ငါးဆယ် အလေးချိန်ကို ချင်မူ့ခြေထောက်တွင် ဝတ်ဆင်ထားရသည်။
ထော့ကျိုးက ချင်မူ့ကို ထိုသံတုံးများနှင့် ဖိနပ်၏ အလေးချိန်ကို မခံစားရတော့သည်အထိ လေ့ကျင့်ခိုင်း၏။ ထိုသို့ အသားကျသွားသည့်အချိန်မှ သံအလေးများကို ချွတ်ခွင့်ပြုသည်။ ချင်မူက မကြာလေးတင်မှ အသားကျစပြုလာသဖြင့် ထိုသံအလေးများ ဝတ်ဆင်ထားဆဲ ဖြစ်ကြောင်း သတိမရဘဲ အသည်းအသန် လွတ်အောင် ပြေးနေမိခြင်း ဖြစ်သည်။
သို့သော်လည်း ယခုမှ ထိုသံအလေးများကို ချွတ်ဖို့ ကြိုးစားနေလျှင် သေချာပေါက် ဖမ်းမိသွားပေလိမ့်မည်။ သူ ပြေးနေသည်ကို မည်သည့်နည်းနှင့်မျှ ရပ်၍ မရ။
မြင်းမိုရ်တောင်ကို နင်းချေခြင်း...။
ချင်မူက ပြေးရင်းတန်းလန်းနှင့် သူ့ခွန်အားများကို ညာဘက်ခြေထောက်ထံ ရုတ်ခြည်း စုစည်းပြီး မြင်းမိုရ်တောင်နင်းချေခြင်း သိုင်းကွက်ကို ထုတ်သုံးလိုက်၏။ သူ၏ ခုံထူသံဖိနပ်မှာ ရွှံ့တုံးကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကွဲပြီး ကြဲလွင့် ပြန့်ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် သူ၏ ခြေသလုံးကြွက်သားများကို ကျုံ့၍ ဆန့်ထုတ်လိုက်ရာ ခြေထောက်တွင် ပတ်ထားသည့် သံတုံးတစ်ခုလုံး ကြေမွပြီး အပိုင်းအစများက အနီးရှိသစ်ပင်များထံ မြားဦးချွန်များကဲ့သို့ စိုက်ဝင်သွား၏။
ချင်မူက နောက်ခြေထောက်တစ်ဖက်ကိုလည်း ရှေ့သို့လှမ်းရင်း ဆောင့်ချကာ သံဖိနပ်နှင့်တကွ သံအလေးတုံးများကို အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားအောင် ပြုလိုက်သည်။
ဝှစ်...။
ချင်မူ ရုတ်တရက် လေထဲသို့ မြောက်တက်သွားပြီး သူ့ကိုယ်သူ အလွန်တရာ ပေါ့ပါးသွားကြောင်း ခံစားလိုက်မိသည်။ သစ်ပင်တစ်ပင်၏ ထိပ်ဖျားရှိ သစ်ကိုင်းတစ်ခုပေါ်သို့ အသာလေးခုန်ရုံနှင့် ရောက်ရှိသွားသဖြင့် အကြီးအကျယ် ထိတ်လန့်သွား၏။
သစ်ပင်ထိပ်ဖျားသို့ ခြေဗလာနှင့် တက်ရပ်လိုက်သည့် ချင်မူ၏ အလေးချိန်ကြောင့် သစ်ကိုင်းက အိခနဲ ညွတ်ကျသွားသည်။
ဓားရောင်များက အောက်ဆီမှ တဖျတ်ဖျတ်လက်၍ အထက်သို့ ထိုးတက်လာ၏။ ငုံ့ကြည့်လိုက်သောအခါ ဓားရှည်တစ်ဒါဇင်၏ ထိပ်ဖျားများကို ချင်မူ မြင်လိုက်ရသည်။
အစ်မချင်း၏ ဓားပျံထိန်းချုပ်စွမ်းရည်က အချိန်နှင့်အမျှ တိုးတက်လာ၏။ သူက ဓားပျံ တစ်ဒါဇင်ကို ထိန်းချုပ်နေခြင်း မဟုတ်။ ဓားရှည်တစ်ချောင်းတည်းနှင့် ဓားတစ်ဒါဇင်၏ အရိပ်များ ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ချင်မူ ရုတ်တရက် ထော့ကျိုး၏ စကားကို အမှတ်ရလိုက်မိ၏။
“မင်း ခြေချတဲ့ နေရာက မင်းရဲ့အလေးချိန်ကို ခံနိုင်လား မခံနိုင်လား မတွေးနဲ့... မင်း မြန်အောင် ပြေးနိုင်သမျှ ရေပြင်တောင် မြေမာလို ဖြစ်လာမယ်... မြက်ပင်ထိပ်ဖျား၊ လေပြေညင်း... အရာအားလုံးက ခြေကုပ်ယူစရာ ဖြစ်လာလိမ့်မယ်...”
သစ်ကိုင်းကို ခြေချောင်းထိပ်ဖျားလေးများနှင့် တွန်းထုတ်၍ ချင်မူ ရှေ့သို့ ခုန်ထွက်လိုက်သည်။ ဓားရောင်များက ကောင်းကင်တစ်ခွင်လုံး လင်းပွင့်သွားပြီး သူ ခိုနားခဲ့ရာ သစ်ပင်ထိပ်ဖျားက အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွား၏။
ကောင်လေးနှစ်ယောက် သစ်ပင်ထိပ်ဖျားသို့ ခုန်တက်လာသောအခါ သစ်ပင်ထိပ်ဖျားများပေါ်မှ ခုန်ပျံ၍ လေအလျဉ်ကဲ့သို့ ပြေးလွှားသွားသော ချင်မူ့ကို မြင်သည်ဆိုရုံမျှသာ မြင်လိုက်ရသည်။ သူတို့အနေဖြင့် ချင်မူ၏ အမြန်နှုန်းကို အံ့အားသင့်၍ ပါးစပ်အဟောင်းသား ငေးကြည့်နေရုံသာ တတ်နိုင်တော့၏။
“သူ ဘာလို့ ဒီလောက်မြန်ရတာလဲ...” တစ်ယောက်က မေးလိုက်၏။ “ဒီကောင်လေးက ငါတို့ထက် ငယ်မယ်... ဒါပေမဲ့ သူ့သိုင်းစွမ်းအားက... ငါတို့ထက် နည်းနည်း ပိုသာပုံရတယ်...”
ကောင်လေးနှစ်ယောက်က ထိုအကြောင်းကို တွေးနေစဉ်မှာပင် သူတို့၏ အစ်ကိုကြီးချွီက မီးခိုးကဲ့သို့ ပျောက်ကွယ်၍ ချင်မူ့နောက်သို့ ပိုမြန်သော အရှိန်နှုန်းဖြင့် ပြေးလိုက်သွားကြောင်း တွေ့လိုက်ရသည်။
“အစ်ကိုကြီးချွီကတော့ အစ်ကိုကြီးချွီပါပဲ... သူက ငါတို့ထက် အများကြီး သာတယ်... ဝိညာဉ်သန္ဓေသားအဆင့်ရဲ့ အထွတ်အထိပ်တောင် ရောက်နေပြီ...”
သူတို့နှစ်ယောက်စလုံး လေးစားအားကျစွာ သက်ပြင်းချလိုက်၏။ “အစ်ကိုကြီးချွီကိုယ်တိုင် လိုက်သွားမှတော့ အဲဒီမိစ္ဆာကောင်လေး လွတ်လမ်းမရှိတော့ဘူး...”
ထိုအခိုက်အတန့်၌ အမည်းရောင် အရိပ်ကြီးတစ်ခုက တောထဲမှ ထွက်ပေါ်လာသည်။
ဖျာတစ်ချပ် အရွယ်ရှိ အမွေးထူ လက်ဝါးကြီးတစ်ဖက်က အစ်ကိုကြီးချွီထံ အရှိန်ပြင်းစွာ တိုးဝင်လာပြီး ဖြတ်ရိုက်ချလိုက်၏။
အစ်ကိုကြီးချွီမှာ နောက်သို့ ပြန်လွင့်ထွက်လာပြီး မြေပြင်နှင့် မိတ်ဆက်သွားသည်။ ခပ်လှမ်းလှမ်းထိ လိမ့်သွားပြီးမှ သွေးတစ်လုတ် ဟပ်ထုတ်ကာ ထထိုင်ရန် ကြိုးစားလိုက်သည်။ “အဲဒီဘက် မသွားနဲ့... မိစ္ဆာမျောက်ဝံတစ်ကောင်ရှိတယ်... အဲနေရာက မိစ္ဆာမျောက်ဝံရဲ့ ပိုက်နက်ပဲ...”
အခြားလူငယ်လေးယောက်မှာ တစ်မုဟုတ်ချင်း ကိုယ်ရှိန်သတ်လိုက်ကြ၏။
သစ်ပင်များအကြားမှ ပေါ်ထွက်လာသော အရိပ်မှာ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသည့် အနက်ရောင် မျောက်ဝံကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ မျက်လုံးများက အနီရင့်ရောင် တောက်နေပြီး ပါးစပ်တွင် သွားစွယ်များ ထိုးထွက်နေ၏။
ထိုမျောက်ဝံကြီးက သူ့ရင်ဘတ်သူ ဗုံတစ်လုံးကဲ့သို့ ထု၍ အော်ဟစ်လိုက်သည်။ “သေ... ကောင်လေး...”
ရှေဆုံးမှ ပြေးသွားသော ချင်မူမှာလည်း ထိုမိစ္ဆာမျောက်ဝံ၍ ရိုက်ချထားခြင်း ခံရ၏။ လက်ရှိတွင် သူက မိစ္ဆာမျောက်ဝံ၏ ခြေရင်း၌ မလှုပ်မယှက် လဲကျနေသည်။ လူငယ်များမှာ သူသေပြီလား၊ မသေသေးဘူးလားပင် မပြောနိုင်ချေ။
ချင်မူ့ကို မျက်တောင်မခတ်စတမ်း စူးစိုက်ကြည့်ရင်း အစ်မချင်းက တွတ်တွတ် တွတ်တွတ်နှင့် ရေရွတ်လိုက်၏။ “ဒီမိစ္ဆာမျောက်ဝံရဲ့ လက်ဝါးရိုက်ချက်တစ်ချက်က အစ်ကိုချွီကိုတောင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားစေနိုင်တာ... ဒီမိစ္ဆာကောင်လေးလည်း အတူတူ အရိုက်ခံရတာဆိုတော့ သူ သေလောက်ပါပြီ၊ ဟုတ်တယ်မလား...”
သူ့စကားမဆုံးမီပင် အံ့အားသင့်စွာ ထခုန်လိုက်မိသည်။ မိစ္ဆာမျောက်ဝံ၏ အရှေ့မှ မြေကြီးပေါ်တွင် လဲနေသော ချင်မူက ခေါင်းငဲ့စောင်း၍ အခြေအနေကို စူးစမ်းအကဲခတ်နေသည် မဟုတ်လား။
“ဒီကောင်လေးက မသေသေးဘူးလား...” သူ မယုံနိုင်စွာ ပြောလိုက်မိ၏။
နက်မှောင်နေသော မိစ္ဆာမျောက်ဝံက အကြိမ်အနည်းငယ်မျှ အော်ဟစ်လိုက်ပြီး ကျန်သည့်လူငယ်များ ရှေ့ဆက်တိုးမလာရဲသည်ကို မြင်သောအခါ ရပ်တန့်သွား၏။ ထို့နောက် ချင်မူ့ကို ငုံ့ကြည့်၍ သူ့ကိုယ်လုံးကို လက်ချောင်းနှစ်ချောင်းနှင့် ဆွဲလှန်လိုက်သည်။
“ကောင်လေး... သေ...”
ချင်မူ၏ မျက်လုံးများက အပြူးသား ပွင့်နေပြီး မျက်နှာတစ်ပြင်လုံး သွေးအလူးလူး ဖြစ်ကာ လျှာတစ်လစ်ပင် ထွက်နေ၏။ သေဆုံးနေခြင်းမှလွဲ၍ အခြားမည်သည်များ ဖြစ်နိုင်ပါဦးမည်နည်း။
မိစ္ဆာမျောက်ဝံက ကျေနပ်အားရစွာ နှာခေါင်းရှုံ့၍ ချင်မူ၏ ကိုယ်လုံးကို ဘေးဘက်သို့ ပစ်ချလိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ဖင်ချထိုင်ကာ အနီးနားမှ သစ်ပင်၏ အရွက်များကို ခူးယူ၍ ဝါးစားနေ၏။
“ဒီမိစ္ဆာမျောက်ဝံက ကြမ်းတမ်းလွန်းပေမဲ့ အရွက်စားသတ္တဝါပဲ...” ချင်မူက သူ့မျက်နှာတစ်ပြင်လုံး ဆက်လက် သွေးယိုစီးစေရင်း၊ သူမျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားရင်း သူ့တံတောင်ဆစ်ကို အသုံးပြု၍ ဘေးဘက်သို့ တရွေ့ရွေ့ တွားသွားလိုက်သည်။
ရုတ်တရက် မိစ္ဆာမျောက်ဝံက ခေါင်းလှည့်၍ ကြည့်လာ၏။ ချင်မူတစ်ကိုယ်လုံးက ပြန်ပျော့ကျသွားသည်။ ၎င်းက ချင်မူ၏ ခန္ဓာကိုယ်ကို ဆက်ကြည့်နေသော်လည်း လှုပ်ရှားမှု တစ်စုံတစ်ရာ မတွေ့သဖြင့် ဇဝေဇဝါ ဖြစ်သွား၏။
မိစ္ဆာမျောက်ဝံက လက်ချောင်းတစ်ချောင်း ဆန့်ထုတ်၍ အလောင်းကောင်ကို လှမ်းပုတ်ကြည့်ရာ ချင်မူ၏ ခန္ဓာကိုယ်က အေးစက်တောင့်တင်းနေကြောင်း တွေ့လိုက်ရသည်။
“ကောင်လေး... သေ...” ၎င်းက နောက်တစ်ဖန် ပြန်၍ ကျေနပ်အားရသွားပြီး တစ်ဘက်သို့ လှည့်ကာ သစ်ရွက်များ အေးအေးလူလူ ဝါးစားနေတော့၏။
ဤအရာအားလုံးကို အဝေးမှ လှမ်းကြည့်နေသည့် အစ်မချင်းမှာ ဆက်လက်သည်းမခံနိုင်တော့ချေ။ “ဟေးကောင်ကြီး... အဲကောင်လေး… အဲအလောင်းက ဒီလောက်မြန်မြန် အေးစက်တောင့်တင်းသွားတာ ထူးဆန်းတယ်လို့ မထင်ဘူးလား...”
မိစ္ဆာမျောက်ဝံက သူပြောသည်ကို နားလည်နိုင်သည့်ပုံရကာ သူ့နဖူးသူ ရိုက်ပြီး တစ်မုဟုတ်ချင်း လှည့်ကြည့်လိုက်သည်။ သို့သော်လည်း ထိုကောင်လေး'အလောင်း'က ထရပ်၍ ခြေကုန်သုတ် ထွက်ပြေးသွားချေပြီ။