← Chapters

သေအောင်ရိုက်သတ်ခံရခြင်း

Vol. 1 Ch. 13

သေအောင်ရိုက်သတ်ခံရခြင်း

Vol. 1 Ch. 13

အစ်ကိုကြီးချွီမှာ ထိတ်လန့်လာမိသည်။ “ဒီနှုန်းအတိုင်းဆိုရင် ဒီကောင်က ငါ့ကို အဲဒီ သစ်သားတုတ်တိုလေးနဲ့တင် သေအောင် ရိုက်သတ်လိမ့်မယ်...”

ချင်မူ့လက်ထဲတွင် ကိုင်ထားသည်မှာ သစ်သားတုတ် မဟုတ်ဘဲ ဓားမတစ်ချောင်းသာ ဖြစ်ပါစေဟု ဆုတောင်းမိ၏။ “ချီးတဲ့မှ... ဓားတုံးတုံး တစ်ချောင်းဆိုရင်ကို ဖြစ်တယ်...”

သစ်သားတုတ်တိုလေး တစ်ချောင်းက လွန်စွာ နည်းပါးသည့် အားအင်သာ ထုတ်ဖော်နိုင်သော်လည်း အရိုက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များ အားလုံးကြောင့် သူ့မျက်နှာမှာ ဝက်ခေါင်းကဲ့သို့ ဖူးရောင်နေသည်။ မျက်လုံးများပင် မျဉ်းကြောင်းလေးနှစ်ခု အဖြစ်သာ ဖွင့်နိုင်တော့ပြီး မြင်ကွင်းများ ဝေဝါးလာ၏။

သူ့တစ်ကိုယ်လုံးက အညိုအမည်းများနှင့် ရုပ်ပျက်နေပြီး ကြွက်သားများမှာလည်း အဆက်မပြတ် ရိုက်နှက်ခံရမှုကြောင့် မုန့်နှစ်သဖွယ် ပျော့ပြဲနေချေပြီ။ သူ၏ အဆစ်အမြစ်များကတော့ ချင်မူ၏ အထူးဂရုစိုက် အရေးပေးခြင်းကို ပိုခံရ၏။

ချင်မူက တမင်ပင် အရိုးများကို မရိုက်ဘဲ အရွတ်အဆစ်များကိုသာ ရွေးချယ် ရိုက်နှက်ခဲ့သည်။ အရွတ်အဆစ်များ စုတ်ပြဲသွားခြင်းကြောင့် အနည်းငယ်မျှ လှုပ်လှုပ်ရှားရှား လုပ်မိသည်နှင့် အသည်းခိုက်အောင် နာကျင်ခံစားရ၏။

သစ်သားတုတ်တိုလေးနှင့် သေသည်အထိ အရိုက်ခံရခြင်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ သေချင်တိုင်း တန်းသေ၍ မရဘဲ တစ်ချက်အရိုက်ခံရတိုင်း နာကျင်မှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုက တိုး၍ တိုး၍ လာ၏။

အစောပိုင်းက သူတို့ ခေါင်းပေါ်မှ ပြေးလွှားနေသော သားရဲအုပ်မှာ ယခုအခါ မည်သည့်နေရာသို့ ရောက်သွားပြီမှန်းပင် မမြင်ရတော့ချေ။ မြို့ပျက်မုခ်ပေါက်ဝမှ ထွက်ကတည်းက တဖြည်းဖြည်း အုပ်ကွဲကျဲပါးသွားခဲ့ခြင်း ဖြစ်၏။

ချင်မူ၏ ခွန်အားမှာလည်း တဖြည်းဖြည်း ယုတ်လျော့လာသည်။ သူ၏ 'ဓားမ'ကို မည်သည့်အချိန်ထိ ဆက်၍ ဝှေ့ယမ်း ခုတ်ထစ်နေရဦးမည် မသိ။ သို့သော်လည်း ထိုအလုပ်ကို သူ ဆက်လုပ်နေရဦးမည်။ သူ့အနေဖြင့် အစ်ကိုကြီးချွီ၏ ဓားကို အဆက်မပြတ် ရှောင်တိမ်းရသည်သာမက သားရဲအုပ်၏ ခွာများ၊ လက်သည်းများကိုလည်း ရှောင်ရှားရသေး၏။ ပုံစံမမှန်သည့် ခြေကွက်များကို အဆက်မပြတ် ရွှေ့နေရသည့်အတွက် သူ့ခြေထောက်များမှာလည်း နာကျင်ရောင်ရမ်းနေချေပြီ။

သားသတ်သမား၏ လေ့ကျင့်ခန်းများတွင် အရူးတစ်ယောက်လို မနားမနေ ဝှေ့ယမ်းခုတ်ရခြင်းမျိုးများ ရှိပါသော်လည်း သူက ချင်မူ၏ အကန့်အသတ်ကို ကောင်းစွာ သိသဖြင့် ခံနိုင်ရည်ထက် ကျော်လွန်အောင် လေ့ကျင့်စေခြင်းမျိုး မရှိခဲ့ဖူးချေ။

ချင်မူ့တွင် သူ၏ ဓားမကို ဆက်လက် ဝှေ့ယမ်းခုတ်ထစ်ရန် အားအင် မရှိတော့...။ စိတ်ဓာတ်အင်အား သက်သက်ဖြင့်သာ ရှေ့ဆက်နေရခြင်း ဖြစ်၏။

အစ်ကိုကြီးချွီတွင် အနည်းငယ်သော ချီစွမ်းအင် ကျန်ရှိရုံဖြင့် သူ့ခေါင်းပြတ် မြေပေါ်သို့ လိမ့်သွားမည် ဖြစ်ကြောင်း ချင်မူ ကောင်းကောင်းသိသည်။

သူ့အနေဖြင့် အစ်ကိုကြီးချွီကို သေသည်အထိ ဆက်လက် ရိုက်နှက်နေရုံသာ ရှိတော့၏။

ဒုတ်...။

အစ်ကိုကြီးချွီမှာ ရိုက်ချက်များကို ဆက်လက် တောင့်မခံနိုင်တော့ဘဲ မြေပေါ်သို့ လဲပြိုကျသွားသည်။ သူ၏ ရတနာဓားမှာလည်း ချလွမ်ခနဲ လွတ်ကျသွား၏။

ချင်မူ သူ၏ သစ်သားတုတ်တိုကို လွှင့်ပစ်ပြီး ဓားရှည်ကို ကောက်လိုက်သော်လည်း မ,ယူနိုင်ခြင်း မရှိ။ သူ့လက်များ၌ အားအင်လုံးဝ မရှိတော့ချေ။

သူ ရှေ့ဆီသို့ ယိမ်းထိုး၍ ဓားရိုးကို ကန်လိုက်၏။ ဓားထိပ်ဦးက ပတ်ဝန်းကျင်ကို သိစိတ် တည်းတည်းလေးသာ ရှိတော့သည့် အစ်ကိုကြီးချွီထံ ဦးတည်သွားသည်။ အစ်ကိုကြီးချွီက တွန့်လိမ်ရုန်းကန်ရန် ကြိုးစားလိုက်၏။

သို့သော်လည်း သူ မလှုပ်နိုင်ချေ။ သူ့အဆစ်အမြစ် အရွတ်များက သုံးစားမရတော့။ ကြွက်သားမြှောင်း တစ်ခုကိုမျှ ရုန်းကြွအောင် မ,ယူနိုင်ခြင်း မရှိတော့။

မလှုပ်မယှက်နိုင် ပျော့ခွေနေသော အစ်ကိုကြီးချွီမှာ သူ၏ ရတနာဓားကို သူ့ဘက်သို့ လှည့်၍ လည်ပင်းဆီသို့ ကန်ထုတ်နိုင်ရန် ကြိုးစားနေသည့် ချင်မူ့ကို မည်သို့မျှ မတတ်နိုင်ဘဲ ကြည့်၍သာ နေရတော့သည်။

ထိုဓားက မြေပြင်ပေါ်တွင် လျှပ်တိုက်၍ ဖုန်မှုန့်များပါ ဆောင်ယူပြီး အစ်ကိုကြီးချွီထံ တဖြည်းဖြည်း နီးကပ်လာ၏။ နောက်ဆုံးတွင်တော့ ချင်မူ၏ ကန်ချက်တစ်ချက်နှင့်အတူ ရတနာဓားရှည်က အစ်ကိုကြီးချွီ၏ လည်ပင်းသို့ ထိုးစိုက်သွားတော့သည်။

သူ၏ လည်ပင်းဆီမှ အသက်လုရှူသံနှင့်အတူ သွေးများ ပွက်ခနဲ ပွက်ခနဲ ထွက်လာပြီး မြေပြင်ပေါ်ထိ အိုင်ထွန်း စီးဆင်းသွား၏။

ချင်မူ စိတ်တင်းထားသမျှ ပြေလျော့သွားသည်။ သူ၏ ခြေလက်များ ပျော့ခွေပြီး မြေပြင်ပေါ် ပုံကျသွားတော့၏။ သူ တစ်ကြိမ်တစ်ခါမျှ ဤသို့ မပင်ပန်း မနွမ်းနယ်ခဲ့ဖူးပေ။

အလောင်းကောင်တစ်ကောင်၏ ဘေးတွင် လဲလျောင်းနေရသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ် ကောင်းလှသဖြင့် ချင်မူ အဝေးသို့ လှိမ့်သွားရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်က တစ်စက်ကလေးမျှ လှုပ်ရှားနိုင်ခြင်း မရှိတော့သဖြင့် လက်လျှော့လိုက်ရသည်။

ချင်မူ့အနေဖြင့် လူသေအလောင်းကို ယခုမှ ပထမဦးဆုံး မြင်ဖူးခြင်း မဟုတ်။ နွားရေခွံထဲမှ ထွက်လာသည့် အမျိုးသမီးနှင့် အစ်ကိုကြီးချွီ၏ ညီငယ်များသည်လည်း သူ့မျက်စိရှေ့တွင်ပင် အလောင်းကောင်များ ဖြစ်သွားခဲ့သည် မဟုတ်လား။

တစ်ခါက အနီးအနားရှိ ရွာတစ်ရွာသို့ အဘွားစစ် ကလေးမွေးပေးရန် သွားစဉ် သူ့ကို အကူခေါ်သွားခဲ့ဖူးသည်။ အဘွားစစ်က အထည်ချုပ်သည့် အလုပ်အပြင် အနီးအနားရွာများမှ မိခင်လောင်းများကို လိုက်လံ မွေးဖွားပေးသည့် ဝမ်းဆွဲလက်သည် အလုပ်ကိုလည်း လုပ်ကိုင်၏။

သို့သော်လည်း သူတို့ ရောက်သွားသည့် အချိန်တွင် ထိုရွာမှာ သုဿန်တစပြင် ဖြစ်နေချေပြီ။ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး သူတို့ ဖွားမြင်ပေးရမည့် မိခင်လောင်း အပါအဝင် အားလုံး သေဆုံးနေ၏။

ချင်မူ၏ စိတ်အလျဉ် ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံး ပေါ့ပါးတက်၍ ရွာအထက် ကောင်းကင်ယံတွင် မျောလွင့်ပြီး ထိုသတ်ဖြတ်မှုကြီးထဲတွင် ပါသွားသကဲ့သို့ ခံစားလိုက်ရ၏။ အဘွားစစ်က သူ့ကို လှုပ်နှိုးယူခဲ့ရပြီး သွေးပျက်ဖွယ်ရာ မြင်ကွင်းကြောင့် သူ့ဝိညာဉ် လွင့်သွားသည့်အတွက် ပြန်လည် ဆွဲခေါ်၍ ထည့်သွင်းပေးခဲ့ရသည်ဟု ဆို၏။

ဘွားဘွားစစ်က ထိုတစ်ရွာလုံးကို သတ်သူမှာ မည်သူဖြစ်ကြောင်း ပြောမပြဘဲ ထိုသို့သော အဖြစ်အပျက်မျိုးက မဟာမြို့ပျက်တွင် မဆန်းလှကြောင်းသာ ပြောခဲ့သည်။ ထိုအဖြစ်မှတစ်ဆင့် သူ့ကို ခပ်တင်းတင်း သတိပေးစကားလည်း ဆိုခဲ့၏။

“မင့်ရန်သူကို ဘယ်တော့မှ အခွင့်အရေး မပေးမိစေနဲ့...”

အစ်ကိုကြီးချွီ၏ ရုပ်အလောင်းက ချင်မူ့ကို မသက်မသာ ဖြစ်စေသော်လည်း ဤသည်က မဟာမြို့ပျက်တွင် ထူးဆန်းလှသော ကိစ္စ မဟုတ်။ ဤနေရာတွင် အားကြီးသူက အနိုင်၊ အားကြီးသူသာ ရှင်သန်ရာ ဖြစ်သည်။ မဟာမြို့ပျက်တွင် ငယ်စဉ်ကတည်းက နေထိုင်လာခဲ့သည် ဖြစ်၍ ချင်မူအနေဖြင့် ဆန်းကြယ်သားရဲများ၏ တိုက်ပွဲများနှင့် အသားကျနေခဲ့၏။ သူ့အတွက်တော့ အစ်ကိုကြီးချွီ၏ ရုပ်အလောင်းက သားရဲတိရစ္ဆာန်များ၏ ရုပ်အလောင်းနှင့် ခြားနားခြင်း မရှိပေ။

သူ ထိုနေရာတွင် လဲလျောင်း၍ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေစဉ် အနီးသို့ ချဉ်းကပ်လာသည့် ခြေသံကို ရုတ်တရက် ကြားလိုက်ရသည်။ အသံလာရာသို့ အားယူ လှည့်ကြည့်လိုက်သောအခါ ထိုအသံ၏ တရားခံကို တွေ့ရ၏။

ချင်မူ ထိတ်လန့် တုန်လှုပ်သွားသည်။ ထိုခြေသံရှင်က မူရင်းရုပ်ရည်ကိုပင် မမှတ်မိနိုင်လောက်အောင် ဝက်တစ်ကောင်သဖွယ် ရောင်ရမ်း ဖောင်းကားနေသည့် မျက်နှာနှင့် အစ်မချင်း ဖြစ်၏။ သူက ရတနာဓားကို ချိုင်းထောက်တစ်ခုသဖွယ် အသုံးပြု၍ တစ်လှမ်းချင်း ထော့နင်းထော့နင်း လျှောက်လာသည်။

ချင်မူ ထရပ်ရန် ကြိုးစားလိုက်သော်လည်း သူ့ခြေလက်များ အားလုံးက နာကျင်မှုဖြင့် ရောင်ကိုင်းနေချေပြီ။ သူ့အနေဖြင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို တိတ်တဆိတ် လေ့ကျင့်၍ မလှုပ်မယှက် စောင့်ကြည့်နေရုံသာ တတ်နိုင်တော့၏။

သူ၏ ချီစွမ်းအင်က နှေးကွေးစွာ လှုပ်ရှားလာပြီး တဖြည်းဖြည်းချင်း စုစည်း၍ နာကျင် ကိုက်ခဲနေသော ကြွက်သားများဆီသို့ စီးဆင်းသွားသည်။ ချီစွမ်းအင် စီးဆင်းသွားသည့် နေရာတိုင်းတွင် နာကျင်မှု လျော့ပါးသွားပြီး တစစ်စစ် စူးအောင့်နေမှုများ သက်သာလာသဖြင့် သူ၏ အာရုံခံစားမှုများ ပြန်လည်ထက်မြက်လာ၏။

အစ်မချင်းက သူ့ထံသို့ ထော့နင်းထော့နင်းနှင့် ဆက်၍ ချဉ်းကပ်လာသည်။ ချင်မူနှင့် တိုက်ခိုက်စဉ်က သူ့ခြေထောက်များ သုံးစားမရ ဖြစ်သွားခဲ့၏။ သူ့မျက်နှာမှာလည်း မရေမတွက်နိုင်သော ကန်ချက်များ ခံခဲ့ရသည်။ ထိုထဲတွင် နောက်ဆုံးကန်ချက်က အညှာအတာကင်းမဲ့ဆုံး ဖြစ်၏။

ချင်မူက သူ၏ အားအင်အကုန်လုံး ထိုကန်ချက်ထဲတွင် ထည့်သွင်းထားသဖြင့် အစ်မချင်း၏ နူးညံ့လှပသော မျက်နှာလေးမှာ အဆိပ်ရှိသည့် မြွေနဂါး၏ အမြီးကဲ့သို့ ပြားချပ်သွားခဲ့သည်။ လက်ရှိအနေအထားတွင် သူ့မျက်နှာက တစ်ညလုံး ပစ်ထားသည့် ခေါက်ဆွဲဖတ်များသဖွယ် ပွယောင်းပျော့ပြဲနေ၏။

သွားများလည်း တစ်ချောင်းမျှ မကျန်တော့ဘဲ နှုတ်ခမ်းထောင့်စွန်းတွင် သွေးစနှင့် သွားရည်များ စီးဆင်းပြီး မြေပြင်ပေါ်သို့ တတောက်တောက် ကျနေသည်။

သို့သော်လည်း သူ့လက်အစုံကတော့ အကောင်းပကတိ ရှိနေပြီး ရတနာဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူ၏ သွင်ပြင်က ချင်မူ့ကို မည်မျှ မုန်းတီးကြောင်း၊ အပိုင်းပိုင်းအစစ ဆွဲဆုတ်ပစ်ချင်ကြောင်း ပေါ်လွင်နေသည်။

ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လျင်မြန်စွာ လှည့်ပတ်နိုင်ရန် ကြိုးစားလိုက်၏။ သူ့အနေဖြင့် ကုန်ဆုံးသွားသော အားအင်များ လျင်မြန်စွာ ပြန်ရလိုသော်လည်း တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲက သူ၏ ခံနိုင်ရည်အကန့်အသတ်ထက် များစွာ ကျော်လွန်သွားခဲ့သည်။

ဝိညာဉ်သန္ဓေသားနံရံကို ချိုးဖျက်၍ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ နိုးထလာသည့် အခါမှသာ ချင်မူ့ကို သိုင်းသမားစစ်စစ် တစ်ယောက်အဖြစ် သတ်မှတ်နိုင်မည် ဖြစ်၏။ သိုင်းသမားစစ်စစ် တစ်ယောက် မဖြစ်သေးဘဲ အစ်ကိုကြီးချွီကဲ့သို့ သိုင်းပညာရှင်တစ်ယောက်ကို သေအောင် ရိုက်သတ်နိုင်ခဲ့သည်မှာ ကြီးစွာသော အောင်မြင်မှုတစ်ရပ်ပင် ဖြစ်သည်။

သို့သော်လည်း ဤသည်က အစွမ်းကုန် ဖြစ်၏။

သူ့တွင် အစ်မချင်းနှင့် ဆက်လက် တိုက်ခိုက်ရန် အားအင်မရှိတော့ချေ။

နောက်ဆုံးတွင်တော့ အစ်မချင်းက ချင်မူ၏ ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။ တစ်စုံတစ်ခုကို ပြောရန် ကြိုးစားလိုက်သော်လည်း သူ၏ ပါးစပ်တစ်ခုလုံးနှင့် လည်မျိုမှာ ရောင်ကိုင်းနေသဖြင့် ဝူးဝူးဝါးဝါး အသံများသာ ထွက်လာ၏။

အစ်မချင်းက စိတ်မရှည် ဖြစ်သွားပြီး ရတနာဓားကို ပင့်မြှောက်၍ ချင်မူ့ကို ရက်ရက်စက်စက် ထိုးချလိုက်သည်။

သို့သော်လည်း ရုတ်တရက် သူ့တစ်ကိုယ်လုံး တောင့်တင်းအေးခဲသွား၏။ သူ၏ ရတနာဓားက မမြင်ရသည့် အတားအဆီးအလွှာတစ်ခု ခံနေသကဲ့သို့ ရှေ့ဆက်ထိုးချ၍ မရတော့ချေ။

“အိုး... ဘယ်လိုတောင် ချစ်စရာကောင်းတဲ့ ကလေးမလေးပါလိမ့်... ဒီဘွားဘွားကတော့ ကြည့်ရင်းနဲ့ ချစ်မိလာပြီ...”

အသက်ကြီးကြီး အဘွားကြီးတစ်ယောက် သူတို့၏ မြင်ကွင်းထဲဝင်လာ၏။ ထိုအဘွားကြီးက ခြင်းတောင်းတစ်ခုကို လက်တွင် ချိတ်၍ သူတို့ ရှိရာဆီသို့ လျှောက်လှမ်းလာသည်။ ထိုအမျိုးသမီးကြီးကို မြင်လိုက်ရသည်တွင် အစ်မချင်း၏ မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး တဆတ်ဆတ် တုန်ယင်ကာ ချင်မူနှင့် ဝေးရာဆီသို့ တရွေ့ရွေ့ ဆုတ်ခွာသွား၏။

သို့သော်လည်း ဝေးဝေးသို့ မရောက်မီတွင်ပင် သူ့နောက်မှ အသံတစ်သံ ဟိန်းထွက်လာသည်။ “မူအာ... မင်းက သစ်သားတုတ်တိုလေးနဲ့ ငါ့ရဲ့ ဝက်ခုတ်ဓားသိုင်း ကစားပြီး အဲဒီကောင်လေး လဲကျအောင် ငါးထောင့်လေးရာ ခုနစ်ဆယ့်ခြောက်ချက် ရိုက်ခဲ့ရတယ်... ဒါနဲ့တောင် ဒီခွေးကောင်ကို ဓားရှည်နဲ့ သတ်ခဲ့ရသေးတယ်...”

အစ်မချင်း ကြိုးစားအားယူ၍ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ်ရာ ရုပ်အဆင်းအင်္ဂါနှင့် လူများ သူ့ထံသို့ လှမ်းလာနေသည်ကို တွေ့လိုက်ရ၏။ ဝါးတောင်ဝှေးနှင့် မျက်မမြင်တစ်ယောက်၊ ခြေတစ်ဖက်မရှိသည့် လူတစ်ယောက်၊ ခြေလက်လုံးဝမရှိသည့် လူတစ်ယောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်း မရှိတော့သည့် ထွားထွားကြိုင်းကြိုင်း လူတစ်ယောက်...။

ပို၍ သန်စွမ်းဟန်ရှိသော လူတစ်ယောက်က ထွားထွားကြိုင်းကြိုင်းလူကို ဝါးခြင်းတောင်းထဲတွင် ထည့်၍ ကျောပေါ်တွင် သယ်ပိုးထားပြီး ကျန်သူများက ခြေလက်မရှိသည့်လူကို ထမ်းစင်ဖြင့် သယ်ဆောင်လာသည်။

ထိုသူအားလုံးက အလွန်တရာ အဖြစ်ဆိုးလှသည့်ပုံ ပေါက်နေ၏။ သူတို့အထဲမှ အခြေအနေ အကောင်းဆုံးမှာ ဝါးခြင်းတောင်းကို သယ်ဆောင်လာသူ ဖြစ်သည်။ သို့သော်လည်း သူ့မျက်နှာတစ်ပြင်လုံးက ရုပ်ပျက်အောင် ဖျက်ဆီးခြင်း ခံထားရ၏။ အရေပြားတစ်ခုလုံး အခွာခံထားရဟန် ရှိပြီး မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။

ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခြမ်းသာ ရှိတော့သည့် ထွားထွားကြိုင်းကြိုင်းလူမှာ အစောက စကားကို ပြောလိုက်သူ ဖြစ်၏။ သူ၏ ကြောက်မက်ဖွယ်ရာ မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များ ဟုန်းဟုန်းတောက်နေပြီး ချင်မူ့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ အဝေးမှ ဆူငေါက်လိုက်သည်။

“ကြည့်ရတာ မင်း လေ့ကျင့်ဖို့ အများကြီး လိုသေးတယ်... မင်းရဲ့ ဓားမသိုင်းကိုသာ ကောင်းကောင်း လေ့ကျင့်ထားရင် ဓားမတစ်ချောင်း၊ တုတ်တိုတစ်ချောင်းတောင် မလိုဘူး... အဲကောင်လေးကို မင့်လက်နှစ်ဖက်နဲ့တင် သေအောင် ခုတ်သတ်လို့ ရတယ်...”

“ဘွားဘွားစစ်၊ ဘိုးဘိုးသားသတ်သမား၊ ဘိုးဘိုးဆေးဆရာ...” ချင်မူ အက်ကွဲကွဲ ရေရွတ်ပြီး သက်ပြင်းမှုတ်ထုတ်လိုက်၏။ “ဘွားဘွားတို့၊ ဘွားဘွားတို့အားလုံး... ရောက်လာကြတာလား...”

“ငါတို့က မင်းကို သွေးနဲ့ ချွေးနဲ့ ရင်းပြီး မွေးထားခဲ့ရတာ၊ စိတ်ပူတာပေါ့ကွယ်...” အဘွားစစ်က အရယ်တစ်ဝက်နှင့် တုံ့ပြန်ပြောဆိုလိုက်သည်။ “မင်း အိမ်ကနေ ပထမဦးဆုံးအကြိမ် ထွက်သွားပြီး သူစိမ်းမိန်းကလေး တစ်ယောက်နဲ့ အချိန်ကုန်ဆုံးတဲ့ ညဆိုတော့ ငါတို့က လာကြည့်ရတာပေါ့...”

ချင်မူက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မေးလိုက်၏။ “ဘွားဘွားတို့ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ...”

“ဟိုကောင်လေးနဲ့ မင်းနဲ့ သားရဲတွေ အောက်မှာ အသည်းအသန် တိုက်နေကြကတည်းက ငါတို့ ရောက်နေတာလေ...” သားသတ်သမားက နှာခေါင်းရှုံ့လိုက်သည်။ “မဟုတ်ရင် ငါးထောင့်လေးရာ ခုနစ်ဆယ့်ခြောက်ချက် မင်း ရိုက်ခဲ့တယ်ဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ...”

ချင်မူ၏ မျက်နှာ တစ်ပြင်လုံး မည်းမှောင်သွား၏။ ဤအဘိုးကြီးတွေက တိုက်ပွဲစကတည်းက ရောက်နေပါလျက်နှင့် သူ့ကို သေလုအောင် တိုက်ခိုင်းပြီး အသက် ဆုံးရှုံးလုနီးပါး ဖြစ်အောင် စောင့်ကြည့်နေခဲ့ကြသည်။

ထို့နောက်တွင်မှ ဆန်းကြယ်သားရဲအုပ်က သူ့ကိုရော၊ အစ်ကိုကြီးချွီကိုပါ အဘယ်ကြောင့် မတိုက်ခိုက်ခဲ့ကြသည် ဆိုခြင်းကို သဘောပေါက်သွား၏။

သားသတ်သမားက သူတို့ကို ခြောက်လှန့်ထားခြင်း ဖြစ်မည်။

‘အပြင်ဘက်က လူတွေက ဘွားဘွားနဲ့ ကျန်တဲ့သူတွေ အကုန်လုံးကို မကောင်းတဲ့ လူတွေလို့ ပြောကြတာ၊ ဟုတ်များ ဟုတ်နေမလား...’ ချင်မူ စိတ်ထဲမှ တွေးလိုက်မိသည်။

‘ဒါပေမဲ့... သူတို့က လူကောင်းတွေပါ...’ ချင်မူ သူ့ဖာသာ ဖြေသိမ့်လိုက်၏။ ‘အစ်ကိုကြီးချွီကို ငါ အနိုင်ယူနိုင်မယ်ဆိုတာ ယုံကြည်လို့ စောင့်ကြည့်နေကြတာပဲ ဖြစ်မှာပါ...’

“လောကသခင်ခန္ဓာကိုယ်က ဝိညာဉ်ခန္ဓာကိုယ်ထက် အများကြီး သာတယ်...” မျက်မမြင်က သူ၏ တောင်ဝှေးကို အားပြု၍ ထရပ်ပြီး လေထဲသို့ ပြုံးပြကာ ပြောလိုက်သည်။ “မင်းက ဒီလောက် ဆိုးဆိုးရွားရွား အခြေအနေ ဖြစ်သွားတော့ ငါတို့အားလုံး အတော်လေး စိတ်ပျက်သွားတယ်...”

“ဘိုးဘိုးမျက်ကန်း၊ ကျွန်တော်က ဒီဘက်မှာ...” ချင်မူက ခပ်တိုးတိုး ချောင်းဟန့်လိုက်၏။

“မင်း ဘယ်မှာလဲ ငါ သိပါတယ်...” မျက်ကန်းက သူ့ကိုယ်သူ နေရာ ပြန်တည့်ရင်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ “မင်းက အဲဒီကောင်လေးကို တုတ်တစ်ချောင်းနဲ့ အနိုင်ယူနိုင်ခဲ့တာ ဆိုတော့ ငါ မင်းကို သင်ပေးထားတာ အလကား မဖြစ်ဘူးပေါ့... ဒါပေမဲ့ ဘဝင်တော့ မြင့်မနေနဲ့... မင်းက လောကသခင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ မဟုတ်လား... မင်းအနေနဲ့ သူ့ထက်သာတာ သဘာဝပဲ... ဒီနေ့ကစပြီး မင်းရဲ့ လေ့ကျင့်ခန်းတွေ ပိုပြင်းထန်လာလိမ့်မယ်... မျက်နှာကြီးကို အဲလို ရှုံ့မနေစမ်းနဲ့... ချင်မူ...”

“မင်း ဘာတွေ သိပ်ကျေနပ်ပီတိ ဖြစ်နေတာလဲ၊ မျက်ကန်း...” သားသတ်သမားက အေးစက်စက် ပြောလိုက်၏။ “သူက ငါ့ရဲ့ ဓားမသိုင်းကို သုံးသွားတာ အသိသာကြီး၊ ပြီးတော့... မင်းက ဘာကိစ္စ အလောင်းကောင်ကို သွားပြီး ဆုံးမနေရတာလဲ...”

All Chapters