← Chapters

အတားအဆီးနံရံ ချိုးဖျက်ခြင်း

Vol. 1 Ch. 11

အတားအဆီးနံရံ ချိုးဖျက်ခြင်း

Vol. 1 Ch. 11

အဘွားစစ်ဖြစ်စေ၊ ရွာလူကြီးဖြစ်စေ ဤနေရာတွင်သာ ရှိနေပါက ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်အောင် ပေါက်ကရ လျှောက်လုပ်သည့်အတွက် ချင်မူ့ကို ဆူငေါက်ပြီး ဖြစ်ချေလိမ့်မည်။

မည်သို့ဆိုစေ နတ်ဘုရားသံက မြို့ပျက်ထဲမှ မိန်းမပျိုတို့၏ စုပေါင်းသံနှင့် ကွာခြားသည် မဟုတ်လား။ အဘွားစစ်နှင့် ရွာလူကြီးတို့သာဆိုလျှင် မိစ္ဆာသံကို အသုံးပြု၍ နတ်ဘုရားသံကို တွန်းလှန်ပြီး နံရံချိုးဖျက်ရန် ကြိုးစားခြင်းမှာ မှားယွင်းသည်ဟု ယူဆကြပေလိမ့်မည်။ နတ်ဘုရားသံက မိစ္ဆာသံကို ထူးဆန်းသော တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်ခဲ့လျှင် ရလဒ်က ချင်မူ၏ အသက် ဆုံးရှုံးရုံမျှနှင့် ပြီးလိမ့်မည် မဟုတ်။

မည်သည့်အခါမျှ ပြန်မမွေးဖွားလာအောင် သူ့ဝိညာဉ်ပါ ထာဝရ ချုပ်ငြိမ်းသွားနိုင်၏။

သို့သော်လည်း ထိုသို့ဖြစ်နိုင်ချေကို ချင်မူ့ခေါင်းထဲ ရောက်လာအောင် သတိပေးမည့်သူ နှစ်ယောက်စလုံးက ဤနေရာတွင် ရှိမနေသည့်အတွက် ဘေးအန္တရာယ်ကို သူ သတိမူမိခြင်း မရှိချေ။

ချင်မူက မိစ္ဆာသံကို အလွတ်ရသွားသည်နှင့် စတင် စမ်းသပ်ကြည့်လိုက်၏။

မျက်ခုံးနှစ်ခုကြား နေရာသို့ သူ၏ ချီစွမ်းအင် ရောက်သည်နှင့် ကြားနေကျ အထက်ကောင်းကင်ကိုးဆင့်မှ နတ်ဘုရားသံ ထွက်ပေါ်လာပြီး ပြန်လည် တွန်းထုတ်လိုက်သည်။ သူ မိစ္ဆာသံအလင်္ကာကို စတင် ရွတ်ဆိုလိုက်၏။ တစ်မုဟုတ်ချင်းပင် နတ်ဘုရားသံနှင့် မိစ္ဆာသံတို့ ထိပ်တိုက်တွေ့သွားသည်။

ချင်မူ ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ သူ၏ ချီစွမ်းအင်ကို အားကုန် ပို့လွှတ်၍ ဝိညာဉ်သန္ဓေသားနံရံကို ဖြိုခွဲရန် ကြိုးစားလိုက်၏။ သို့သော်လည်း နတ်ဘုရားသံက သူ၏ မိစ္ဆာသံကို အမြဲလိုလို ဖြိုခွင်းနိုင်ခဲ့ပြီး ချီစွမ်းအင်များ နောက်ပြန်ဆုတ်လာရသည်။

အကြိမ်ကြိမ် ကြိုးစား၍ မအောင်မြင်သော်လည်း ချင်မူက စိတ်ပျက်အားလျော့ခြင်းမရှိဘဲ သူ၏ ချီစွမ်းအင်ကို ဝိညာဉ်သန္ဓေသားနံရံထံ ဆက်လက် ပို့လွှတ်နေ၏။ အကြိမ်ပေါင်း ရာချီ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်တွင်တော့ သူ၏ ချီစွမ်းအင်က ဝိညာဉ်သန္ဓေသားနံရံကို ပထမဆုံးအကြိမ် ထိအောင် ဝင်ဆောင့်နိုင်ခဲ့သည်။

သို့သော်လည်း ဝိညာဉ်သန္ဓေသားနံရံက ပြိုလဲမသွားချေ။ ကြံ့ကြံ့ခံ ရပ်တည်နေဆဲသာ ရှိ၏။

“နတ်ဘုရားသံက ငါ့ကို အနှောင့်အယှက်ပေးနေတော့ ချီစွမ်းအင် အကုန်လုံး အသုံးချလို့ မရဘူး ဖြစ်နေတာ...” ချင်မူက သူ့ဖာသာ ဆင်ခြင်သုံးသပ်ပြီးနောက် ဖြစ်ပျက်ပုံအလုံးစုံကို သဘောပေါက်သွားသည်။ “အဲဒါကြောင့် နံရံက မကျိုးပျက်တာပဲ...”

ပြဿနာ၏ အရင်းအမြစ်ကို ရှာတွေ့သည်နှင့် ချင်မူက နံရံချိုးဖျက်ခြင်းအမှုကို ဆက်လက် အားစိုက်လိုက်၏။  အကြိမ်ပေါင်းများစွာ မအောင်မမြင် ဖြစ်ပြီးသည့်နောက်တွင် ဝိညာဉ်သန္ဓေသားနံရံကို သူ၏ ချီစွမ်းအင်နှင့် နောက်တစ်ကြိမ် ဝင်ဆောင့်အောင် ပြုလုပ်နိုင်ခဲ့သည်။

ပထမတစ်ကြိမ်ကကဲ့သို့ပင် ပြိုလဲသွားခြင်း မရှိပေ။

ထို့နောက် များစွာမကြာဘဲ တတိယအကြိမ် အောင်မြင်စွာ ဝင်ဆောင့်နိုင်ခဲ့၏။ ထို့နောက် စတုတ္ထအကြိမ်၊ ထို့နောက် ပဉ္စမအကြိမ်...။

ဆေးဆရာထံတွင် ပရဆေးပင်များဖြင့် ဆေးဖော်စပ်ပုံ သင်ယူပြီးကတည်းက ချင်မူ အကြွင်းမဲ့ စိတ်ရှည် သည်းခံတတ်လာခဲ့သည်။ ဆေးဝါးဖော်စပ်ခြင်း ဆိုသည်မှာ လူတစ်ယောက်၏ စိတ်ရှည်မှု၊ ဉာဏ်ပညာ၊ ထိုးထွင်းသိမြင်မှု၊ အသေးစိတ်လုပ်ဆောင်နိုင်မှုတို့ကို စမ်းသပ်ခြင်း ဖြစ်၏။ ထိုအရည်အချင်းများအနက် စိတ်ရှည်သည်းခံနိုင်မှုက အရေးအကြီးဆုံး ဖြစ်သည်။ စိတ်မရှည်လျှင် အစွမ်းထက်ဆေးတစ်ဖုံကို မည်သို့မျှ ဖော်စပ်နိုင်လိမ့်မည် မဟုတ်ပေ။

မရေမတွက်နိုင်အောင် ကြိုးစားခဲ့ပြီးသည့်နောက် မျက်ခုံးနှစ်ခုကြားနေရာမှ အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

ထိုအသံက ညင်းပျောင်းသာယာသည့် ကောင်းကင်တေးသွား သံစဉ်တစ်ခုပမာ ဖြစ်သည်။ ချင်မူက စိတ်ဓာတ်ခိုင်ကျည်သူ ဖြစ်သည့်တိုင် လှိုက်ခနဲ ဝမ်းသာမိသွား၏။

လျှစ်စီးတန်းပုံ အက်ကွဲကြောင်း တစ်ခုက ဝိညာဉ်သန္ဓေသားနံရံတွင် ပေါ်ထွက်လာသည်။

ဝိညာဉ်သန္ဓေသားနံရံက မျက်စိဖြင့် မြင်တွေ့နိုင်ခြင်း မရှိသည့်အတွက် ထိုအဖြစ်ကို ခံစား၍သာ ရ၏။ မျက်ဝါးထင်ထင် မမြင်တွေ့ရချေ။

ထိုအက်ကွဲကြောင်း ပေါ်လာသည့်အခိုက်တွင် သူ့မျက်ခုံးနှစ်ခုကြားမှ အလင်းတန်းတစ်ခုက လျှပ်စီးတန်းကဲ့သို့ ထွက်ပေါ်လာသည်။

ချင်မူ အံ့ဩမှင်တက်မိသွား၏။

လူတစ်ယောက်၏ မျက်လုံးများ ပိတ်ထားလျှင် အရာအားလုံး အမှောင်အတိ ကျနေပေလိမ့်မည်။ မျက်ခုံးနှစ်ခုကြားမှ နေရာကို မျက်စိဖြင့် မြင်တွေ့နိုင်ခြင်း မရှိသကဲ့သို့ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနှင့် ဝိညာဉ်သန္ဓေသားနံရံကိုလည်း မြင်တွေ့နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ချီစွမ်းအင်ဖြင့် ဝိညာဉ်သန္ဓေသားနံရံတွင် အက်ကြောင်းတစ်ခု ဖန်တီးနိုင်ခဲ့ပါက အမှောင်ထုထဲတွင် လျှပ်စီးပုံ အလင်းတန်းတစ်ခုကို မြင်တွေ့ရသည်။ ထိုအခါ ဝိညာဉ်သန္ဓေသားနံရံကိုလည်း မြင်တွေ့နိုင်ပေလိမ့်မည်။

ချင်မူက ဝိညာဉ်သန္ဓေသားနံရံကို မြင်တွေ့လိုက်ရသည်သာမက ထိုအက်ကွဲကြောင်းမှတစ်ဆင့် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကိုပါ မြင်တွေ့လိုက်ရ၏။

ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်နေသည်။ ထိုအလင်းတန်းများနှင့်အတူ သိပ်သည်းသော ချီစွမ်းအင်များက လျှပ်စီးပုံ အက်ကွဲကြောင်းမှတစ်ဆင့် ယိုစီးကျလာပြီး နံရံအပြင်ဘက်ရှိ ချီစွမ်းအင်များနှင့် ပေါင်းစည်းသွား၏။

နံရံ၏ အခြားတစ်ဘက်မှ ကောင်းကင်ရတနာနှင့်အတူ ရှိနေသော ချီစွမ်းအင်များက ချင်မူ တစ်ချိန်လုံး လေ့ကျင့်နေခဲ့သည့် ချီစွမ်းအင်ထက် ပိုမို သန့်စင်ပြီး စွမ်းအား ကြီးမားသည်။ သို့သော်လည်း ထိုချီစွမ်းအင်နှစ်ခု တူညီသည့် အချက်မှာ မည်သည့် ဝိသေသ ဓာတ်သတ္တိမျှ မရှိခြင်း ဖြစ်၏။

ချင်မူ့အနေဖြင့် သူလေ့ကျင့်နေသော ချီစွမ်းအင်မှာ လောကသခင်ခန္ဓာ ချီစွမ်းအင်ဟု အခိုင်အမာ ယုံကြည်ထားသဖြင့် ထိုချီစွမ်းအင်များ၌ ဓာတ်သတ္တိကင်းမဲ့နေခြင်းအပေါ် မည်သို့မျှ ခံစားရခြင်း မရှိချေ။

ထိုချီစွမ်းအင်များအပြင် ပို၍ လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခုက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၏ အတွင်း၌ တည်ရှိနေသည်။ သို့သော်လည်း နံရံက လျှပ်စီးပုံ အက်ကွဲကြောင်းလေး တစ်ခုသာ ပေါ်ထွက်ခဲ့ပြီး အပြီးတိုင် ကျိုးပျက်သွားခြင်း မဟုတ်သဖြင့် အထဲတွင် မည်သည့်အရာ ရှိနေသည်ကို ချင်မူ မမြင်ရပေ။

ထိုလျှပ်စီးပုံ အက်ကွဲကြောင်းက စတင်၍ ပြန်လည် စေ့ပိတ်လာသဖြင့် ချင်မူ စိတ်ဓာတ်ကျသွားသည်။ ဝိညာဉ်သန္ဓေသားနံရံက ထင်သလောက် ရိုးရှင်းပုံ မရချေ။ ထူးခြားသည့် သွင်ပြင် ရှိပြီး ကော်စေးကဲ့သို့ အသွင်မဲ့စွမ်းအင်တစ်မျိုးဖြင့် ဖွဲ့စည်းထားဟန် တူ၏။ သို့အတွက်ကြောင့် စုတ်ပြဲသွားသည့်အခါတိုင်း သူ့ဖာသာ ပြန်လည် စေ့ပိတ်သွားခြင်း ဖြစ်ပေလိမ့်မည်။

တစ်ချက်တည်းနှင့် ပြိုလဲပျက်စီးသွားအောင် မလုပ်နိုင်လျှင် ဝိညာဉ်သန္ဓေသားနံရံကို သူ ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။

“ငါ့ရဲ့ ချီစွမ်းအင်က အားနည်းသေးတယ်... ဒါပေမဲ့ နံရံကို အက်ကွဲကြောင်းပေါ်အောင် များများ လုပ်နိုင်လေလေ ငါ့ချီစွမ်းအင် ပိုပြီး စွမ်းအားကြီးလာလေလေ ဖြစ်မှာပဲ... တဖြည်းဖြည်းနဲ့ ဝိညာဉ်သန္ဓေသားနံရံကို အပြီးအပိုင် ဖျက်ဆီးပစ်နိုင်တဲ့အထိ စွမ်းအားကြီးလာမှာပါ...”

သူ့စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပြီးသည့်အခိုက်မှာပင် ကြက်တွန်သံတစ်သံက ချင်မူ၏ စိတ်အလျဉ်ကို လှုပ်နှိုးလိုက်သည်။ ထိုအသံကြောင့် သူ့ရင်တစ်ခုလုံး လှုပ်ရှားသွားပြီး အလျင်အမြန် မျက်စိဖွင့်ကြည့်လိုက်၏။

ချင်မူ၏ အနီးရှိ ဆန်းကြယ်သားရဲများထဲတွင် လည်ဆံမွေးပြောင်ကြက်အချို့ ရှိနေသည်။ ထိုကြက်များက ပုံမှန်ထက် ထူးကဲစွာ ကြီးမားပြီး လူတစ်ယောက်အရွယ်ခန့် ရှိ၏။ သူတို့၏ အမွေးအတောင်များကလည်း ပြောင်လက်တောက်ပနေသည်။ သို့သော်လည်း လည်ပင်းတွင်တော့ မည်သည့် အမွေးအတောင်မျှ မရှိ။ ထိုကြက်များမှာ အစောက တွန်လိုက်သည့် ကြက်များ ဖြစ်၏။

“မနက်ရောက်တော့မှာပဲ...” ချင်မူ ဈာန်ဝင်နစ်မျောနေရာမှ နိုးထလာပြီး ရေရွတ်လိုက်သည်။

အရုဏ်တက်တော့မည့် အရိပ်အယောင်အဖြစ် ဝိုးတဝါး အလင်းတန်းများက အရှေ့ဘက် ကောင်းကင်ယံတွင် စတင် ပေါ်ထွက်လာ၏။ ချင်မူ့အနေဖြင့် ဝိညာဉ်သန္ဓေသားနံရံကို အပြီးအပိုင် ကျိုးပျက်သွားအောင် ကြိုးစားချိုးဖျက်ရန် နောက်ကျသွားချေပြီ။

နံရံချိုးဖျက်နိုင်သည့် နည်းလမ်းကို တွေ့ရှိခဲ့ခြင်းက အတော်လေးကောင်း၏။ အစ်ကိုကြီးချွီနှင့် အစ်မချင်းတို့၏ လက်ထဲမှ လွတ်အောင် ပြေးနိုင်ခဲ့လျှင် ထိုနံရံများကို ချိုးဖျက်ရန် အချိန်များစွာ ရှိပေသေးသည်။

ဝိညာဉ်သန္ဓေသားနံရံတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ရုံသာ လုပ်နိုင်ခဲ့သော်လည်း ချင်မူ၏ ကျင့်စဉ်စွမ်းအင်က သူတို့၏ လက်ထဲမှ လွတ်အောင်ပြေးနိုင်မည်ဟု ယုံကြည်ချက် ရှိလောက်အောင် တိုးတက်လာ၏။

“မနက်လင်းတော့မယ်...” အစ်ကိုကြီးချွီက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“ဂိုဏ်းတူမောင်လေးသုံးယောက်က ဒီမိစ္ဆာကောင်လေးရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာ...” အစ်မချင်းက အေးစက်စက် ပြောလိုက်၏။ “ညီမလေးတို့ ဒီကောင်လေးကို လွတ်မြောက်ခွင့်ပေးလိုက်ရင် သူတို့ရဲ့ ဝိညာဉ်တွေက ကောင်းကင်ဘုံမှာ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်မှာ မဟုတ်ဘူး...”

ချင်မူ ထရပ်၍ အညောင်းဆန့်ပြီး သူတို့၏ ပြောစကားများကို မကြားဟန်ဆောင်လိုက်သည်။

ရင်ပြင်ထဲမှ မိန်းမပျိုများက အမှောင်ထုနှင့် အသည်းအသန် တိုက်ပွဲဆင်နွှဲနေဆဲ ရှိပြီး အလင်းနှင့် အမှောင်က သူမသာကိုယ်မသာ အနေအထားတွင် ရှိနေ၏။

များစွာမကြာလိုက်ဘဲ နောက်ထပ် ကြက်တွန်သံတစ်သံ ထပ်မံထွက်ပေါ်လာသည်။ အမှောင်ထု၏ အသံက ပိုမိုကျယ်လောင် ပြတ်သားလာပြီး စိတ်မရှည်တော့သည့် လက္ခဏာများ ပြလာ၏။ မိန်းမပျိုများ၏ အသံကလည်း လိုက်၍ အရှိန်မြင့်လာပြီး ရင်သပ်ရှုမောဖွယ်ရာ အလင်းနှင့် အမှောင်တိုက်ပွဲတစ်ခု ဖြစ်ပွားသွားသည်။

တတိယမြောက် ကြက်တွန်သံ ထွက်ပေါ်လာသည့် အချိန်တွင်တော့ နေရောင်ခြည်တန်းတစ်ခုက အရှေ့ဘက်အမှောင်ထုကို ရုတ်တရက် ထွင်းဖောက်၍ အနီးရှိ တောင်ထွတ်များအပေါ် ဖြာလင်းကျဆင်းလာ၏။

ပိန်းပိတ်မှောင်နေသည့် အမှောင်ထုက တစ်မုဟုတ်ချင်းပင် ဒီရေလှိုင်းတစ်ခုလို ဆုတ်ခွာသွားသည်။ ဤအမှောင်ထုမှာ ရောက်လာစဉ်က လျင်မြန်စွာ ရောက်ရှိလာသကဲ့သို့ ဆုတ်ခွာသည့်အခါတွင်လည်း လျင်မြန်စွာ ဆုတ်ခွာသွား၏။ မိုးကုပ်စက်ဝိုင်းအလွန်ထိ မြန်ဆန်လှသော အရှိန်ဖြင့် တရိပ်ရိပ် ဆုတ်ခွာသွားသည်။

အရုဏ်အလင်းရောင် တောင်ကြားချိုင့်ဝှမ်းထဲတွင် လင်းဖြာလာသည်နှင့် ညလင်းပုလဲက ကောင်းကင်ယံမှ ပြန်လည် ဆင်းသက်လာ၏။ သက်တံရောင်စဉ် အလင်းတန်းများကလည်း မြို့ပျက်ထဲသို့ နေရောင်ခြည် ကျရောက်လာခြင်းမရှိမီ ရင်ပြင်အတွင်း ပြန်လည် ဝင်ရောက်သွားသည်။

သက်တံရောင် အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် ရင်ပြင်အတွင်းမှ မိန်းမပျိုများမှာ အရိုးစုများအသွင် ပြန်ပြောင်း၍ မလှုပ်မယှက် ဖြစ်သွားကြတော့၏။

တစ်ညတာလုံး ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည့် တိုက်ပွဲက ယခုတော့ အိပ်မက်တစ်ခုလိုသာ ဖြစ်သွားသည်။

ချင်မူ့အနေဖြင့် မဟာမြို့ပျက်ရှိ ထူးဆန်းသော အဖြစ်အပျက်များအကြောင်းနှင့် မည်သို့မည်ပုံ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းပုံများကို ရွာမှ လူကြီးများ၏ ပြောစကားအရ ကြားသိခဲ့ဖူးသည်။ သို့သော်လည်း မျက်စိဖြင့် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရခြင်းက တစ်ဆင့်စကား ကြားရခြင်းထက် များစွာ ပိုသည်ကတော့ အမှန်ပင် ဖြစ်၏။

ညအခါကာလ ကျရောက်လာတိုင်း အမှောင်ထု ထိုးဖောက်ဝင်ရောက်လာပြီး လူမျက်နှာကြီးအသွင် ဖွဲ့တည်၍ လျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာသံအလင်္ကာများကို ရွတ်ဆိုပေလိမ့်မည်။ ထိုအခါ ဤမြို့ပျက်အတွင်းမှ အရိုးစုများက အမျိုးသမီးငယ်များအဖြစ် အသွင်ပြောင်း၍ အလင်းနှင့်အမှောင် အားပြိုင်ပွဲသို့ ဝင်ရောက်လာမည် ဖြစ်၏။ ဤထူးဆန်းသော အဖြစ်အပျက်များက နားလည်ရ ခက်လှပေသည်။

ဤအဖြစ်အပျက်များ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များက ရှာဖွေဖော်ထုတ်မည့်သူများကို စောင့်ကြိုနေ၏။

ဆန်းကြယ်သားရဲအုပ်က မြို့ပျက်မှ ထွက်ခွာရန် မုခ်ပေါက်ဝဆီသို့ ရွေ့လျားသွားကြသည်။ ချင်မူ၏ ပုံရိပ်ကလည်း ၎င်းတို့အကြား ရောနှောပျောက်ကွယ်သွား၏။ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေကြသော သားရဲများက ဤမြို့ပျက်အတွင်းတွင် တိုက်ခိုက်ခြင်း မပြုရန် သဘောတူညီချက် ရှိထားကြဟန်တူသော်လည်း အပြင်ဘက်သို့ ရောက်သည်နှင့် အလွန်တရာ အန္တရာယ်များသည့် သတ္တဝါများ ပြန်ဖြစ်သွားကြပေလိမ့်မည်။

သားရဲအုပ်၏ အခြားတစ်ဘက်တွင်တော့ အစ်ကိုကြီးချွီက အစ်မချင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်စလုံး သားရဲအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်၍ ချင်မူ့ထံ တဖြည်းဖြည်းချင်း တိုးကပ်သွား၏။

သားရဲအုပ်က မြို့ပျက်ထဲမှ စီတန်း၍ ဆက်လက်ထွက်ခွာနေကြသည်။ ထိုအခိုက်၌ ဓားတစ်စင်းက ချင်မူ၏ နောက်ကျောဘက်မှ ရုတ်တရက် ပေါ်ထွက်၍ တိတ်တဆိတ် တိုးဝင်လာ၏။ ထိုဓားချက်ကို ချင်မူ အချိန်မီ ရှောင်တိမ်းလိုက်နိုင်သဖြင့် ရတနာဓားက အနီးရှိ သားရဲတစ်ကောင်ကို ထိုးစိုက်သွားသည်။

ထိုဆန်းကြယ်သားရဲက ဒေါပွစွာ အော်ဟစ်လိုက်၏။

“ညီမလေး၊ နင့်ဓားကို မသုံးနဲ့...” အစ်ကိုကြီးချွီက စိုးရိမ်တကြီး သတိပေးလိုက်သည်။ “ဒီသားရဲအုပ် ဝရုန်းသုန်းကား ဖြစ်ပြီး သောင်းကျန်းရင် ငါတို့ပါ သေကုန်လိမ့်မယ်...”

အစ်ကိုကြီးချွီ၏ သတိပေးချက်ကြောင့် အစ်မချင်းက သူ၏ ရတနာဓားကို ပြန်သိမ်းယူပြီး ဆန်းကြယ်သားရဲတစ်ကောင်၏ နောက်ကျောပေါ်သို့ ခုန်တက်လိုက်၏။ ထို့နောက် သားရဲတစ်ကောင်မှ တစ်ကောင်သို့ ခုန်ကူးကာ ချင်မူ့အနီးသို့ လျင်မြန်စွာ တိုးကပ်သွားသည်။

ချင်မူက ချီစွမ်းအင်ကို ကြိုးမျှင်သဖွယ် ဖွဲ့စည်း၍  ရတနာဓားကို ကိုက်ပေါင်းများစွာမှ ထိန်းချုပ်နိုင်သည့် အစ်မချင်း၏ စွမ်းရည်ကို မနာလိုအားကျနေမိ၏။ ဤစွမ်းရည်က သားသတ်သမား၏ ကောင်းကင်နတ်သိုင်းကဲ့သို့ အံ့ချီးဖွယ် မဟုတ်သော်လည်း အထင်ကြီးစရာတော့ အမှန်ပင် ဖြစ်သည်။

အစ်မချင်း၏ ခြေလှမ်းများက ပေါ့ပါးသွက်လက်၍ လှပဆန်းကြယ်ပြီး သူ့ဝတ်စုံက လေထဲတွင် ပန်းရောင်ကြာပွင့်တစ်ပွင့်သဖွယ် ဝဲပျံနေ၏။ ထိုကြာပန်းပွင့်၏ အောက်မှ လှပသော ခြေထောက်များက လှစ်ခနဲ ထွက်လာပြီး ချင်မူ့ကို ထက်ရှသော ဓားသွားများသဖွယ် ကန်ကျောက်လိုက်သည်။

သူ အသုံးပြုလိုက်သော ခြေသိုင်းကွက်က အပိုအလိုမရှိ တိကျ၏။ ခြေကန်ချက် တစ်ချက်စီတိုင်းက ဆူးချွန်များ ဖုံးလွှမ်းနေသည့် သံတူကြီးပမာ ပတ်ဝန်းကျင်လေထုကို ဝှမ်ခနဲ တုန်ခါသွားစေသည်။

ဤသို့သော ခြေသိုင်းကွက်မျိုးက ကျောက်တုံးကြီးများကို အလွယ်တကူ ကွဲလွင့်စေပြီး သံတံတိုင်းများကိုပင် ပွင့်ထွက်သွားစေနိုင်၏။

ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး အစ်မချင်း၏ မုန်တိုင်းသဖွယ် ခြေကန်ချက်များကို ရင်ဆိုင်လိုက်သည်။

သူ၏ လေ့ကျင့်မှုများကို ပြန်စဉ်းစားရင်း ကောင်းကင်ခိုးယူခြေလှမ်းသိုင်းမှာ မည်သည့် ခြေသိုင်းကိုမျှ ရှုံးနိမ့်ခြင်းမရှိကြောင်း ဘိုးဘိုးထော့ကျိုး ပြောခဲ့ဖူးသည်ကို အမှတ်ရလိုက်မိ၏။

All Chapters