ပြိုင်ဘက်ကင်း သိုင်းကွက်အသားပေးကျင့်စဉ်များ
Vol. 1 Ch. 12
ဖြူဖွေးသော ခြေထောက်တစ်စုံက ပန်းနုရောင်ဝတ်စုံအောက်မှ ထွက်ပေါ်လာပြီး တိရိစ္ဆာန်သားရေဝတ်စုံအောက်မှ မာကျောကျစ်လျစ်သည့် ခြေထောက်တစ်စုံနှင့် ထိပ်တိုက်တွေ့သွားသည်။
အစ်မချင်း၏ ခြေထောက်များက ရှည်လျားသွယ်လျသော်လည်း အံ့အားသင့်စရာကောင်းသည့် အားအင်တစ်ခု ပါဝင်ကာ ဓားတစ်လက်၏ ပါးလျထက်ရှမှုကို ပုဆိန်တစ်လက်၏ အားအဟုန်နှင့် ပေါင်းစည်းထားသကဲ့သို့ ရှိ၏။ အခြားတစ်ဘက်တွင်တော့ ချင်မူ၏ ခြေထောက်များက ပိုမို တုတ်ခိုင်တောင့်တင်းသော်လည်း ပေါ့ပါးသွက်လက်၍ လှပဆန်းကြယ်သည်။ သူ့ခြေထောက်များက အားအင်များစွာ မပါသကဲ့သို့ပင် ထင်ရ၏။
ဘုန်း...၊ ဘုန်း...၊ ဘုန်း...။
သူတို့၏ ခြေထောက်များ တဘုန်းဘုန်း ထိပ်တိုက်တွေ့သွားသည်။ အစ်မချင်း၏ ခြေထောက်နှစ်ဖက်စလုံးမှာ တစ်မုဟုတ်ချင်းပင် ကန်ချက်ပေါင်းသောင်းချီ အကန်ခံလိုက်ရ၏။ ချင်မူ၏ ခြေကန်ချက်များက သူ တုံ့ပြန်ချိန်မရအောင် မြန်လွန်းလှသည်။
ချင်မူ၏ မုန်တိုင်းတိုက်သလို လျှပ်တပြက်ကန်ချက်များဖြင့် အကန်ခံလိုက်ရပြီးသည့်နောက်တွင် အစ်မချင်း၏ ခြေထောက်များမှ အံ့ချီးဖွယ် အားအဟုန်မှာ အလဟဿ ဖြစ်သွား၏။ သူ့ခြေထောက်မှ ခွန်အားမှာ ချင်မူ့ခြေထောက်များက ဝါးမျိုခြင်း ခံလိုက်ရသကဲ့သို့ ရုတ်ခြည်း ပျောက်ကွယ်သွားသည်။
“မကောင်းတော့ဘူး...”
ချင်မူက ဆက်လက်ကန်ကျောက်နေသဖြင့် အစ်မချင်း၏ နာကျင်သွားသော ခြေထောက်များမှာ အာရုံသိမှု မရှိတော့သကဲ့သို့ ထုံကျဉ်လာ၏။ ချင်မူ၏ ခြေကန်ချက်များက သူ၏ ခါး၊ ရင်ဝနှင့် လည်ပင်းဆီသို့ ငှက်ပျောပင်ငယ်ကို လေမုန်တိုင်း ဝင်ဆောင့်သည့်ပမာ တရစပ် ကျရောက်လာသည်။
အဆက်မပြတ် ကန်ချက်များ ပြီးသည့်နောက်တွင် ချင်မူ၏ ခန္ဓာကိုယ်က လေထဲတွင် တစ်ပတ်လည်သွားပြီး နောက်ပြန် ကန်ချက်တစ်ခု ကန်ထည့်လိုက်၏။ ဤခြေကန်ချက်က အစောပိုင်းမှ သူ အသုံးပြုခဲ့သည့် ခြေကန်ချက်များနှင့် ခြားနားနေသည်။ အစောက ခြေကန်ချက်များမှာ လျင်မြန်မှုကို အသားပေး၍ အားအင်ထည့်သွင်းခြင်း မရှိ။ ယခုခြေကန်ချက်ကတော့ တုန်လှုပ်ဖွယ်ရာကောင်းသည့် အားအင်တစ်ရပ် ပါဝင်လာ၏။
ဘုန်း...။
ချင်မူက သူ၏ နောက်ပြန်ကန်ချက်ကို ဆန့်ထုတ်လိုက်ရာ အစ်မချင်း၏ မျက်နှာအပေါ် ထိထိမိမိ ကျရောက်သွားသည်။ နှာခေါင်းရိုးက မျက်နှာအတွင်းသို့ ချိုင့်ဝင်သွားပြီး မေးရိုးတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်၍ ပါးစပ်ထဲမှ အရိုးအပိုင်းအစများ ဖူးခနဲ လွင့်ပျံထွက်လာ၏။
အစ်မချင်း၏ တစ်ကိုယ်လုံးက လေးညှို့မှ လွှတ်လိုက်သည့် မြားတစ်စင်းပမာ ခေါင်းစိုက်၍ မြို့ပျက်ထဲသို့ လွင့်ထွက်သွားသည်။
ဤရလဒ်က ချင်မူ ယုံကြည်သည်ကို ထောက်ခံပေး၏။
ကောင်းကင်ခိုးယူခြေလှမ်းသိုင်းက အကောင်းဆုံးခြေသိုင်း ဖြစ်သည်။
ချင်မူအနေဖြင့် တစ်လောကလုံးတွင် အကောင်းဆုံး ဖြစ်သည်ဟု မကြေညာရဲသော်လည်း ဒုက္ခိတဘိုးဘွားကျေးရွာတွင် အကောင်းဆုံး ဖြစ်သည်မှာတော့ သေချာ၏။
အစ်မချင်း၏ ခြေကန်ချက်များက ရက်စက်ကြမ်းကြုတ်၍ လွှမ်းမိုးနိုင်စွမ်း ရှိသည်ဟု ထင်ရသော်လည်း မည်သည်ကိုမျှ မလုပ်နိုင်မီ ချင်မူ့ကြောင့် ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့၏။
ထို့ပြင် ချင်မူက မည်သည့် ချီစွမ်းအင်ကိုမျှ အသုံးမပြုဘဲ ခန္ဓာကိုယ်ခွန်အားသက်သက်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အစ်မချင်းကတော့ ချီစွမ်းအင်ကို ခြေထောက်များဆီသို့ ပို့လွှတ်၍ ခြေကန်ချက်များ၏ အားအဟုန်နှင့် လျင်မြန်မှုကို တိုးပွားအောင် ပြုလုပ်ထား၏။ သို့သော်လည်း ချင်မူ့ထံမှ ခြေကန်ချက် တစ်ကွက်တည်းနှင့် သူ မလှုပ်နိုင် မရှားနိုင် ဖြစ်သွားခဲ့ရသည်။
ချင်မူ အစ်မချင်းကို အဝေးသို့ ကန်ထုတ်လိုက်ပြီးပြီးချင်း သူ့ခေါင်းမွေးများ ထောင်ထသွားသကဲ့သို့ ခံစားလိုက်ရ၏။ အလွန်တရာ နီးကပ်နေသော အန္တရာယ်အငွေ့အသက်ကြောင့် သူ့ရင်ထဲတွင် တပွက်ပွက် ဆူဝေလာသည်။ နောက်လှည့်ကြည့်ရန် အချိန်မရတော့သဖြင့် ရှေ့တူရူသို့သာ အရှိန်မြှင့် ပြေးထွက်လိုက်၏။
အစ်ကိုကြီးချွီက ချင်မူ့နောက်မှ တတိတ်တဆိတ် ပေါ်ထွက်လာပြီး အပိုင်သတ်ကွက်တစ်ခုကို ထုတ်ဖော် တိုက်ခိုက်လိုက်သည်။ သူ၏ တိုက်ခိုက်မှုက ချင်မူ့ကို အလွယ်တကူ ထိသွားသင့်သော်လည်း ထိုကောင်လေးက ပတ်ဝန်းကျင်ကို သတိမလွတ်ဘဲ ရှိနေမည်ဟု ထင်မထားမိခဲ့ပေ။
သူတို့နှစ်ယောက်က ဆန်းကြယ်သားရဲကြီးများ၏ နောက်ကျောပေါ်မှ အဆက်မပြတ် ခုန်ကူးကာ လျင်မြန်စွာ ရွေ့လျားသွားကြ၏။ အစ်ကိုကြီးချွီက အလွန်တရာ လျင်မြန်လှသော နှုန်းထားဖြင့် ပြေးလိုက်၍ ချင်မူ၏ နှလုံးနေရာသို့ ဦးတည်ကာ တရစပ် တိုက်ခိုက်လိုက်သည်။ ချင်မူကလည်း ရှေ့သို့ ခြေကုန်သုတ် ပြေး၍ သူ၏ လက်နှစ်ဖက်စလုံးကို ဝှေ့ယမ်းပြီး နောက်ဘက်မှ တိုက်ခိုက်မှုများကို ပိတ်ဆို့တားဆီးလိုက်၏။
မိုးကြိုးရှစ်ချက် လက်သီးသိုင်း၊ လက်တစ်ထောင်ဗုဒ္ဓ...။
အစ်ကိုကြီးချွီ အံ့ဩတုန်လှုပ်သွားသည်။ ချင်မူက သူ့ကို နောက်ကျောပေးထားသော်လည်း လက်ပေါင်းများစွာပါသူတစ်ယောက်ကဲ့သို့ တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ တားဆီးနိုင်နေ၏။ အစ်ကိုကြီးချွီမှာ ဤသို့သော သိုင်းကွက်မျိုးကို တစ်ခါမျှ ကြားသိခဲ့ဖူးခြင်း မရှိပေ။
ချင်မူ၏ လက်တစ်ထောင်ဗုဒ္ဓ သိုင်းကွက်က အဘိုးကြီးမာကဲ့သို့ လက်သီးချက် တစ်ချက်စီတိုင်းတွင် မိုးခြိမ်းသံများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟည်း၍ လျှပ်စီးတန်းများ လက်ဖြာနိုင်ခြင်း မရှိသေးသော်လည်း လေအလျဉ်ကဲ့သို့ စီးမျော၍ လျှပ်စီးတန်းကဲ့သို့ မြန်ဆန်လှသည်။ အစ်ကိုကြီးချွီကို ကျောပေး၍ သားရဲများပေါ်မှ ပြေးလွှားနေရသော်လည်း ချင်မူ၏ ခုခံကာကွယ်မှုက ကျစ်လျစ်သိပ်သည်းလှသဖြင့် အစ်ကိုကြီးချွီမှာ တစ်စက်ကလေးမျှ အသာစီး မရခဲ့ပေ။
ထျန်း...။
ရုတ်တရက် ထွက်ပေါ်လာသည့် သတ္ထုတုန်ခါသံကြောင့် ချင်မူ ခေါင်းကျိန်းသွား၏။ သူ့လက်ကို ချက်ချင်း ငုံ့ကြည့်လိုက်သောအခါ ပြတ်ရှထားသည့် ဓားဒဏ်ရာကြောင့် သွေးများ ယိုစီးကျနေကြောင်း တွေ့လိုက်ရသည်။
ချင်မူ သူရောက်နေသည့် သားရဲ၏ နောက်ကျောပေါ်မှ လှိမ့်ဆင်းပြီး ဗိုက်အောက်မှ ဆက်ပြေးလိုက်၏။ အစ်ကိုကြီးချွီကလည်း အောက်သို့ ဆင်း၍ သူ့နောက်မှ ဆက်လိုက်လာသည်။ သူ့လက်များက ဗလာဟင်းလင်း ဖြစ်နေသော်လည်း ငွေဓားတစ်လက်က သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရှေ့နောက် လှည့်ပတ် ပျံဝဲနေ၏။
ချင်မူ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ အစ်ကိုကြီးချွီ၏ ဓားပျံထိန်းချုပ်နိုင်စွမ်းက အစ်မချင်းထက် အများကြီးသာ၏။ အစ်မချင်းက သူ၏ ဓားရှည်ကို ထိန်းချုပ်၍ ကိုက်ပေါင်းများစွာအကွာထိ ပျံဝဲစေပြီး ရန်သူများကို အဝေးမှ တိုက်ခိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း အစ်ကိုကြီးချွီကတော့ သူ့ဓားရှည်ကို သူနှင့် တစ်ကိုက်အကွာတွင်သာ ပျံဝဲနေစေ၏။
ဤသည်က ကြောက်မက်ဖွယ်ရာ ကောင်းပြီး အလွန်တရာ အန္တရာယ်များလှသည်။
အနီးကပ်တိုက်ခိုက်မှုတွင် ဓားပျံကို ထိန်းချုပ်တိုက်ခိုက်ခြင်းက ကိုယ့်ကိုယ့်ကိုယ် ပြန်လည် ထိခိုက်စေနိုင်၏။ ထိုသို့တိုက်ခိုက်ရန်မှာ ထူးကဲသည့် ကျွမ်းကျင်မှု လိုအပ်ပြီး ထိုသူ၏ ဓားသိုင်းက အကြွင်းမဲ့ယုံကြည်မှု ရသည်အထိ နက်ရှိုင်းနေပြီ ဖြစ်ကြောင်း သိနိုင်သည်။
ချီစွမ်းအင်ကို တိကျသေသပ်စွာ ထိန်းကျောင်းပြုပြင်နိုင်ခြင်း မရှိဘဲ ထိုသို့သော ဓားပျံထိန်းချုပ်မှုမျိုးကို လုပ်ရဲလိမ့်မည် မဟုတ်ချေ။
“ဘိုးဘိုးသားသတ်သမားနဲ့ ကျန်တဲ့သူတွေက ချီစွမ်းအင်ကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ ငါ့ကို တစ်ခါမှ ပြောမပြဖူးဘူး... ရွာလူကြီးကလည်း လောကသခင်ခန္ဓာ ချီစွမ်းအင်ကို ဘယ်လို အသုံးပြုရမယ်ဆိုတာ ပြောမပြဘူး...” ချင်မူ စဉ်းစားလိုက်သည်။ “ဒီလို အခြေအနေမျိုးမှာ ငါ့ဘက်က အရေးနိမ့်ဖို့ပဲ ရှိတယ်...”
ချင်မူ၏ ခြေထောက်က ဆန်းကြယ်သားရဲအုပ် ဝင်ဆောင့်၍ ကျိုးကျနေဟန်ရှိသော သစ်ကိုင်းတစ်ကိုင်းကို ရုတ်တရက် ဝင်တိုက်မိသွားသည်။ သူ အထွေအထူး စဉ်းစားမနေတော့ဘဲ ထိုသစ်ကိုင်းကို ခြေဖျားဖြင့် ကလော်၍ လက်ထဲတွင် ဆုပ်ကိုင်လိုက်၏။ ဤသစ်ကိုင်းက မိုးမခပင်၏ အကိုင်းတစ်ခု ဖြစ်သည်။ နှစ်ပေခန့် ရှည်ပြီး လက်မအရွယ်ခန့် လုံးပတ်ရှိ၏။
ထိုသစ်ကိုင်းကို တင်းတင်းဆုပ်ကိုင်၍ ချင်မူ လျင်မြန်စွာ ရွေ့လျားနေသည်။ သူ့အကြည့်များကတော့ အစ်ကိုကြီးချွီ၏ ဓားသွားပေါ်တွင်သာ စူးစိုက်ကျရောက်နေ၏။ သူက အစ်ကိုကြီးချွီ၏ လက်များကို လုံးဝ အာရုံစိုက်ခြင်း မရှိတော့ချေ။
ချင်မူ သူ၏ ချီစွမ်းအင်ကို မိုးမခကိုင်းထံ ပို့လွှတ်၍ ဖြတ်သန်း စီးဆင်းစေလိုက်သည်။ သို့သော်လည်း သူ၏ ချီစွမ်းအင်က သစ်ကိုင်းအရှည် ဆယ်ခြောက်လက်မထိ ရောက်သောအခါ ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်သွား၏။ ထိုအကွာအဝေးထက်လွန်၍ သူ၏ ချီစွမ်းအင်ကို ထိန်းချုပ်နိုင်ခြင်း မရှိချေ။
ဆယ့်ခြောက်လက်မက လွန်စွာ တိုတောင်းလွန်း၏။ ဓားပျံတစ်လက်ကို ထိုမျှအရှည်သာရှိသော လက်နက်ဖြင့် ရင်ဆိုင်တိုက်ခိုက်ရန်မှာ အလွန်တရာ အန္တရာယ်များလှသည်။
အစ်ကိုကြီးချွီက ရှေ့သို့ ပြေးဝင်လာ၏။ သူ၏ ရတနာဓားက ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်လည်၍ လိုက်ပါလာသည်။ ၎င်းရတနာဓားမှာ ကိုယ်ပျောက်ဓားသမားတစ်ဦးက ကိုင်ဆောင်ထားသည့်အလား ချင်မူ့ကို ထိုးလိုက်၊ လှီးလိုက်၊ ပက်လိုက်၊ ခုတ်လိုက်၊ ဖြတ်လိုက်နှင့် အလွန်တရာ နက်နဲရှုပ်ထွေးသော ဓားကွက်များဖြင့် တိုက်ခိုက်နေ၏။
ရွှပ်...၊ ရွှပ်...၊ ရွှပ်...၊ ရွှပ်...။
ဓားချက်အနည်းငယ်မျှနှင့် ချင်မူ၏ လက်ထဲမှ မိုးမခကိုင်းမှာ ဆယ့်ခြောက်လက်မအထိ တိုတိပြတ်ကျသွားသည်။ ထပ်မံခုတ်ချလာသည့်အခါတွင်မှ သံသံချင်း ထိတွေ့သကဲ့သို့ ဒင်ခနဲ အသံထွက်ပေါ်လာ၏။
ချီစွမ်းအင် ထည့်သွင်းထားသော မိုးမခကိုင်းက ဓားရှည်ကို ကာနိုင်ကြောင်း တွေ့မှ ချင်မူ့ရင်ထဲမှ အလုံးကြီး ကျသွားသည်။ ရတနာဓား၏ အသွားကို မျက်ခြည်မပြတ် ကြည့်ရှုရင်း ဆယ့်ခြောက်လက်မ မိုးမခကိုင်းက သူ၏ ဝက်ခုတ်ဓားမ ဖြစ်လာ၏။ ချင်မူ ဤသစ်သားချောင်းကို အသုံးပြု၍ သားသတ်သမား သင်ပေးထားသော ဓားမသိုင်းကို ဖော်ထုတ်လိုက်သည်။
မုန်တိုင်းထန်မြို့ပြများ၏ သန်းခေါင်ယံတိုက်ပွဲ...။
အခြားအတွေးများ အားလုံးကို သူ့ခေါင်းထဲမှ ရှင်းထုတ်ပြီး ဓားမသိုင်းကွက်ထဲတွင်သာ စိတ်နှစ်လိုက်သည်။
မြန်ရမယ်...၊ မြန်ရမယ်...၊ မြန်ရမယ်...။
သားသတ်သမားက သူ၏ ဓားသိုင်းကို ဝက်ခုတ်ဓားသိုင်းဟု ရည်ညွှန်း၏။ ဤဓားသိုင်း၏ အနှစ်သာရက တစ်ခုတည်းသာ ရှိသည်။ မြန်သည်ထက် မြန်ရမည်။
ဖျတ်ခနဲ လက်သွားသည့် အလင်းပွင့်တစ်ခုထက် မြန်ရမည်။ ရိပ်ခနဲ ပြေးထွက်သွားသည့် အရိပ်များထက် မြန်ရမည်။ မြန်လွန်းလှသဖြင့် ဓားကွက်ထုတ်ဖော်ရန် လက်မြှောက်လိုက်သည်နှင့် ဝက်ခေါင်းက ကိုယ်လုံးမှ ပြတ်ကျပြီး ဖြစ်နေရမည်။
ချင်မူ သူ၏ စိတ်အာရုံနှင့် နှလုံးဝိညာဉ်ကို ဝက်ခုတ်ဓားမအပေါ်တွင် နှစ်မြှုပ်၍ မိုးမခကိုင်းကို အရူးတစ်ယောက်လို ဝှေ့ယမ်းလိုက်သည်။ သူနှင့် အစ်ကိုကြီးချွီတို့က အရှိန်အဟုန်နှင့် ရွေ့လျားနေကြသော သားရဲကြီးများ၏အောက်တွင် ပြေးလွှားတိုက်ခိုက်နေကြခြင်း ဖြစ်၏။ သားရဲကြီးများ၏ ကြီးမားသော ခြေထောက်ကြီးများက ကောင်းကင်ယံမှ တိုင်လုံးကြီးများပမာ ထိုးဆင်းလာပြီး မြေပြင်ပေါ်သို့ တဘုန်းဘုန်း ကျရောက်နေသည်။ အနည်းငယ်မျှ သတိလက်လွတ် ဖြစ်သွားသည်နှင့် သူတို့၏ တစ်ကိုယ်လုံး အမှုန့် ဖြစ်သွားနိုင်၏။
အသက်လုပွဲဆင်နွှဲနေကြသောသူ နှစ်ယောက်စလုံးက ဖရိုဖရဲ ပရမ်းပတာ ဖြစ်နေသည့်ပုံ ပေါက်သော်လည်း ဆန်းကြယ်သည့် စည်းချက်အတိုင်း လိုက်ပါစီးမျောနေကြသည်။ သားရဲများက သူတို့ကို နင်းချေသွားတော့မည့်အခါတိုင်း အမြဲတစေ လွတ်မြောက်အောင် ရှောင်တိမ်းနိုင်ကြ၏။
အစ်ကိုကြီးချွီမှာ တိုက်ခိုက်ရင်းနှင့် စိတ်အနှောင့်အယှက် ဖြစ်လာသကဲ့သို့ လက်ရှိအနေအထားကို မယုံနိုင်သလို အံ့ဩတုန်လှုပ်မိလာသည်။
သူက ဤမိစ္ဆာကောင်လေး၏ ရိုက်နှက်ခြင်းကို ခံနေရ၏။
ချင်မူ၏ လက်ထဲမှ မိုးမခကိုင်းမှာ အရှည်အားဖြင့် ဆယ့်ခြောက်လက်မသာ ရှိသည်။
ဤသည်က သစ်သားတုတ်တိုလေးတစ်ချောင်းသာ မဟုတ်ပေဘူးလား။
အခြားတစ်ဘက်တွင်တော့ သူ၏ ဓားရှည်က နှစ်ကိုက်ခန့် ရှည်၏။ ချီစွမ်းအင်ကို ကြိုးမျှင်သဖွယ် ဖွဲ့စည်း၍ ဓားကို ထိန်းချုပ်သော ပညာရပ်က လီမြစ်အကြီးအကဲငါးယောက်ကိုယ်တိုင် သူ့ကို သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ လီမြစ်အကြီးအကဲငါးယောက်က ကောင်းကင်နတ်အသွင် အတားအဆီးနံရံကို ချိုးဖျက်၍ ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာကို နိုးထပြီးသည့် ထိပ်သီးပညာရှင်များ ဖြစ်၏။ ဤတစ်ချက်တည်းနှင့်ပင် သူတို့သင်ကြားပေးသော ဓားပျံထိန်းချုပ်ပညာက မည်မျှ ရှုပ်ထွေးနက်နဲမည် ဖြစ်ကြောင်း သိနိုင်ပေသည်။
အစ်ကိုကြီးချွီက ဓားပျံထိန်းချုပ်ပညာသာမက လီမြစ်အကြီးအကဲငါးယောက် တီထွင်ဖန်တီးထားသည့် လီမြစ်သိုင်းဟုခေါ်သော လက်သီးသိုင်းကိုပါ အသုံးပြုတိုက်ခိုက်နေခြင်း ဖြစ်၏။ ဤလက်သီးသိုင်းမှာ မြစ်ကြီးတစ်စင်းမှ လှိုင်းတံပိုးများက တုနှိုင်းမဲ့အားအင်ဖြင့် ကမ်းခြေကို နှစ်ခြမ်းကွဲစေသကဲ့ လက်သီးနှစ်ဖက်ဆီမှ ချီစွမ်းအင်များကို တစ်ဟုန်ထိုး စီးဆင်းထွက်ပေါ်စေပြီး ချေမှုန်းတိုက်ခိုက်ခြင်း ဖြစ်သည်။
သူက ဤသိုင်းကွက်ကို ကောင်းကင်နတ်သိုင်းအဆင့်ထိ ရောက်အောင် မလေ့ကျင့်ရသေးသော်လည်း ၎င်း၏ စွမ်းအားက ပေါ့သေးသေး မဟုတ်ချေ။ လက်သီးချက်တစ်ချက်တည်းဖြင့် ကျောက်တုံးကြီးများ မှုန့်မှုန်ညက်ညက်ကြေသွားအောင် အလွယ်တကူ ထိုးချေပစ်နိုင်၏။
သို့တိုင်အောင် ဤမိစ္ဆာကောင်လေး၏ သစ်သားတုတ်တိုလေးနှင့် ရင်ဆိုင်ရာတွင် သူ၏ မဟာသိုင်းကွက်ကြီးနှစ်ခုမှာ ဟာကွက်များအပြည့် ဖြစ်နေသည်။ ထိုသစ်သားတုတ်တိုလေးက မကြာခဏဆိုသလို သူ၏ ခုခံကာကွယ်မှုကို ဖြတ်ကျော်၍ ခန္ဓာကိုယ်အနှံ့သို့ မိုးသီးမိုးပေါက်များပမာ ရိုက်ချလာ၏။
အစ်ကိုကြီးချွီ၏ ခေါင်းပေါ်တွင် ဘုများ ထလာပြီး တစ်ကိုယ်လုံးမှာလည်း အညိုအမည်းများ ဖုံးလွှမ်းလာသည်။
အဘယ်သို့ပြု၍ သူ စိတ်အနှောင့်အယှက်မဖြစ်ဘဲ နေလိမ့်မည်နည်း။
သို့သော်လည်း စိတ်အနှောင့်အယှက် ဖြစ်ခြင်းထက် ထိတ်လန့်မှုက ပိုလာ၏။
ချင်မူ၏ လက်ထဲတွင် ကိုင်ထားသည်မှာ သစ်သားတုတ်တိုလေးမဟုတ်ဘဲ ဓားမတစ်ချောင်းသာ ဖြစ်နေခဲ့လျှင်...။
အစ်ကိုကြီးချွီ ရှေ့ဆက်၍ မတွေးရဲတော့ချေ။
အဖြစ်အပျက်များအားလုံးက ကြောက်စရာကောင်းလွန်းလှ၏။ ဤဆယ်ကျော်သက်လေး၏ ဦးခေါင်းက သူ့ရင်ဘတ်ပင် မရောက်သေးချေ။ အလွန်ဆုံး ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်သာ ရှိပေဦးမည်။ သူ့အမေဗိုက်ထဲတွင် ရှိကတည်းက စတင်လေ့ကျင့်လာသည်ဆိုလျှင်ပင် ဤကြောက်မက်ဖွယ်ရာ သိုင်းကွက်များကို ယခုကဲ့သို့ အဆင့်မျိုးထိ ရောက်နေစရာ အကြောင်းမရှိချေ။
“သူ့ရဲ့ ချီစွမ်းအင်ကျင့်စဉ်က...” အစ်ကိုကြီးချွီ သူ့ဖာသာ တွေးတောရင်း ချင်မူ၏ အားနည်းချက်ကို သတိပြုမိပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားသည်။ “ဒီကောင်လေးရဲ့ သိုင်းကွက်တွေက သိပ်ကို ပြောင်မြောက်လွန်းပေမဲ့ သူ့ကျင့်စဉ်စွမ်းအင်က စုတ်ပြတ်သတ်နေတာပဲ... ဝိညာဉ်ခန္ဓာကိုယ် မပိုင်ဆိုင်ထားတာဆို ပိုမှန်မယ်ထင်တယ်... ဒီကောင်လေးက သာမန်လူတစ်ယောက်ပဲ ဖြစ်မယ်...”
သူ အရေးပါသော ကောက်ချက်ကို ချနိုင်လိုက်၏။
ချင်မူက သာမန်လူတစ်ယောက် ဖြစ်သည်။ သူ့တွင် ဝိညာဉ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်း မရှိသကဲ့သို့ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာလည်း နိုးထနေခြင်း မရှိ။ တောက်ယင်ကျင့်စဉ်ကဲ့သို့ အခြေခံကျင့်စဉ်မျိုးကိုသာ လေ့ကျင့်၍ ချီစွမ်းအင်တချို့ စုစည်းနိုင်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
သာမန်လူတစ်ယောက် လေ့ကျင့်သည့် ချီစွမ်းအင်တွင် မည်သည့် ဓာတ်ဂုဏ်သတ္တိမျှ မပါဝင်သဖြင့် စွမ်းအားများစွာ ထုတ်သုံးနိုင်လေ့ မရှိပေ။ သို့အတွက်ကြောင့်ပင် ချင်မူ၏ သိုင်းကွက်က အစ်ကိုကြီးချွီထက် များစွာ သာလွန်နေသည့်တိုင် အမှုထားလောက်စရာ မရှိခဲ့ခြင်း ဖြစ်၏။ သူ့တိုက်ကွက်များက မည်သည့်အားအဟုန်မျှ ပါမလာချေ။
“ဒီမိစ္ဆာကောင်လေး သုံးနေတဲ့ ဓားမသိုင်းက ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်မယ်... အဲဒီသိုင်းကွက်ရဲ့ စွမ်းအားကို ထုတ်ပြနိုင်တဲ့အထိ သူ မလေ့ကျင့်ရသေးတာပဲ ရှိတာ...” အစ်ကိုကြီးချွီ စိတ်ထဲမှ တွေးလိုက်၏။ “ငါသာ ဒီကောင်းကင်နတ်သိုင်းကို အရယူနိုင်ခဲ့ရင်...”
သူ့ရင်ထဲတွင် နေသာထိုင်သာ ပိုရှိလာသည်။ ချင်မူက ဤဓားမသိုင်း၏ စွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်သော်လည်း တစ်စွန်းတစ်စတော့ ထုတ်ပြနိုင်သေး၏။ ဤဓားမသိုင်းသာ သူ့လက်ထဲရောက်လာလျှင် သေချာပေါက် ကြောက်မက်ဖွယ်ကောင်းသော သိုင်းကွက်တစ်ခု ဖြစ်သွားပေလိမ့်မည်။
ချင်မူ၏ ဓားမသိုင်းမှာ သိုင်းကွက်အသားပေး ပညာရပ်တစ်ခု ဖြစ်ကြောင်း ပြောနိုင်သည်။
သိုင်းကွက်အသားပေး ပညာရပ်များ၏ ကောင်းကင်နတ်သိုင်းနှင့် ဓားပျံထိန်းချုပ်ပညာ၏ ကောင်းကင်နတ်သိုင်းတို့က ကွဲပြားခြားနား၏။ ဓားပျံထိန်းချုပ်ပညာက အသုံးပြုသူ၏ လက်ကို အားလပ်နေစေပြီး ဓားကို အဝေးသို့ စေလွှတ်၍ ရန်သူများကို သတ်ဖြတ်နိုင်သဖြင့် ဓားပညာကို ပိုမိုသွက်လက်စွာ ဖော်ထုတ်နိုင်သည်။ ထို့ပြင် အားလပ်နေသော လက်များက ဓားပျံနှင့်အတူ ရန်သူများကို တစ်ချိန်တည်း တိုက်ခိုက်နိုင်ပြီး ကွဲပြားခြားနားသော တိုက်ခိုက်မှု ပုံစံများစွာ အသုံးပြုနိုင်၏။
သိုင်းကွက်အသားပေး ပညာရပ်များကတော့ ထိုသို့မဟုတ်ဘဲ တစ်မူကွဲပြားခြားနားသည်။
သိုင်းကွက်အသားပေး ပညာရပ်က ရှေးရိုးအကျဆုံးလမ်းစဉ်ကို လိုက်၍ အသုံးပြုသူ၏ လက်ဖြင့် လက်နက်များကို ကိုင်တွယ် ထိန်းချုပ်ရန် လိုအပ်၏။ ချီစွမ်းအင်ကို လက်နက်အတွင်းသို့ ပို့လွှတ်၍ တိုက်ခိုက်မှုစွမ်းအားကို တိုးမြင့်စေပြီး ကောင်းကင်နတ်သိုင်း၏ ထက်မြက်သော စွမ်းရည်ကို ဖော်ဆောင်ကြသည်။
လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်၊ ပညာရပ်နှစ်ခု အတူယှဉ်တွဲ ရှိခဲ့စဉ်က သိုင်းကွက်အသားပေး ပညာရှင်များနှင့် ဓားပျံထိန်းချုပ် ပညာရှင်များမှာ မည်သည့်ပညာက ပိုသာသည်ကို ငြင်းခုန်ရင်း အမြဲတစေ ထိပ်တိုက်တွေ့ခဲ့ကြ၏။
သို့သော်လည်း ဓားပျံလမ်းစဉ် အမွေဆက်ခံသည့် ပါရမီရှင်တစ်ယောက်က မည်သည့်နေရာမှ ရောက်လာသည်မသိ ရုတ်တရက် ထွက်ပေါ်လာပြီး သိုင်းကွက်အသားပေးပညာရပ် လေ့ကျင့်သည့် ထိပ်သီးသိုင်းပညာရှင်များကို စိန်ခေါ်သတ်ဖြတ်ခဲ့သည်။ သိုင်းကွက်အသားပေး ပညာရှင်များမှာ သေသူသေ၊ ဒုက္ခိတဖြစ်သူဖြစ်၊ ထွက်ပြေးသည့်သူက ထွက်ပြေး ဖြစ်ခဲ့ကြရ၏။
ထိုပါရမီရှင်က အခြားမဟုတ်။ နတ်ဘုရားများ၏ အောက်မှ နံပါတ်တစ်လူသားဟု နာမည်ကျော်ကြားသည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဧကရာဇ်အတိုင်ပင်ခံပင် ဖြစ်၏။
ထို့နောက်ပိုင်းတွင်တော့ အနည်းငယ်မျှသောသူတို့သာ သိုင်းကွက်အသားပေးပညာရပ်ကို လေ့ကျင့်ကြတော့သည်။ အမွေဆက်ခံမည့် မျိုးဆက် မရှိတော့သဖြင့် ထိပ်တန်း သိုင်းကွက်အသားပေး ကောင်းကင်နတ်သိုင်းများမှာ ပျောက်ဆုံးကုန်ကြ၏။ ယခုအချိန်တွင် အဆင့်နိမ့် သိုင်းကွက်အသားပေး ပညာရပ်များသာ လက်ဆင့်ကမ်း သင်ကြားနေကြရတော့သည်။
ထိုအဖြစ်များ ရှိခဲ့သည့်တိုင် ထိပ်တန်း သိုင်းကွက်အသားပေး ပညာရပ်များမှာ အလွန်တရာ စွမ်းအားကြီးမားသည်တော့ အမှန်ပင် ဖြစ်၏။ အစ်ကိုကြီးချွီအနေဖြင့် ချင်မူ ထုတ်သုံးသွားသည့် ဓားမသိုင်းမှာ အစစ်အမှန် ထိပ်တန်း သိုင်းကွက်အသားပေး ပညာရပ်တစ်ခု ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်သည်။
“ဒီသိုင်းကွက်ကို ငါ ရအောင်ယူရမယ်...” အစ်ကိုကြီးချွီ စိတ်ထဲမှ ရေရွတ်လိုက်၏။ “ငါ ဒီကောင့်ကို အနိုင်ယူပြီးတာနဲ့ ဒီသိုင်းကွက်ရဲ့ ကျင့်စဉ်ကို နည်းပေါင်းစုံနဲ့ အကျပ်ကိုင် အစ်ထုတ်ရမယ်...”
ချင်မူ၏ သစ်သားတုတ်တိုလေးက အစ်ကိုကြီးချွီအပေါ် မိုးသီးမိုးပေါက်ပမာ ဆက်လက် ကျရောက်နေသည်။ အစ်ကိုကြီးချွီမှာ အစွမ်းကုန် ကြိုးစား၍ ခုခံကာကွယ်သော်လည်း တစ်ခဏအတွင်း၌ အချက်ပေါင်း ရာကျော်အောင် အရိုက်ခံလိုက်ရ၏။
သူ ပို၍ စိတ်အနှောင့်အယှက် ဖြစ်လာမိသည်။ သူ့မျက်နှာက တစ်စထက်တစ်စ ပိုမို ရောင်ကိုင်းလာသကဲ့သို့ တစ်ကိုယ်လုံး၌လည်း နာကျင်မှုများ တိုးပွားလာ၏။ သူ့စိတ် မတည်မငြိမ် ဖြစ်လာလေလေ သူ၏ တိုက်ကွက်များက လစ်ဟင်းလာလေလေ ဖြစ်ပြီး သူ့ကိုယ်ပေါ် ကျရောက်လာသည့် သစ်သားတုတ်၏ ရိုက်ချက်များကလည်း စိပ်သည်ထက် စိပ်လာလေ ဖြစ်၏။
ဤသည်က မည်သည့် စွမ်းအားမျှ မပါဝင်သည့် သစ်သားတုတ်တိုလေးသာ ဖြစ်သည်။ သို့သော်လည်း ချင်မူ၏ ခွန်အားနှင့် အဆက်မပြတ် ရိုက်နှက်နေမှုတို့ကို ပေါင်းစည်းလိုက်သောအခါ ထိခိုက်ဒဏ်ရာများက စုမိလာ၏။ အစ်ကိုကြီးချွီ၏ ခန္ဓာကိုယ်ပေါ်တွင် သစ်သားတုတ်တိုကြောင့် ရသော ဒဏ်ရာများ သိသိသာသာ များလာပြီး ဆက်၍လည်း တိုးပွားနေသည်။
“ဒီကောင်က ငါ့ကို သေအောင် ရိုက်သတ်တော့မှာလား...” အဖြစ်မှန်ကို ရိပ်စားလိုက်မိပြီး အစ်ကိုကြီးချွီ၏ သွေးများ အေးခဲသွားသည်။