ချီစွမ်းအင်ဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်း
Vol. 1 Ch. 14
“ဒီအစ်မချင်းကို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ...” ချင်မူက အနိုင်နိုင် ထရပ်လိုက်သည်။ သူက ထိတ်လန့်တုန်လှုပ်မှု မပြယ်သေးသော အစ်မချင်းကို လှမ်းကြည့်လိုက်၏။
“ဒီလိုလုပ်ကြမလား...” အဘွားစစ်က အကြံအစည်တစ်ခုကို တွေးမိသွားဟန်ဖြင့် မျက်လုံးများ အရောင်တောက်လာပြီး ချင်မူ့ကို ခပ်သာသာ တွန်းထိုး၍ မဟုတ်တရုတ် အပြုံးတစ်ခု ပြုံးလိုက်ရာ အားအင်ကုန်ခန်းနေသော ကောင်လေးမှာ ဟပ်ထိုးလဲလုမတတ် ဖြစ်သွားသည်။ “ငါတို့ ဒီကောင်မလေးကို အသက်ရှင်ခွင့်ပေးပြီး မင့်အတွက် သတို့သမီး လုပ်ခိုင်းကြမလား... မင်းငယ်ငယ် လေးဖက်ထောက်သွားတုန်းက သိပ်ချစ်စရာကောင်းတာ... အခု အရွယ်ရောက်လာတော့ အရင်လောက် ချစ်စရာ မကောင်းတော့ဘူး... မင်းနဲ့ ဒီကောင်မလေးနဲ့ ယူပြီး ဝဝကစ်ကစ် ကလေးလေး တစ်ယောက် မွေးလိုက်လေ... မွေးလာတဲ့ ကလေးက မင်းလိုပဲ ချစ်ဖို့ကောင်းမှာ... ဘွားဘွားက ကလေး သိပ်ချစ်တတ်တာ...”
ချင်မူက ဝက်ခေါင်းလို ဖြစ်နေသော အစ်မချင်းကို ငဲ့ကြည့်လိုက်၏။ “ဘွားဘွား... အဲလိုလုပ်တာ မကောင်းဘူး ထင်တယ်...”
ရွှပ်...။
“အဲဒီလိုဆိုမှတော့... ဒီကောင်မလေးကို သတ်လိုက်ကြရုံပေါ့...” ထော့ကျိုးက ပြောလိုက်သည်။
မည်သူတစ်ဦးတစ်ယောက်မျှ သတိမူမိခြင်း မရှိဘဲ အစ်မချင်း၏ နောက်မှ ထော့ကျိုး ပေါ်ထွက်လာ၏။ သူက နှစ်လိုဖွယ် အပြုံးတစ်ခုကို မျက်နှာထက်တွင် ဆင်မြန်းရင်း အစ်မချင်း၏ နှလုံးသား နေရာတည့်တည့်သို့ ဓားဖြင့် ထိုးစိုက်လိုက်သည်။
“ဘိုး... ဘိုးဘိုး ထော့ကျိုး... ဘာ... ဘာလို့ သူ့ကို သတ်လိုက်ရတာလဲ...” ချင်မူ အထစ်ထစ်အငေါ့ငေါ့မ မေးလိုက်မိ၏။
ထော့ကျိုးက သူ့ဓားကို ပြန်ဆွဲထုတ်လိုက်သည်။ သူ့အပြုံး၌ စိတ်ရှုပ်ထွေးမှုများ ရောယှက်လာ၏။ “မင်းပဲ သူ့ကို မလိုချင်ဘူးဆို... အဲဒါဆိုမှတော့ သူ သေရမှာပေါ့...”
ချင်မူ့စိတ်ထဲတွင် မကျေမနပ် ခံစားလိုက်ရသည်။ သူ့အနေဖြင့် အစ်မချင်းနှင့် ကလေးယူလိုသောကြောင့် မဟုတ်။ သူက ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက်သာ ရှိသေးသည် မဟုတ်လား။ ရွာထဲမှ ဤသရဲသဘက်အိုကြီးများအပြင် အနီးအနားရွာများမှ လူများမှာလည်း မကောင်းဆိုးရွားဆန်ဆန် လူများသာ ဖြစ်သည်။ သူနှင့် ရွယ်တူတစ်ယောက်ကို ဆုံတွေ့ရန်မှာ ရတောင့်ရခဲ ဖြစ်၏။
ကစားဖော် မရှိသော်လည်း သူ့စိတ်က ကလေးစိတ်သာ ရှိသေးသည် မဟုတ်လား။
“အိမ်ပြန်ကြစို့...” ရွာလူကြီးက ချိုင့်ဝှမ်းအတွင်းမှ မြို့ပျက်ဆီသို့ ခေါင်းလှည့်ကြည့်ရင်း လောဆော်လိုက်၏။
“ငါတို့အားလုံးက တစ်ခုမဟုတ် တစ်ခု ဒုက္ခိတတွေချည်းပဲ... အဲဒီတော့ မင်းကို ဘယ်သူမှ ထမ်းပိုးပြီး မသယ်နိုင်ဘူး... မင်းဖာသာ လမ်းလျှောက်ပြီး ပြန်ရလိမ့်မယ်...” ဆေးဆရာက ချင်မူ့ကို ပြုံး၍ ပြောလိုက်သည်။ “အာ ဟုတ်ပြီ... ဝိညာဉ်သားရဲ လေးကောင်ရဲ့ သွေးတွေ ပြင်ထားတာ ရှိတယ်... မနေ့ညက မင်း ပြန်မလာတော့ အခု ငါ့ဆီမှာ ပါလာတာ...”
ချင်မူက ဆေးဆရာ ကမ်းပေးသော ကြွေခွက်လေးခွက်ကို လက်ခံယူပြီး ခေါင်းညိတ်လိုက်၏။ ထို့နောက် ဝိညာဉ်သားရဲ လေးကောင်၏ သွေးကို မော့သောက်၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လှည့်ပတ်ရင်း သွေးထဲမှ စွမ်းအင်များကို ချေဖျက်စုပ်ယူကာ အားယူ လမ်းလျှောက်လိုက်သည်။ ထိုသို့ လုပ်နေရင်းနှင့် အဘွားစစ်တို့ကို မြို့ပျက်အတွင်းတွင် ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် အခြင်းအရာများအကြောင်း ပြောပြလိုက်၏။
အဘွားစစ်၏ တည်တည်ငြိမ်ငြိမ် ရှိနေသော အမူအရာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ “မိစ္ဆာနတ်ဆိုးတွေနဲ့ နတ်ဘုရားတွေ... အမှောင်ထု မျက်နှာကြီးနဲ့ အရိုးစု မိန်းမပျိုတွေ ဟုတ်လား... စိတ်ဝင်စားစရာပဲ...”
အခြားသူများမှာ ချင်မူ ပြောသည်များကို စိတ်ဝင်စားသည့်ဟန် ပေါ်သော်လည်း မည်သည်မျှ ဝင်မပြောကြချေ။
နောက်ဆုံးတွင်တော့ ချင်မူ မနေနိုင်ဘဲ ထုတ်မေးရတော့၏။ “ဘွားဘွား... ဘွားဘွားတို့ အားလုံးက ဒီမြို့ပျက်ရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို မသိချင်ကြဘူးလား...”
ဆေးဆရာက သက်ပြင်းချလိုက်သည်။ “ဟိုးတစ်ချိန်က စည်ပင်ဝပြောခဲ့တဲ့ နတ်ဘုရားတွေရဲ့ နယ်မြေ… အချိန် အတော်ကြာကတည်းက ပြာပုံဘဝ ရောက်သွားခဲ့တာ... အခု မင်းပြောသလို နတ်ဘုရားအရိုးတွေ ညအခါကာလမှာ ထပြီး တွန်ကျူး ကခုန်နေတယ် ဆိုတော့ သူတို့က တမလွန်ဘဝမှာ အနားယူဖို့ ငြင်းဆန်နေကြတုန်းပဲ ထင်ပါရဲ့...”
နားကန်းက ဆေးဆရာ၏ နှုတ်ခမ်း လှုပ်သည်ကို စိုက်ကြည့်၍ ခွန်းတုံ့ပြန် ပြောလိုက်၏။ “သူတို့ဖာသာ အနားယူချင်ချင်၊ မယူချင်ချင် သေပြီးမှတော့ ဘာဆက်လုပ်နေစရာ အကြောင်းရှိသေးလို့လဲ... ဒီနေရာက နောက်ကြောင်းကိုလည်း ဘာမှ ဂရုစိုက်နေစရာ မရှိဘူး...”
“မင်း... နားကန်းနေတာက တကယ်ရော ဟုတ်ရဲ့လား...” ဆေးဆရာက နားကန်း၏ နားရွက်များကို ကြည့်၍ မယုံသလို မေးလိုက်သည်။ ဆွတ်ဆွတ်ဖြူနေသော သံနားရွက်များက သတ္ထုအခေါင်းပိတ်သက်သက်သာ ဖြစ်၏။ ထိုသတ္ထုနားရွက်များက တစ်ချိန်က တည်ရှိခဲ့ဖူးသည့် အသွေးအသား နားရွက်များ နေရာတွင် အစားထိုး ဝင်ရောက်၍ နားပေါက်ကို ပိတ်ဆို့ထားသည်။
နားကန်းက သူ့ခေါင်း တစ်ဖက်တစ်ချက်မှ သတ္ထုနားရွက်များကို ဖြုတ်ယူလိုက်၏။ သုံးလက်မခန့် ရှည်သော သံအဆို့များက နားပေါက်အတွင်းမှ ထွက်ပေါ်လာသည်။ သတ္ထုနားရွက်များ သူ့ခေါင်းမှ ပြုတ်မကျစေရန် ဤသံအဆို့များကို နားပေါက်ထဲ ထိုးသွင်းထားရခြင်း ဖြစ်၏။
“ရော့... ဒါတွေ မင့်နားရွက်ထဲ ထိုးထည့်လိုက်လေ...” နားကန်းက အေးစက်စက် ဒေါသသံဖြင့် တုံ့ပြန်လိုက်သည်။ “အဲဒါဆို ငါ တကယ် နားကန်းလား၊ မကန်းလား မင်း သိလိမ့်မယ်...”
ဆေးဆရာက ခပ်ယဲ့ယဲ့ ပြုံး၍ နှုတ်ဆိတ်သွား၏။
နားကန်းက သူ့သံနားရွက်များကို နားပေါက်ထဲ ပြန်တပ်ရင်း ရွှေအဘက် လှည့်ကာ ပြောလိုက်သည်။ “ဒီနားရွက်တွေက သိပ်သက်သောင့်သက်သာ မရှိတော့ဘူး... ငါ့ကို နည်းနည်းလောက် တပ်ကောင်းအောင် လုပ်ပေးဦး...”
ပန်းပဲဆရာ ရွှေအက ခေါင်းညိတ်လိုက်၏။
ဤအဘိုးအဘွား မိသားစုကြောင့် ချင်မူ ပြောစရာ စကားမရှိ ဖြစ်သွားသည်။ သူတို့အားလုံးက မြို့ပျက်မှ ကိစ္စများထက် နားကန်း၏ နားပေါက်များအကြောင်း အဘယ်ကြောင့် ပိုစိတ်ဝင်စားနေကြမှန်း သူ နားမလည်နိုင်တော့ချေ။
“မူအာ... မဟာမြို့ပျက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတွေဆိုတာ သိပ်ကို များလွန်းတယ်...” အဘွားစစ်က အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ “ဒီချိုင့်ဝှမ်းထဲက နတ်ဘုရားနယ်မြေအပြင် တခြား လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေ မရေမတွက်နိုင်အောင် ရှိတယ်... အဲဒီအကြောင်းတွေ လိုက်စဉ်းစားရင်း အချိန်ကုန်နေရင် တခြားဘာမှ လုပ်ချိန်တောင် ရှိမှာမဟုတ်ဘူး...”
သူတို့အုပ်စု ဒုက္ခိတဘိုးဘွားကျေးရွာဘက်သို့ ပြန်လာကြရင်း ရွာလူကြီးက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “မင်းက ဆယ့်ခြောက်လက်မပဲရှိတဲ့ တုတ်တိုလေးကို ဓားမလို သုံးပြီး ဟိုကောင်လေးရဲ့ ရတနာဓားနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့တာဆိုတော့ မင်းရဲ့ တိုက်ချက်တွေက မညံ့ဘူးဆိုတာ ထင်ရှားတယ်... ဒီအတွေ့အကြုံက မင်းရဲ့ တိုးတက်မှုအတွက် အများကြီး အထောက်အကူပြုမှာပါ...”
“ကျွန်တော်က ဘာလို့ သူတို့လိုမျိုး အဝေးကပစ္စည်းတွေကို မထိန်းချုပ်နိုင်ရတာလဲ...” ချင်မူ၏ ရင်ထဲတွင် မတည်မငြိမ်ဖြစ်နေပြီး မေးလိုက်သည်။ “ကျွန်တော့်ချီစွမ်းအင်က အဲဒီမိုးမခကိုင်းရဲ့ ဆယ့်ခြောက်လက်မထက် ရှေ့ဆက်တိုးလို့ မရဘူး...”
ထိုလူငယ်များ ချီစွမ်းအင်ဖြင့် ဓားပျံထိန်းချုပ်သကဲ့သို့ သူ မထိန်းချုပ်နိုင်သဖြင့် လွန်စွာ မနာလိုအားကျ ဖြစ်မိ၏။
ဆေးဆရာက တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။ သာမန်လူတစ်ယောက်၏ ချီစွမ်းအင်က မည်သည့် ဓာတ်သတ္တိမျှ မရှိသဖြင့် အရာဝတ္ထုများကို ထိန်းချုပ်ရန် မဖြစ်နိုင်ချေ။ သာမန်ချီစွမ်းအင်က ထိုသို့သော သိုင်းကွက်နည်းစနစ်များကို ထုတ်ဖော်အသုံးပြုနိုင်ခြင်း မရှိ။
သာမန်လူသားတစ်ယောက် အနေဖြင့် ချီစွမ်းအင်ကို မိုးမခကိုင်း၏ ဆယ်ခြောက်လက်မထိ ပို့လွှတ်ထည့်သွင်း၍ ထိုမိုးမခကိုင်း ပျက်စီးကျိုးပဲ့ခြင်း မရှိဘဲ အစ်ကိုကြီးချွီကဲ့သို့ သိုင်းပညာရှင် တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည်ကပင် ချင်မူ့အတွက် အံ့မခန်း အောင်မြင်မှု ဖြစ်၏။
“မင်းရဲ့ လောကသခင်ခန္ဓာကိုယ်ရော၊ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာရောက အခုထိ နိုးထသေးတာမှ မဟုတ်တာ... စိတ်မပူပါနဲ့...” ရွာလူကြီးက ချင်မူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ “အဲဒီလို မနိုးထသေးတဲ့ အခြေအနေနဲ့တင် ဝိညာဉ်သန္ဓေသားအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တာ... မင်းရဲ့ လောကသခင်ခန္ဓာကိုယ်သာ နိုးထလာခဲ့ရင် တခြားသူတွေ အားလုံးထက် အဆင့်တစ်ဆင့် သာနေမှာ အမှန်ပဲ...”
အဘွားစစ်နှင့် ကျန်သူများမှာလည်း ချင်မူ၏ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြ၏။ အစ်ကိုကြီးချွီက ဝိညာဉ်သန္ဓေသားအဆင့်တွင် ထိပ်သီးသိုင်းသမား တစ်ယောက် ဖြစ်ပြီး ချီစွမ်းအင်ကို အသုံးပြု၍ ရတနာဓားကို ခန္ဓာကိုယ်နှင့် နီးနီးကပ်ကပ်တွင် ထိန်းချုပ်အသုံးပြုနိုင်သည်။ ဤသည်ကို ကြည့်လျှင် သူ့အနေအထားက ဓာတ်ကြီးငါးပါးအဆင့်နှင့် အလှမ်းမကွာတော့ကြောင်း သက်သေခံနေ၏။
အစ်ကိုကြီးချွီကို တုတ်တိုလေးနှင့် သေအောင် ရိုက်သတ်နိုင်ခဲ့သည်ကို ထောက်ရှု၍ ချင်မူ့တွင် သူတို့အားလုံး မမြင်ဖူး မကြားဖူးသော လောကသခင်ခန္ဓာကိုယ် ရှိသည်ဆိုခြင်းမှာ ရွာလူကြီး လိမ်ညာခြင်း မဟုတ်ကြောင်း စိတ်ချ ယုံကြည်သွားကြ၏။
ဆေးဆရာ၏ မျက်လုံးများခ တွန့်ခနဲ ဖြစ်သွားပြီး စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။
“မူအာ့မှာ သာမန်လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပဲ ရှိတယ်ဆိုတဲ့ အမှန်တရားက အနှေးနဲ့အမြန် ပေါ်လာမှာပဲ... အဲဒီအချိန်ကျရင် ဒီလူတွေအကုန်လုံး သွေးပျက်ပြီး တစ်လောကလုံးကို ဇောက်ထိုးမိုးမျှော် လုပ်ပစ်လိမ့်မယ်... ဒါပေမဲ့ ထိပ်သီးသိုင်းသမား တစ်ယောက်ကို တုတ်တိုလေးနဲ့ သေအောင် ရိုက်သတ်နိုင်ခဲ့တာကတော့ တကယ် ထူးဆန်းတာပဲ... သူ့မှာ တကယ်ပဲ လောကသခင်ခန္ဓာကိုယ် ရှိနေတာလား... ဒါမှမဟုတ် ဝိညာဉ်သားရဲသွေးတွေကြောင့်ပဲလား...”
ဆေးဆရာမှာ သူ့ခေါင်းထဲရှိသမျှ အသိအမြင်ဗဟုသုတများနှင့် ယှဉ်ထိုးကြည့်သော်လည်း အဖြေရှာမရသည့် မေးခွန်းများကြောင့် စိတ်ရှုပ်ထွေးလာ၏။
ဝိညာဉ်သားရဲ လေးကောင်၏ သွေးများကို သောက်လိုက်သဖြင့် ချင်မူ၏ ကိုယ်တွင်းမှ ချီစွမ်းအင်များ ပို၍ ပို၍ လှုပ်ရှားတက်ကြွလာသည်။ ထိုအဖြစ်ကြောင့် သူ၏ နာကျင်ရောင်ရမ်းနေသော ကြွက်သားများ ပြန်လည် ကောင်းမွန်ပြီး သွေးလေလှည့်ပတ်မှု ချောမွေ့လာ၏။ ချီစွမ်းအင်လှည့်ပတ်မှုမှာလည်း ပိုမို မြန်ဆန်လာသည်။ သူ့ခန္ဓာကိုယ်မှ ပင်ပန်းနွမ်းနယ်မှုများ တဖြည်းဖြည်း လျော့ပါးသွားသဖြင့် သူ့ခြေလှမ်းများလည်း မသိလိုက်မသိဖာသာ မြန်ဆန်လာ၏။
အဘိုးကြီးမာ၊ ထော့ကျိုးနှင့် ကျန်သူများ၏ မျက်နှာတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ခုန်တက်လာသည်။ သို့သော်လည်း သူတို့က ခပ်မဆိတ်သာ နေ၍ ချင်မူ့နောက်မှ ဆက်လိုက်လာခဲ့ကြ၏။
ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ပြေးရင်းလွှားရင်း လေ့ကျင့်လျှင် ကျင့်စဉ်လှည့်ပတ်မှု ပိုမြန်စေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ဝိညာဉ်သားရဲ လေးကောင်၏ သွေးများမှ အာနိသင်ကိုပါ ထပ်ပေါင်း ထည့်လိုက်သောအခါ သူ့ကျင့်စဉ်လှည့်ပတ်နှုန်းက ပိုမိုမြန်ဆန်လာပြီး ပတ်ဝန်းကျင်ကို မေ့လျော့၍ မြန်သည်ထက် မြန်အောင် ခြေကုန်သုတ် ပြေးတော့၏။
သူ၏ ပြေးနှုန်းက ဆက်လက် မြင့်တက်လာရင်း နာကျင် ရောင်ရမ်းနေသော ကြွက်သားများကို မေ့လျော့သွားသည်။ သူ့ချီစွမ်းအင်က တစ်ကိုယ်လုံးတွင် လျင်မြန်စွာ လှည့်ပတ်ရင်း ကြွက်သားများ၊ အရိုးများ၊ မွေးညင်းများ၊ ခြေသည်းလက်သည်းများအထိ စိမ့်ဝင်ပျံ့နှံ့ စီးဆင်းသွား၏။
ပြေးနိုင်သမျှ မြန်မြန်ပြေးရင်းနှင့် ချင်မူ၏ လက်ရှိပြေးနှုန်းမှာ ယခင်က သူအမြန်ဆုံး ပြေးနိုင်သည်ထက် ကျော်လွန်သွားသည်။ သို့သော်လည်း ထိုအဖြစ်ကို သူ သတိမူမိခြင်း မရှိဘဲ စိတ်လက် ပေါ့ပါးသည်ထက် ပေါ့ပါးကာ စိတ်ရှိသလောက် ပြေးလွှားနေတော့၏။
မည်းမည်းပျစ်ပျစ် ချွေးစက်များက သူ့ခန္ဓာကိုယ်မှ တဖြည်းဖြည်းချင်း စိမ့်ထွက်လာသည်။ ထိုချွေးစက်များထဲ၌ အညစ်အကြေး မည်းမည်းများနှင့် အဆီခဲ ဖြူဖြူများ ရောယှက်ပါလာ၏။
ချင်မူကတော့ သူ့ခန္ဓာကိုယ်မှ အပြောင်းအလဲများကို အာရုံခံမိခြင်း မရှိချေ။
ဆေးဆရာနှင့် ရွာလူကြီးက အံ့အားသင့်စွာဖြင့် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။
“အဘိုးကြီးမာ... ခင်ဗျားရဲ့ ချီစွမ်းအင် ခန္ဓာကိုယ်သန့်စင်တာ ဘယ်အချိန်တုန်းကလဲ...” ဆေးဆရာက လွှတ်ခနဲ မေးလိုက်မိ၏။
“ဝိညာဉ်သန္ဓေသားအဆင့်ရဲ့ အထွတ်အထိပ်ပဲ...” အဘိုးကြီးမာက အလေးအနက် တုံ့ပြန်ပြောဆိုလိုက်သည်။ “အဲနေ့က ငါ့လက်သီးသိုင်းကို လေ့ကျင့်နေရင်း မမျှော်လင့်ဘဲ လက်သီးကွက်ရဲ့ ကောင်းကင်နတ်သိုင်း၊ လက်သီးခန္ဓာသန့်စင် သိုင်းကွက်ကို ထုတ်သုံးမိလျက်သား ဖြစ်သွားတာ... နဂါးစိမ်းနဲ့ တူတဲ့ ချီစွမ်းအင်တွေက ငါ့ရဲ့ လက်နှစ်ဖက်မှာ ရစ်ခွေလာတယ်...”
ထော့ကျိုးကလည်း ဝင်ပြောသဖြင့် ဆေးဆရာ လှည့်ကြည့်လိုက်၏။
“ငါလည်း ဝိညာဉ်သန္ဓေသားအဆင့် အထွတ်အထိပ်မှာပဲ... အဲဒီနေ့က လေပေါ်မှာ လမ်းလျှောက်ဖို့ ကြိုးစားရင်း ချီစွမ်းအင် ခန္ဓာကိုယ်သန့်စင်တဲ့ဖြစ်ရပ် ဖြစ်ခဲ့တာ... ရှိသမျှ ခန္ဓာကိုယ် မွေးညင်းပေါက်ကနေ ချီစွမ်းအင်တွေ လေလို တရွှီရွှီ ထွက်လာလို့ အတော်လေး စိတ်လှုပ်ရှားပြီး အောက်ပြုတ်ကျ သေမလိုတောင် ဖြစ်သွားခဲ့သေးတယ်...”
“ငါလည်း အဲဒီလိုပဲ...” ဆေးဆရာက သက်ပြင်းချ၍ ပြောလိုက်သည်။ “ငါ့ရဲ့ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဆေးကျိုအိုး၊ ချီစွမ်းအင်ကို ဆေးပင်တွေလို အသုံးပြုပြီး ခန္ဓာကိုယ်ကို သန့်စင်ဖို့ ကြိုးစားရင်း ချီစွမ်းအင်နဲ့ ခန္ဓာကိုယ်သန့်စင်တဲ့ အဆန်းတကြယ် ဖြစ်ရပ်ကို ကြုံခဲ့ရတယ်... ငါ့ချီစွမ်းအင်က ခန္ဓာကိုယ်ကို မီးလို လောင်တိုက်သွင်းပြီး သန့်စင်ခဲ့တာ... အခု ချင်မူကကျတော့ သူ့ရဲ့ ပထမအဆင့် အတားအဆီးနံရံတောင် မကျိုးပျက်သေးဘဲ ခန္ဓာကိုယ်သန့်စင်တာ စနေပြီ...”
“လောကသခင်ခန္ဓာကိုယ်က အတော်စွမ်းအားကြီးတာပဲ...” ထော့ကျိုးက ရယ်မောလိုက်၏။ “ငါတို့ ဝိညာဉ်ခန္ဓာကိုယ်တွေ မနာလိုအားကျရုံပဲ ရှိတာပေါ့...”
ဆေးဆရာက ထူးဆန်းသော အမူအရာ ဖြစ်သွားသော်လည်း မည်သည်ကိုမျှ မပြောလိုက်ချေ။
လောကသခင်ခန္ဓာကိုယ်...။
ချင်မူ့တွင်သာ လောကသခင်ခန္ဓာကိုယ် အမှန်တကယ် ရှိနေခဲ့လျှင် သူ ဤမျှ အံ့အားသင့်လိမ့်မည် မဟုတ်။
ထော့ကျိုးနှင့် အဘိုးကြီးမာတို့က အရာအားလုံးကို ချင်မူ့တွင် လောကသခင်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည်ဟူသော အချက်ဖြင့် ဖြေရှင်းသွားသော်လည်း သူက အဖြစ်မှန်ကို သိထားသူ မဟုတ်လား။ သာမန် လူသားခန္ဓာကိုယ်မျှဖြင့် ဝိညာဉ်ခန္ဓာကိုယ် ရှိသူများထက် ရှေ့ခြေတစ်လှမ်း စောကာ ခန္ဓာကိုယ် သန့်စင်ပြုပြင်သည့် အဆင့်သို့ ရောက်နေ၏။ ဤသို့သော ကိစ္စရပ်မျိုးက အကြားအမြင် ဗဟုသုတ ကြွယ်ဝလှသည့် ဆေးဆရာကဲ့သို့ ထိပ်သီးပညာရှင်မျိုးပင် အံ့အားမသင့်ဘဲ မနေနိုင်ချေ။
“မူအာက အခုထိ သူ့ရဲ့ လောကသခင်ခန္ဓာကိုယ် မနိုးထသေးဘူး... နိုးထလာတဲ့အခါကျရင် သူ့ရဲ့ လောကသခင်ခန္ဓာ ချီစွမ်းအင်နဲ့ အရာဝတ္ထုတွေကို ထိန်းချုပ်လာနိုင်လိမ့်မယ်... ဟီး... ဟီး...” အဘွားစစ်က ဝမ်းသာအားရ ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတောင် ချင်မူ့အရွယ်တုန်းက ဖယောင်းတိုင်တစ်တိုင်ကြွအောင် မ,နိုင်ဦးမှာ မဟုတ်ဘူး... ဟုတ်တယ်မဟုတ်လား...”
ဆေးဆရာ၏ ရင်ထဲတွင် ချုံးချုံးကျသွားပြီး ရွာလူကြီးကို လှမ်းကြည့်လိုက်၏။
ရွာလူကြီးက ဆိတ်ဆိတ်နေမြဲသာ ရှိနေသည်။
လောကသခင်ခန္ဓာကိုယ်ဆိုသည်မှာ အမှန်တကယ် မရှိ။ သို့ဖြစ်၍ လောကသခင်ခန္ဓာ ချီစွမ်းအင် ဆိုသည်မှာလည်း ပေါ်လာစရာ အကြောင်းမရှိပြီ မဟုတ်လား။ သာမန်ချီစွမ်းအင်က အရာဝတ္ထုများကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအကြောင်းကို ချင်မူ တွေ့ရှိသွားလျှင် ဗွင်းဗွင်းကြီး အလိမ်ပေါ်သွားပေလိမ့်မည်။
သို့သော်လည်း ထိုသို့ အလိမ်မပေါ်မီ ချင်မူ့အနေဖြင့် သူ၏ လောကသခင်ခန္ဓာကိုယ်ကို အရင်ဆုံး နိုးထအောင် လုပ်ရပေဦးမည်။ ဆိုလိုသည်မှာ သူ၏ ဝိညာဉ်သန္ဓေသားနံရံကို ချိုးဖျက်ရဦးမည် ဖြစ်၏။
သာမန်လူသား တစ်ယောက်အနေဖြင့် အတားအဆီးနံရံကို ချိုးဖျက်ရန် မည်သည့်အရာများ လိုအပ်လိမ့်မည်နည်း။
ရွာလူကြီး မျက်မှောင်ကြုတ်လိုက်သည်။
ဝိညာဉ်သားရဲ လေးကောင်၏ သွေးများ သောက်သုံးခြင်းက ချင်မူ့အပေါ် အကျိုးသက်ရောက်မှုပင် ရှိပါ၏လား။ အဖြစ်မှန်ကို ဤသူများအားလုံး မသိအောင် မည်သည့်အချိန်ထိ သူ ဆက်လက် ဖုံးကွယ်ထားနိုင်ပါမည်နည်း။