← Chapters

အမှောင်ထုကျူးကျော်ဝင်ရောက်ခြင်း

Vol. 1 Ch. 10

အမှောင်ထုကျူးကျော်ဝင်ရောက်ခြင်း

Vol. 1 Ch. 10

အစ်ကိုကြီးချွီ၏ နဖူးထက်တွင် ချွေးသီးချွေးပေါက်များ ကျလာပြီး အက်ကွဲကွဲ ရေရွတ်လိုက်၏။ “ဒီရတနာတွေကို ဘယ်သူမှ မယူသွားကြတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ... ညီမလေးချင်း... ဒီရတနာတွေက စိတ်ဝိညာဉ် ရှိနေတယ်... သူတို့ရဲ့ ပိုင်ရှင်မဟုတ်ရင် ရန်ပြုမှာပဲ...”

အစ်မချင်း၏ ကျောရိုးတစ်လျှောက် စိမ့်ဆင်းသွားပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

“ဒီရတနာတွေက ဒီနေရာမှာပဲ တစ်ချိန်လုံး ရှိခဲ့တာ...” ချင်မူက အေးစက်စက် အော်ဟစ်လိုက်၏။ “ဘယ်သူကမှ ယူမသွားဘူး... ဆန်းကြယ်သားရဲတွေတောင် မထိကြဘူး... ဒါ အန္တရာယ်ရှိတယ်ဆိုတာ အသိသာကြီးပဲ... အဲဒါကို သိရဲ့သားနဲ့ မင့်ညီလေးကို အသုံးချပြီး ဟုတ်မဟုတ် သေချာအောင် စမ်းသပ်သေးတယ်... မင်းတို့လို ရက်စက်တဲ့ နှလုံးသားနဲ့ လူတွေကသာ မိစ္ဆာတွေ...”

“မိစ္ဆာကောင်က ငါတို့ရင်ထဲကို အယူမှားတွေ ရိုက်သွင်းနေပြန်ပြီ...” အစ်ကိုကြီးချွီက အလွန်တရာ ဝမ်းနည်းကြေကွဲသော မျက်နှာနှင့် ခေါင်းကို ခါယမ်းလိုက်သည်။ “မင်းက ငါနဲ့ ငါ့ညီလေးရဲ့ ဆက်ဆံရေးကို ဘယ်လောက်များ သိလို့လဲ... မိစ္ဆာကောင်က အမြဲတမ်း မိစ္ဆာကောင်ပဲ... ငါ့စိတ်ကို မင်းရဲ့ မိစ္ဆာစိတ်နဲ့နှိုင်းလို့သာ မင်းလို ရက်စက်ကောက်ကျစ်မယ် ထင်နေတာပေါ့... ငါ မင်းနဲ့ ထပ်မငြင်းတော့ဘူး... မနက်ဖြန် ရောက်တဲ့အခါမှ မင်းသွားရမဲ့လမ်းကို အရောက်ပို့ပေးမယ်...”

ချင်မူ မျက်မှောင်ကြုတ်လိုက်၏။

ဤအစ်ကိုကြီးချွီဆိုသူက လှည့်စားကောက်ကျစ်ပြီး အသနားအညှာတာ ကင်းမဲ့လှသည်။ သူ့ဂိုဏ်းတူညီလေး၏ အသက်ကိုပင် အသုံးချနိုင်သေးလျှင် သူ့ကိုလည်း သေချာပေါက် ဤနေရာမှ အသက်ရှင်လျက် ထွက်သွားခွင့် ပေးလိမ့်မည် မဟုတ်ချေ။

ချင်မူ့အတွက် ကံဆိုးလှသည်မှာ ဤအစ်ကိုကြီးချွီက အတော်လေး သိုင်းအဆင့်မြင့်နေခြင်း ဖြစ်၏။ သူ့ကို အနိုင်ယူရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် ဓားစွမ်းထက်လှသော အစ်မချင်းကလည်း သူ့နံဘေးတွင် ရှိနေသေးသည်။

ရုတ်တရက် မြေပြင်တစ်ခုလုံး သွက်သွက်ခါအောင် လှုပ်ရမ်းပြီး မြို့ပျက်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွား၏။ ဆန်းကြယ်သားရဲများမှာ တအီအီ အော်ညည်း၍ သူတို့ ရောက်နေသည့် နေရာတွင်ပင် ကျုံ့ကျုံ့လေး ခွေကျသွားပြီး စိုးရိမ်ထိတ်လန့်သည့် အမူအရာများဖြင့် မြို့ပျက်ရှေ့မှ မုခ်ပေါက်ဝသို့ ကြည့်လိုက်ကြသည်။

“ဒီဆန်းကြယ်သားရဲတွေက ဘာကို ကြောက်နေကြတာလဲ...”

ချင်မူ၏ ခေါင်းထဲ၌ ထိုအတွေး ပေါ်လာသည့်အခိုက်တွင်ပင် အလွန်တရာ ထူထဲသိပ်သည်းသော အမှောင်ထုက မုခ်ပေါက်ဝဆီမှ ဒီရေလှိုင်းတစ်ခုပမာ ရုတ်တရက် တိုးဝင်လာ၏။

ချင်မူ အလန့်တကြား နောက်ခုန်ဆုတ်လိုက်မိသည်။ သို့သော်လည်း မမြင်ရသည့် အတားအဆီးအလွှာတစ်ခုကဲ့သို့ အရာက မုခ်ပေါက်ဝကို ဖုံးလွှမ်း၍ အမှောင်ထုကို တားဆီးထားကြောင်း တွေ့လိုက်ရ၏။ အမှောင်ထုက ထိုအတားအဆီးလွှာကို ပြင်းထန်စွာ တိုးတိုက်၍ ချိုးဖျက်ရန် ကြိုးစားနေသည်။

အတားအဆီးအလွှာက အမှောင်ထု တိုးဆောင့်လာတိုင်း တွန့်ခေါက်ပုံပျက်သွားသော်လည်း ပျက်စီးပြိုကွဲသွားခြင်းတော့ မရှိပေ။ အမှောင်ထုက အတားအဆီးအလွှာနှင့် တိုးတိုက်ရင်း တစ်ခါတစ်ရံတွင် ချွန်ထက်သော လက်သည်းများအသွင် ဖြစ်သွားလိုက်၊ တစ်ခါတစ်ရံတွင် မီးခိုးငွေ့ အမျှင်တန်းများ၊ မရေမတွက်နိုင်သော ဆူးချွန်များ ဖြစ်သွားလိုက်နှင့် အဆက်မပြတ် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနေသည်။

ထို့နောက်တွင် အတားအဆီးလွှာကို အဆက်မပြတ် တွန်းတိုက်တိုးဆောင့်နေသော အမှောင်ထုက ရုတ်တရက် ရပ်တန့်သွား၏။ ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ကျသွားသည်။ တစ်ခဏမျှ ကြာပြီးသည့်နောက်တွင် အစောက တွန့်ခေါက်ပုံပျက်နေသော အတားအဆီးအလွှာမှာ ရှည်လျားဆန့်ထွက်လာ၏။

အမှောင်ထုက အတားအဆီးလွှာကို လူမျက်နှာပုံတစ်ခုပေါ်အောင် တွန်းကပ်လာသည်။ ထိုလူမျက်နှာကြီးမှာ နဖူးပြင်က ချိုင့်ဝှမ်းအထက်ကောင်းကင်တွင် နေရာယူ၍ မေးစေ့က မြေပြင်ကို ထိစပ်နေသည်အထိ အလွန်တရာ ကြီးမားလှ၏။

မြို့ပျက်အတွင်းမှ ဆန်းကြယ်သားရဲများ အားလုံးမှာ မြေပြင်တွင် ပြားပြားဝပ်သွားပြီး တစ်စက်ကလေးမျှပင် မလှုပ်ရဲကြတော့ချေ။ ယုတ်စွအဆုံး အမှောင်ထုမျက်နှာကြီးကိုပင် စေ့စေ့မကြည့်ရဲကြတော့။

ထိုမျက်နှာကြီးတွင် နက်မှောင်နေသော မျက်လုံးသုံးလုံး ရှိ၏။ ချင်မူ၏ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားပြီး အမှောင်ထုက သူ့ဝိညာဉ်ကို ဆွဲစုပ်ယူငင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အမှောင်ထုမျက်နှာကြီးဆီမှ ရုတ်တရက် ပြတ်တောက်ပြတ်တောက် စကားသံများ စီးဆင်းထွက်ပေါ်လာ၏။

“ချီ ခယ့် သို၊ စာ မို ယဲ့၊ ပေါ် ရယ် ပေါ် ရယ် စာ မို ယဲ့၊ ချီ ခယ့် သို ပေါ် ရယ် စာ မို ယဲ့...” ထိုစကားသံက နားမလည်နိုင်သည့် ဘာသာစကားတစ်ခုဖြင့် ရွတ်ဆိုနေခြင်း ဖြစ်ပြီး များစွာသော အသံများ စုပေါင်းရောနှော၍ ထွက်ပေါ်လာသကဲ့သို့ ပဲ့တင်ထပ်တုန်ခါနေ၏။

ထူးဆန်းစွာ စိမ့်ဖြာလာသော အားအင်လှိုင်းကြောင့် မြို့ပျက်အတွင်းရှိ မြေပြင်မှာ အဆက်မပြတ် လှုပ်ခါလာသည်။ နန်းတော်အဆောက်အဦနံရံများနှင့် တိုင်လုံးများရှိ အက်ကွဲကြောင်းများမှာ ကြီးမားသည်ထက် ကြီးမားလာပြီး အတော်များများမှာ တုန်ခါမှုကြောင့် ပြိုလဲပျက်စီးသွားကြ၏။

မုခ်ပေါက်ဝမှာလည်း တုန်ခါမှုကြောင့် အကျိုးအပဲ့အမှုန်များ စတင်ဖွာလွင့်လာပြီး ဆက်လက် တောင့်မခံနိုင်တော့သည့် လက္ခဏာများ ပြလာသည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ ရင်ပြင်ဆီမှ တောက်ပသော အလင်းရောင်တစ်ခု ထွန်းလင်းလာ၏။ အရိုးစုခေါင်းဆောင်၏ လက်ဖဝါးထက်တွင် မျောလွင့်နေသော ညလင်းပုလဲက စတင်လင်းလက်၍ တဖြည်းဖြည်း ပိုမို တောက်ပလာသည်။

ချင်မူ သူ့နောက်မှ တောက်ပလာသည့် အလင်းရောင်ကို သတိပြုမိပြီး ချက်ချင်း လှည့်ကြည့်လိုက်ရာ ပုလဲလုံးက ကောင်းကင်ယံသို့ မြင့်တက်သွားကြောင်း မြင်တွေ့လိုက်ရ၏။ ထိုပုလဲဆီမှ ထွန်းလင်းနေသည့် အလင်းရောင်က ရောင်စဉ်အမျိုးမျိုး ဖြာထွက်နေသည်။

သက်တံရောင်အလင်းစူးစူးက ရာချီသော အရိုးစုများအပေါ် လဲ့ဖြာကျရောက်သွား၏။ အလင်းရောင်၏ ပက်ဖြန်းလွှမ်းခြုံခြင်း ခံလိုက်ရသော အရိုးစုများမှာ ရုတ်တရက် အသက်ဝင်လာကြသည်။

ချင်မူမှာ ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏။

သူ့အတွက်တော့ အလင်းရောင်အောက်မှ အရိုးစုများက အရိုးစုမဟုတ်တော့။

ပန်းသွေးရောင်နှုတ်ခမ်းများ၊ အဝတ်အစား တောက်တောက်ပြောင်ပြောင်များနှင့် ချောမောလှပသည့် အသွေးအသားနှင့် မိန်းမပျိုများ ဖြစ်သွားကြသည်။

ထိုမိန်းမပျိုများက အရိုးစုများ ထိုင်နေခဲ့သည့် ရင်ပြင်နေရာတွင်သာ အတိအကျ ထိုင်နေကြ၏။ သူတို့၏ ခေါင်းဆောင် မိန်းမပျိုကလည်း ညလင်းပုလဲကို ကိုင်ဆောင်ထားပြီး ယခုအခါ ထိုပုလဲက ကောင်းကင်ယံထက်သို့ တဖြည်းဖြည်း မြင့်တက်နေသည်။

အမှောင်ထုမျက်နှာကြီးကဲ့သို့ပင် ထိုမိန်းမပျိုများကလည်း နားလည်ရခက်သည့် ထူးဆန်းသော ဘာသာစကားတစ်ခုဖြင့် စတင် ရွတ်ဆိုလာကြ၏။

“ရီ ဖို ရှို့ ဖို စာ နန် ကျွင့် ဟဲ ရှီ၊ ကွမ် မင် သွမ့် ကျင့် ဝူ စစ် ကျန်း ယို...” သူတို့၏ အသံများက တိုးညင်စွာဖြင့် တညီတညာတည်း ထွက်ပေါ်လာသည်။

အမှောင်ထု၏ အသံက တဖြည်းဖြည်း ပို၍ ကျယ်လောင်လာပြီး တောင်ကြားချိုင့်ဝှမ်းတစ်ခုလုံး တုန်ခါမှုများ ပိုမို ပြင်းထန်လာ၏။ အမှောင်ထုက မြို့ပျက်ဆီသို့ နေရာအနှံ့မှ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေသကဲ့သို့ မိန်းမပျိုများ၏ အသံကလည်း ပို၍ ကြည်လင်ပြီး ပို၍ အင်အားကောင်းလာသည်။ ထို့နောက်တွင် လေထဲ၌ မျောလွင့်နေသော ညလင်းပုလဲထံမှ အလင်းလှိုင်းများက အမှောင်ထုဆီသို့ တစ်ခုပြီးတစ်ခု တိုးဝင်ထွန်းလင်းကာ မီးခိုးငွေ့များကို လေဖြင့် မှုတ်ထုတ်သကဲ့သို့ ဖယ်ရှားပစ်၏။

အမှောင်ထု၏ အသံနှင့် မိန်းမပျိုများ၏ စုပေါင်းအသံက မိစ္ဆာနတ်ဆိုးနှင့် နတ်ဘုရားတို့ အသံတိုက်ပွဲ ဆင်နွှဲနေသကဲ့သို့ရှိပြီး တစ်ဖက်နှင့် တစ်ဖက် အသာရလိုက်၊ အရေးနိမ့်လိုက် ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် အမှောင်ထုနှင့် အလင်းရောင်ကလည်း တစ်ဘက်နှင့် တစ်ဘက် ထိပ်တိုက် ရင်ဆိုင်တွေ့နေကြ၏။

ဤမယုံနိုင်စရာ တိုက်ပွဲက ချင်မူ၏ စိတ်အလျဉ်တစ်ခုလုံးကို ဖမ်းစားသွားသည်။ သူ့တစ်သက်လုံး မဟာမြို့ပျက်တွင် နေထိုင်ခဲ့သော်လည်း ဤမျှ ထူးခြားဆန်းကြယ်သော မြင်ကွင်းကို ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်၏။

“ဒီအသံက...” တစ်စုံတစ်ခုကို သတိပြုမိပြီး သူ ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။

မိန်းမပျိုများ၏ စုပေါင်းအသံမှာ ဝိညာဉ်သန္ဓေသားနံရံကို ဖျက်ဆီးရန် ကြိုးစားစဉ်က ကြားခဲ့ရသော နတ်ဘုရားသံနှင့် ဆင်တူနေ၏။ ထိုအသံနှစ်သံစလုံးက တူညီသော ကြီးမြတ်သန့်စင်မှု ကိန်းဝပ်ပါဝင်နေသည်။ စကားလုံးများက ကွဲပြားခြားနားသော်လည်း တူညီသည့် ခံစားချက်ကို ပေးစွမ်းနိုင်၏။

သူ့ဝိညာဉ်သန္ဓေသားနံရံကို ချီစွမ်းအင်ဖြင့် ချိုးဖျက်ရန် ကြိုးစားသည့်အခါတိုင်း အထက်ကောင်းကင်ကိုးဆင့်မှ ဆင်းသက်လာသော ကောင်းကင်နတ်ဘုရားသံ တိုးတိုးသဲ့သဲ့ကို ကြားရသည်။ ထိုအသံ ကြားသည့်အခါတိုင်း သူ၏ ချီစွမ်းအင်က ဝိညာဉ်သန္ဓေသားနံရံမှ ထိန်းမနိုင်သိမ်းမရ ပြန်လည်ဆုတ်ခွာလာပြီး ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။

အသံနှစ်သံ၏ တိုက်ပွဲအရှိန်က မြင့်တက်နေဆဲ ဖြစ်သည်။ ထိုအသံနှစ်သံစလုံးက သူ့နည်းနှင့်သူ စွမ်းအားကြီးမားပြီး မည်သူကမျှ ကြာရှည်စွာ အသာစီးရခြင်း မရှိချေ။

အမှောင်ထုထဲမှ တုန်ခါထွက်ပေါ်လာသော အသံက အားကောင်းပြီး ကြောက်မက်ဖွယ်ရာ ဖြစ်သကဲ့သို့  မိန်းမပျိုများ၏ စုပေါင်းအသံကလည်း မြင့်မြတ်သန့်စင်၍ သာယာနာပျော်ဖွယ် ဖြစ်ကာ ကြံ့ကြံ့ခံနိုင်၏။ မိစ္ဆာနတ်ဆိုးအသံက ထာဝရ အသာစီးရယူသွားတော့မည်ကဲ့သို့ ထင်ရသည့်အခါတိုင်း မိန်းမပျိုများက ၎င်း၏သံစဉ်ကို ခွဲခြမ်းစိတ်ဖြာပြီး ကျော်လွှားသွားနိုင်သည်။

အခြားတစ်ဘက်တွင်လည်း မိစ္ဆာနတ်ဆိုးအသံက အရေးနိမ့်သွားပြီးတိုင်း အမြဲတစေ ပြန်လည် ခေါင်းထောင်ထလာနိုင်၏။ နောက်ဆုတ်သွားပြီးသည်နှင့် ရိုင်းစိုင်းကြမ်းတမ်းသည့် ပင်လယ်လှိုင်းလုံးတစ်ခုပမာ ဝုန်းခနဲ ပြန်လည် ပေါက်ကွဲထွက်လာသည်။

အသံနှစ်သံစလုံးက သူ့နည်းသူ့ဟန်ဖြင့် ထူးခြားခမ်းနားနေ၏။

ချင်မူက သူတို့၏ အဆက်မပြတ် ရုန်းကန်တိုက်ခိုက်မှုများတွင် အာရုံနစ်မျောနေရာမှ မိန်းမပျိုများ၏ စုပေါင်းအသံကို နားထောင်ပြီး သူ့ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာသည်။

“မိစ္ဆာသံက နတ်ဘုရားသံနဲ့ တိုက်ခိုက်နေတာ... ဒီနတ်ဘုရားသံက ငါ နံရံချိုးဖျက်လို့ မရအောင် တားဆီးနေတဲ့ အသံနဲ့ အတော်တူတာပဲ... ငါလည်း မိစ္ဆာသံကို သုံးပြီး အဲဒီအသံကို တန်ပြန်တိုက်ခိုက်နိုင်ချင် တိုက်ခိုက်နိုင်မှာ...”

ချင်မူမှာ ထိုသည်က အကြံကောင်းဖြစ်ကြောင်း စိတ်ဆုံးဖြတ်လိုက်ပြီး ဝမ်းသာအားရ ဖြစ်သွား၏။

မိစ္ဆာသံ ရွတ်ဆိုနေသော စကားလုံးများကို သင်ယူနိုင်ပါက သူ့ခေါင်းထဲတွင် နတ်ဘုရားသံ မြည်ဟည်းလာသည်နှင့် တန်ပြန် ရွတ်ဆိုနိုင်ပေလိမ့်မည်။ ထိုသို့ ရွတ်ဆိုခြင်းဖြင့် အထက်ကောင်းကင်ကိုးဆင့်မှ အသံကို တန်ပြန်ခုခံပြီး သူ၏ ချီစွမ်းအင်ဖြင့် ဝိညာဉ်သန္ဓေသား နံရံကို ချိုးဖျက်ကောင်း ချိုးဖျက်နိုင်မည် ဖြစ်သည်။

ဝိညာဉ်သန္ဓေသား နံရံကိုသာ ချိုးဖျက်နိုင်ပါက သူ၏ လောကသခင်ခန္ဓာကိုယ်၊ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ဖြင့် အစ်ကိုကြီးချွီနှင့် အစ်မချင်းတို့ကို ကြောက်စရာလိုတော့မည် မဟုတ်ချေ။

သို့သော်လည်း သူ့အတွေးများ ထိုမျှထိအရောက်တွင် တစ်ကိုယ်လုံး ရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ရုတ်တရက် အေးစက်တောင့်တင်းသွားသည်။

သူ့ခေါင်းထဲမှ အသံက အမှန်တကယ်သာ ကောင်းကင်ကိုးဆင့်မှ နတ်ဘုရားသံ ဖြစ်ပြီး ထိုအသံကို တန်ပြန်ထိုးစစ်ဆင်ရန်အတွက် မိစ္ဆာသံကို အသုံးပြုခဲ့လျှင် သူက နတ်ဘုရားများ ပိတ်လှောင်ချုပ်နှောင်ထားသည့် မိစ္ဆာနတ်ဆိုးတစ်ကောင် ဖြစ်မသွားပေဘူးလား။

အစ်ကိုကြီးချွီနှင့် ကျန်သူများက တစ်ချိန်လုံး အမှန်ကို ပြောခဲ့သည်လား။ သူက တကယ်ပဲ မိစ္ဆာနတ်ဆိုးပေါက်စလေလား။

“မ... မဖြစ်နိုင်ဘူး...” ချင်မူ ခေါင်းကို ယမ်းလိုက်သည်။ သူသာ မိစ္ဆာနတ်ဆိုး ဖြစ်လျှင် သူ၏ လောကသခင်ခန္ဓာကိုယ်က မိစ္ဆာတစ်ကောင်၏ ခန္ဓာကိုယ် ဖြစ်မသွားပေဘူးလား။

ထိုသို့သာဆိုလျှင် အဘယ်ကြောင့် ရွာထဲရှိလူများက လောကသခင်ခန္ဓာဟု ခေါ်ကြသေးသနည်း။ မိစ္ဆာခန္ဓာဆိုသည်က ပို၍ မှန်ကန်တိကျလိမ့်မည် မဟုတ်လား။

“ငါ့ခန္ဓာကိုယ်က မိစ္ဆာခန္ဓာဖြစ်ဖြစ်၊ လောကသခင်ခန္ဓာဖြစ်ဖြစ် ဘာအရေးလဲ... အရင်ဆုံး ဝိညာဉ်သန္ဓေသားနံရံကို ဖျက်ဆီးရမယ်...”

သူ့စိတ်ထဲမှ အတွေးများ ပြတ်သားခိုင်မာသွားသည်နှင့် ချင်မူ စတင် အကောင်အထည် ဖော်လိုက်၏။ အမှောင်ထု၏ အသံမှ စကားလုံးများသာမက ဌာန်၊ မာန်၊ လေသံအနိမ့်အမြင့်တို့ကိုပါ စွဲနေအောင် မှတ်သားလိုက်သည်။

အကုန်လုံး အလွတ်ရသွားကြောင်း သေချာသည်နှင့် ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လေ့ကျင့်၍ သူ၏ ချီစွမ်းအင်ကို လှည့်လည်လိုက်၏။ ချီစွမ်းအင်များအားလုံးကို မျက်ခုံးနှစ်ခုအလယ်ရှိ ဝိညာဉ်သန္ဓေသားနံရံဆီသို့ ပို့လွှတ်ရင်း မိစ္ဆာသံ စကားလုံးများကို ရွတ်ဆိုလိုက်သည်။

All Chapters