← Chapters

အဘွားကြီးစစ်၏ အရေခွံ

Vol. 1 Ch. 8

အဘွားကြီးစစ်၏ အရေခွံ

Vol. 1 Ch. 8

“ဘွားဘွား တစ်ခါပြောဖူးတာ မဟာမြို့ပျက်မှာ လမ်းပျောက်ပြီး ရွာကို ပြန်မလာနိုင်ရင် ခြေမကိုင်မိ လက်မကိုင်မိ ချောက်ချားသွားစရာ မလိုဘူးတဲ့...” ချင်မူ တည်ငြိမ်စွာ စဉ်းစားလိုက်၏။ “မဟာမြို့ပျက်မှာ လူနေအကြွင်းအကျန်နေရာတွေ အများကြီး ရှိတယ်... တစ်နေရာရာမှာ ဝင်ခိုနိုင်ရင် အသက်ရှင်မှာပဲ... အဲနေရာတွေက လုံခြုံစိတ်ချရသလားဆိုတာ သိဖို့အတွက် နှစ်ချက်ပဲ လိုတယ်... ပထမတစ်ချက်က ရွာမှာရှိတဲ့ ကျောက်ရုပ်တုတွေလိုမျိုး ရုပ်တုတွေ ရှိရမယ်... ဒုတိယတစ်ချက်က အဲဒီနေရာမှာ ဆန်းကြယ်သားရဲတွေ အများကြီး ရှိသလား ကြည့်ရမယ်... သားရဲတွေ အများစုက အသိဉာဏ် ရှိတော့ အမှောင်ထုကနေ လွတ်မြောက်ဖို့ ဘယ်နေရာကို သွားရမလဲဆိုတာ သိကြတယ်တဲ့...”

မဟာမြို့ပျက်တွင် လူနေအကြွင်းအကျန်နေရာများစွာ ရှိသည်။ အစောပိုင်းက စွန့်ပစ်ရွာများ၊ မြို့ပြနေရာများကို ချင်မူ ဖြတ်ကျော်ခဲ့၏။ ပြိုကျပျက်စီးနေသော နံရံများ၊ စည်းရိုးများကို ကြည့်၍ အလွန်တရာ ရှေးကျသော နေရာများ ဖြစ်ကြောင်း သိနိုင်သည်။ သို့သော်လည်း သူ့အနေဖြင့် ထိုနေရာများတွင် ရပ်၍ ကျောက်ရုပ်တုများ ရှိ၊ မရှိ စစ်ဆေးကြည့်ရှုရန် အချိန်မရခဲ့ပေ။

ရုတ်တရက် လောကတစ်ခွင်လုံးက ချောက်ချားဖွယ်ရာ တိတ်ကျသွားသည်။ တိတ်ဆိတ်လွန်း၍ ရူးကြောင်ကြောင်ပင် ဖြစ်သွားစေနိုင်၏။

ဆည်းဆာနေလုံးကြီးက မိုးကုပ်စက်ဝိုင်းတွင် မေးတင်နေပြီး တစ်ဝက်ခန့်သာ ကျန်တော့သည်။

မဟာမြို့ပျက်တစ်ခွင်လုံး တိတ်ကျသွားပြီးသည့်နောက် တစ်ဆက်တည်းတွင် တဗြန်းဗြန်း အတောင်ပံခတ်သံများ ကြားလိုက်ရသည်။ အထက်သို့ မော့ကြည့်လိုက်သောအခါ ကြီးမားသော ငှက်ကြီးများ ကောင်းကင်တစ်ခွင်လုံး ဖုံးလွှမ်းအောင် အုပ်လိုက်ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။ ထို့နောက်တွင် မြေကြီးများ တဝုန်းဝုန်းတုန်ခါလာပြီး ဘေးဘက်ရှိ တောအုပ်များ ပြိုလဲသွားသည်။ မြေကြီးထဲတွင် တွင်းအောင်းနေသော ဆန်းကြယ်သားရဲကြီးများ တစ်ကောင်ပြီးတစ်ကောင် တိုးထွက်၍ အသည်းအသန် ပြေးလွှားလာကြ၏။

ရေကန်စပ်မှ ရေပွက်သံများ ကြားသဖြင့် လှည့်ကြည့်မိသောအခါ ကိုက်ပေါင်းများစွာ ရှည်လျားသော သွေးနီရောင် ငါးကြီးများက ကန်ရေပြင်ထဲမှ ခုန်ထွက်ပြီး ပါးဟက်များကို ခြေထောက်သဖွယ် အသုံးပြု၍ ပြေးလွှားလာကြသည်ကို ချင်မူ တွေ့လိုက်ရ၏။

ထိုမြင်ကွင်းကြောင့် သူ စိတ်ရှုပ်ထွေးသွားသည်။ ငါးများက ကုန်းမြေပေါ်တွင် ပြေးလွှားနိုင်လျှင် ငါးအဖြစ် သတ်မှတ်နိုင်ပါသေး၏လား။

“ဒီဆန်းကြယ်သားရဲတွေ အကုန်လုံးက တစ်နေရာတည်းကို ဦးတည်သွားနေကြတာ... အဲဒီနေရာမှာ အမှောင်ထုကနေ သေချာပေါက် ပုန်းခိုနိုင်မှာပဲ...”

ချင်မူ စိတ်အားတက်ကြွလာပြီး သားရဲများနှင့်အတူ ပြေးလိုက်သွားသည်။

ကောင်းကင်က တဖြည်းဖြည်း အလင်းရောင် ပါးလျလာပြီး အဝေးဆီမှ အမှောင်ထုက ဒီရေလှိုင်းတစ်ခုပမာ အုံဖွဲ့တက်လာ၏။ ထိုအမှောင်ထုက သာမန် နေ့ညကူးပြောင်းသကဲ့သို့ မဟုတ်။ ကြီးမားသည့် လှိုင်းလုံးကြီးတစ်လုံးကဲ့သို့ လာရာလမ်းတစ်လျှောက်ရှိ တောင်တန်းများ၊ ချိုင့်ဝှမ်းများနှင့် တောရိုင်းလွင်ပြင် အားလုံးကို ဖုံးလွှမ်းဝါးမျိုသွားသည်။ ချင်မူ့အနေဖြင့် လောကတစ်ခွင်လုံး အမှောင်ထု ဖုံးလွှမ်းဝါးမျိုသွားခြင်းကို ယခုမှ ပထမဦးဆုံး မြင်ဖူးခြင်း မဟုတ်သော်လည်း အလွန်တရာ ရင်သပ်ရှုမောဖွယ်ကောင်းနေဆဲ ရှိ၏။

အမှောင်ထုက ချင်မူနှင့် ဆန်းကြယ်သားရဲအုပ်ထံ မိုးသက်မုန်တိုင်းတစ်ခုပမာ ပြေးဝင်လာသည်။ သားရဲတိရစ္ဆာန်များအားလုံးက သူတို့၏ ဦးတည်ရာသို့ အရူးအမူး ပြေးလွှားနေကြဆဲ ရှိ၏။

ချင်မူ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသည်။

ရှေ့တွင် အမှောင်ထုမှ ပုန်းခိုနိုင်မည့် လုံခြုံစိတ်ချရသော နေရာတစ်ခု တကယ်ပဲ ရှိပါ၏လား။

မရှိခဲ့လျှင်... ကြေကွဲဖွယ်ရာ အဖြစ်ဆိုးနှင့် ကြုံရပေလိမ့်မည်။

“အမှောင်ထုက တော်တော်နီးလာပြီ... အခုမှ ပြန်လှည့်ရင် ရွာကို ရောက်မှာ မဟုတ်ဘူး... အမှောင်ထုထက် မြန်အောင် ငါ ပြေးနိုင်မှာ မဟုတ်ဘူး...”

သူ အံတင်းတင်းကြိတ်၍ ရှေ့သို့သာ အသည်းအသန် ပြေးလွှားလိုက်သည်။

“တွေးပူနေလို့ အလကားပဲ... ငါ လုပ်လို့ရတာ သားရဲတွေနဲ့ လိုက်ပြေးဖို့ပဲ ရှိတော့တယ်...”

ဒုက္ခိတဘိုးဘွားကျေးရွာမှ သုံးမိုင်အကွာ မြစ်ကမ်းဘေးတွင် အဘွားစစ်နှင့် လီမြစ်အကြီးအကဲ ငါးယောက်၏ တိုက်ပွဲက အဆုံးသတ်လုနီးပါး ဖြစ်နေချေပြီ။ အစောပိုင်းတွင် အကြီးအကဲလေးယောက်သာ အဘွားစစ်ကို တိုက်ခိုက်နေကြသော်လည်း ပွဲမြန်မြန် မသိမ်းနိုင်သဖြင့် တောင်စွန်းပေါ်မှ အကဲခတ်နေသော ပဉ္စမအကြီးအကဲ၊ ချီယန်ပင်းက တိုက်ပွဲထဲ ဝင်ပါလာသည်။ သူ ဝင်လာသည်နှင့် သူတို့ငါးယောက်၏ စုပေါင်းတိုက်ကွက် ဖြစ်သော ဓာတ်ကြီးငါးပါး မိစ္ဆာနှိမ်ပါကွဝင်္ကပါ သိုင်းကွက်ကို စတင် အသုံးပြုလိုက်၏။

ထိုအချိန်ထိ အဘွားစစ်က အကြီးအကဲ လေးယောက်၏ တိုက်ခိုက်မှုများကို ခုခံနိုင်သည်ဆိုရုံမျှသာ ခုခံနိုင်ခဲ့သည်။ သို့သော်လည်း ချီယန်ပင်း ဝင်လာသည်မှစ၍ သူ၏ ခွန်အားက အံ့အားသင့်စရာ ကောင်းလောက်အောင် အကြီးအကျယ် တိုးမြင့်သွား၏။ ဓာတ်ကြီးငါးပါး မိစ္ဆာနှိမ်ပါကွဝင်္ကပါ သိုင်းကွက်ပင် ဤအဘွားကြီးကို ချောင်ပိတ်တိုက်ခိုက်နိုင်စွမ်း မရှိချေ။

ထိုအဖြစ်အပျက်ကြောင့် လီမြစ်အကြီးအကဲငါးယောက် အံ့ဩတုန်လှုပ်သွား၏။ များစွာမကြာလိုက်ဘဲ ဒေါသအကြီးအကျယ် ထွက်သွားကြသည်။ ဤအဘွားကြီးက သူတို့အားလုံးကို တစ်ပြိုက်နက် အပြတ်ရှင်းပစ်လိုသည်မှန်း ယခုမှ သဘောပေါက်သွားကြ၏။ နောက်ဆုံးအချိန်ထိ အားနည်းဟန်ဆောင်၍ ချီယန်ပင်းကို တိုက်ပွဲထဲ ဝင်ပါလာအောင် မျှားခေါ်ခဲ့သည် မဟုတ်လား။

အဘွားစစ်က ပေါ့ပါးသော ခြေလှမ်းများဖြင့် တိုက်ပွဲကွင်းပြင်အနှံ့ တစ္ဆေတစ်ကောင်ကဲ့သို့ လှစ်ခနဲ လှစ်ခနဲ ရွေ့လျား သွားလာနေသည်။ သူ၏ ခြင်းတောင်းထဲမှ ငွေအပ်များက အသက်ဝင်နေသည့်ပမာ ဟိုမှသည် လှုပ်ရှားလျက် ရှိပြီး လီမြစ်အကြီးအကဲ ငါးယောက်စလုံး၏ ခန္ဓာကိုယ်တွင်တော့ ဒဏ်ရာများ ဖုံးလွှမ်းနေ၏။ ငွေအပ်များတွင် တွဲလျက် ပါလာသော အပ်ချည်ကြိုးများက အကြီးအကဲငါးယောက်စလုံး၏ ကိုယ်တွင် ရစ်ပတ်လျက်ရှိပြီး သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များကို တွဲချုပ်ထားသဖြင့် လှုပ်ရှား၍ မရကြတော့ချေ။

အဘွားစစ်က ကတ်ကြေးတစ်လက်ကို ကိုင်၍ မျက်နှာထက်တွင် ခပ်မြူးမြူး အပြုံးတစ်ခုကို ဆင်မြန်းကာ သူတို့ထံ ချဉ်းကပ်လာသည်။ “ငါအဘွားကြီးက လူအရေခွံတွေကို မကိုင်ရတာ ကြာပြီ... လက်ရည်များ ပျက်ကုန်ပြီလား မသိဘူး...”

သူ ချီယန်ပင်းရှေ့သို့ ရောက်လာလျှင် ရောက်လာချင်းပင် ချီယန်ပင်းက ရုတ်တရက် ပါးစပ်ဟလိုက်၏။ သူ့ပါးစပ်ထဲမှ ငွေရောင်အလုံးတစ်ခုက အဘွားစစ်၏ မျက်နှာဆီသို့ ပြေးဝင်သွားသည်။

ငွေရောင်အလုံးလေးက လေထုနှင့် ထိတွေ့သည်နှင့် အရွယ်အစား ကြီးမားလာ၏။ တစ်မုဟုတ်ချင်းပင် အဆတစ်ရာခန့် ကြီးထွားလာပြီး ဓားရိပ်တစ်သောင်းဖြင့် ဖွဲ့စည်းထားသော ငွေရောင်အလုံးကြီး တစ်ခု ဖြစ်သွားသည်။

အဘွားစစ်မှာ အငိုက်မိသွားပြီး နောက်သို့ ချက်ချင်း ခုန်ဆုတ်လိုက်၏။ သူ့ခန္ဓာကိုယ်က တီကောင်တစ်ကောင်ကဲ့သို့ ထူးဆန်းစွာ ပျော့ခွေကျသွားပြီး ဓားရိပ်များကို ရှောင်လိုက်သည်။ တစ်ချိန်တည်းတွင် လက်ထဲမှ ကတ်ကြေးကို ပစ်လွှတ်လိုက်၏။ ထိုကတ်ကြေးက ငွေရောင်နဂါးနှစ်ကောင်ပမာ တဖျတ်ဖျတ် လက်၍ ဓားရိပ်များကို ညှပ်ချလိုက်သည်။

အဘွားစစ်က ပေါ့ပါးသွက်လက်စွာ တုံ့ပြန်လှုပ်ရှားလိုက်သော်လည်း အငိုက်မိသွားသည်ကတော့ အငိုက်မိသွားသည်သာ ဖြစ်၏။

ဓားရိပ်တစ်သောင်းအနက်မှ တစ်ခုက သူ့နောက်ကျောကို ထိမှန်သွားသည်။ သူက ခါးကုန်းကြီး ဖြစ်၍ ထိုဓားရိပ်က သူ့မျက်ကွယ်မှ တိုးဝင်လာခြင်း ဖြစ်၏။

များစွာမကြာလိုက်ဘဲ ကောင်းကင်တစ်ခွင်လုံး ပြည့်နေသည့် ဓားရိပ်များ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်သို့ ဓားကျိုးများ တချွင်ချွင် ပြုတ်ကျလာသည်။

ဓားရိပ်များ ထွက်ပေါ်လာသည့် ငွေရောင်အလုံးလေးမှာ မူလအရွယ်အစားသို့ ပြန်ကျုံ့ဝင်၍ မြေပြင်ပေါ် အက်ကွဲပြုတ်ကျသွားသည်။

အဘွားစစ်မှာလည်း မြေပြင်ပေါ်သို့ ပြန်ကျလာပြီး သူ့နောက်ကျောမှ ဓားကို မျက်မှောင်တစ်ချက် ကြုတ်၍ ဆွဲနုတ်လိုက်၏။

“မင်းက ရှောင်နိုင်သေးတယ်လား...” လီမြစ်အကြီးအကဲငါးယောက်၏ ခေါင်းဆောင်ဖြစ်သူ ချီယန်ပင်းက အက်ကွဲသော အသံဖြင့် မေးလိုက်သည်။ သူ့မျက်နှာတွင် မျှော်လင့်ချက်များ ပျက်သုဉ်းသွားဟန် အထင်းသား ပေါ်လာ၏။ “ဒီငွေဘောလုံးထဲမှာ ဓားအချောင်းပေါင်း ခြောက်ထောင့်ရှစ်ရာ လေးဆယ့်နှစ်ချောင်း ဝှက်ထည့်ထားတာ... အဲဒါကို... ဒီလောက် နီးနီးလေးကနေ ရှောင်နိုင်သေးတယ်လား... မင်းက မိစ္ဆာဂိုဏ်းသားတွေကြားမှာ သာမန်မဟုတ်တာ အသေအချာပဲ... ဒါပေမဲ့ မင်းလို အဘွားကြီးမျိုးကို ဘာလို့ အရင်က မမြင်ဖူးတာလဲ... မင်း ဘယ်သူလဲ...”

သူ ထိုမေးခွန်းကို မေးလိုက်သည့်အခိုက်တွင်ပင် အဘွားစစ်၏ နောက်ကျောမှ ထူးဆန်းသည့် အခြင်းအရာ တစ်ခုကို သတိပြုမိသွားသည်။ အဘွားစစ်က ခါးဘုကြီးတွင် ဓားဒဏ်ရာ ရခဲ့သော်လည်း သွေးတစက်မျှ ထွက်သည်ကို မတွေ့ရပေ။ ထိုအစား အလင်းရောင်များ တောက်ပ၍ အထဲတွင် ဟောင်းလောင်းကြီး ဖြစ်နေကြောင်း မြင်တွေ့လိုက်ရ၏။

“ဒါ မင်းရဲ့ ရုပ်အမှန် မဟုတ်ဘူး...” ချီယန်ပင်း ခေါင်းမွေးများ ထောင်ထသွားသည်။ “မင်း... မင်းက... တခြားတစ်ယောက်ရဲ့ အရေခွံကို ဝတ်ထားတာပဲ...”

“နင်က ငါ့အရေခွံကို ဖြဲပစ်တာပဲ...” အဘွားစစ်က မျက်မှောင်ကြုတ်လိုက်၏။

သူ၏ ပါးစပ်မှ ထွက်ပေါ်လာသော အသံက အဘွားကြီးသံနှင့် မတူချေ။ ထိုအစား နူးညံ့ချိုသာဟန် ပေါက်နေ၏။ ထိုအသံကို ကြားမိသူတိုင်း အသံပိုင်ရှင်က လွန်စွာ ချောမောလှပသည့် အရွယ်ကောင်း မိန်းမပျိုတစ်ဦး ဖြစ်မည်ဟုသာ ထင်ကြပေလိမ့်မည်။ သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည့် အဘွားကြီးဟု မည်သူမျှ ထင်ကြလိမ့်မည် မဟုတ်။

“အာ... လေထွက်နေပြီ...” အဘွားစစ်က တီးတိုးရေရွတ်၍ သူ့လည်ပင်းကို လက်ဖြင့် ဖိကာ သက်ပြင်းချလိုက်၏။

ထို့နောက် ခြင်းတောင်းထဲမှ အပ်နှင့် အပ်ချည်ကို ထုတ်ယူကာ နောက်ကျောမှ အပြဲကို ချုပ်၍ သူ၏ အသံကို ပြန်စမ်းကြည့်လိုက်သည်။ ထိုအခါမှ နဂိုမူလအသံသို့ ပြန်ရောက်သွား၏။

သို့သော်လည်း ထိုထူးဆန်းသော အသံက ချီယန်ပင်းကို လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။ သူ့ကိုကြည့်ရသည်မှာ တစ္ဆေတစ်ကောင် မြင်လိုက်ရသူကဲ့သို့ ရှိနေ၏။

“ငါ ဒီအသံကို ကြားဖူးပါတယ်...” သူ အတုန်တုန် အလှုပ်လှုပ်နှင့် ပြောလိုက်သည်။ “မင်း ဘယ်သူလဲဆိုတာ ငါ သိပြီ... မင်းက အဲဒီမိန်းမ... ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့...”

ချီယန်ပင်း ထိုစကားကို ပြောလိုက်သည့် အခိုက်တွင် အဘွားစစ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူတို့ငါးယောက်စလုံးကို တွဲချည်ထားသည့် အပ်ချည်ကြိုးကို ရုတ်တရက် ဆောင့်ဆွဲလိုက်ရာ ချင်ယန်ပင်း၏စကား အဆုံးမသတ်နိုင်မီမှာပင် လီမြစ်အကြီးအကဲ ငါးယောက်စလုံး အပိုင်းပိုင်းအစစ ဖြစ်သွားသည်။ သူတို့၏ အသားတုံးအသားစများက မြေပြင်ပေါ်သို့ တဘုတ်ဘုတ်ပြုတ်ကျသွား၏။

အံ့အားသင့်စရာကောင်းလောက်အောင်ပင် ထိုအပ်ချည်ကြိုးက သွေးစွန်းထင်းခြင်း မရှိချေ။ အသက်ရှိနေသည့်ပမာ သူ့ဖာသာ ချည်လုံးတစ်လုံးအဖြစ် လိပ်၍ ခြင်းထဲသို့ ပြန်ဝင်သွား၏။

အဘွားစစ်က နှာခေါင်းရှုံ့၍ ဟက်ခနဲ ရယ်မောလိုက်သည်။

“အဲမှာ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ သောက်ထော့ကျိုး...”

သူ့နောက် ခပ်လှမ်းလှမ်းမှ ထော့ကျိုးက ချိုင်းထောက်ကို အားပြု၍ ယိုင်ထိုးယိုင်ထိုး လျှောက်လာရင်း သွားဖြဲကာ ပြုံးလိုက်၏။ “ငါ အခုမှ ဒီနေရာကို ရောက်လာတာပါ ငါ့နှမရယ်... ဘာကိုမှ ကြားလည်းမကြား၊ မြင်လည်း မမြင်ပါဘူး...”

အဘွားစစ်က သူ့ကို တစ်ချက်ကြည့်၍ ခပ်မြူးမြူးလေး ပြုံးပြလိုက်သည်။ “တော် ဘာကိုမှ မကြားသမျှ... မြင်တာ ကိစ္စမရှိဘူး... ရွာကို ပြန်ကြစို့...”

ထော့ကျိုးက အဘွားစစ်၏ စကားကို ချက်ချင်း နားမထောင်သေးဘဲ တုံ့ဆိုင်းနေ၏။

“ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် လီထျန်းရှင်က သူ့ဘဝတစ်လျှောက်လုံး ဉာဏ်ပညာကြီးရင့်ပြီး စွမ်းအားကြီးမားတယ်လို့ အများက လေးစားခံခဲ့ရပေမဲ့ နောက်ပိုင်းနှစ်တွေမှာ သနားစရာကောင်းလောက်အောင် မိုက်မဲတဲ့ အမှားတစ်ခုကို လုပ်ခဲ့မိတယ်... အဲဒါကတော့ သူ့အောက်ငယ်တဲ့ မျိုးဆက်ထဲက ကဝေပျိုမတစ်ယောက်ကို ရုတ်တရက်ကြီး စွဲလမ်းမိသွားတာပဲ... အဲလိုစွဲလမ်းလို့ လက်ရှိမယားကြီးကိုတောင် စွန့်လွှတ်ပြီး အဲဒီကဝေမငယ်ငယ်လေးကို ကြင်ယာအသစ်အဖြစ် ကောက်ယူလိုက်တဲ့အတွက် ကောင်းကင်နတ်ဆိုးဂိုဏ်း တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရတယ်...” ထော့ကျိုးက သူ၏ မှတ်ဉာဏ်ထဲမှ ဇာတ်လမ်းတစ်ပုဒ်ကို ခပ်အေးအေး ပြောပြလိုက်သည်။ “ဒါပေမဲ့ အဲဒီမင်္ဂလာဦးညမှာပဲ လင်မယားအရာ မမြောက်သေးခင် လီထျန်းရှင်ရဲ့ မယားအသစ်ကလေးက သူ့ကို လုပ်ကြံသတ်ဖြတ်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ နတ်ဆိုးကျမ်းစာကို ခိုးယူသွားတယ်... ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲအားလုံး အခန်းအောင်း လေ့ကျင့်နေရာကနေ ထွက်လာပြီး လိုက်ဖမ်းကြပေမဲ့ အဲဒီကဝေပျိုမက လွတ်အောင် ထွက်ပြေးနိုင်ခဲ့တယ်...”

“အဲဒီလို အဖြစ်မျိုး ရှိခဲ့တာလား...” အဘွားစစ်က မသိနားမလည်သည့် ဟန်ပန်ဖြင့် မေးလိုက်၏။

“အခုထက်ထိအောင် သူ့ရဲ့ အရိပ်အယောင်တောင် မတွေ့ကြရဘူးတဲ့...” ထော့ကျိုးက တုံ့ပြန်ပြောဆိုလိုက်သည်။

“အင်း... အဲဒီတုန်းက ဒီအဘွားကြီးလည်း ခြေထောက်တွေကို နတ်ဘုရားအဆင့်ထိ ရောက်အောင် လေ့ကျင့်ထားတဲ့ လူတစ်ယောက်အကြောင်း ကြားဖူးတယ်... သူ့ခြေထောက်ကို လူတွေက နတ်ခြေထောက်လို့ ခေါ်တဲ့အဆင့်ထိ ရောက်ခဲ့တယ်တဲ့... ဒီကမ္ဘာမှာ ဘယ်သူမှ သူ့ကို မီအောင် မလိုက်နိုင်ဘူးဆိုပဲ...” အဘွားစစ်က တစ်ချက် ရယ်၍ ပြောလိုက်၏။ “ဒါပေမဲ့ တစ်နေ့မှာ အဲဒီလူက သူ့ရဲ့ နတ်ဘုရားလို အမြန်နှုန်းကို ခိုးယူတဲ့နေရာမှာ သုံးလို့ရမှန်း သိသွားခဲ့တယ်... ခိုးယူရတာက စိတ်လှုပ်ရှားစရာကောင်းလွန်းလို့ တဖြည်းဖြည်းနဲ့ စွဲလမ်းသွားပြီး နောက်ဆုံးမှာ ဘယ်သူမှ ဖမ်းမမိတဲ့ ကမ္ဘာအတော်ဆုံး သူခိုးအဖြစ် နာမည်ကျော်ကြားလာတော့တာပဲ... စောရနတ်ဘုရားဆိုတဲ့ ဘွဲ့နာမည်ရခဲ့ပေမဲ့ သူက တကယ့်နတ်ဘုရားတစ်ပါး မဟုတ်တဲ့အတွက်ကြောင့် နတ်ဘုရားတွေကို ဒေါသထွက်စေခဲ့တယ်တဲ့... တစ်နေ့မှာတော့ နတ်ဘုရားတွေက အမိန့်ချမှတ်လိုက်လေသလားပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်တံဆိပ်တော်ကို သွားအခိုးမှာ  ဧကရာဇ်အတိုင်ပင်ခံက သူ့ကို ဖမ်းမိသွားတယ်... အဲဒီတိုက်ပွဲမှာ သူ့ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပေမဲ့ ဧကရာဇ်တံဆိပ်တော်ကို အရယူပြီး ဧကရာဇ်အတိုင်ပင်ခံရဲ့ လက်ထဲကနေ လွတ်အောင် ထွက်ပြေးနိုင်ခဲ့တယ်တဲ့... အဲဒီနောက်မှာတော့ သူရဲ့ အရိပ်အယောင်တောင် မမြင်ရအောင် ပျောက်ကွယ်သွားတယ်... ဧကရာဇ်အတိုင်ပင်ခံက နတ်ဘုရားတွေရဲ့အောက်က နံပါတ်တစ်လူသားလို့ နာမည်ကျော်ကြားပေမဲ့ စောရနတ်ဘုရားကို အမိမဖမ်းနိုင်ခဲ့ဘူး... တကယ်ဆိုရင် သူက စောရနတ်ဘုရားရဲ့ နတ်ခြေထောက် တစ်ဖက်ကို သိမ်းထားပြီး ပိုင်ရှင်ကို ပြန်ပေးဖို့ စောင့်နေတုန်း ဖြစ်မယ် ထင်တယ်...”

အဘွားစစ်က ထော့ကျိုးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး နှစ်ယောက်သား တဟားဟား ရယ်မောလိုက်ကြသည်။

“အဘွားကြီး... ငါတို့အားလုံးက တစ်ရွာတည်းသား ဒုက္ခိတတွေပါ...” ထော့ကျိုးက သူ့အပြုံးကို ပို၍ ပြုံးလိုက်၏။ “ငါတို့မှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြတဲ့အပြင် တစ်ယောက်သမိုင်းကြောင်း တစ်ယောက်မမေးဖို့ ကတိစကား ထားခဲ့ကြပြီးသားပဲ...”

“ကနေ့ကစပြီးတော့... ငါလည်း ဆွံ့အနားမကြား ဖြစ်သွားပြီ...” သူက ကျိန်ဆိုလိုက်သည်။ “ငါ ဘာတစ်ခွန်းမှ မပြောတော့ဘူး...”

အဘွားစစ်က နှာခေါင်းတစ်ချက် ထပ်ရှုံ့ပြီး ခြင်းတောင်းဆွဲ၍ ရွာဘက်သို့ လျှောက်သွား၏။ “ကျုပ်ကို ကူညီဖို့ တော့်ကို မူအာ လာခေါ်တာလား...”

ထော့ကျိုးက ခေါင်းခါယမ်းလိုက်သည်။ “နင်နဲ့ အဲဒီအဘိုးကြီးငါးယောက်က ဒီလောက် ရုတ်ရုတ်သဲသဲဖြစ်နေတာကို... နင်တို့တိုက်ပွဲက စွမ်းအင်လှိုင်းတွေကို ငါတို့အားလုံး ရွာကနေ အာရုံခံလို့ရတယ်... အဲဒါကြောင့် နင့်ကို သွားကြည့်ဖို့ ရွာလူကြီးက ငါ့ကို လွှတ်လိုက်တာ...”

အဘွားစစ်၏ မျက်နှာအမူအရာ ပျက်ယွင်းသွားပြီး စိုးရိမ်ပူပန်စွာ မေးလိုက်၏။ “မူအာ ရွာကို ပြန်ရောက်မလာဘူးလား...”

“ငါလာတဲ့ တစ်လမ်းလုံးတော့ သူ့ကို မတွေ့ခဲ့ပါဘူး...”

“မကောင်းတော့ဘူး...”

သူတို့နှစ်ယောက်သား ဒုက္ခိတဘိုးဘွားကျေးရွာသို့ သုတ်ခြေတင် ပြေးသွားကြသည်။ သူတို့ ရွာသို့ မရောက်မီပင် နေလုံးကြီးက ဝင်သွားပြီး အမှောင်ထုက မိုးကုပ်စက်ဝိုင်းဆီမှ မြင့်တက်လာ၏။ အမှောင်ထုကြီးက ကောင်းကင်တစ်ခွင်၌ မြင့်သည်ထက် မြင့်တက်၍ မိုးကုပ်စက်ဝိုင်းတစ်ခုလုံး ပျံ့နှံ့ပြီး တဟဲဟဲ အော်မြည်ပြေးဝင်လာသည့် ဒီရေလှိုင်းတစ်ခုပမာ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို လွှမ်းခြုံဝါးမျိုသွားသည်။

အဘွားစစ်က ရွာထဲသို့ အသည်းအသန် ပြေးဝင်၍ ချင်မူ့ကို နေရာအနှံ့ လိုက်ရှာလိုက်၏။

“မူအာ ပြန်မလာဘူးလား...” သူ အမောတကော မေးလိုက်သည်။

ထို့နောက်တွင် အမှောင်ထုက ဒုက္ခိတဘိုးဘွားကျေးရွာတစ်ခုလုံးကို လွှမ်းခြုံသွား၏။

“ဘာမှ စိတ်ပူစရာ မလိုပါဘူး... အဘွားကြီး...”

ကျောက်ရုပ်တုတစ်ခုကို သယ်၍ ချင်မူ့ကို လိုက်ရှာတော့မည့် အဘွားစစ်ကို ထော့ကျိုးနှင့် ဆေးဆရာ သယ်ဆောင်လာသည့် ထမ်းစင်ပေါ်တွင် ထိုင်လျက်သား လိုက်ပါလာသော ရွာလူကြီးက တားဆီးလိုက်သည်။ သူက နှစ်သိမ့်သည့် လေသံဖြင့် ပြောလိုက်၏။ “ငါတို့ သူ့ကို သိသင့်တာတွေ အကုန်လုံး သင်ပေးပြီးပြီပဲ... သူသာ ကောင်းကောင်း သင်ယူခဲ့ရင် မဟာမြို့ပျက်မှာ ရှင်သန်အောင် နေနိုင်မှာပါ... ကောင်းကင်က အမှောင်ထု ကြီးစိုးနေပြီ... နင် အခုထွက်သွားလည်း အလကားပဲ...”

ရွာလူကြီး၏စကားက အဘွားစစ်ကို ဖြတ်ရိုက်ချလိုက်သလို ရှိသည်။ သို့သော်လည်း သူ ပြောသည်က အမှန်ဖြစ်ကြောင်း အဘွားစစ် သိ၏။ အမှောင်ထုက မဟာမြို့ပျက်တစ်ခုလုံးကို လွှမ်းခြုံပြီးသွားချေပြီ။ ချင်မူ အသက်ရှင်နေနိုင်သေးသည်ဆိုလျှင် သူ သွားကယ်ရန် လိုအပ်လိမ့်မည် မဟုတ်ပေ။ ဤညကို ရှင်သန် လွန်မြောက်နိုင်ပေလိမ့်မည်။ ချင်မူ သေဆုံးသွားပြီ ဆိုလျှင်လည်း ကျောက်ရုပ်တုကို သယ်ဆောင်၍ လိုက်ရှာရန်မှာ အလကားသာ ဖြစ်၏။

“သူ့မှာ ကျောက်စိမ်းလည်ဆွဲလည်း ရှိသေးတာပဲ...” အဘွားစစ်က ဖြေသိမ့်လိုက်သည်။

ချင်မူ၏ လည်ပင်းမှ ကျောက်စိမ်းလည်ဆွဲကို သတိရမိသော်လည်း ၎င်းမှာ ကလေးပေါက်စ တစ်ယောက်ကိုသာ ကာကွယ်နိုင်သည့် အတိုင်းအတာ အကန့်အသတ် ရှိကြောင်း သူ သိ၏။ ချင်မူက အရွယ်ရောက်လာပြီ ဖြစ်၍ ကျောက်စိမ်းလည်ဆွဲ၏ အကာအကွယ်အလင်းရောင်က သူ့ရင်ဘတ်တစ်ဝိုက်ကိုသာ လုံခြုံနိင်ပေလိမ့်မည်။

“ပါးနပ်ပါ မူအာ...” အဘွားစစ် တီးတိုး ရေရွတ်လိုက်သည်။ “မင်း သေချာပေါက် အသက်ရှင်နိုင်မှာပါ...”

All Chapters