ဝိညာဉ်သန္ဓေသား အတားအဆီးနံရံ
Vol. 1 Ch. 7
မိစ္ဆာမျောက်ဝံမှာ ဒေါသအိုးပေါက်ကွဲ၍ ချင်မူ့နောက်သို့ ပြေးလိုက်သွားသော်လည်း ခြေလှမ်းအနည်းငယ်ခန့် လိုက်ပြီးသောအခါ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကြောင့် ချင်မူ့လောက် မြန်မြန်မပြေးနိုင်ကြောင်း သဘောပေါက်သွား၏။ သို့အတွက်ကြောင့် ဒေါသခြောင်းခြောင်းထသွားပြီး သစ်ပင်ကြီးတစ်ပင်ကို အမြစ်မှ ဆွဲနုတ်၍ အကိုင်းများ သပ်ချကာ လှံကြီးတစ်စင်းကဲ့သို့ ပစ်လွှတ်လိုက်သည်။
“သေ... ကောင်လေး...”
အရွက်များ မရှိတော့သည့် သစ်ပင်ပင်စည်ကြီးက ပြင်းထန်သော အားအင်ပါလာမှန်း သိသာစွာပင် အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် လေထုကို ထိုးခွင်းလာ၏။ သို့သော်လည်း မိစ္ဆာမျောက်ဝံ၏ ပစ်ချက်က ချိန်သားမကိုက်သဖြင့် ထိုပင်စည်ကြီးက ချင်မူနှင့် ကိုက်အတော်ဝေးဝေးရှိ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားသည်။
မိစ္ဆာမျောက်ဝံက ပို၍ ဒေါသထွက်သွားပြီး အခြားသစ်ပင်လှံတံဖြင့် ထပ်ပစ်ရန် ပြင်လိုက်သော်လည်း ချင်မူက အဝေးသို့ ထွက်ပြေးသွားချေပြီ။ သူ့ဒေါသများကို ဖောက်ခွဲစရာ ပစ်မှတ် မရှိတော့ပြီ ဖြစ်၍ သူ့ရင်ဘတ်သူ တဘုန်းဘုန်း ထုရိုက်နေရုံသာ တတ်နိုင်တော့၏။
အစ်ကြီးချွီက အခြားလူငယ်များကို တိုးတိုးတိတ်တိတ် ခေါ်ယူလိုက်သည်။ “အဲဒီမိစ္ဆာကောင်လေးရဲ့ သိုင်းအဆင့်က ငါတို့အောက် နိမ့်ကျတာ သေချာတယ်... သူ့ဒဏ်ရာတွေက ငါ့ထက် ပိုဆိုးမှာပဲ... ဝေးဝေးပြေးနိုင်စရာ အကြောင်းမရှိဘူး...”
သူ့ခြေထောက်ပေါ်သူ ထရပ်ရန် ကြိုးစားလိုက်ရင်း ရင်ဝဆီမှ စူးအောင့်တက်လာသော နာကျင်မှုကြောင့် ညည်းညူလိုက်မိ၏။ မိစ္ဆာမျောက်ဝံ၏ ရိုက်ချက်ကြောင့် သူ့နံရိုးများ အကုန် ကျိုးပဲ့သွားပြီလားဟုပင် ထင်လိုက်မိသည်။ သို့သော်လည်း ချင်မူပင် ထိုမိစ္ဆာမျောက်ဝံ၏ ရိုက်ချက်တစ်ချက်ကို ခံနိုင်သေးရာ သူလည်း ခံနိုင်မည်ဟု ယုံကြည်၏။
ချင်မူက ထိုမျှ သန်မာလိမ့်မည်ဟု မထင်ခဲ့မိပေ။
ချင်မူ၏ သိုင်းအဆင့်က သေချာပေါက် မနိမ့်ကျ။ သူ့ချီစွမ်းအင်က ဓာတ်သတ္တိမဲ့နေခြင်းကြောင့်သာ စွမ်းရည်အပြည့်အဝ ထုတ်မသုံးနိုင်ခြင်း ဖြစ်သည်။
သူ့အသက်က ငယ်ရွယ်သော်လည်း ကျင့်စဉ်စွမ်းအင်ချင်းယှဉ်လျှင် အစ်ကိုကြီးချွီဆိုသူ အပါအဝင် မည်သူ့အောက်မျှ မနိမ့်ကျချေ။
ထိုလူငယ်များက မိစ္ဆာမျောက်ဝံ၏ ပိုင်နက်နယ်မြေကို ကွေ့ပတ်၍ လိုက်လာရာ တဖြည်းဖြည်းနှင့် ချင်မူ၏ ခြေရာကို ပြန်ခံမိသွားသည်။ အစ်ကိုကြီးချွီ ပြောသည့်အတိုင်း ချင်မူသည်လည်း မိစ္ဆာမျောက်ဝံ၏ လက်ချက်ဖြင့် ဒဏ်ရာပြင်းထန်စွာ ရထားသဖြင့် နောက်လူများ လိုက်မီနိုင်သည်အထိ သူ့ပြေးနှုန်းကို လျှော့ချလိုက်ရ၏။
သို့သော်လည်း သူတို့ ဆက်လိုက်ရင်းနှင့် ချင်မူ၏ ပြေးနှုန်းက တဖြည်းဖြည်း ပြန်လည် မြန်ဆန်လာကြောင်း တွေ့လိုက်ရသည်။ သူ့ဒဏ်ရာများက အနှောင့်အယှက် ဖြစ်သည့်ဟန် မရှိတော့။
“ဒီမိစ္ဆာကောင်လေးမှာ သိပ်အစွမ်းထက်တဲ့ အနာကျက်ဆေး ရှိရမယ်...”
လူငယ်လေးယောက်၏ ရင်ထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။ အစ်ကိုကြီးချွီက ဂိုဏ်းမှ ပေးသည့် အနာကျက်ဆေးကို သောက်ထားသော်လည်း ချင်မူ၏ ဆေးလောက် အစွမ်းမထက်သည်မှာ အသိသာကြီး ဖြစ်၏။ ချင်မူ၏ ပြေးနှုန်း မြန်ဆန်စွာ တိုးမြင့်လာသည်ကို ကြည့်ခြင်းအားဖြင့် သူ့ဒဏ်ရာများက မျက်စိနှင့် မြင်တွေ့နိုင်သည်အထိ လျင်မြန်စွာ အနာကျက်လာနေမည်ဖြစ်ကြောင်း ကောက်ချက်ချနိုင်၏။
ထိုသို့သော ဆေးဝါးမျိုး ရှိနေသည်ကို သိလိုက်ရ၍ သူတို့၏ ရင်ထဲ၊ မျက်လုံးထဲတွင် လောဘဇောများ တဟုန်းဟုန်း တောက်လောင်သွားကြသည်။
“ငါတို့ဂိုဏ်းမှာ ရှိတဲ့ ဆေးက အကောင်းဆုံးဆေး မဟုတ်ဘူး... ဒီမိစ္ဆာကောင်လေးကိုသာ မိအောင် ဖမ်းပြီး သူ့ဆီက ဖော်စပ်နည်းကို အရယူနိုင်ခဲ့ရင် ငါတို့ဆရာတွေက အကြီးအကျယ် ချီးမြှင့်မြှောက်စားမှာ အသေအချာပဲ...”
သို့သော်လည်း သူတို့ ထင်ထားသည်နှင့် ဆန့်ကျင်စွာပင် ချင်မူက မည်သည့် ဆေးဝါးကိုမျှ သောက်သုံးထားခြင်း မဟုတ်။ ပြေးရင်းလွှားရင်းနှင့် ဝင်သက်ထွက်သက်ကို ရှူရှိုက်၍ ရွာလူကြီး သင်ပေးထားသော လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လှည့်လည်လေ့ကျင့်နေခြင်းသာ ဖြစ်သည်။ ထိုကျင့်စဉ်မှာ သာမန်တောက်ယင်ကျင့်စဉ်သာ ဖြစ်ကြောင်းကိုလည်း သူ မသိချေ။
အသက်လုပြေးရင်းနှင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ် လေ့ကျင့်မိရာမှ ချင်မူ ထူးဆန်းသည့် အရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ သူ၏ ချီစွမ်းအင်က ပြေးနေသည့်အခါ ပို၍ လှုပ်ရှားတက်ကြွလာကြောင်း တွေ့ရ၏။ ချီစွမ်းအင် လှည့်ပတ်နှုန်းက ယခင်ကထက် ပိုမြန်လာသည်။
ဤသည်က သူ သင်ယူခဲ့ရသည်နှင့် ခြားနားနေ၏။ ရွာလူကြီး သူ့ကို သင်ပေးခဲ့သည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်က စိတ်တည်ငြိမ်အောင်ထား၍ မလှုပ်မယှက် ထိုင်ကာ ဝင်သက်ထွက်သက်ကို ထိန်းချုပ်ပြီး ချီစွမ်းအင်ကို တစ်ကိုယ်လုံးသို့ လှည့်လည်နိုင်အောင် လေ့ကျင့်ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဆယ်နှစ်လုံးလုံး ရွာလူကြီး၏ ညွှန်ကြားချက်အတိုင်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လေ့ကျင့်ခဲ့၏။ ယခုတာ့ ထိုကျင့်စဉ်မှာ ပြေးရင်းလွှားရင်း လေ့ကျင့်လျှင် ပိုကောင်းကြောင်း သူ သတိပြုမိသွာသည်။
ချင်မူ မြန်နိုင်သမျှ မြန်အောင် ပြေးလိုက်၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ လှည့်ပတ်မှုက ပို၍ မြန်လာပြီး သူ၏ ပြေးနှုန်းနှင့် ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံမှာ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာသည်။
ထို့အပြင် ချီစွမ်းအင်လှိုင်းများက ကိုယ်တွင်းအင်္ဂါများ၊ ခြေလက်များ၊ အရိုးများ၊ အရွတ်များထိ စီးဆင်းပျံ့နှံ့သွားပြီး ထပ်ခါ ထပ်ခါ သန့်စင်ဆေးကြောပေးနေ၏။
မိစ္ဆာမျောက်ဝံ၏ ရိုက်ချက်ကြောင့် ပေါက်ပြဲသွားသော ကိုယ်တွင်းအင်္ဂါများနှင့် ကျိုးအက်သွားသည့် အရိုးများမှာ ချီစွမ်းအင်လှိုင်းများ စီးဝင်လာမှုနှင့်အတူ တဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာသည်။
အစ်ကိုကြီးချွီနှင့် ကျန်သူများက ချင်မူ့ကို အစွမ်းထက် အနာကျက်ဆေးကြောင့် ပြန်ကောင်းလာခြင်း ဖြစ်သည်ဟု ထင်နေကြ၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လေ့ကျင့်ခြင်းကြောင့်ဟု ထင်မိကြလိမ့်မည် မဟုတ်။
ချီစွမ်းအင်က သူ့ခန္ဓာကိုယ်မှ နေရာတစ်နေရာသို့ ဝင်ရောက်နိုင်ခြင်း မရှိကြောင်း ချင်မူ ဖြည်းဖြည်းချင်း သတိထားမိလာသည်။ ထိုနေရာက သူ့မျက်ခုံးနှစ်ခုကြားမှနေရာ ဖြစ်၏။
သူ၏ မျက်လုံးနှစ်ခုအကြားတွင် လက်ညှိုးတစ်ချောင်းစာ နေရာလွတ်တစ်ခု ရှိသည်။
ချီစွမ်းအင်က ထိုနေရာသို့ မသွားနိုင်ချေ။ သူ၏ ချီစွမ်းအင်က ဦးရေပြားအောက်မှ ဖြတ်သန်း၍ ခေါင်းခွံတစ်ခုလုံးကို သန့်စင်ကာ ခွန်အားတိုးမြင့်လာအောင် ပြုပြင်စီရင်နိုင်သော်လည်း သူ၏ မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုသို့ ရောက်သည့်အခါတိုင်း ရပ်တန့်သွားသည်။ ထိုနေရာ၌ မျက်စိဖြင့် မမြင်ရသော နံရံတစ်ခု ရှိနေသည့်ပမာ ချီစွမ်းအင် စီးဆင်းသွားလာခြင်းကို တားဆီးပိတ်ဆို့ထား၏။
သူ၏ ချီစွမ်းအင်ကို ထိုနံရံသို့ အလုံးလိုက် အရင်းလိုက် ပို့လွှတ်လိုက်သည့်အခါတိုင်း ပို၍ ထူးဆန်းသောအရာ ဖြစ်ပွားလာသည်။
လျှို့ဝှက်ဆန်းကြယ်သော အသံတစ်သံကို သူ ကြားရ၏။
ထိုအသံက အထက်ကောင်းကင်ကိုးဆင့်မှ ဆင်းသက်လာသကဲ့သို့ သာယာနာပျော်ဖွယ် ကောင်းလှပြီး နတ်ဘုရားတစ်ပါး ကောင်းကင်အမိန့်ကို ထုတ်ပြန်ကြေညာသကဲ့သို့ စင်ကြယ်မြင့်မြတ်လှသည်။
ထိုအသံ မြည်ဟည်းလာတိုင်း ချင်မူ၏ ချီစွမ်းအင်က ထိန်းချုပ်၍ မရသည့် ဒီရေလှိုင်းတစ်ခုပမာ နောက်ပြန်ဆုတ်လာပြီး မျက်ခုံးနှစ်ခုကြားမှ နေရာကို ကွေ့ဝိုက်ဖြတ်ကျော်သွား၏။
“ကြည့်ရတာ ဒါ... ဝိညာဉ်သန္ဓေသားနံရံလား...” ချင်မူ လွှတ်ခနဲ ရေရွတ်လိုက်မိသည်။
သူ စိတ်ရှုပ်ထွေးသွား၏။ ရွာလူကြီးနှင့် ဒုက္ခိတဘိုးဘွားကျေးရွာမှ အခြားရွာသူရွာသားများက အတားအဆီးနံရံများနှင့် ထိုနံရံများကို ချိုးဖျက်ခြင်းအကြောင်း သူ့ကို ရှင်းပြခဲ့သည်။ နံရံများက သိုင်းသမားတစ်ဦး၏ ကိုယ်တွင်းမှ ရတနာများကို ပိတ်လှောင်ထားသော အရာများ ဖြစ်ပြီး နံရံချိုးဖျက်ခြင်း ဆိုသည်မှာ ထိုအတားအဆီးကို ချိုးဖျက်၍ အထဲမှ ရတနာကို အရယူခြင်း ဖြစ်၏။
သို့သော်လည်း ဝိညာဉ်သန္ဓေသားနံရံမှာ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင် တည်ရှိပြီး ထိုဝိညာဉ်သန္ဓေသားနံရံကို မည်သို့မည်ပုံ ချိုးဖျက်ရမည် ဆိုခြင်းကိုတော့ ပြောမပြခဲ့ကြချေ။
ချင်မူ မသိသည်မှာ ရွာလူကြီးနှင့် အခြားသူများက သူ့ကို ထိုအကြောင်း ပြောမပြလိုခြင်း မဟုတ်ဘဲ တစ်လောကလုံးတွင် ဝိညာဉ်သန္ဓေသားနံရံကို မည်သို့မည်ပုံ ချိုးဖျက်ရမည်ဟူသော တိကျရေရာသည့် နည်းလမ်း မရှိခြင်းသာ ဖြစ်၏။
သာမန်လူသားခန္ဓာကိုယ်ရှိသည့် လူတစ်ယောက်နှင့် ဝိညာဉ်ခန္ဓာကိုယ်ရှိသည့် လူတစ်ယောက်မှာ မွေးကတည်းက အဆင့်ချင်း ကွာခြားသည်။
ဝိညာဉ်ခန္ဓာကိုယ်ရှိသူများမှာ မွေးရာပါ ဝိညာဉ်သန္ဓေသားနံရံ ပွင့်လျက်သား မွေးဖွားလာပြီး အခြားသူများထက် ပိုမြင့်သော အဆင့်တစ်ခုကို ပိုင်ဆိုင်ထားကြ၏။ အခြားတစ်ဘက်တွင်တော့ သာမန်လူတို့၏ ဝိညာဉ်သန္ဓေသားနံရံက ပိတ်ဆို့ကာဆီးနေပြီး ဝိညာဉ်ခန္ဓာကိုယ်ရှိသူများအောက် အလိုလို တစ်ဆင့်နိမ့်သွားသည်။ ထို့ပြင် ဝိညာဉ်ခန္ဓာကိုယ်နှင့်လူများက တသီးတခြား နေထိုင်တတ်ပြီး သာမန်လူများ၏ လိုအပ်ချက်ကို ဂရုစိုက်ခြင်း မရှိကြပေ။
သာမန်လူများအကြားမှ သိုင်းပညာရှင်များ ပေါ်ထွက်လာတတ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ သူတို့၏ ဝိညာဉ်သန္ဓေသားနံရံကို ချိုးဖျက်ဖွင့်လှစ်နိုင်သည်ဟု မကြားဖူးချေ။ သို့အတွက်ကြောင့် သာမန်လူသားတစ်ယောက်အနေဖြင့် ဝိညာဉ်သန္ဓေသားနံရံ မည်သို့ ချိုးဖျက်ရမည်ဆိုခြင်းကို ရွာလူကြီးနှင့် ကျန်သူများ မသိကြခြင်း ဖြစ်၏။
ချင်မူက သူ့မျက်ခုံးနှစ်ခု အလယ်ဗဟိုရှိ မမြင်ရသည့် နံရံတံတိုင်းထံသို့ ချီစွမ်းအင်များ ပို့လွှတ်ရင်း အသည်းအသန် ဆက်လက်ပြေးလွှားလျက် ရှိသည်။ လျှို့ဝှက်ဆန်းကြယ်သည့်အသံ ထွက်ပေါ်လာတိုင်း သူ၏ ချီစွမ်းအင်များက နံရံဆီမှ အလိုအလျောက် ပြန်လည် ဆုတ်ခွာလာ၏။ လက်ရှိတွင် ထိုနံရံကို ချိုးဖျက်နိုင်ခြင်း မရှိသေးသော်လည်း ချင်မူက စိတ်ရှည်ရှည် ထားနိုင်သည်။ တဖြည်းဖြည်းနှင့် ချိုးဖျက်နိုင်မည်ဟု သူ ယုံကြည်၏။
ချင်မူ့အနေဖြင့် ရွာမှ လူကြီးများကို လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်နှင့် ပတ်သက်သည့် တွေ့ရှိမှုအသစ်အကြောင်း ပြောပြရန် စိတ်ကူးမရှိသေးပေ။ ဝိညာဉ်သန္ဓေသားနံရံကို အောင်အောင်မြင်မြင် ချိုးဖျက်ပြီးသွားသည့်အခါမှ အံ့အားသင့်အောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအကြောင်းကို သိလျှင် သူတို့ အံ့အားသင့်သွားမည်လား၊ တုန်လှုပ်ချောက်ချားသွားမည်လားတော့ ပြောရခက်လှ၏။
အစ်ကိုကြီးချွီနှင့် အခြားလူငယ်လေးယောက်မှာ ချင်မူ့နောက်မှ လိုက်လာရင်း စိုးရိမ်ကြောင့်ကြစိတ်များ ပိုမိုကြီးထွားလာသည်။ သူတို့ရှေ့မှ မိစ္ဆာကောင်လေးက ဒဏ်ရာများ သက်သာလာရုံတင်သာမက ပြေးနှုန်းကလည်း ယခင်ကထက်ပင် ပိုမြန်လာသေးသည်။
ဤသည်က ကြောက်ဖို့ကောင်းလှ၏။ ချင်မူက အသက်လုပြေးနေရင်းနှင့် သိုင်းအဆင့် တက်လာသည် မဟုတ်လား။
သူ၏ ပြေးနှုန်း တိုးတက်မှုက ဖြည်းဖြည်းနှင့် မှန်မှန်သာ ဖြစ်သော်လည်း ကြောက်ဖို့ကောင်းလှသည်တော့ အမှန်ပင် ဖြစ်၏။
ကျင့်စဉ်ကျင့်ကြံရာတွင် အဆင့်တစ်ခု တက်ရန်အတွက် တရွေ့ရွေ့ တိုးတက်အောင် တဖြည်းဖြည်းချင်း အချိန်ယူ၍ လေ့ကျင့်ရသည်။ တစ်ခါတည်း အလုံးအရင်းနှင့် အဆင့်တန်းတက်သွားသည် မဟုတ်ပေ။ အနည်းငယ်မျှသော တိုးတက်မှုလေးအတွက်ပင် ရက်ပေါင်းများစွာ၊ လပေါင်းများစွာ လေ့ကျင့်ကြရ၏။
သို့သော်လည်း ဤမိစ္ဆာကောင်လေး၏ သိုင်းအဆင့်က အဆက်မပြတ် တိုးတက်နေသဖြင့် သူတို့ ထိတ်လန့်လာမိသည်။
ကံကောင်းထောက်မသည်မှာ ချင်မူ၏ နဂိုသိုင်းအဆင့်က သူတို့ငါးယောက်အောက် နိမ့်ကျနေခြင်း ဖြစ်၏။ လက်ရှိတွင် သူ၏ သိုင်းအဆင့်က တိုးတက်လျက် ရှိသော်လည်း သူတို့နှင့် အတော်လေး ကွာဟနေသေးသည်။
သို့တိုင်အောင် ချင်မူ့ကို အမိဖမ်းရန်မှာ လွယ်ကူလှသောအလုပ် မဟုတ်ပေ။ မိစ္ဆာမျောက်ဝံ၏ ရိုက်ချက်ကို ခံရပြီးကတည်းက ဆန်းကြယ်သားရဲကြီးများ၏ ပိုင်နက်နယ်မြေထဲ မဝင်မိအောင် ချင်မူ ပိုသတိထားလာခဲ့၏။
ဆေးဆရာက သူ့ကို ပရဆေးပင်များ ခူးရန် ခေါ်သွားတိုင်း ဆန်းကြယ်သားရဲကြီးများအကြောင်း ပြောပြတတ်သည်။ ဆန်းကြယ်သားရဲများက လွန်စွာ အသိဉာဏ်ရှိ၏။ သူတို့၏ ကိုယ်ပိုင်နယ်မြေများတွင် ပိုင်ဆိုင်ကြောင်း အမှတ်အသားများ ထားရှိတတ်ကြသည်။ ထိုအမှတ်အသားများက သစ်ပင်တစ်ပင်၏ သစ်ခေါက်များ ခွာထားခြင်း ဖြစ်နိုင်သကဲ့သို့ မြေကြီးထဲတွင် အရိုးများ မြှုပ်နှံထားခြင်း၊ သစ်သားချောင်းတစ်ခု စိုက်ထူ၍ သားရဲအရိုးခေါင်းများ ချိတ်ထားခြင်း၊ ကျင်ငယ်စွန့်ထားခြင်းတို့လည်း ဖြစ်နိုင်သည်။ ထိုအမှတ်အသားများကို မြင်အောင် ကြည့်နိုင်သမျှ ထိုသားရဲကြီးများကို ရှောင်ရှားနိုင်မည် ဖြစ်၏။
ချင်မူ မိစ္ဆာမျောက်ဝံနှင့် ကြုံတွေ့ခဲ့စဉ်က ထိုနေရာတွင် ၎င်း၏ ပိုင်နက်ဖြစ်ကြောင်း အမှတ်အသားပြုထားသည့် ကြီးမားသော လက်သီးရာကြီးတစ်ခု ရှိသည်။ ထိုအမှတ်အသားကို မမြင်မိသောကြောင့် မိစ္ဆာမျောက်ဝံ၏ နယ်မြေထဲ ကျွံဝင်သွားခြင်း ဖြစ်၏။ ယခုတော့ ထိုကဲ့သို့ အမှားမျိုး နောက်တစ်ကြိမ် မကျူးလွန်မိအောင် သူ သတိထား ပြေးလွှားခဲ့သည်။
သို့သော်လည်း ဆန်းကြယ်သားရဲများ၏ ပိုက်နက်ထဲသို့ ကျူးကျော်ဝင်ရောက်မိခြင်း မရှိသည့်တိုင် အစာရှာထွက်လာသော သားရဲများစွာ ရှိနေသေး၏။
ချင်မူ ပြေးရင်း ပြေးရင်းနှင့် ဆန်းကြယ်သားရဲ နှစ်ကောင် နယ်မြေလုနေသည့် နွံအိုင်ကြီးတစ်ခုသို့ ရောက်ရှိသွားသည်။ ထိုသားရဲများက ကြက်မောက်မြွေပါးပျဉ်းနှင်းစွန်ရဲနှင့် အဆိပ်နွံအိုင်မြွေနဂါးတို့ ဖြစ်ကြပြီး တစ်ကောင်နှင့်တစ်ကောင် အသည်းအသန် တိုက်ခိုက်နေကြ၏။ ကြက်မောက်မြွေပါးပျဉ်းနှင်းစွန်ရဲက အတောင်ပံတစ်ချက်ခတ်၍ လေပြင်းများ တိုက်အောင်လုပ်ပြီး လေပေါ်သို့ ပျံဝဲတက်သွားသည်။ အဆိပ်နွံအိုင်မြွေနဂါးကလည်း ရှည်လျားသော ကိုယ်လုံးကြီးဖြင့် နွံအိုင်ထဲတွင် ဗြောင်းဆန်အောင် တွန့်လိမ်လှုပ်ယမ်းလိုက်၏။
ချင်မူမှာ နွံအိုင်ထဲသို့ မဝင်နိုင်မီပင် ထိုသားရဲကြီးနှစ်ကောင်ကြောင့် ဖြစ်ပေါ်လာသည့် လေပွေမုန်တိုင်းအရှိန်ဖြင့် လွင့်ထွက်သွားသည်။ မြေပြင်ပေါ်သို့ ပြန်အကျတွင် ကြောက်လန့်တကြား ပြေးလွှားနေသော နွားနောက်အုပ်နှင့် ရင်ဆိုင်တွေ့ပြီး အသက်ထွက်အောင် နင်းသတ်ခံရလုနီးပါး ဖြစ်သွားသေး၏။
“ရွာနဲ့ ဝေးသထက် ဝေးလာပြီ...”
အခြေအနေမှန်ကို တွက်ဆမိပြီး ချင်မူ စိတ်ဓာတ်ကျသွားသည်။
သူ့နောက်မှ ငါးယောက်က မရပ်မနား ဆက်လိုက်လာသေးသဖြင့် ရွာဘက်သို့ ပြန်လှည့်၍ မရချေ။ သို့သော်လည်း ထို့ထက် ပိုကြောက်ဖို့ကောင်းသည့် အရာက...။
... မကြာမီ နေဝင်တော့မည်။
ချင်မူနှင့် အဘွားစစ်မှာ မွန်းတည့်ချိန်ကတည်းက ရွာမှထွက်လာခြင်း ဖြစ်သည်။ ယခု နေဝင်တော့မည် ဖြစ်၍ မကြာမီ အမှောင်ထု ကြီးစိုးလာတော့မည်။ ထိုအချိန်မတိုင်မီ ရွာသို့ မပြန်နိုင်ခဲ့လျှင် အန္တရာယ် အကြီးအကျယ် ကြုံရမည် ဖြစ်၏။
“ကောင်းကင်က မှောင်စပျိုးလာပြီ... အစ်ကိုကြီးချွီ...”
ချင်မူ၏ နောက်လှမ်းလှမ်းတွင် အစ်ကိုကြီးချွီနှင့် အဖော်များကလည်း နေဝင်တော့မည်ကို သတိပြုလိုက်မိကြသည်။
ချင်မူ ကန်ထုတ်ခဲ့သော လူငယ်၏ မျက်နှာတွင် မသက်မသာ အမူအရာ ပေါ်လာ၏။ “မဟာမြို့ပျက်က ကျိန်စာသင့်နေတာလို့ ဆရာ မှာထားတယ်... ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားရင် တားမြစ်နယ်မြေတစ်ခု ဖြစ်သွားမှာတဲ့... ကျွန်တော်တို့ ကျောက်ရုပ်တု အကာအကွယ် ရှိတဲ့ ရွာကို ပြန်မှ ဖြစ်မယ်... မဟုတ်ရင် ကျွန်တော်တို့အတွက် သေလမ်းပဲ ရှိတယ်...”
အစ်ကိုကြီးချွီက ခေါင်းခါယမ်းလိုက်သည်။ “အခုချိန်မှ ပြန်ဖို့ဆိုတာ အတော်လေး နောက်ကျသွားပြီ... ငါတို့ ထွက်လာခဲ့သလောက်ဆိုရင် ညမတိုင်ခင် ရွာပြန်ရောက်အောင် သွားနိုင်မှာ မဟုတ်ဘူး... အမှောင်ထုက ငါတို့အတွက်တင် မကဘူး၊ အဲဒီမိစ္ဆာကောင်လေးအတွက်လည်း အန္တရာယ်ရှိတာပဲ... ဒီကောင်လေး ဘယ်သွားမလဲဆိုတာ ကြည့်ကြတာပေါ့...”