ဘုရားကျောင်းထဲမှ ကောင်မလေး
Vol. 2 Ch. 16
တောက်ပသော မျက်လုံးများက ကျောက်စိမ်းလည်ဆွဲကို ငေးစိုက်ကြည့်ရှုနေ၏။ ချင်မူမှာ ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ် အရွယ်သာ ရှိသေးသော်လည်း အတော်များများကို နားလည်သဘောပေါက်နေပြီ ဖြစ်သည်။
အဘွားစစ်နှင့် ကလေးမွေးကူရန် လိုက်သွားသည့် တစ်ခါတုန်းက အခြားအခေါက်ကကဲ့သို့ ကြေကွဲဝမ်းနည်းဖွယ် မကြုံရဘဲ အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးပြီး ချစ်စဖွယ် မိသားစု၏ မြင်ကွင်းကို ကြည့်ရှုရင်း သူ့ရင်ထဲတွင် နွေးထွေးသွားခဲ့ရသည်။
ထိုအဖြစ်မှတစ်ဆင့် သူ့ကို မည်သို့မည်ပုံ မွေးဖွား၍ သူ့မိဘများ မည်သည့်နေရာ ရောက်နေသနည်းဟု ချင်မူ မေးခဲ့မိ၏။ သို့သော်လည်း အဘွားစစ်တွင် သူ့မေးခွန်းများအတွက် အဖြေမရှိ။ သူ့ကို မြစ်ထဲမှ ကောက်ရပြီး သူနှင့်အတူ ကျောက်စိမ်းလည်ဆွဲတစ်ခု ပါလာကြောင်းသာ ပြောပြနိုင်ခဲ့သည်။
သို့အတွက်ကြောင့် ဤကျောက်စိမ်းလည်ဆွဲကို သူ တန်ဖိုးထားနေမိခြင်း ဖြစ်၏။ တစ်နေ့နေ့တွင် သူ့မိဘများကို လိုက်ရှာပြီး အဘယ်ကြောင့် သူ့ကို စွန့်ပစ်ခဲ့ကြောင်း မေးခွင့်ရနိုင်ပေလိမ့်မည်။
အချိန်ခဏမျှ ကြာပြီးနောက် ချင်မူ ကျောက်စိမ်းလည်ဆွဲကို ဆွဲနေကျအတိုင်း လည်ပင်းတွင် ပြန်ဆွဲလိုက်သည်။ သူ့အမူအရာက ပြန်လည် ငြိမ်းအေးသွား၏။ ဤထူးဆန်းသည့် ဖြစ်ရပ်ကို ကျောက်စိမ်းလည်ဆွဲ၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့်အတူ သူ့ရင်ထဲတွင် သိမ်းဆည်းထားလိုက်သည်။ နောက်နား ခပ်လှမ်းလှမ်းတွင် ရှိနေသော အဘွားစစ်မှာ ချင်မူ ပြန်လှည့်မလာမီ အိမ်ဘက်သို့ အရင် ပြန်သွားတော့၏။
နောက်နေ့တွင် အဘိုးကြီးမာ၊ မျက်ကန်း၊ ထော့ကျိုးနှင့် ရွှေအတို့က ချင်မူ့အတွက် ဝိညာဉ်သားရဲသွေးများ ထုတ်ယူရန် သားရဲများ ဆက်လက်ဖမ်းဆီးကြသည်။ ဤလူကြမ်းကြီးလေးယောက်မှာ ရွာပတ်လည် မိုင်ရာချီကို အပြောင်ရှင်းပြီး ဖြစ်၍ ဝိညာဉ်သားရဲများ ဖမ်းယူရန် ခပ်ဝေးဝေးသို့ ခရီးနှင်ကြရတော့၏။
ရွာလူကြီးက သူ့ဖာသာ သွားလာရခက်ခဲပြီး ဆေးဆရာက မကြာခဏ ပရဆေးပင်များ အရှာထွက်သွားတတ်သည်။ သားသတ်သမားမှာလည်း အမြဲတစေ အေးစက်စက်သာ နေတတ်ပြီး တစ်ခါတစ်ရံ စိတ်ဖောက်သွားတတ်သေး၏။ နားကန်းကတော့ စာလုံးလှများနှင့် ပန်းချီကားများတွင်သာ အာရုံဝင်စားနေတတ်သည်။
သို့ဖြစ်ရာ အဘွားစစ်တစ်ယောက်သာ ချင်မူ ကျင့်စဉ် လေ့ကျင့်နေချိန်၌ အဖော်ပြုပေးနိုင်၏။
သို့သော်လည်း အဘွားစစ်မှာ ရွာတွင် အမြဲမရှိပေ။ အပ်ချုပ်သည်တစ်ယောက်၊ ဝမ်းဆွဲလက်သည်တစ်ယောက် ဖြစ်သည့်အတွက် အနီးအနားရှိ ရွာများက သူ့ထံတွင် မကြာခဏ အထည်များ အပ်ခြင်း၊ ကလေးမွေးရန် လာခေါ်ခြင်းများ ပြုလုပ်လေ့ရှိသည်။
ယနေ့မနက်စောစော၌ အဘွားစစ် ရွာမှ ထွက်သွားပြီး ဆေးဆရာကလည်း ဆေးပင် အရှာထွက်သွား၏။ သားသတ်သမားနှင့် နားကန်းက ရွာလူကြီးကို ရွာအဝင်ဝသို့ သယ်၍ ချထားပေးပြီး တစ်ယောက်တစ်နေရာ ထွက်သွားကြသည်။ တစ်ယောက်က ဓားမများ သွေးနေပြီး တစ်ယောက်က ပန်းချီဆွဲနေ၏။
ချင်မူမှာ ပျင်းရိ ငြီးငွေ့လာသဖြင့် မြစ်ကမ်းပါးဘက်သို့ ထွက်လာခဲ့သည်။ သူ့နွားက အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲ၍ ထော့ကျိုး၏ ဓားဖြင့် ထိုးစိုက်ခံရပြီးကတည်းက သူ့နိစ္စဓူဝလုပ်ငန်း ပျောက်ဆုံးသွား၏။
ချင်မူ မြစ်ကမ်းဘေးတွင် ရပ်နေရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့ရင်အုံက လေများဖြင့် ပြည့်တင်း ဖောင်းကားလာ၏။ ထို့နောက် ချီစွမ်းအင်ကို လှည့်ပတ်လိုက်ရာ သူ့ရင်အုံမှာ နဂိုအနေအထားသို့ ပြန်ရောက်သွားသည်။
ပြီးသည့်အခါ အသက်ပြန်မရှူထုတ်သေးဘဲ ချီစွမ်းအင်ကို အသုံးပြု၍ အဆုတ်ကို အားဖြည့်ကာ ရှူသွင်းလိုက်သည့် လေများကို ဆယ်ဆခန့် ကျုံ့သွားအောင် ဖိနှိပ်လိုက်၏။
လေများကို ဆက်လက် ရှူသွင်းနေသော်လည်း သူ၏ ရင်အုံက မို့မောက်လာခြင်း မရှိချေ။ ရှေ့ဆက် ရှူသွင်းနိုင်ခြင်း မရှိတော့သောအခါမှ လေးညှို့မှ လွှတ်လိုက်သည့် မြားတစ်စင်းနှယ် သုတ်ခနဲ ထပြေးတော့၏။
ချင်မူက မြစ်ပြင်ကို ဖြတ်၍ လေမုန်တိုင်းတစ်ခုသဖွယ် ပြေးလွှားနေသည်။ သူ ပြေးသွားရာ လမ်းတစ်လျှောက်တွင် ရေလှိုင်းများက နှစ်ခြမ်းကွဲ၍ တဖွားဖွား လွင့်ပျံနေ၏။
ရုတ်တရက် မြစ်ပြင်ထက်တွင် သတ္ထုရောင် ဝင်းခနဲ လက်သွားသည်။ ချင်မူက ပြေးလွှားနေရင်းနှင့် သူ၏ ဝက်ခုတ်ဓားကို ထုတ်ယူလိုက်ခြင်း ဖြစ်၏။ ချင်မူ၏ ဝက်ခုတ်ဓားက နဂါးများ လေထုထဲတွင် လူးလာ ကူးခတ်နေသကဲ့သို့ တပြောင်ပြောင် တလက်လက် တောက်ပလှုပ်ရှားနေသည်။
ဤသည်က သားသတ်သမား၏ ဝက်ခုတ်ဓားမသိုင်း ဖြစ်၏။ ဤဓားမသိုင်းကလည်း သူ၏ ဖန်ဆင်းရှင်ကဲ့သို့ပင် အေးစက်၍ ကြမ်းတမ်း လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ပါဝင်ကာ ကောင်းကင်ဘုံနှင့် မြေကြီးကို ဒူးထောက် ဦးညွှတ်ရန် ငြင်းဆန်နေသကဲ့သို့ ရှိသည်။ ဓားမက သူသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို နင်းချေ ဖျက်ဆီးသွားတော့မည်ကဲ့သို့ ရှေ့နောက် လူးလာပျံသန်းနေ၏။
သတ္ထုရောင် တလက်လက်က ဆိုင်းမဆင့် ဗုံမဆင့် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ ချင်မူက ဝက်ခုတ်ဓားကို သူ့နောက်ကျောမှ ထည့်နေကျ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။
ထို့နောက် အဘိုးကြီးမာ၏ လက်သီးသိုင်းကွက်များကို ပြောင်းလဲထုတ်ဖော်ရင်း ချီစွမ်းအင်ကို လက်မောင်းနှင့် လက်သီးများထံသို့ ပို့လွှတ်လိုက်သည်။ လက်သီးနှစ်ဖက်ကို တင်းခနဲ ဆုပ်လိုက်သည်တွင် ချင်မူ၏ သွင်ပြင်က ကုန်းပြင်မြင့်ကို ဖြတ်ကျော်၊ ကောင်းကင်ယံသို့ ထိုးတက်၍ ပင်လယ်ထဲသို့ အတောမသတ်အောင် စီးဆင်း ဝင်ရောက်နေသည့် ယန်စီမြစ်ကြီးကဲ့သို့ ဖြစ်လာ၏။
မိုးကြိုးရှစ်ချက်လက်သီးသိုင်း၊ အထီးကျန် အရှေ့ပင်လယ်မှ နွေဦးမိုးကြိုး...။
လက်သီးချက်များကို တစ်ချက်ပြီး တစ်ချက် ထုတ်ဖော်ရင်း တဟဲဟဲ ထနေသည့် မြစ်ကြီးတစ်စင်းက လှိုင်းလုံးများ တဝုန်းဝုန်း ထနေသော ပင်လယ်ထဲသို့ စီးဝင်နေသည်ကို ချင်မူ၏ စိတ်အလျဉ်တွင် မြင်ယောင်လာ၏။ ထိုမြင်ကွင်း၏ အနှစ်သာရ သဘောတရားများက သူ့လက်သီးချက်များတွင် ကိန်းဝပ်ပါဝင်လာသည်။
ထိုအခိုက်၌ သူ၏ လက်သီးတစ်ဖက်က ဖျတ်ခနဲ ပွင့်ဟပြီး စွန်ကုပ်လက်သည်းသဏ္ဌာန် ဖြစ်သွား၏။ သူ့လက်ချောင်းများနှင့် လက်ဖဝါးက ထိန်းမရအောင် တုန်ခါလာသည်။ လက်ဖဝါးရှေ့မှ လေထုမှာ လျင်မြန်စွာ ဖိနှိပ်ခံလိုက်ရပြီး အုန်းခနဲ ပေါက်ကွဲထွက်သွား၏။ မြစ်ရေပြင်တစ်ခုလုံး လှိုင်းထ လှုပ်ခတ်၍ ရေစက်ရေပေါက်များ ကြဲလွင့်ဖွာထွက်သွားသည်။
“မပြည့်စုံသေးဘူး...” ချင်မူ ပြေးလွှားရင်း တွေးတောလိုက်မိ၏။ “ငါ့လက်ဖဝါးထဲမှာ မိုးကြိုး မဖန်တီးနိုင်သေးဘူး...”
စိတ်ပျက်လက်ပျက်ဖြစ်မှုက ချင်မူ့အပေါ် ဖိစီးလာသည်။ အဘိုးကြီးမာ၏ မိုးကြိုးရှစ်ချက် လက်သီးသိုင်းမှာ အနိမ့်ဆုံးအဆင့်အနေဖြင့် လက်ဖဝါးထဲတွင် မိုးကြိုး ဖန်တီးနိုင်ရန် လိုအပ်၏။ လက်သီးချက်တိုင်းတွင် မိုးကြိုးပစ်သံ တအုန်းအုန်း ထသည်အထိ အားအဟုန်ကို ဖောက်ခွဲထုတ်ဖော်ရ၏။ ထိုသို့ မိုးကြိုးကို ဖန်တီးနိုင်လျှင် တစ်ဘက်လူ၏ စိတ်ဝိညာဉ်ကိုပင် ချုပ်ကိုင်တိုက်ခိုက်လာနိုင်မည် ဖြစ်သည်။
လက်သီးနှစ်ဖက်တွင် မိုးကြိုးနှင့် လျှပ်စီးကို ထိန်းချုပ်ထားနိုင်သည့် အမြင့်ဆုံးအဆင့်ထိ လေ့ကျင့်နိုင်လျှင် ကောင်းကင်နတ်သိုင်းအဆင့်သို့ ရောက်ရှိပေလိမ့်မည်။ ထိုအဆင့်က ချင်မူ အနားပင် မသီနိုင်သည့် အဆင့်တစ်ခု ဖြစ်၏။
ချင်မူ ဆက်လက် ပြေးလွှားရင်း သူ့နောက်ကျောတွင် ချိတ်ဆွဲထားသည့် ဝါးတောင်ဝှေးကို ဖြုတ်ယူ၍ ဘေးပတ်လည်ရှိ နေရာတစ်ဝိုက်သို့ ထိုးစိုက်လိုက်သည်။ သူ ထုတ်ဖော် ဆော့ကစားနေသည်က သာမန် တောင်ဝှေးသိုင်း မဟုတ်။ မျက်ကန်း သူ့ကို သင်ကြားပေးထားသည့် လှံသိုင်း ဖြစ်၏။ သူ့ဝါးတောင်ဝှေးက အရှိန်အဝါ ကြီးမားသည့် လှံတစ်ချောင်းနှင့် ဆင်တူလာပြီး အမျက်ဒေါသ ထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ မြစ်ရေပြင်ကို တဝုန်းဝုန်း လှိုင်းထ လှုပ်ခတ်သွားစေသည်။ ဝှေ့ယမ်း၊ ရိုက်၊ ကော်၊ ထိုး အချက်တိုင်းတွင် ရေစက်ရေပေါက်များ တဖွားဖွား လွင့်ပျံထွက်နေ၏။
ချင်မူ စိတ်ကျေနပ်မှု ရသွားမှ ဝါးတောင်ဝှေးကို နောက်ကျောတွင် ပြန်ချိတ်ပြီး သံတူကြီးကို ဖြုတ်ယူလိုက်သည်။ ထို့နောက် ပန်းပဲဆရာရွှေအ သင်ပေးထားသည့် တူသိုင်းကို လေ့ကျင့်၍ ဆင့်ကဲရိုက်ချက်များ ထုတ်ဖော်လိုက်၏။ ဤတူသိုင်းက ရိုးရှင်း၍ အကြမ်းစား ဆန်လှသော်လည်း ကြီးမားသည့် အားအင် ပါဝင်သည်။ ရိုက်ချက်တိုင်း၊ ရိုက်ချက်တိုင်းက အလွန်တရာ လေးလံ ပြင်းထန်လှပြီး ချင်မူ၏ ပေါ့ပါးသွက်လက်သော ပြေးနှုန်းနှင့် တွဲဖက်လိုက်သောအခါ အစွန်းနှစ်ဘက်မှ သိုင်းစွမ်းရည်နှစ်ခု လှပစွာ ပေါင်းစည်း ရောယှက်သွား၏။
အချိန်အတော်ကြာအောင် ပြေးလွှား သိုင်းကစားပြီးသွားသောအခါ ချင်မူ သူ၏ ချီစွမ်းအင်များ ကုန်ခန်းသွားကြောင်း ခံစားလိုက်မိသည်။ သူ့ခန္ဓာကိုယ်မှာလည်း ပင်ပန်းနွမ်းနယ်နေပြီး ခွန်အား မကျန်တော့သလောက် ဖြစ်၏။ ပတ်ဝန်းကျင်ကို ကြည့်မိသောအခါ ဒုက္ခိတဘိုးဘွားကျေးရွာနှင့် မိုင်ပေါင်းများစွာ ဝေးသည့် မြစ်အောက်ဘက်သို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။
“ငါ ဒီလောက်ထိ ပြေးလာမိတာလား...” သူ ရေရွတ်လိုက်မိ၏။
ပတ်ဝန်းကျင်ကို ဆက်လက် လှည့်ပတ် စူးစမ်းလိုက်သောအခါ မြစ်လယ်တွင် ကျွန်းကလေးတစ်ခု ရှိနေသည်ကို တွေ့ရ၏။ တဝုန်းဝုန်း ထနေသော မြစ်ရေလှိုင်းများက ထိုကျွန်း၏ ပတ်လည်တွင် လှုပ်ရှား ဆူပွက်နေသည်။ ထိုမြင်ကွင်းက သူ့အာရုံကို ဖမ်းစားသွားပြီး တစ်မုဟုတ်ချင်း အပြေး လှမ်းသွားလိုက်မိ၏။
တစ်ခဏကြာပြီးနောက် ချင်မူ ကျွန်း၏ ကုန်းမြေပေါ်သို့ ခြေချမိသွားသည်။
ဤကျွန်းက များစွာ မကြီးလှ။ သစ်ပင်သစ်တောများ စိမ်းစိုနေသည့် တောင်ပူစာလေးတစ်ခု မြစ်လယ်တွင် ရောက်ရှိနေသည်နှင့် တူပြီး အကျယ်အားဖြင့် ကိုက်တစ်ထောင်၊ အမြင့်အားဖြင့် ကိုက်သုံးဆယ်ခန့် ရှိသည်။
ကျွန်းပေါ်တွင် သိပ်သည်း ထူထပ်နေသည့် တောအုပ်တစ်အုပ် ရှိပြီး ရေသံမှလွဲ၍ အခြား မည်သည့်အသံကိုမျှ မကြားရချေ။ ထိုတောအုပ်၏ အတွင်းပိုင်း၊ ချင်မူနှင့် အလှမ်းမကွာလှသော နေရာတွင် လူသူအရောက်အပေါက် ရှိဟန်မတူသည့် ရှေးဟောင်းဘုရားကျောင်း တစ်ခု ရှိနေ၏။
တောအုပ်ထဲမှ ဖြတ်လျှောက်၍ ထိုဘုရားကျောင်းဆီသို့ ချဉ်းကပ်သွားသောအခါ အဆောက်အဦက အတော်လေး ယိုယွင်းပျက်စီးနေပြီး ပင့်ကူအိမ်များ နေရာအနှံ့ ဖုံးလွှမ်းနေကြောင်း ချင်မူ တွေ့လိုက်ရသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်း မရှိသည်မှာ အတော်ကြာပြီ ဖြစ်ကြောင်း ထင်ရှား၏။ သို့သော်လည်း ခဏတဖြုတ် အနားယူရန်အတွက်တော့ အတော်လေး ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်သည်။
ချင်မူ ဘုရားကျောင်းရှေ့တွင် ရပ်လိုက်၏။ ဝင်ပေါက် တံခါးတစ်ချပ်မှာ ပြိုကျနေပြီး အထဲမှ အလင်းရောင်မှိန်မှိန်ကို လှမ်းမြင်နေရသည်။ ဘုရားကျောင်းအတွင်း၌ လုံးတော်ပြည့် ရွှေချထားသည့် ဗုဒ္ဓရုပ်ပွားတော် အကြီးကြီး တစ်ဆူကို ရွှေရောင်တဝင်းဝင်းနှင့် တွေ့လိုက်ရ၏။
သို့သော်လည်း လူသူအရောက်အပေါက် မရှိသည်မှာ ကြာပြီ ဖြစ်၍ ရွှေဆိုင်းအတော်များများ ကွာထွက်နေပြီး အောက်မှ ကြေးနီသားများ ပေါ်နေသည်။ ထိုကြေးနီသားပေါ်တွင် ထူးဆန်းသည့် စာလုံး အတိုအပြတ်များ ရေးထွင်းထားသည်ကို မြင်တွေ့ရ၏။ ထိုစာလုံးများက ဖားလောင်းလေးများပုံ ဆွဲထားသည်နှင့်ပင် တူနေသေးသည်။
ကြီးမားတုတ်ခိုင်သည့် သံကြိုးကြီးများက ဗုဒ္ဓဆင်းတု၏ ကိုယ်ထည်တွင် ရစ်ပတ် ချုပ်နှောင်ထား၏။ ထိုသံကြိုးများ၏ အဆုံးကို လိုက်လံ ကြည့်ရှုသောအခါ ဘုရားကျောင်းငယ်လေးမှ ထွက်၍ ကျွန်း၏ ကမ်းခြေတစ်လျှောက် တွဲလျားကျကာ မာန်ဟုန်မြစ်ထဲသို့ နစ်မြုပ်နေကြောင်း တွေ့လိုက်ရသည်။
“ထူးဆန်းလိုက်တာ... ဒီဗုဒ္ဓဆင်းတုကြီးကို ဘာလို့ သံကြိုးတွေနဲ့ ချည်နှောင်ထားရတာလဲ...” ချင်မူ စိတ်ထဲမှ တွေးလိုက်မိ၏။ “ဘိုးဘိုးမျက်ကန်းပြောတာ ဘုရားကျောင်းတွေထဲ မဝင်ခင် အမွှေးတိုင် ထွန်းပြီး ပူဇော်ရတယ်... အဲဒါ ရိုးရာတဲ့... ငါ့မှာ အမွှေးတိုင် တစ်တိုင်မှ ပါမလာတော့ အပြင်မှာပဲ နားရတော့မှာပေါ့...”
ချင်မူက လည်ချောင်းရှင်း၍ ဦးညွှတ် အရိုအသေပြုလိုက်သည်။
“ကျွန်တော်မျိုးက ဒီမြစ်နဲ့ မဝေးလှတဲ့ ဒုက္ခိတဘိုးဘွားကျေးရွာကပါ... အသင့်ရဲ့ ဘုရားကျောင်းနားက ဖြတ်သန်းသွားလာရင်း ဒီနေရာမှာ ခေတ္တခဏမျှ အနားယူချင်ပါတယ်... ဒီနယ်မြေရဲ့ ပိုင်ရှင်ကို အနှောင့်အယှက်ပေးသလို ဖြစ်ခဲ့ရင် အလေးအနက် တောင်းပန်ပါတယ်...”
သူက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မျက်ကန်း သင်ပေးထားသည့် ဆုတောင်းစကားကို ဆက်၍ ရွတ်ဆိုလိုက်၏။
“ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ကျွန်တော်မျိုးမှာ အားနည်းတဲ့ ကျောက်ကပ်နဲ့ နုံချာတဲ့ ခန္ဓာကိုယ်ပဲ ရှိပါတယ်... ကျွန်တော့်ရဲ့ ကနဦးယန်ကလည်း ပျက်စီးသွားခဲ့တာ ကြာပါပြီ... ဒီဘုရားကျောင်းထဲမှာ အစ်မတော် နတ်ဘုရားမတစ်ပါး ရှိခဲ့ရင် ကျွန်တော့်ကို ချမ်းသာပေးပါ...”
မျက်ကန်းက အသက်အရွယ် ကြီးရင့်၍ အတွေ့အကြုံ စုံလင်သောသူ တစ်ယောက် ဖြစ်သဖြင့် ချင်မူ သူ့စကားကို အခိုင်အမာ ယုံကြည်သည်။ မျက်ကန်း သင်ပေးထားသည့်အတိုင်း ဆုတောင်းစကား ရွတ်ဆိုရုံနှင့် မည်သည့် ပြဿနာမျှ မရှိနိုင်သည် မဟုတ်လား။
ဆုတောင်းစကား ရွတ်ဆိုပြီးသွားသောအခါ ချင်မူ ဘုရားကျောင်းရှေ့မှ ကျောက်လှေကားထစ်များအပေါ် ထိုင်ချလိုက်၏။ သူ့ခြေထောက်မှ သံဖိနပ်နှင့် ခြေသလုံးမှ သံအလေး အပတ်များကို ဖယ်ရှား၍ အသက်ရှူ လေ့ကျင့်ခန်း လေ့ကျင့်ကာ ခွန်အား ပြန်လည် ဖြည့်တင်းလိုက်သည်။
သူ မြစ်ပြင်ပေါ်တွင် ဖြတ်ပြေးသည့် တစ်လျှောက်လုံး သံဖိနပ်များနှင့် အလေးတုံးများ ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်၏။ ဤတစ်စုံမှာ မကြာသေးမီကမှ ပန်းပဲဆရာရွှေအက သူ့အတွက် သွန်းလုပ်ပေးထားခြင်း ဖြစ်ပြီး ယခင် သူ ဝတ်နေကျထက် များစွာ ပိုလေးသည်။
ရုတ်တရက် ခပ်တိုးတိုး ရယ်သံတစ်သံက ချင်မူ့နောက်မှ ထွက်ပေါ်လာ၏။
“နင် ပြောတာ တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ...” မိန်းကလေးသံတစ်သံ ထွက်ပေါ်လာသည်။ “ဟွန့်... အဲလိုဆိုမှတော့ ငါ နင့်ကို မစားတော့ပါဘူး...”
ချင်မူ ရုတ်ခြည်း နောက်လှည့်၍ အသံလာရာကို ရှာဖွေလိုက်၏။
သူ့အရွယ် မိန်းမငယ်လေး တစ်ယောက်က ဗုဒ္ဓဆင်းတု၏ လက်ဖဝါးပေါ်တွင် ထိုင်၍ သူ့ကို ကြည့်ကာ တခစ်ခစ် ရယ်မောနေသည်။ ထိုမိန်းကလေးက ခြေဗလာနှင့် ဖြစ်ပြီး ရိုးရိုးရှင်းရှင်း ဝတ်စုံကို ဝတ်ဆင်ထား၏။ ဆံနွယ်များကို ကျစ်ဆံမြီးသုံးချောင်း ခွဲကျစ်ထားပြီး ဆံမြီးကျစ်အသေးနှစ်ချောင်းက ရှေ့ရင်ဘတ်၌ ဝဲလွင့်၍ တတိယ ဆံမြီးကျစ်ထူထူက နောက်ကျောဘက်တွင် တွဲလျားကျနေသည်။
ခြေထောက်များကို ဗုဒ္ဓဆင်းတု လက်ဖဝါးတော်ထက်မှ တွဲလျားချထားရင်း ရှေ့နောက် လှုပ်ယမ်း ဆော့ကစားနေ၏။ ခြေကျင်းဝတ်တွင် ဝတ်ဆင်ထားသော ရွှေခြေချင်းများက ခြေထောက်များ လှုပ်ခတ်သွားတိုင်း တချွင်ချွင် မြည်နေပြီး ခိုးခိုးခစ်ခစ် ရယ်သံနှင့် ပေါင်းစည်းလိုက်သောအခါ နွေဦးအစ၏ နေရောင်ခြည်ထက်ပင် သာယာလှပနေသည်။
ချင်မူ အလျင်အမြန် ထရပ်ပြီး ပြောလိုက်၏။ “ဒီက အစ်မတော် နတ်ဘုရားမက ဘယ်သူများလဲ မသိဘူး...”
“ဘာ အစ်မတော် နတ်ဘုရားမလဲ...” ထိုမိန်းကလေးက ဗုဒ္ဓဆင်းတု လက်ဖဝါးထက်မှ ခုန်ဆင်းလာပြီး သွားတက်ကလေး ပေါ်အောင် ပြုံးပြလိုက်သည်။ “ငါ့နာမည်က ရှန်းချင်းအာ... ဒီနားမှာ နေတာ... ငါဖြင့် အစ်မတော် နတ်ဘုရားမဆိုတာ တစ်ခါမှ မတွေ့ဖူးပါဘူး... နင့်နာမည်က ဘယ်လိုခေါ်လဲ...”
ထိုမိန်းကလေး၏ အပြုံးလှလှလေးကို တွေ့လိုက်ရသောအခါ လူဆိုး တစ်ယောက် မဖြစ်နိုင်ကြောင်း တွက်ဆမိပြီး ချင်မူ သက်ပြင်းချလိုက်၏။ “ငါ့နာမည်က ချင်မူ... နွားကျောင်းသားလေးလို့ အဓိပ္ပာယ်ရတယ်... ချင်က ငါ့မျိုးရိုး နာမည်... ရွာက လူကြီးတွေက အမြဲတမ်း ငါ့ကို နွားကျောင်းခိုင်းတယ်...”
“အိုး... ဟုတ်လား...” ရှန်းချင်းအာက အကောင်းအတိုင်း ကျန်သေးသည့် ဘုရားကျောင်းတံခါးမနောက်သို့ လျှောက်လာပြီး ဆွဲဖွင့်၍ သူ့ကို အနီးကပ် ကြည့်လိုက်သည်။ ထို့နောက် သူ့နောက်သို့ ကျော်ကြည့်၍ ခိုးခိုးခစ်ခစ် ရယ်မောလိုက်၏။ “အဲဒါဆို နင့်နွားက ဘယ်ရောက်နေတာလဲ...”
ချင်မူ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးမှ ပြောပြလိုက်သည်။ “ငါ့နွားက မိန်းမတစ်ယောက် ဖြစ်သွားပြီ... နွားမဟုတ်တော့ဘူး...”
“အဲလို အဖြစ်မျိုး ရှိတာလား...” ရှန်းချင်းအာက အံ့အားတကြီး မေးလိုက်ပြီး ခပ်မြူးမြူးလေး ဖြစ်လာ၏။ “ဘယ်လိုမျိုး ပြောင်းသွားတာလဲ... နင် အဲဒီလိုမျိုး ပြောင်းတတ်လား...”
ချင်မူက ခေါင်းခါလိုက်သည်။ “ငါ မလုပ်တတ်ဘူး... ငါ့ဘွားဘွားတော့ လုပ်တတ်တယ်...”
“ငါက နင် လုပ်တတ်တယ် ထင်နေတာ...” ရှန်းချင်းအာက စိတ်ပျက်သည့်ဟန်ဖြင့် ပြောလိုက်၏။ “တခြား ထူးထူးဆန်းဆန်း ဘာတွေ မြင်ဖူးသေးလဲ... အထဲဝင်ပြီး ငါ့ကို ပြောပြပါလား...”
ချင်မူ ဘုရားကျောင်းအတွင်း ခြေချတော့မည် ဟန်ပြင်လိုက်စဉ် သူ့အကြည့်က ရှန်းချင်းအာကို ကျော်၍ ဗုဒ္ဓရုပ်ပွားတော်နောက်မှ အရိုးဖြူဖြူအချို့ ထောင်ထွက်နေသည်ကို သတိပြုမိသွား၏။ သူ့ရင်ထဲတွင် မကောင်းသည့် ခံစားချက်တစ်ခု ပေါ်လာပြီး သူ့ခြေထောက်ကို လေထဲတွင် ရပ်ကာ တုံ့ဆိုင်းဆိုင်း ပြောလိုက်သည်။ “ဘုရားကျောင်းထဲ မဝင်ခင် အမွှေးတိုင် ထွန်းညှိပူဇော်ဖို့ ဘိုးဘိုးမျက်ကန်းက ငါ့ကို မှာထားတယ်... အခု ငါ့မှာ အမွှေးတိုင်တစ်တိုင်မှ ပါမလာဘူး... အပြင်မှာ နေတာပဲ ကောင်းမယ်...”
“ဝင်သာ ဝင်ခဲ့စမ်းပါ...” ရှန်းချင်းအာက ချိုမြစွာ ပြုံးလိုက်၏။
“အပြင်မှာနေတာ ပိုကောင်းမယ် ထင်တယ်...” ချင်မူက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ သူ့ခြေထောက်ကို ပြန်ရုပ်သိမ်းပြီး ထော့ကျိုး ပြုံးနေကျ အပြုံးထက် များစွာ ဖြူစင်နှစ်လိုဖွယ် ကောင်းသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ “နင်ပဲ ထွက်လာခဲ့ပါလား... စိတ်ဝင်စားစရာ ကောင်းတာတွေ ငါ ပြောပြမယ်လေ...”
ရှန်းချင်းအာ၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး နှုတ်ခမ်းကို ကိုက်ကာ ခိုးခိုးခစ်ခစ် ရယ်မောလိုက်၏။ “ကောင်လေးနဲ့ ကောင်မလေးတွေပဲ လုပ်လို့ရတဲ့ ရှက်စရာကိစ္စတွေ ငါသိထားတာ ရှိတယ်... အထဲဝင်ခဲ့လေ... နင့်ကို ငါ သင်ပေးမယ်...”
သူ့ပုံစံက အစောကကဲ့သို့ လန်းဆန်းပေါ့ပါးသည့် အသွင်အပြင် မဟုတ်တော့ဘဲ ဝင်သက်ထွက်သက်တို့က ချိုမြညှို့ရီ၍ တပ်မက်ဖွယ် ကောင်းလာသည်။
ချင်မူ၏ မျက်နှာတစ်ပြင်လုံး နီရဲ၍ အသက်ရှူသံ မမှန်ချင် ဖြစ်သွား၏။
“ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ငါ့မှာ အားနည်းတဲ့ ကျောက်ကပ်ပဲ ရှိတယ်...” သူက ခေါင်းမာစွာ ရေရွတ်လိုက်သည်။
“အခုချက်ချင်း ဝင်ခဲ့စမ်း...” အက်ကွဲကွဲ ဟိန်းဟောက်သံတစ်သံက ထိုမိန်းမငယ်၏ ပါးစပ်မှ ထွက်ကျလာ၏။