ပန်းရောင်အရိုးစုများ
Vol. 1 Ch. 9
ချင်မူက ဆန်းကြယ်သားရဲအုပ်နှင့်အတူ ပြေးရင်း သူတို့ရှေ့မှ မြေပြင်မှာ ချိုင့်ဝှမ်းတစ်ခုအဖြစ်သို့ ရုတ်တရက် နိမ့်လျှောသွားကြောင်း တွေ့လိုက်၏။ ကြီးမားသော ရင်ပြင်ကြီးတစ်ခု၊ နန်းတော်ပျက်များ၊ ထည်ဝါခမ်းနားသော မျှော်စင်မြင့်ကြီးများ အစရှိသည့် ရှေးလက်ရာအတိုင်း မပြုမပြင်ရှိသော အဆောက်အဦပျက်များက ချိုင့်ဝှမ်းတစ်ခုလုံး နေရာအနှံ့ရှိနေသည်။
“ရှေ့မှာ လူနေမြို့ပျက်တစ်ခု တကယ် ရှိနေတာပဲ...” ချင်မူ ရေရွတ်လိုက်မိ၏။
ထိုအဆောက်အဦပျက်များ၏ ရှေ့တည့်တည့် ချိုင့်ဝှမ်းအဝင်ဝတွင်တော့ မြင့်မားသော မုခ်ဦးဝင်ပေါက်ကြီးတစ်ခု ရှိနေသည်။ စကျင်ကျောက်တိုင်လုံးကြီးများက ထိုမုခ်ဦး၏ ခန့်ထည်မှုကို အားဖြည့်ပေးနေပြီး ထိုစကျင်ကျောက်တိုင်လုံး တစ်တိုင်စီတွင် အထက်ဆီသို့ ရစ်ပတ်တက်နေသော နဂါးရုပ်တုများ ထွင်းထုထား၏။
ဆန်းကြယ်သားရဲအုပ်က ထိုမုခ်ပေါက်ဝဆီသို့ ဦးတည်၍ အသည်းအသန် ပြေးလွှားနေကြသည်။
ချင်မူ ကောင်းကင်ထက်သို့ တစ်ချက်မော့ကြည့်ပြီး ခေါင်းတစ်ခုလုံး ကျိန်းတက်သွား၏။ အမှောင်ထုက ချိုင့်ဝှမ်းဆီသို့ မင်ရည်အိုးသွန်ချလိုက်သလို နိမ့်ဆင်းလာသည်။
“ရောက်လာပြီ...” သူ့ရင်ထဲမှ အာခေါင်ခြစ် အော်ဟစ်လိုက်မိ၏။
အမှောင်ထုက မကြာမီ မြို့ပျက်မုခ်ပေါက်သို့ ရောက်ရှိ၍ ဖုံးလွှမ်းဝါးမျိုသွားတော့မည်။
ချင်မူ့ဘေးမှ ပြေးလွှားနေသော ဆန်းကြယ်သားရဲများမှာလည်း ဤအဖြစ်ကို အာရုံခံမိသကဲ့သို့ ဝရုန်းသုန်းကား ဖြစ်လာကြသည်။ မုခ်ပေါက်ဆီသို့ ယခင်ကထက် ပို၍ အားကုန်စိုက် ပြေးလာပြီး သတိလက်လွတ်ဖြစ်နေကြသော သားရဲများကို တွန်းတိုက် တက်နင်းသွားကြ၏။
ယခုအချိန်က တည်တည်ငြိမ်ငြိမ်နှင့် အစီအစဉ်တကျ သွားနေရမည့်အချိန် မဟုတ်တော့ပေ။ ရှေ့တူရူမှ မြို့ပျက်ဆီသို့ အမှောင်ထုမကျမီ ရောက်အောင်မသွားနိုင်ခဲ့လျှင် အသေဆိုးနှင့် သေကြရပေလိမ့်မည်။
ချင်မူ ရှေ့သို့ အသည်းအသန် ပြေးလွှားရင်း ကြီးမားသော သတ္တဝါဆန်းကြီး တစ်ကောင်၏ အမြီးကို လှမ်းဆွဲ၍ ခိုစီးလိုက်သည်။ ထိုသတ္တဝါဆန်းကြီးက လူသားတစ်ယောက် သူ့အမြီးတွင် တွဲခိုပါလာသည်ကို သတိမမူမိဘဲ ထည်ဝါခမ်းနားသည့် မဟူရာတောင်ကြီးတစ်လုံး ရွေ့လျားလာသကဲ့သို့ ရှေ့တူရူသို့သာ အားကုန်စိုက်ပြေးသွားပြီး လမ်းကြောင်းတစ်လျှောက်ရှိ အခြားသားရဲအားလုံးကို တွန်းတိုက် နင်းချေသွား၏။
ထိုသတ္တဝါဆန်းကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ သားရဲအချို့မှာလည်း ၎င်း၏ အမြီးကို လှမ်းခုန်ဖမ်း၍ တွဲခိုစီးကာ မြို့ပျက်ထဲသို့ လိုက်ပါလာကြသည်။
ချင်မူ သတ္တဝါဆန်းကြီး၏ အမြီးကို တင်းတင်းဖက်တွယ်ရင်း အောက်သို့ ငုံ့ကြည့်လိုက်ရာ နေ့အချိန်၌ စူးရဲရန်လိုခဲ့ကြသော ဆန်းကြယ်သားရဲများ အားလုံးမှာ ယခုအခါ ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်ယင်နေကြကြောင်း တွေ့လိုက်ရ၏။ သူတို့၏ အသက်ဓာတ်မျှင်မျှင်လေးအတွက် သတ္တဝါဆန်းကြီး၏ အမြီးကို တွယ်ကပ်နေကြသည်။ နောက်လှမ်းလှမ်း၌လည်း လီမြစ်မှ လူငယ်ငါးယောက်က သတ္တဝါဆန်းကြီး၏နောက်မှ အသည်းအသန် လိုက်၍ မြို့ပျက်ဆီသို့ ဝရုန်းသုန်းကား ပြေးလာနေကြ၏။
နောက်ဆုံးတွင်တော့ သတ္တဝါဆန်းကြီးမှာ မုခ်ပေါက်ဝကို အမှောင်ထု ဝါးမျိုမသွားမီ လက်မတင်ကလေး၌ အားကုန်ထုတ်ပြေး၍ မြို့ပျက်ထဲသို့ လေမုန်တိုင်းတစ်ခုပမာ ဝင်ရောက်နိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် လီမြစ်တပည့်သား ငါးယောက်မှာလည်း မုခ်ပေါက်ထဲသို့ ပြေးဝင်လာကြ၏။ သို့သော်လည်း ထိုငါးယောက်အနက် သုံးယောက်သာ အမှောင်ထုက လွှမ်းခြုံဝါးမျိုခြင်း မပြုမီ ဝင်ရောက်နိုင်ခဲ့ကြသည်။ အချိန်မီ ဝင်လာနိုင်ခဲ့ကြသူများမှာ အစ်ကိုကြီးချွီ၊ အစ်မချင်းနှင့် အခြားလူငယ်တစ်ယောက် ဖြစ်ပြီး ကျန်နှစ်ယောက်မှာ ဆံခြည်တစ်မျှင်စာမျှ နောက်ကျသွား၏။ သူတို့နှစ်ယောက်အနက် တစ်ယောက်မှာ လက်တစ်ဖက်သာ မုခ်ပေါက်ဝအတွင်း ရောက်နိုင်ခဲ့သည်။ အခြားတစ်ယောက်မှာ ရှေ့ပိုင်းတစ်ခြမ်းလုံး ဝင်ရောက်လာနိုင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ် နောက်ပိုင်းတစ်ခြမ်းလုံးမှာ အမှောင်ထုက သိမ်းယူဝါးမျိုသွား၏။
အစ်ကိုကြီးချွီက မုခ်ပေါက်အတွင်း ရောက်သည်နှင့် တစ်မုဟုတ်ချင်း သူ၏ ညီငယ်နှစ်ယောက်ကို ဆွဲခေါ်ရန် ကြိုးစားလိုက်သည်။
မျက်စိရှေ့တွင် မြင်နေရသော လက်ကို ကိုင်၍ အားကုန် ဆွဲယူလိုက်ရာ ကြောက်မက်ဖွယ်ရာ အရိုးစုဖြူဖြူကြီးတစ်ခုသာ အမှောင်ထုထဲမှ ထွက်ပေါ်လာ၏။
အစ်ကိုကြီးချွီ နောက်တစ်ယောက်ထံသို့ မရောက်မီမှာပင် ထိုတစ်ယောက်က မြေပေါ်သို့ လဲပြိုကျသွားသည်။
အသက်ရှင်သန်ရစ်သော လီမြစ်တပည့်သားများအားလုံး၏ သွေးများ တောင့်တင်းအေးခဲသွား၏။ ထိုလူငယ်၏ ရှေ့ခြမ်းမှ အသွေးအသားနှင့် အဝတ်အစားများက အကောင်းပကတိ ရှိနေသေးသော်လည်း ခန္ဓာကိုယ်နောက်ပိုင်း တစ်ခြမ်းလုံးမှာတော့ အမှောင်ထုထဲမှ အမျိုးအမည်မသိ သတ္တဝါများ၏ ကိုက်ခဲဝါးမျိုခြင်း ခံလိုက်ရသည့်ပမာ အရိုးချည်းသာ ကျန်တော့သည်။
“ဒီအမှောင်ထုကြီးက ဘာလို့ ရှိနေတာလဲ...” အစ်မချင်းက စူးစူးရှရှ အော်ဟစ်လိုက်၏။ “အမှောင်ထုထဲမှာ ဘာတွေ ရှိနေတာလဲ...”
အစ်ကိုကြီးချွီက သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင် ကြိုးစားထိန်းချုပ်ပြီး သက်ပြင်းမောတစ်ခုကို တုန်ရီစွာ မှုတ်ထုတ်လိုက်သည်။
“သေခြင်းတရားက မီးအိမ်လေးတစ်လုံး ဟုတ်ခနဲ ငြိမ်းသွားသလိုပဲ... ငါတို့ရဲ့ ညီငယ်နှစ်ယောက်က ရဲစွမ်းသတ္တိနဲ့ ပြည့်စုံကြပါပေတယ်... သူတို့က မိစ္ဆာနတ်ဆိုးကို ရှင်းလင်းဖို့ ကြိုးစားရင်း သူရဲကောင်းကောင်းဆန်ဆန် သေဆုံးခဲ့ကြရတာ...” သူက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “အဲဒီမိစ္ဆာကောင်လေးက အမှောင်ထုကို အသုံးချပြီး ငါတို့ကို သတ်ဖို့အတွက်... ဒီမြို့ပျက်ဆီကို တမင်သက်သက် နောက်ဆုံးအချိန်မှ လာခဲ့တာ...”
“အဲကောင်က ဒီမြို့ပျက်ထဲက တစ်နေရာရာမှာပဲ ရှိနေမှာ... အမှောင်ထုက နေရာတိုင်းမှာ ရှိနေမှတော့ ဒီကောင် ကျွန်တော်တို့လက်က လွတ်အောင် မပြေးနိုင်ပါဘူး...” အသက်ရှင်သန်နိုင်ခဲ့သော လူငယ်က ပြောလိုက်သည်။ သူ့လေသံမှ တရိပ်ရိပ်တက်နေသည့် ဒေါသအမျက်ကို ခံစားမိနိုင်၏။ ဂိုဏ်းတူညီကိုများ သေဆုံးရခြင်းက သူ့ကို မည်မျှ စိတ်ထိခိုက်စေခဲ့ကြောင်း မြင်သာပေသည်။ “ဒီကောင့်ကို လိုက်ရှာကြစို့... အဲဒီမိစ္ဆာကောင်ကို အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ်ပစ်ပြီး ကျွန်တော်တို့ ညီကိုတွေအတွက် လက်စားချေရမယ်...”
“ဟိုမှာ... အဲကောင်...” သတ္တဝါဆန်းကြီး၏ အမြီးပေါ်မှ ချင်မူ ခုန်ဆင်းလာသည်ကို မြင်သောအခါ အစ်မချင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။ “မိစ္ဆာကောင်... နင်က ငါ့မောင်လေးနှစ်ယောက်ကို သေအောင်လုပ်ပြီးမှ ပြေးချင်သေးတယ်ပေါ့ ဟုတ်လား...”
သူ၏ စွပ်စွဲချက်ကြောင့် ချင်မူ စိတ်တိုသွားသည်။
“နင်တို့ပဲ ငါ့နောက်ကို အကြောင်းမရှိ အကြောင်းရှာ လိုက်နေတာ မဟုတ်ဘူးလား... နင်တို့ဖာသာ ညရောက်တဲ့ထိ လိုက်လာတာ... သူတို့သေတာ ဘာကိစ္စ ငါ့ကြောင့် ဖြစ်ရမှာလဲ... နင်တို့ကို ဘာတစ်ခုမှ ထိပါးမိတာ မရှိဘဲနဲ့ ငါ့အသက်ကို ရန်ရှာဖို့ လိုက်လာကြတာ... ဒီနေရာမှာ အပြစ်မရှိတဲ့သူက ငါ မဟုတ်ဘူးလား...”
အစ်မချင်းက အံကို တင်းတင်းကြိတ်လိုက်၏။ “ငါ့ကို လာငြင်းရဲတယ်... မိစ္ဆာကောင်...”
“နင်သာ မိစ္ဆာမ...” ချင်မူက ဒေါပွသွားပြီး အော်ဟစ်လိုက်သည်။ “ဘွားဘွားနဲ့ ငါက အဝတ်ချုပ်ဖို့ သမင်တစ်ကောင်ပဲ သတ်တာ၊ အဲဒါကို နင်တို့က မိစ္ဆာလို့ ခေါ်တယ်... နင်တို့ကျတော့ သမင်တစ်အုပ်လုံးကို သတ်ခဲ့တာ မဟုတ်ဘူးလား... ဒါနဲ့များ ငါတို့ကို မိစ္ဆာလို့ ပြောရဲသေးတယ်...”
အစ်ကိုကြီးချွီ၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပြီး ရှေ့သို့ တိုးထွက်လာ၏။
“ဒီမိစ္ဆာကောင်လေးက ငါတို့ရင်ထဲက ခံယူချက်တွေ ပျက်ပြားအောင် လုပ်တဲ့နေရာမှာ အတော်ကျွမ်းကျင်တာပဲ... ငါတို့ အချိန်ကုန်၊ လေကုန်ခံနေစရာ မလိုဘူး... ဒီကောင့်ကို သတ်သာပစ်လိုက်...”
ထိုစကားအဆုံးတွင် သူတို့သုံးယောက်သား တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
သို့သော်လည်း သူတို့ ထိုသို့ လှုပ်ရှားလိုက်သည်နှင့် ခပ်အုပ်အုပ် မာန်ဖီသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက မည်သည့်နေရာမှ လာသည်ကို စူးစမ်းလိုက်မိသောအခါ သူတို့ရင်ထဲတွင် တုန်လှုပ်ချောက်ချားသွားသည်။ ဤမြို့ပျက်အတွင်း၌ ဆန်းကြယ်သားရဲများ သိန်းချီ၍ စုမိနေပြီး ကိုယ့်နယ်မြေနှင့်ကိုယ် အပိုင်စားနေနိုင်သည့် စွမ်းအားကြီးသားရဲများပင် ပါသေး၏။ ထိုသားရဲများအားလုံးက သူတို့သုံးယောက်ကို စူးရဲရန်လိုစွာ စိုက်ကြည့်နေကြသည်။
တစ်ခုခု မှားယွင်းနေပြီမှန်း သိလိုက်သဖြင့် အစ်ကိုကြီးချွီ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။ ထိုအပြုအမူကို တိုက်ခိုက်မှု မလုပ်တော့ဟု မှတ်ယူပြီး ပတ်ဝန်းကျင်ရှိ သားရဲများအားလုံး ငြိမ်ကျသွားသည်။
ချင်မူမှာ ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသား ကြည့်ရှုလိုက်မိ၏။ ပုံမှန်အားဖြင့် နေ့ခင်းဘက်အချိန်တွင် မဟာမြို့ပျက်ရှိ ဆန်းကြယ်သားရဲများမှာ တစ်ကောင်နှင့်တစ်ကောင် နယ်မြေလုကြ၊ သားကောင်လိုက်ကြနှင့် တိုက်ခိုက်ကိုက်ခဲနေကြသူများ ဖြစ်သည်။ သို့သော်လည်း ညအချိန် ကျရောက်လာသောအခါ အားလုံး ညီညီညွတ်ညွတ် တည့်တည့်ရှုရှု ဖြစ်သွားကြ၏။ ဤသည်က ထူးဆန်းလှသော မြင်ကွင်းပင် ဖြစ်သည်။
“ကြည့်ရတာ ဆန်းကြယ်သားရဲတွေက ဒီလူနေမြို့ပျက်ထဲမှာဆိုရင် မတိုက်ခိုက်ကြဖို့ စည်းမျဉ်း သတ်မှတ်ထားတာ ထင်တယ်...”
ချင်မူ ထိုအခြင်းအရာကို တွေးမိပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ ဤနေရာရှိ သားရဲများစွာမှာ ကမ္ဘာ့ရန်များ ဖြစ်ကြသည်။ သို့တိုင်အောင် ဤမြို့ပျက်ထဲတွင်တော့ တစ်ကောင်နှင့် တစ်ကောင် ထိပါးခြင်းမရှိသည်ကို ကြည့်၍ ချင်မူ၏ တွေးဆချက် ပိုမိုခိုင်မာလာ၏။ ဆန်းကြယ်သားရဲများက ဉာဏ်ရှိကြောင်း ရွာမှ လူကြီးများက အမြဲတစေ ပြောခဲ့ကြသည်။ အစောပိုင်းက တွေ့ခဲ့သော မိစ္ဆာမျောက်ဝံမှာ “ကောင်လေး...” “သေ...” စသည့် စကားတိုများ ပြောနိုင်စွမ်း ရှိသည်ကို ကြည့်ခြင်းဖြင့် ဤဆန်းကြယ်သားရဲများက ထိုသို့သော စည်းမျဉ်းမျိုး ချမှတ်ထားသည်မှာ ဖြစ်နိုင်ဖွယ်ရာ ရှိ၏။
အစ်ကိုကြီးချွီမှာလည်း ချင်မူကဲ့သို့ပင် ကောက်ချက်ချမိပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ တီးတိုးပြောလိုက်သည်။ “ဒီညတော့ ဘာမှ မလှုပ်ရှားဘဲ နေကြဦးစို့... မနက်နေထွက်မှ ဒီကောင့်ကို သတ်ကြမယ်...”
အစ်မချင်းနှင့် ကျန်လူငယ်က ခေါင်းညိတ်လိုက်၏။
ချင်မူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဤနေရာက တောင်ကြားချိုင့်ဝှမ်းအတွင်းမှ မြို့ပြတစ်ခုပမာ များစွာ ကျယ်ဝန်းလှ၏။ ဆန်းကြယ်သားရဲများက မြို့ပျက်ထဲ၌ အနှံ့ နေရာယူထားကြသည်။
နေရာအနှံ့ဆိုသည့်တိုင် ရင်ပြင်နေရာကတော့ ချွင်းချက် ဖြစ်၏။
ရင်ပြင်ပေါ်၌ လူရိုးစုများ ရာချီရှိနေသည်။ ထိုအရိုးစုအားလုံးက အဖိုးတန် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားပြီး မည်သို့မည်ပုံ သေဆုံးခဲ့ကြမှန်း မသိရချေ။
သို့သော်လည်း ရင်ပြင်အနီးသို့ ချဉ်းကပ်သွားသောအခါ တစ်စုံတစ်ခုကို ကောက်ချက်ချလိုက်နိုင်၏။
“ဒီလူတွေအားလုံးက မိန်းမတွေချည်းပဲ...”
ထူးဆန်းသည်က ဤအမျိုးသမီးများမှာ တစ်ညီတစ်ညာတည်း တင်ပျဉ်ခွေထိုင်လျက် သေဆုံးနေကြခြင်း ဖြစ်၏။ အရိုးစုအတန်း ဆယ့်ငါးတန်း ရှိပြီး တစ်တန်းလျှင် ဆယ့်ငါးယောက် ထိုင်နေသည်။ ကြည့်ရသည်မှာ သူတို့အားလုံး ကျင့်စဉ်ထိုင်ကျင့်နေခိုက် ကပ်ဆိုးကြီး ကျရောက်လာပြီး ထပြေးဖို့ ကြိုးစားရန်ပင် အခွင့်အရေးမရခဲ့ဟန် တူ၏။
ချင်မူ ရင်ပြင်၏ အရှေ့ဘက်သို့ ရောက်ရှိလာပြီး ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်သောအခါ ပထမတန်း၏ ရှေ့တွင် ခေါင်းဆောင် ဖြစ်ဟန်ရှိသော အရိုးစုတစ်စု ထိုင်လျက်သား ရှိနေကြောင်း တွေ့ရသည်။
ထိုခေါင်းဆောင်အပါအဝင် အရိုးစုအားလုံးမှာ တစ်နေရာတည်းသို့သာ မျက်နှာမူထားကြ၏။
သူတို့ မျက်နှာမူရာက ခပ်လှမ်းလှမ်းမှ မုခ်ဦးဝကြီး ဖြစ်သည်။
“အစ်ကိုကြီး... ဟိုမှာ ကြည့်ဦး...”
အစ်မချင်း၏ မျက်လုံးများ အရောင်တောက်သွားပြီး ရင်ပြင်ဆီမှ အရိုးစုများထံ လက်ညှိုးထိုးပြလိုက်၏။ “ဟိုအရိုးစုတွေ လက်ထဲမှာ အဖိုးတန်ရတနာတွေ... အရိုးစုတစ်ခုမှာ ရတနာတစ်ခုပဲ...”
အစ်ကိုကြီးချွီမှာ ညွှန်ပြရာသို့ လှမ်းကြည့်ရင်း ရင်ထဲတွင် ဝုန်းဒိုင်းကြဲ ခုန်ပေါက်သွားသည်။ အရိုးစုများက ရတနာပစ္စည်းမျိုးစုံကို ကိုင်ဆောင်ထား၏။ ထိုရတနာများက ရတနာစီခြယ်ထားသောဓားများ၊ မြင်းမြီးယပ်များ၊ ကျောက်စိမ်းလည်ဆွဲများ၊ အဖိုးတန် ကြွေပန်းအိုးများ၊ အခြားလက်နက်မျိုးစုံများ ဖြစ်ကြသည်။
၎င်းတို့က ယခုမှ သွန်းလုပ်ပြီးခါစ ရှိသေးသကဲ့သို့ တလက်လက် တောက်ပနေပြီး ထူးကဲသည့်ရတနာများ ဖြစ်ကြောင်း သိသာလှ၏။
ထိုရတနာများကြားတွင် မျက်စိကျစရာ အကောင်းဆုံးမှာ ခေါင်းဆောင်အရိုးစု၏ လက်ဖဝါးထက်၌ ပေါလောမျောနေသော ပုလဲလုံးကြီး ဖြစ်သည်။ ထိုပုလဲ၏အတွင်းတွင် ခပ်မှုန်မှုန် မြူခိုးငွေ့များ လှည့်လည်နေဟန် ရှိ၏။
ဤရင်ပြင်က တကယ့် ရတနာသိုက်ကြီး ဖြစ်သည်။
“ငါတို့သာ ဒီရတနာတွေကို အရယူနိုင်ခဲ့ရင်...” အစ်မချင်းက တီးတိုးရေရွတ်ရင်း အသက်ရှူသံများပင် မမှန်ချင် ဖြစ်သွား၏။
လီမြစ်အကြီးအကဲ ငါးယောက်၏ ရတနာတိုက်ပင် ဤရင်ပြင်၏ တစ်စိတ်တစ်ပိုင်းစာ မရှိချေ။
သူတို့သုံးယောက်သာ ဤရတနာများကို ရယူနိုင်ခဲ့လျှင် သီးခြားဂိုဏ်းတစ်ခုပင် ထူထောင်နိုင်သည် မဟုတ်လား။
အစ်ကိုကြီးချွီ၏ အကြည့်များလည်း လှုပ်ရှားသွားပြီး ရယ်မောလိုက်၏။ “ကောင်းကင်ဘုံက ငါတို့ကို မျက်နှာသာပေးလိုက်တာပဲ... ပဉ္စမညီလေး... အဲဒီရတနာတွေ သွားယူလာခဲ့...”
ထိုလူငယ်က သူ့ပြောစကားကို နားထောင်၍ ရင်ပြင်ထဲသို့ ဝင်သွားသည်။ သို့သော်လည်း သူ ထိုသို့ ဝင်သွားသည့်အခိုက်တွင်ပင် မြင်းမြီးယပ်တစ်ခု၏ မြင်းမြီးမျှင်များက ညင်သာစွာ လှုပ်ခါလာသည်ကို မြင်တွေ့လိုက်ရ၏။ ထိုမြင်းမြီးမျှင်များက တဖြည်းဖြည်း ရှည်ထွက်လာပြီး အမျှင်တစ်ခုက အသက်ဝင်နေသည့်ပမာ သူ့ထံသို့ ရွေ့လျားလာသည်။
ထိုမြင်းမြီးမျှင်က အလွန်တရာ သေးမျှင်လှသည့် ဝိညာဉ်မြွေတစ်ကောင်ပမာ ဦးခေါင်းထိပ်ဖျားကို မော့၍ ထိုလူငယ်ကို စစ်ဆေးကြည့်ရှုလိုက်၏။
“အစ်ကိုကြီးချွီ...” ထိုလူငယ်၏ အသံက တုန်ယင်နေပြီး ခေါင်းကို နောက်ပြန်မလှည့်ရဲဘဲ သူ့အစ်ကိုကြီးကို အော်ခေါ်လိုက်သည်။
“ဒီရတနာတွေရဲ့ ပိုင်ရှင်တွေက သေနေပါပြီ...” အစ်ကိုကြီးချွီက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “စိတ်မပူပါနဲ့... ပဉ္စမညီလေး...”
အစ်ကိုကြီးချွီ၏ စကားမဆုံးမီမှာပင် မြင်းမြီးမျှင်က လျှပ်စီးလက်သလို ရှေ့သို့ တိုးဝင်လာပြီး ပဉ္စမညီလေး၏ မျက်လုံးကို ထိုးဖောက်သွားသည်။ အခြားမြင်းမြီးမျှင်များမှာလည်း ပျံဝဲရောက်ရှိလာပြီး ထိုလူငယ်၏ မျက်လုံးနှစ်ဖက်စလုံးကို ထိုးဖောက်ပစ်၏။
သူက ပါးစပ်ကို ဖွင့်ဟ၍ အော်ဟစ်လိုက်သော်လည်း အသံထွက်မလာချေ။
ချင်မူမှာ အနီးကပ် ရှိနေသဖြင့် ထိုလူငယ်၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ခြောက်ခန်းရှုံ့တွလာပြီး တစ်မုဟုတ်ချင်း အရိုးပေါ်အရေတင် အလောင်းကောင် ဖြစ်သွားကြောင်း မြင်တွေ့လိုက်ရသည်။
မြင်းမြီးယပ်က ထိုမျှနှင့် ရပ်တန့်မသွားဘဲ အလောင်းကောင်ကို ဆက်လက် ရစ်ပတ်နေ၏။ များစွာမကြာလိုက်ဘဲ အလောင်းကောင်၏ အရိုးနှင့် အရေခွံများပါ အရည်ပျော်ကျသွားပြီး ကြမ်းပြင်တွင် အဝတ်တစ်စုံနှင့် ဖိနပ်တစ်ရံသာ ကျန်ရစ်ခဲ့တော့သည်။