← Chapters

ရေပေါ်လမ်းလျှောက်ခြင်း

Vol. 2 Ch. 15

ရေပေါ်လမ်းလျှောက်ခြင်း

Vol. 2 Ch. 15

ချင်မူက လေအလျဉ်ကဲ့သို့ ပြေးနေ၏။ သူ၏ ချီစွမ်းအင်က အားကောင်းသည်ထက် အားကောင်းလာသည်။ သူ မည်မျှဝေးဝေးထိ ပြေးပြေး၊ ဒုက္ခိတဘိုးဘွားကျေးရွာမှ အဘိုးအဘွားများက သူ့ခြေလှမ်းများကို အမီလိုက်နိုင်၏။ မျက်ကန်းပင် အခြားသူများကို အမီလိုက်ကာ မြေပြင်ညီပေါ်တွင် အေးအေးလူလူ ပြေးနေသကဲ့သို့ ရှိသည်။

ချင်မူ တောအုပ်တစ်အုပ်ထဲသို့ အဝင်တွင် နက်မှောင်သော အရိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး ဟိန်းဟောက်အော်ဟစ်လိုက်၏။ “သေ... ကောင်လေး...”

ထိုအရိပ်က မိစ္ဆာမျောက်ဝံ ဖြစ်သည်။ ၎င်းက ချင်မူ နောက်တစ်ကြိမ် သူ့ပိုင်နက်ထဲ ကျူးကျော်လာပြန်သည်ကို တွေ့ရသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။

လက်တစ်ဖက်တည်းသာ ရှိသည့် အဘိုးကြီးမာက ဒေါသခြောင်းခြောင်းထနေသော မိစ္ဆာမျောက်ဝံကို တစ်ချက် စိုက်ကြည့်လိုက်သည်။

ထိုအကြည့်က ခံစားချက်ကင်းမဲ့သည့် အကြည့်သေကြီး ဖြစ်၏။ ကြီးမားလှသော သားရဲကြီးမှာ ထိုအကြည့်တစ်ချက်နှင့်ပင် ကြောက်ရွံ့တုန်လှုပ်သွားပြီး အချိန်မရွေး သေဆုံးတော့မည်ကဲ့သို့ ခံစားလိုက်ရသည်။ သို့ဖြစ်ရာ ရှေ့ဆက် ထောင်လွှားမနေရဲတော့ဘဲ သူ့ပိုင်နက်နယ်မြေကို စွန့်ခွာ၍ ထွက်ပြေးသွားတော့၏။

ချင်မူက သူ၏ ချီစွမ်းအင်ကို လှည့်လည် တိုးပွားစေရင်း လမ်းတစ်လျှောက်လုံး အထိအခိုက်မရှိ ပြေးလွှားခရီးနှင်ခဲ့သည်။ ဒုက္ခိတဘိုးဘွားကျေးရွာသို့ ရောက်သောအခါမှ အသိစိတ်ပြန်ဝင်လာပြီး သူ့ကိုယ်သူ အညစ်အကြေးများ ဖုံးလွှမ်းနေကြောင်း တွေ့လိုက်ရ၏။ သူ့တစ်ကိုယ်လုံး၌ မည်းပျစ်ပျစ် အစေးများ၊ ညစ်ထေးထေး အဆီခဲများ အလွှာတစ်ထပ်လို ဖုံးလွှမ်းနေသည်ကို တစ်ချက်ကလေးမျှ သတိမူမိခဲ့ခြင်း မရှိပေ။

“မူအာ... မြစ်ထဲသွား ဆေးကြောသန့်စင်ချေ...” အဘွားစစ်က ပြောလိုက်သည်။ “မျက်ကန်း... သူနဲ့ လိုက်သွားပြီး မြစ်ထဲက သတ္တဝါတွေ ဆွဲမသွားအောင် စောင့်ရှောက်လိုက်ဦး...”

မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို အားပြု၍ ချင်မူနှင့်အတူ မြစ်ဆီသို့ လိုက်လာ၏။ ချင်မူက အဝတ်အစားများကို ကမန်းကတန်း ချွတ်ချ၍ မြစ်ထဲခုန်ဆင်းကာ အညစ်အကြေးများ သန့်စင်ဆေးကြောလိုက်သည်။

မျက်ကန်းက မြစ်ရေမျက်နှာပြင်ပေါ်သို့ သူ၏ ဝါးတောင်ဝှေးနှင့် ခပ်သာသာ ထိခတ်၍ ချင်မူ့ကို လာချောင်းသော အစိမ်းရောင်ငါးကြီး တစ်ကောင်ကို ခြောက်ထုတ်လိုက်၏။ ၎င်းက မြစ်ရေထဲမှ ချက်ချင်း ခုန်ထွက်လာပြီး ခပ်ဝေးဝေး ရေပြင်ဆီသို့ ဗွမ်းခနဲ ပြန်ကျသွားသည်။ ထိုငါးကြီးက အရှည်အားဖြင့် ခြောက်ကိုက်ခွဲခန့် ရှိ၏။ သူ့နှုတ်ခမ်းမွေးကြီးများက သုံးကိုက်ခန့် ရှိကာ နွယ်ရှင်ပင်ကြီးများနှင့် အလားသဏ္ဌာန်တူလှသည်။

ချင်မူ သူ့ကိုယ်သူ ဆေးကြောသန့်စင်ပြီးနောက် မြစ်ရေလှိုင်းများကို ကြည့်လိုက်မိ၏။ သူ့ရင်ထဲ၌ တလှိုက်လှိုက် တက်လာပြီး စိတ်ခံစားချက်များ တဟုန်းဟုန်း ထလာသည်။

ချီစွမ်းအင်များက တပွက်ပွက် ဆူဝေပြီး လည်ချောင်းဝသို့ ထိုးတက်လာကာ အက်အက်ကွဲကွဲ အော်ဟစ်လိုက်မိ၏။ နတ်ဘုရားတို့၏ ဂီတသံစဉ်အိုးကို ရိုက်ဖွင့်လိုက်သည့်အလား ထင်မှတ်မှားရသည်။

ထိုအော်သံက တောင်တန်းနှင့် တောအုပ်များတစ်လျှောက် ပျံ့နှံ့ပြီး မြစ်ရေပြင်တစ်ခွင်လုံး တဖျတ်ဖျတ် တုန်ခါသွား၏။

ချင်မူက ပဲ့တင်ထပ်နေအောင် ဆက်လက် အော်ဟစ်ရင်း ရုတ်တရက် ရေထဲမှ ခုန်ထွက်ကာ မြစ်ရေမျက်နှာပြင်ပေါ်၌ ခြေလှမ်းကြဲကြီးများဖြင့် ပြေးလွှားသွားသည်။

သူ့ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းတွင် စီးဆင်း ပါဝင်လာသည့် ချီစွမ်းအင်နှင့် ခြေထောက် ကြွက်သားများ၏ ခွန်အားတို့ ပေါင်းစည်းကာ ပေါက်ကွဲမှုလှိုင်းများ ဖြစ်ပေါ်လာ၏။ သူ့ခြေထောက်များ မြစ်ရေမျက်နှာပြင်နှင့် ထိတွေ့လိုက်တိုင်း ရေစက်ရေဖွားများက အရပ်မျက်နှာ အနှံ့သို့ တဝုန်းဝုန်း ကြဲလွင့်ပွင့်ထွက်သွားသည်။

လှိုင်းထ လှုပ်ခတ်နေသည့် ရေစက်ရေပေါက်များ မြစ်ရေပြင်ဆီသို့ ပြန်မကျမီမှာပင် ချင်မူက ရှေ့ကိုက်များစွာဆီသို့ ရောက်ရှိ၍ ဆက်လက်ပြေးလွှားသွား၏။

ဖပ်... ဖပ်... ဖပ်... ဖပ်... ဖပ်...။

သူ့ခြေဖဝါးနှင့် ရေပြင်၏ ထိတွေ့သံ တဖပ်ဖပ်က ဝန်းကျင်တစ်ခုလုံး ဆူညံနေသည်။ တစ်ခဏအတွင်း၌ မြစ်ရေပြင်ပေါ်တွင် တစ်မိုင်ခန့် ပြေးပြီးသွားချေပြီ။

ချင်မူက ငှက်တစ်ကောင်ကဲ့သို့ လွတ်လပ်ပေါ့ပါးနေပြီး သူ့အော်သံက ပို၍ ပို၍ ရွှင်မြူးလာ၏။ စိတ်ရှိတိုင်း မြူးထူးပြေးလွှားနေမိပြီး အပူပင်ကင်းမဲ့သည့် ခြေလှမ်းကြဲကြီးများက သူ့ကို မြစ်ပြင်အနှံ့ ခေါ်ဆောင်သွားသည်။ သူ့အော်သံက မိုးပေါ်မှ နတ်တန်ခိုးရှင်များ ကောင်းကင်တေးသွားကို တီးခတ်သီကျူး၍ နဂါးနှင့် ဖုန့်ဟွမ်ငှက်များက သာယာနာပျော်ဖွယ် တွန်ကျူးနေကြသကဲ့သို့ ရှိနေ၏။

ချင်မူ၏ ပြေးနှုန်းက အံ့အားသင့်စရာ ကောင်းလှသည်။ အချိန်တစ်ခဏအတွင်း၌ မြစ်တစ်ဘက်ကမ်းမှ အခြားတစ်ဘက်ဆီသို့ ရောက်အောင် ပြေးသွားခဲ့၏။ ညင်သာသော လေပြည်ညင်းတစ်ချက် လှိုင်းထနေသည့် မြစ်ရေမျက်နှာပြင်ပေါ် တိုက်ခတ်သွားချိန်၌ ချင်မူက သူ အစပြု ပြေးလွှားခဲ့သည့် တစ်ဘက်ကမ်းဆီသို့ ပြန်ပြေးလာနေချေပြီ။

မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို အားပြု ထရပ်လိုက်သည်။ မြစ်ပြင်ထက်မှ လေပြည်ညင်းက သူ့ကို ဖြတ်တိုက်သွားပြီး ဆံပင်ဖြူဖြူများ တလွင့်လွင့် ဖြစ်သွား၏။ ချင်မူ၏ မြူးထူးအော်ဟစ်သံကို နားထောင်၍ အသာအယာ ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

“မျောက်ကလေးက မြစ်တစ်ဘက်ကမ်းကနေ တခြားတစ်ဘက်ကမ်းကို မရပ်မနား အော်ဟစ် ပြေးလွှားနေချိန်မှာ အေးစက်စက် လေညင်းက သူ့ ခွကြားကို အေးခဲသွားစေခဲ့ပြီ...” သူက အော်ဟစ် ပြောဆိုလိုက်၏။ “ဖင်ပြောင်ကြီးနဲ့ မြစ်ထဲမှာ လျှောက်ပြေးနေတာ မအေးဘူးလား... မူအာ...”

ချင်မူမှာ မြစ်ထဲသို့ ဗွမ်းခနဲ ပြုတ်ကျသွားပြီး မြစ်လယ်ယံမှ အထိတ်တလန့် အော်ဟစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

တစ်ခဏမျှ ကြာပြီးနောက် လူငယ်လေးတစ်ယောက် မြစ်ကမ်းစပ်ဆီသို့ ကူးခတ်လာပြီး ရှက်ရှက်ဖြင့် ရေထဲမှ တက်ကာ သူ့ကိုယ်ကို ခြောက်သွေ့အောင် သုတ်၍ အဝတ်များ ဝတ်ရန် ပြင်လိုက်၏။

မြစ်ကမ်းဘေး၌ ချင်မူ၏ တဒင်္ဂ ဉာဏ်အလင်း ပွင့်သွားမှုက သူ့ကိုယ်သူ ကိုယ်လုံးတီး ဖြစ်နေသည်ကို မေ့၍ မြစ်ပြင်တစ်လျှောက် ပြေးလွှားမိစေခြင်း ဖြစ်၏။ သို့သော်လည်း ထိုသို့ ကိုယ်လုံးတီးနှင့် ပြေးလွှားအော်ဟစ်ခဲ့ခြင်းက သူ့အတွက် အတော်လေး စိတ်လွတ်လပ် ပေါ့ပါးလန်းဆန်းစရာ ဖြစ်သည်။

“ဘိုးဘိုးမျက်ကန်းက မျက်စိမမြင်လို့ တော်သေးတယ်...” ချင်မူ သူ့ဖာသာ တစ်ယောက်တည်း ကျိတ်တွေးလိုက်၏။

အဝတ်အစားများ ဝတ်ပြီး သူ့အင်္ကျီကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဆွဲဆန့်၍ အပေါ်သို့ မော့ကြည့်လိုက်မိသည်တွင် အဘိုးကြီးမာ၊ ရွှေအနှင့် ကျန်သည့် ရွာသူရွာသားများက သူ့ရှေ့ရှိ တောအုပ်ထဲ၌ ရပ်လျက်သား ရှိနေကြသည်ကို တွေ့လိုက်ရ၏။ အဘွားစစ်နှင့် ထမ်းစင်ပေါ်မှသာ လိုက်ရသော ရွာလူကြီးပင် ရောက်နေကြသည်။

သူ့မျက်နှာတစ်ပြင်လုံး ရဲတွတ်သွား၏။

“ဘွား... ဘွားဘွား... ဘယ်... ဘယ်အချိန်ကတည်းက ရောက်နေကြတာလဲ...” သူ အထစ်ထစ်အငေါ့ငေါ့နှင့် မေးလိုက်မိသည်။

အဘွားစစ်က တဟားဟား အော်ရယ်၍ ပြောလိုက်၏။ “မူအာ... ငါတို့အားလုံးက မင့်ဖင်ပြောင်ကို အကြိမ်ပေါင်း မနည်းအောင် မြင်ဖူးပြီးသားပါကွယ်... ဘာမှ ရှက်နေစရာ မရှိဘူး... မင်း မြူးထူးအော်ဟစ်နေသံ ကြားလို့ ငါတို့ လာကြည့်ကြတာ...”

“ဒီကိုလာဦး... မူအာ...” ရွာလူကြီးက ခပ်တိုးတိုး ချောင်းဟန့်၍ ပြောလိုက်သည်။ “မင်းက ဝိညာဉ်သန္ဓေသားအဆင့် သိုင်းပညာရှင်တွေ လိုက်တိုက်ခိုက်ခံခဲ့ရတာဆိုတော့ အတွင်းဒဏ်ရာတွေ ဘာတွေ ရနေနိုင်တယ်... ဆေးဆရာကို စစ်ဆေးခိုင်းလိုက်ဦး...”

ချင်မူက ဆေးဆရာထံ သွား၍ လက်ထိုးပေးလိုက်၏။

ဆေးဆရာက စမ်းသပ်စစ်ဆေးပြီးနောက် ခေါင်းယမ်းလိုက်သည်။ “ပြဿနာ ကြီးကြီးမားမား မရှိဘူး... သူ့ဒဏ်ရာဒဏ်ချက်တွေက အပေါ်ယံပါပဲ...”

ရွာလူကြီးက မကျေနပ်သေးဘဲ သူကိုယ်တိုင် စမ်းသပ်စစ်ဆေးကြည့်လိုက်၏။ ပြီးမှ ချင်မူ့ကို ထွက်သွားခွင့်ပြုသည်။ သားသတ်သမားက ချင်မူ့ကို ချက်ချင်း ဆွဲခေါ်သွားပြီး ဓားမသိုင်း လေ့ကျင့်ခိုင်းတော့၏။

သားသတ်သမားမှာ ချင်မူ အစ်ကိုကြီးချွီကို အနိုင်ယူရန် ရိုက်ချက်ပေါင်း ငါးထောင်ကျော် အသုံးပြုခဲ့ရခြင်းအပေါ် အားရကျေနပ်မှု မရှိသဖြင့် မညှာစတမ်း လေ့ကျင့်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။

ဆေးဆရာက ချင်မူ ဓားမသိုင်း အားသွန်ခွန်စိုက် လေ့ကျင့်နေသည်ကို ကြည့်ရင်း ရွာလူကြီး၏ ထမ်းစင်ဆီသို့ လျှောက်လှမ်းလာ၏။

“ခင်ဗျား တစ်ခုခု တွေ့ခဲ့လား...” သူ မေးလိုက်သည်။

“သူ့ရဲ့ ချီစွမ်းအင်ကျင့်စဉ် တိုးတက်နှုန်းက... ထူးထူးကဲကဲကို မြန်နေတယ်...” ရွာလူကြီးက အံ့ဩမှုကို မကွယ်မဝှက် ထုတ်ဖော်ပြောဆိုလိုက်၏။ “မနေ့ကနဲ့ ဒီနေ့ကို သူ့တိုးတက်မှုက ငါ မှန်းထားတာထက် အများကြီး သာနေတယ်... အစောက သူ့အော်သံက လည်ပင်းကို ချီစွမ်းအင်နဲ့ တုန်ခါစေမှသာ ထွက်လာနိုင်တာ... သူ့အသံမှာ နတ်ဘုရားသံနဲ့ မိစ္ဆာနတ်ဆိုးသံတွေပါ ပါနေတယ်... ဒီကောင်လေးက ဝိညာဉ်သန္ဓေသားနံရံတောင် မချိုးဖျက်ရသေးဘူးမလား… ဝိညာဉ်သန္ဓေသားအဆင့် တစ်ယောက်တောင် နတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုးသံကို မထုတ်ဖော်နိုင်ဘူး... ငါတို့သာ သူ့လို သာမန် လူတစ်ယောက်ဆိုရင် ဒီလိုအဆင့် ရောက်ဖို့ နှစ်နှစ်ဆယ်လောက် လေ့ကျင့်ရလိမ့်မယ်...”

ချင်မူ မြစ်ပြင်ထက်တွင် ပြေးလွှားရင်း မသိစိတ်မှ အော်ဟစ်မိသည့် အော်သံများမှာ သူ၏ လည်ချောင်းရှိ အသံအိုးကို ချီစွမ်းအင်ဖြင့် တုန်ခါစေရာမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ တစ်ချိန်တည်းတွင် မြို့ပျက်အတွင်း ကြားခဲ့သော မိစ္ဆာနတ်ဆိုးသံကိုပါ သူ့အော်သံ၌ အလိုလို ထည့်သွင်းထုတ်ဖော်ခဲ့မိသည်။

ထူးဆန်းသည်မှာ မိစ္ဆာသံကို လေ့လာမှတ်သားစဉ်၌ မိန်းမပျိုများ၏ စုပေါင်းသံကိုပါ မှတ်သားမိခြင်း ဖြစ်၏။ ထိုမိန်းမပျိုတို့၏ နတ်ဘုရားသံက သူ့မှတ်ဉာဏ်အတွင်း၌ စွဲထင်နေခဲ့သည်။

ထို့ကြောင့်ပင် သူ၏ အော်သံ၌ နတ်ဘုရားသံများ အလိုလို ရောပါလာ၏။

အခြားသူများအနေဖြင့် ချင်မူ၏ အော်သံကို ကြားသည့်တိုင် နောက်ကွယ်မှ လျှို့ဝှက်နက်နဲမှုများကို သိမြင်နိုင်ခြင်း မရှိသဖြင့် သာမန်အော်သံဟုသာ မှတ်ယူထားကြမည် ဖြစ်သော်လည်း ရွာလူကြီးကတော့ ရှင်းရှင်းလင်းလင်း သိမြင်သည် ဖြစ်၍ ပေါ့သေးသေး ကိစ္စတစ်ရပ်အဖြစ် မသတ်မှတ်ချေ။

“နတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုးသံတွေ ဟုတ်လား...” ဆေးဆရာက အံ့ဩတုန်လှုပ်စွာ ထခုန်လိုက်မိသည်။ “သူက ဘာလို့ အဲဒီလိုမျိုး လုပ်နိုင်ရတာလဲ... တစ်ညတည်းနဲ့ အနှစ်နှစ်ဆယ်စာ ကျင့်စဉ်စွမ်းအင် ရတယ်ဆိုတာ အတော်လေး ကြောက်စရာ ကောင်းတာပဲ... ဝိညာဉ်သားရဲ လေးကောင်ရဲ့ သွေးတွေကြောင့်လား...”

ရွာလူကြီးက ခေါင်းယမ်းလိုက်၏။ “ဝိညာဉ်သားရဲ လေးကောင်ရဲ့ သွေးက သူ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ချီစွမ်းအင်ကို တိုးတက်နိုင်စေပေမဲ့ ဒီလိုမျိုးအဆင့်ထိ ရောက်ဖို့တော့ မဖြစ်နိုင်ဘူး...”

ဆေးဆရာက နက်နက်နဲနဲ တွေးတောရင်း တုံ့ပြန်ပြောဆိုလိုက်သည်။ “ကြည့်ရတာ ချင်မူက မွေးရာပါ ပါရမီရှင်များလား... မွေးကတည်းက သိုင်းပညာလေ့ကျင့်ဖို့ အကောင်းဆုံး မျိုးစေ့ကို ပိုင်ဆိုင်ခဲ့တာလား...”

“မွေးရာပါ ပါရမီရှင်ဆိုရင် ဘယ်လိုလုပ် သာမန်လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံပဲ ရှိမှာလဲ...” ရွာလူကြီးက မျက်မှောင်ကြုတ်လိုက်၏။ “မွေးရာပါ ပါရမီရှင်တွေက ဝိညာဉ်ခန္ဓာကိုယ်နဲ့ မွေးဖွားလာကြတာလေ… ပြီးတော့ ဘယ်ပါရမီရှင်ကများ နတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုးသံကို ထုတ်ဖော် အော်ဟစ်နိုင်လို့လဲ...”

“သူ့အော်သံထဲက နတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုးသံတွေက ကောင်းတာလား၊ ဆိုးတာလား...” ဆေးဆရာက မေးလိုက်သည်။

“ငါလည်း မသိဘူး...” ရွာလူကြီးက ပြန်ဖြေလိုက်၏။ “သူ့အော်သံထဲမှာ နတ်ဘုရားသံရော မိစ္ဆာသံရော ကြားရတယ်... အဲအသံတွေက တစ်သံနဲ့ တစ်သံ ရင်ဆိုင်တိုက်ခိုက်နေကြတယ်... အဲဒါ ကောင်းတာလား၊ ဆိုးတာလား ငါလည်း မသိတော့ဘူး...”

ဆေးဆရာ၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး မေးလိုက်သည်။ “ဒါဆို အဲဒီနတ်ဘုရားသံနဲ့ မိစ္ဆာသံက ဘယ်က ရောက်လာတာလဲ...”

“ငါ မသိဘူး...”

နှစ်ယောက်စလုံး၏ ခေါင်းများ စတင်ကိုက်ခဲလာ၏။ သူတို့အနေဖြင့် အခြေအနေတစ်ရပ်ကို နားမလည်သောကြောင့် ခေါင်းခဲရသည့် အဖြစ်မျိုး မကြုံရသည်မှာ အတော်ကြာခဲ့ချေပြီ။ မြစ်ထဲတွင် မျောပါလာသည့် ဤကလေးလေး ချင်မူ့ကို မွေးစားပြီးကတည်းက  သူတို့ နားမလည်နိုင်သည့် အရာများ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။

မကြာမီ ညအခါကာလ ကျရောက်လာပြီး ဒုက္ခိတဘိုးဘွားကျေးရွာ တစ်ခုလုံး အမှောင်ထုက လွှမ်းခြုံသွားပြန်၏။ တစ်ခုသော သစ်သားအိမ်ကလေးတစ်လုံးတွင်တော့ အဘွားစစ်နှင့် ချင်မူ သူတို့၏ အခန်းကိုယ်စီ၌ အိပ်စက်လျက် ရှိကြသည်။

ညလယ်ယံအချိန်၌ အက်ကွဲကွဲအသံတစ်သံက ချင်မူ၏ မသိစိတ်ထဲတွင် ထွက်ပေါ်လာ၏။ သာယာနာပျော်ဖွယ် အသံတစ်သံကလည်း ထိုအသံကို တုံ့ပြန်၍ ပဲ့တင်ထပ်လာသည်။ ဤအသံများမှာ အစောက နတ်ဘုရားသံနှင့် မိစ္ဆာနတ်ဆိုးသံများ ဖြစ်၏။ ထိုအသံများက တစ်ဘက်နှင့် တစ်ဘက် စတင် တိုက်ခိုက်ရင်း တဖြည်းဖြည်း ပိုမို ဆူညံကျယ်လောင်လာသည်။

နတ်ဘုရားသံနှင့် မိစ္ဆာသံများက ပိုမို ပြင်းထန်လာပြီး အလင်းနှင့် အမှောင် တိုက်ပွဲတစ်ခု အသွင်သို့ ပြောင်းလဲသွား၏။ ချင်မူမှာ ရုတ်တရက် သူ၏ စိတ်နယ်ပယ်အတွင်းသို့ သဏ္ဌာန်မဲ့ ဝိညာဉ်တစ်ခုအသွင် ပြောင်းလဲရောက်ရှိသွားပြီး ထိုတိုက်ပွဲ၏ အထက်ကောင်းကင်၌ လွင့်မျောကာ အောက်ဘက်ဆီသို့ ကြောင်ငေးငေး ကြည့်လိုက်မိသည်။

အလင်းနှင့် အမှောင် တိုက်ပွဲဖြစ်ပွားသည့် နေရာက မြို့ပျက်အတွင်း၌ သူ ပထမဦးဆုံး တွေ့ခဲ့ဖူးသည့် နေရာနှင့် တစ်ထေရာတည်း တူနေ၏။ သို့သော်လည်း ဤနေရာက ပို၍ ကျယ်ဝန်းပြီး ခမ်းနားထည်ဝါသည်။ အမှောင်ထုက လက်တံရှည်ကြီးများ၊ နွယ်ရှင်ပင်များကဲ့သို့ အဆက်မပြတ် ထိုးဖောက်တိုက်ခိုက်လျက် ရှိပြီး အလင်းတန်းများကတော့ တစ်ချက်တစ်ချက် ထ၍ လင်းတောက်ကာ အမှောင်ထုကို တွန်းလှန်ဖယ်ရှားလျက် ရှိ၏။

တစ်ခဏမျှ ကြာပြီးနောက် အမှောင်ထုနှင့် အလင်းရောင်ကို မည်သည့်အရာများနှင့် ဖွဲ့စည်းထားကြောင်း ချင်မူ ရှင်းရှင်းလင်းလင်း မြင်လာရသည်။ အမှန်တကယ်အားဖြင့် အမှောင်ထုမှာ အလင်းရောင်ဆီသို့ ဒီရေလှိုင်းများသဖွယ် အုံဖွဲ့ တိုက်ခိုက်နေသည့် မိစ္ဆာနတ်ဆိုးအုပ်သာ ဖြစ်၏။

မိစ္ဆာသံက မိစ္ဆာနတ်ဆိုး တစ်ကောင်တည်း၏ အသံ မဟုတ်။ သန်းပေါင်း ထောင်ချီသော မိစ္ဆာနတ်ဆိုးတို့၏ တိုက်ပွဲခေါ်သံများ ဖြစ်သည်။

အလင်းဘက်ခြမ်းမှာလည်း ထိုသို့သာ ဖြစ်၏။ အလင်းတန်းများက မိစ္ဆာနတ်ဆိုးများကို ရင်ဆိုင်တိုက်ခိုက်ရန် အော်ဟစ်ကြွေးကြော်နေကြသည့် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် နတ်ဘုရားအစုအဖွဲ့ကြီး ဖြစ်သည်။

လက်ရှိတွင် ချင်မူက ဤတိုက်ပွဲ၏ အထက်အမြင့်၌ ရပ်လျက်ရှိပြီး အားလုံးသော နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများကို အစက်အပြောက် အမှုန်လေးများ အဖြစ်သာ မြင်ရ၏။ ရှင်းရှင်းလင်းလင်း မမြင်ရအောင် ဝေးကွာလွန်းလှသဖြင့် အလင်းနှင့် အမှောင်၏ တိုက်ပွဲဟု ထင်ခဲ့မိခြင်း ဖြစ်သည်။

ယခု အဖြစ်အပျက် အမှန်ကို မြင်တွေ့လိုက်ရသောအခါ သူ့စိတ်ထဲ၌ အံ့ဩတုန်လှုပ်မှု၊ ထိန်လန့်ကြောက်ရွံ့မှုများ ကြီးစိုးသွား၏။

ချင်မူ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူ့တစ်ကိုယ်လုံးမှာ ချွေးများဖြင့် စိုနစ်နေ၏။ ကျယ်လောင်သော နတ်ဘုရားသံ၊ မိစ္ဆာသံများက သူ့နားထဲတွင် တဒိန်းဒိန်း ဆူညံနေပြီး သူ့ခေါင်းတစ်ခုလုံး နှစ်ခြမ်း ကွဲထွက်သွားတော့မည်လားဟုပင် ထင်လိုက်မိသည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ သူ့လည်ပင်းတွင် ဝတ်ဆင်ထားသော ကျောက်စိမ်းလည်ဆွဲက လေထုထဲသို့ တဖြည်းဖြည်း မြင့်တက်၍ သူ၏ မျက်ခုံးနှစ်ခုကြား နေရာသို့ ဆင်းသက်လာ၏။ ကြည်လင်အေးမြသည့် ခံစားချက်တစ်ခုက ချင်မူ၏ ခေါင်းထဲသို့ စိမ့်ဝင်စီးဆင်းလာပြီး ဆူညံနေသော အသံများ ပျောက်ကွယ်သွားသည်။

ချင်မူ ရုတ်တရက် ထထိုင်၍ အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှူလိုက်မိ၏။ သူ့ရင်ထဲတွင် ရှုပ်ထွေးလာသည်။ မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို သူ မစဉ်းစားတတ်တော့။

တစ်ခဏမျှ ကြာပြီးနောက် အိမ်ထဲမှ ထွက်၍ ရွာထဲတွင် ပတ်လျှောက်ရင်း သူ၏ ကျောက်စိမ်းလည်ဆွဲနှင့် ရွာမှ ကျောက်ရုပ်တုများ၏ မှိန်ဖျော့ဖျော့ အလင်းရောင်ကို နှိုင်းယှဉ်ကြည့်မိသည်။

အမှောင်ထုက ရွာအပြင်ဘက် နေရာတိုင်းတွင် ခြုံလွှမ်းထားသဖြင့် ကျောက်စိမ်းလည်ဆွဲမှာလည်း သိမ်မွေ့နူးညံ့သည့် မှိန်ဖျော့ဖျော့ အလင်းရောင်ကို ထပ်တူညီစွာ ထုတ်လွှတ်နေ၏။ ချင်မူ လည်ဆွဲကို ငေးမောကြည့်ရှုနေမိပြီး သူ့မျက်လုံးများက ၎င်း၏ အလင်းရောင်နှင့်အတူ လင်းလဲ့တောက်ပလာသည်။ သူ့ကို ကြည့်ရသည်မှာ ထိုလည်ဆွဲထံမှ အကြည့်မလွှဲနိုင်သကဲ့သို့ ရှိနေ၏။

အဘွားစစ် သူ့နောက်သို့ ချဉ်းကပ်လာရင်း ဤမြင်ကွင်း မြင်တွေ့သွားသည်ကိုပင် ရိပ်စားမိခြင်း မရှိလိုက်ချေ။

“ငါတို့ ဒုက္ခိတဘိုးဘွားကျေးရွာက မွေးမြူ စောင့်ရှောက်ခဲ့ကြတာ ဆိုပေမဲ့ သူက ငါတို့နဲ့ သက်ဆိုင်တာမှ မဟုတ်ပဲ...” အဘွားစစ် စိတ်ထဲမှ တွေးရင်း ရင်ထဲတွင် တစစ်စစ် ကိုက်ခဲလာသည်။ “တစ်နေ့နေ့ကျရင် ငါတို့ကို စွန့်ခွာသွားမှာပဲ...”

ထို့နောက်တွင် သူ့မျက်လုံးထဲ၌ ပြတ်သားသည့် အရိပ်အယောင်များ ရုတ်တရက် ထင်ဟပ်လာပြီး စိတ်ထဲမှ ကျိတ်၍ ဆုံးဖြတ်ချက်ချလိုက်၏။

“အပြင်ဘက်လောကက မဟာမြို့ပျက်ထက် ပိုအန္တရာယ်များတယ်... သူ့မှာ လုံလောက်တဲ့ စွမ်းအား မရှိသေးဘူး... ထွက်သွားလို့ မဖြစ်ဘူး...”

All Chapters